အခန်း ၅၉
လူသားက ဘယ်သူလဲ
မဿဲ ၁၆:၁၃-၂၇ မာကု ၈:၂၂-၃၈ လုကာ ၉:၁၈-၂၆
မျက်မမြင်တစ်ယောက်ကို ယေရှု ကုသပေး
ပေတရု နိုင်ငံတော်သော့တွေ ရရှိ
သေဆုံးခြင်းနဲ့ ထမြောက်ခြင်းအကြောင်း ယေရှု ကြိုပြော
ယေရှုနဲ့ တပည့်တွေ ဗက်ဇဲဒရွာကို ရောက်လာတဲ့အခါ လူတွေက မျက်မမြင်တစ်ယောက်ကို ခေါ်လာပြီး ကုသပေးဖို့ ယေရှုကို တောင်းပန်ကြတယ်။
ဒါနဲ့ ယေရှုက မျက်မမြင်ကို ရွာအပြင်ဘက် လက်ဆွဲခေါ်သွားပြီး သူ့မျက်စိကို တံတွေးဆွတ်လိုက်တယ်။ ပြီးတော့ “တစ်ခုခုမြင်ရသလား” လို့မေးတယ်။ သူက “လူတွေကို မြင်ပါတယ်။ ဒါပေမဲ့ သစ်ပင်တွေ လမ်းလျှောက်နေသလိုပဲ” လို့ဖြေတယ်။ (မာကု ၈:၂၃၊ ၂၄) နောက်တစ်ကြိမ် သူ့မျက်စိကို တို့လိုက်တဲ့အခါ အမြင်အာရုံ ပြန်ရလာပြီး အားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဒါနဲ့ သူ့ကို ရွာထဲ မဝင်နဲ့ဦးလို့ မှာပြီး အိမ်ကို ပြန်ခိုင်းလိုက်တယ်။
ဒီနောက် ယေရှုနဲ့ တပည့်တွေဟာ မြောက်ဘက် ကဲသရိဖိလိပ္ပိနယ်ကို ခရီးဆက်ကြတယ်။ အဲဒါက ၂၅ မိုင်လောက်ရှိတဲ့ အတက်ခရီးဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁,၁၅၀ မှာ ရွာရှိတယ်။ အရှေ့မြောက်ဘက်မှာ နှင်းဖုံးနေတဲ့ ဟေရမုန်တောင်တန်းကို တွေ့နိုင်ပြီး ရက်အနည်းငယ်ကြာတဲ့ခရီး ဖြစ်မယ်။
လမ်းခရီးတစ်နေရာရောက်တော့ တစ်ယောက်တည်း ဆုတောင်းဖို့ ယေရှုထွက်သွားတယ်။ သူသေဖို့ ကိုးလ၊ ဆယ်လလောက်ပဲ လိုတော့တာကြောင့် တပည့်တွေအတွက် စိုးရိမ်နေတယ်။ တပည့်အများစုက သူ့ကို စွန့်သွားကြတယ်။ တချို့ကျတော့ လူတွေ ဘုရင်တင်မြှောက်တာကို ယေရှု ဘာဖြစ်လို့ လက်မခံတာလဲ ဒါမှမဟုတ် သူဘယ်သူဘယ်ဝါဖြစ်မှန်း ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဘာဖြစ်လို့ အံ့ဖွယ်အမှု မလုပ်ပြတာလဲလို့ တွေးပြီး နားမလည်နိုင်အောင် ဖြစ်နေကြတယ်၊ စိတ်ပျက်နေကြတယ်။
ယေရှုဆုတောင်းတဲ့နေရာကို တပည့်တွေ ရောက်လာတဲ့အခါ “လူတွေက လူသားကို ဘယ်သူလို့ ပြောကြသလဲ” ဆိုပြီး ယေရှုမေးတော့ “တချို့က နှစ်ခြင်းပေးသူ ယောဟန်လို့ ပြောကြတယ်။ တချို့က ဧလိယတဲ့။ တချို့ကျပြန်တော့ ယေရမိ ဒါမှမဟုတ် ပရောဖက်တစ်ယောက်တဲ့” ဆိုပြီး ဖြေကြတယ်။ ယေရှုဟာ အဲဒီလူတွေထဲက တစ်ယောက်ယောက်ဖြစ်ပြီး သေရာကနေ ထမြောက်လာတာဖြစ်မယ်လို့ ထင်နေကြတာ။ ယေရှုက တပည့်တွေရဲ့အတွေးကို သိချင်တဲ့အတွက် “ခင်ဗျားတို့ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ” ဆိုပြီးမေးတဲ့အခါ ပေတရုက “သခင်ဟာ ခရစ်တော်ပဲ။ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ သားပါ” လို့ ချက်ချင်း ပြန်ဖြေတယ်။—မဿဲ ၁၆:၁၃-၁၆။
ဒီအကြောင်းကို ဘုရားဖော်ပြတဲ့အတွက် ပေတရု ပျော်ရွှင်နိုင်ပြီလို့ ယေရှုပြောပြီး “ကျွန်တော်ပြောမယ်။ ခင်ဗျားဟာ ပေတရုပဲ။ ဒီကျောက်ဆောင်ပေါ်မှာ ကျွန်တော့်ရဲ့ အသင်းတော်ကို တည်ဆောက်မယ်။ အဲဒီအသင်းတော်ကို သင်္ချိုင်းက အနိုင်ယူလို့ရမှာ မဟုတ်ဘူး” လို့ဆက်ပြောတယ်။ ယေရှုက သူကိုယ်တိုင် အသင်းတော်ကို တည်ဆောက်မယ်၊ အသင်းတော်သားတွေဟာ မြေကြီးပေါ်မှာ သစ္စာရှိလမ်းစဉ်ကို လိုက်လျှောက်မယ်ဆိုရင် သင်္ချိုင်းတောင်မှ သူတို့ကို အနိုင်ယူလို့ ရမှာမဟုတ်ဘူးလို့ ပြောနေတာ။ ပေတရုကို “ကောင်းကင်နိုင်ငံရဲ့ သော့တွေ ပေးမယ်” လို့ ယေရှု ကတိပေးတယ်။—မဿဲ ၁၆:၁၈၊ ၁၉။
ယေရှုက ပေတရုကို တမန်တော်တွေထဲမှာ ထိပ်ဆုံးနေရာ ပေးနေတာမဟုတ်သလို အသင်းတော်ရဲ့ အုတ်မြစ်အဖြစ် ခန့်အပ်နေတာလည်း မဟုတ်ဘူး။ ယေရှုကိုယ်နှိုက်ဟာ အုတ်မြစ်ကျောက်ဖြစ်ပြီး အဲဒီအုတ်မြစ်ကျောက်ပေါ်မှာ အသင်းတော်ကို တည်ဆောက်မှာဖြစ်တယ်။ (၁ ကောရိန္သု ၃:၁၁။ ဧဖက် ၂:၂၀) ဒါပေမဲ့ ပေတရုဟာ သော့သုံးချောင်း ရရှိပါလိမ့်မယ်။ ကောင်းကင်နိုင်ငံတော်ထဲ လူအုပ်စုတွေ ဝင်ခွင့်ရဖို့ လမ်းဖွင့်ပေးရမယ့် အခွင့်ထူးကို ပေတရု ရရှိမှာဖြစ်တယ်။
အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ပေတရုက နောင်တရတဲ့ ဂျူးတွေနဲ့ ဂျူးဘာသာ ပြောင်းဝင်လာသူတွေကို ကယ်တင်ခြင်းရဖို့ ဘာလုပ်ရမယ်ဆိုတာ ပြောပြခြင်းအားဖြင့် ပထမသော့ကို အသုံးပြုပါလိမ့်မယ်။ ယုံကြည်သူ ရှမာရိလူမျိုးတွေကို ဘုရားနိုင်ငံတော်ထဲ ဝင်ခွင့်ရဖို့ လမ်းဖွင့်ပေးခြင်းအားဖြင့် ဒုတိယသော့ကို အသုံးပြုပါလိမ့်မယ်။ အဲဒီနောက် အေဒီ ၃၆ မှာ ပေတရုက အရေဖျားမဖြတ်တဲ့ လူမျိုးခြားတွေကို နိုင်ငံတော်ထဲဝင်ခွင့်ရဖို့ လမ်းဖွင့်ပေးခြင်းအားဖြင့် တတိယသော့ကို အသုံးပြုပါလိမ့်မယ်။ ဦးဆုံး လူမျိုးခြားတွေကတော့ ကော်နေလိနဲ့ မိသားစုတွေ၊ မိတ်ဆွေတွေပဲ။—တမန်တော် ၂:၃၇၊ ၃၈။ ၈:၁၄-၁၇။ ၁၀:၄၄-၄၈။
ဒီဆွေးနွေးခန်းမှာ ယေရှုက မကြာခင် ဂျေရုဆလင်မှာ သူဒုက္ခခံရမယ်၊ အသတ်ခံရမယ်လို့ ကြိုပြောတယ်။ ဒါကြောင့် တမန်တော်တွေ စိတ်မကောင်းဖြစ်ကြတယ်။ ပေတရုက ယေရှု ကောင်းကင်အသက်တာကို ထမြောက်မယ်ဆိုတာ နားမလည်ဘဲ ယေရှုကို ခေါ်ထုတ်ပြီး “သခင်၊ ကိုယ့်ကိုယ်ကိုယ် သက်ညှာပါဦး။ ဒီလိုအဖြစ်မျိုးကို သခင် ဘယ်တော့မှကြုံရမှာ မဟုတ်ဘူး” လို့အပြစ်တင်တယ်။ အဲဒီအခါ ယေရှုက မျက်နှာလွှဲလိုက်ပြီး “စာတန်၊ ထွက်သွားပါ။ ခင်ဗျားဟာ ကျွန်တော့်အတွက် ဆူးငြောင့်ခလုတ်ပဲ။ ခင်ဗျားက ဘုရားသခင် စဉ်းစားသလို မစဉ်းစားဘဲ လူတွေစဉ်းစားသလို စဉ်းစားနေတယ်” လို့ပေတရုကို ပြောတယ်။—မဿဲ ၁၆:၂၂၊ ၂၃။
အခု ယေရှုက တမန်တော်တွေနဲ့ တခြားတပည့်တွေကိုခေါ်ပြီး သူ့နောက်လိုက်ဖြစ်ဖို့ မလွယ်ကူမှန်း ဒီလိုရှင်းပြတယ်– “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲလိုက်ရမယ်။ ကိုယ့်အသက်ကို ကယ်ချင်သူဟာ အသက်ဆုံးရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ကြောင့်၊ သတင်းကောင်းကြောင့် အသက်ဆုံးသူတိုင်း အသက်ပြန်ရှင်ရလိမ့်မယ်။”—မာကု ၈:၃၄၊ ၃၅။
မှန်ပါတယ်၊ ယေရှုရဲ့ မျက်နှာသာ ရချင်တယ်ဆိုရင် နောက်လိုက်တွေဟာ သတ္တိရှိရမယ်၊ ကိုယ်ကျိုးစွန့်ရမယ်။ ယေရှု အခုလို ပြောတယ်– “ဖောက်ပြန်ပြီး ပြစ်မှားတတ်တဲ့ ဒီလူမျိုးဆက်ထဲက တစ်ယောက်ယောက်ဟာ ကျွန်တော့်ကြောင့်၊ ကျွန်တော့်စကားကြောင့် ရှက်မယ်ဆိုရင် လူသားကလည်း သန့်ရှင်းတဲ့ ကောင်းကင်တမန်တွေ ခြံရံပြီး အဖဘုရားရဲ့ ဘုန်းတန်ခိုးနဲ့ လာတဲ့အခါ သူ့ကိုလက်ခံဖို့ ရှက်လိမ့်မယ်။” (မာကု ၈:၃၈) ယေရှုရောက်လာတဲ့အခါ “လူတိုင်းကို သူတို့လုပ်ရပ်နဲ့အညီ ပြန်ဆပ်ပေးလိမ့်မယ်။”—မဿဲ ၁၆:၂၇။