အခန်း ၅၉
အမှန်စင်စစ် ယေရှုမည်သူနည်း
ဗက်ဇဲဒမြို့သို့ ယေရှုနှင့်တပည့်များ လှေဖြင့်ရောက်လာရာ လူကန်းတစ်ယောက်၏မျက်စိကို တို့၍ကုသပေးရန် တောင်းပန်ကြ၏။ ထိုသူကိုမြို့ပြင်သို့ လက်ဆွဲခေါ်သွား၍ မျက်စိပေါ်တံတွေးထွေးကာ “တစ်စုံတစ်ခုမြင်သလော” ဟုမေးတော်မူ၏။
“လူတို့သည်သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကိုအကျွန်ုပ်မြင်ပါသည်” ဟုဖြေသည်။ သူ၏မျက်စိပေါ်လက်တော်တင်၍ အလုံးစုံတို့ကိုရှင်းလင်းစွာ မြင်စေတော်မူသည်။ မြို့ထဲမဝင်ဘဲ မိမိအိမ်သို့ပြန်သွားရန် ထိုသူအားမှာကြား၍ လွှတ်လိုက်တော်မူ၏။
ပါလတိဏပြည်၏ မြောက်ဘက်အစွန်အဖျားရှိ ဖိလိပ္ပုကဲသရိနယ်ရှိရွာများသို့ တပည့်များနှင့်အတူ ယခုယေရှုခရီးဆက်လေသည်။ ပင်လယ်ရေအထက် အမြင့်ပေ ၁,၁၅၀ ခန့်ရှိလှပသော ဖိလိပ္ပုကဲသရိမြို့သို့မိုင် ၃၀ နီးပါးတက်ရသည်။ ရက်အနည်းငယ်ကြာသော ခရီးစဉ်ဖြစ်ပေမည်။
လမ်းခရီး၌ယေရှုတစ်ဦးတည်း ဆုတောင်းနေသည်။ ကိုယ်တော်သေဖို့ ကိုးလဆယ်လမျှသာ ကျန်တော့သည်ဖြစ်၍ တပည့်များအတွက် စိုးရိမ်ပူပန်တော်မူသည်။ နောက်တော်မှတပည့်များစွာ ခွဲထွက်သွားကြပေပြီ။ မင်းမြှောက်လိုသူတို့ဆန္ဒကိုမလိုက်လျော၊ ရန်သူများက ကောင်းကင်မှတန်ခိုးပြရန်စိန်ခေါ်ခြင်းကို ငြင်းပယ်သဖြင့် အခြားတပည့်များ ဇဝေဇဝါဖြစ်၍ စိတ်ပျက်ပုံပေါက်နေသည်။ တမန်တော်များမူ ကိုယ်တော်မည်သူမည်ဝါဖြစ်သည်နှင့်စပ်လျဉ်း၍ မည်သို့ယုံကြည်သနည်း။ ယေရှုဆုတောင်းနေရာအရပ်သို့ သူတို့ရောက်လာကြသောအခါ ယေရှုက “လူများတို့သည်ငါ့ကို အဘယ်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟုမေးတော်မူ၏။
“လူအချို့ကကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ၍လည်းကောင်း၊ အချို့ကဧလိယဖြစ်သည်ဟူ၍လည်းကောင်း၊ အချို့က ယေရမိမှစ၍ ပရောဖက်တစ်ပါးပါးဖြစ်သည်ဟူ၍လည်းကောင်း ဆိုကြ၏။” ယေရှုသည်သေရာမှထလာသည့် ဤသူတစ်ပါးပါးဖြစ်သည်ဟူ၍ ထိုသူတို့အထင်ရှိနေကြသည်။
“သင်တို့လည်း ငါ့ကိုအဘယ်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟုယေရှုမေးလေသည်။
“ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်ဖြစ်သည်” ဟုပေတရုချက်ချင်းဖြေဆိုသည်။
ပေတရုအဖြေကိုချီးမွမ်းပြီးနောက် ယေရှုက “ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ [ဟေးဒီးစ်၊ ကဘ ] ၏တံခါးတို့သည် မနိုင်ရာ။” ဤတွင် ကိုယ်တော်သည်အသင်းတော်တည်ထောင်ပြီး မြေကြီးပေါ် သစ္စာရှိလမ်းစဉ်အဆုံး၌ ၄င်း၏အသင်းသားများကို သေခြင်းပင်လျှင်ချုပ်နှောင်နိုင်မည်မဟုတ်ကြောင်း ယေရှုဦးစွာကြေညာပြီးနောက် ပေတရုအား “ကောင်းကင်နိုင်ငံတော်၏သော့တို့ကို သင့်အားငါပေးမည်” ဟုမိန့်တော်မူသည်။
သို့ဖြင့် ပေတရုအခွင့်ထူးများရမည်အကြောင်း ယေရှုဖေါ်ပြသည်။ သို့သော်ပေတရုသည် တမန်တော်များတွင် ဦးစားပေးခံရသည်မဟုတ်။ အသင်းတော်၏အုတ်မြစ်အဖြစ် ခန့်အပ်ခံရသည်လည်းမဟုတ်။ အသင်းတော်တည်မည့် အုတ်မြစ်ကျောက်ကား ယေရှုကိုယ်တော်တိုင်ပင်။ ပေတရုမူကား ကောင်းကင်နိုင်ငံတော်ကို လူအစုအဝေးများဝင်နိုင်ရန် တံခါးဖွင့်ပေးရဘိသကဲ့သို့ သော့သုံးချောင်းအပ်နှင်းခံရ၏။
နောင်တရသောဂျူးများ ကယ်တင်ခြင်းရရန် ဘာလုပ်ရမည်ကို ဖော်ပြဖို့ စီအီး ၃၃ ခုပင်တေကုတ္တေပွဲနေ့တွင် ပထမသော့ကိုပေတရုအသုံးပြုပေမည်။ မကြာမီ ယုံကြည်သူရှမာရိလူမျိုးအား ဘုရားသခင်၏နိုင်ငံတော်ကို ဝင်ခွင့်ပေးသည့်အချိန်တွင် ဒုတိယသော့ကိုအသုံးပြုမည်။ ထိုနောက် စီအီး ၃၆ ခုနှစ်တွင် အရေဖျားလှီးမခံသော တစ်ပါးအမျိုးသား ကော်နေလိနှင့် သူ၏မိတ်ဆွေများအား ထပ်တူအခွင့်အရေးပေးခြင်းအားဖြင့် တတိယသော့ကိုအသုံးပြုလိမ့်မည်။
တမန်တော်များနှင့်ယေရှုဆက်ဆွေးနွေးသည်။ ယေရုရှလင်မြို့တွင် မိမိသည် ဒုက္ခဆင်းရဲများခံရပြီးနောက် အသက်သေရမည့်အကြောင်းပြောပြရာ သူတို့စိတ်ပျက်အားငယ်သွားသည်။ ကောင်းကင်အသက်တာသို့ ယေရှုထမြောက်လိမ့်မည်အကြောင်း နားမလည်သဖြင့် ပေတရုသည်ယေရှုကို မလှမ်းမကမ်းသို့ခေါ်၍ “ကိုယ့်ကိုယ်ကိုသက်ညှာပါသခင်။ ဤအဖြစ်ဆိုးကို လုံးလုံးမကြုံတွေ့ပါစေနှင့်” ဟုဆိုသည်။ မျက်နှာတော်ကိုလှည့်၍ ယေရှုက “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့၊ သင်သည်ငါတိုက်မိ၍ လဲစရာအကြောင်းဖြစ်၏။ သင်သည်ဘုရားသခင်၏အရာကိုစိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်” ဟုဆိုသည်။
တမန်တော်များသာမက ယေရှုနှင့်အတူ အခြားသူများလည်း ခရီးသွားနေကြပုံပေါ်သည်။ ထိုကြောင့်ယခုသူတို့ကိုခေါ်၍ မိမိတပည့်ဖြစ်ရန် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း ရှင်းပြသည်။ “အကြင်သူသည်ငါ၌ ဆည်းကပ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် ကိုယ့်ကိုယ်ကိုငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။ အကြင်သူသည်မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည်အသက်ရှုံးလိမ့်မည်။ အကြင်သူသည်ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်းအသက်ရှုံး၏။ ထိုသူသည်မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။”
ယေရှု၏တပည့်များသည် သတ္တိရှိရုံမက ကိုယ်ကျိုးစွန့်မှ မျက်နှာသာတော်ရထိုက်သူများဖြစ်မည်အကြောင်း ဤသို့ဆိုသည်။ “မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည်ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်းရှက်၏။ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကိုရှက်တော်မူလတံ့။” မာကု ၈:၂၂–၃၈။ မဿဲ ၁၆:၁၃–၂၈။ လုကာ ၉:၁၈–၂၇။
▪ တပည့်များအတွက် ယေရှုအဘယ်ကြောင့်ပူပန်ရသနည်း။
▪ ယေရှုနှင့် စပ်လျဉ်း၍ လူတို့မည်သို့ယူမှတ်ကြသနည်း။
▪ ပေတရုအား အဘယ်သော့များကို ပေးခဲ့၍ ၄င်းတို့ကို မည်သို့အသုံးပြုရမည်နည်း။
▪ ပေတရု မည်သို့ဆုံးမခံရသနည်း။ အဘယ်ကြောင့်နည်း။