ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၈/၁ စာ. ၁၃-၁၈
  • အသက်ရရေးပြေးပွဲတွင် သင်မည်သို့ပြေးနေသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်ရရေးပြေးပွဲတွင် သင်မည်သို့ပြေးနေသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်ရရေးပြေးပွဲ
  • အရာခပ်သိမ်းတွင် ချုပ်တည်းခြင်းရှိ
  • “အမှတ်တမဲ့” မပြေးနှင့်
  • သင် အဆုံးအထိခံနိုင်ရည်ရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ‘ထိုနည်းအတိုင်း ပြေးကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ‘ပြေးပွဲကို အဆုံးအထိ ပြေးပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခံနိုင်ရည်ဖြင့် ပြိုင်ပွဲကိုပြေးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၈/၁ စာ. ၁၃-၁၈

အသက်ရရေးပြေးပွဲတွင် သင်မည်သို့ပြေးနေသနည်း

“မြေတလင်း၌ပြိုင်၍ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း တစ်ယောက်တည်းသာလျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်းပြေးကြလော့။”—၁ ကောရိန္သု ၉:၂၄။

၁။ ကျွန်ုပ်တို့၏ခရစ်ယာန်လမ်းစဉ်ကို ကျမ်းစာက အဘယ်အရာနှင့်နှိုင်းယှဉ်ထားသနည်း။

ထာဝရအသက်ရရန်လိုက်လံရှာဖွေခြင်းကို သမ္မာကျမ်းစာက အပြေးပြိုင်ပွဲနှင့်နှိုင်းယှဉ်ထားသည်။ တမန်တော်ပေါလုသေခါနီးအချိန်တွင် ကိုယ်တိုင်အကြောင်း ဤသို့ဆိုသည်။ “ကောင်းသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။” ခရစ်ယာန်ချင်းတို့အား “ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့။”—၂ တိမောသေ ၄:၇။ ဟေဗြဲ ၁၂:၁။

၂။ အသက်ရရေးပြေးပွဲတွင် အဘယ်အားရှိစရာအစကို တွေ့ရှိရသနည်း။

၂ နှိုင်းယှဉ်ချက်သည်လျောက်ပတ်ပေသည်။ အကြောင်းမှာ၊ အပြေးပြိုင်ပွဲတွင် စထွက်သည့်နေရာ၊ ပြေးရသည့်လမ်းစဉ်နှင့် ပန်းဝင်ရမည့်နေရာ၊ သို့မဟုတ် ပန်းတိုင်ရှိသည်။ အသက်ရရေးအတွက် ကျွန်ုပ်တို့၏ဝိညာဏတိုးတက်မှုလမ်းစဉ်သည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့တွေ့မြင်နေကြသည့်အတိုင်းပင် နှစ်စဉ်အသက်ရရေးပြိုင်ပွဲဝင်သူ ထောင်ပေါင်းများစွာတို့သည် အစကောင်းခဲ့ကြသည်။ ဥပမာ၊ လွန်ခဲ့သောငါးနှစ်အတွင်း ဆက်ကပ်အပ်နှံနှစ်ခြင်းခံယူခြင်းအားဖြင့် လူပေါင်း ၁,၃၃၆,၄၂၉ ယောက်ပြိုင်ပွဲကို စည်းကမ်းနည်းလမ်းကျကျစချီခဲ့ကြသည်။ ဤသို့သောအဟုန်ပြင်းထန်စွာ စချီကြခြင်းသည် တကယ်အားရှိစရာဖြစ်ပေသည်။ သို့ရာတွင် အရေးကြီးသည်ကား ပန်းဝင်သည်အထိ ပြိုင်ပွဲတွင်ရှိနေရန်ဖြစ်သည်။ သင်ဤသို့ပြုလုပ်နေပါသလော။

အသက်ရရေးပြေးပွဲ

၃၊ ၄။ (က) ပြေးပွဲတွင်ခြေလှမ်းမှန်ခြင်း၏အရေးကြီးမှုကို ပေါလုမည်သို့ညွှန်ပြသနည်း။ (ခ) ပေါလု၏အကြံပြုချက်ကို အချို့မည်သို့မလိုက်နာခဲ့ကြသနည်း။

၃ အပြေးပြိုင်ပွဲတွင်ဆက်ပြေးနေခြင်း၏အရေးကြီးမှုကို အလေးအနက်ပေါ်လွင်စေရန် ပေါလုဤသို့ဆုံးမခဲ့သည်။ “မြေတလင်း၌ပြိုင်၍ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း တစ်ယောက်တည်းသာလျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်းပြေးကြလော့။”—၁ ကောရိန္သု ၉:၂၄။

၄ မှန်ပါသည်။ ရှေးခေတ်ပြိုင်ပွဲများတွင် တစ်ဦးတည်းသာဆုရသည်။ သို့ရာတွင် အသက်ရရေးပြေးပွဲ၌မူ ဆုကို လူတိုင်း ဆွတ်ခူးနိုင်ပါသည်။ ပန်းဝင်သည်အထိ ဆက်ပြေးနေဖို့သာလိုပါသည်။ တမန်တော်ပေါလုနည်းတူ အများသောသူတို့သည် ဘဝလမ်းဆုံးသည်တိုင် သစ္စာရှိရှိပြေးခဲ့ကြသည်ကား ဝမ်းသာစရာပင်ဖြစ်သည်။ ဆက်ပြေးနေသေးသူ သန်းပေါင်းများစွာလည်းရှိပါသည်။ သို့သော် အချို့တို့သည် ရှေ့သို့ချီတက်ရန်၊ ပန်းဝင်သည်အထိ တိုးတက်နေရန် မကြိုးစားခဲ့ကြပါ။ ယင်းသို့ပြုမည့်အစား အခြားအရာများဖြင့်မိမိကိုယ်ကိုတားဆီးခွင့်ပြုကာ ပြေးပွဲမှထွက်ရသည်၊ တစ်နည်းနည်းဖြင့် အရည်အချင်းမမီခဲ့ချေ။ (ဂလာတိ ၅:၇) ယင်းကအသက်ရရေးပြေးပွဲတွင် မည်သို့ပြေးနေကြောင်းကို ကျွန်ုပ်တို့အားလုံးစစ်ဆေးကြည့်သင့်စရာအကြောင်း ပေါ်ပေါက်စေသည်။

၅။ အသက်ရရေးပြေးပွဲကို အပြိုင်အဆိုင်ပြေးသောအားကစားပွဲနှင့် ပေါလုနှိုင်းယှဉ်နေပါသလော။ ရှင်းပြပါ။

၅ မေးနိုင်သည့်မေးခွန်းကား၊ “တစ်ယောက်တည်းသာလျှင် ဆုကိုရသည်” ဟုဆိုရာတွင် ပေါလုဘာကိုသတိချပ်နေသနည်း။ ရှေ့တွင်သတိထားစေသည့်အတိုင်းပင် အသက်ရရေးပြေးပွဲတွင် စတင်ပါဝင်ခဲ့သူအားလုံးတို့အနက် ထာဝရအသက်ဆုကို တစ်ဦးတစ်ယောက်တည်းသာရမည်ဟုဆိုလိုနေသည်မဟုတ်ပါ။ လူအမျိုးမျိုးတို့အားကယ်တင်ခြင်းရစေခြင်းငှာ ဘုရားသခင်အလိုရှိတော်မူကြောင်း ပေါလုကြိမ်ဖန်များစွာပြောဆိုခဲ့သည့်အတွက် ထိုသို့မဖြစ်နိုင်သည်ကားရှင်းနေပါသည်။ (ရောမ ၅:၁၈။ ၁ တိမောသေ ၂:၃၊ ၄။ ၄:၁၀။ တိတု ၂:၁၁) အသက်ရရေးပြေးပွဲတွင်ပါဝင်သူတို့ တစ်ဦးကိုတစ်ဦးအနိုင်ယူပြေးကြရသည့် ပြိုင်ပွဲမျိုးဖြစ်သည်ဟု သူမဆိုလိုပါ။ အိုလံပစ်အားကစားပွဲတော်ထက်ပင် ထိုအချိန်ကသာ၍နာမည်ကြီးသော ကျွန်းဆွယ်အားကစားပွဲတွင် ပြိုင်ပွဲဝင်သူများ၌ အပြိုင်အဆိုင်စိတ်ဓာတ်မျိုးရှိခဲ့ကြောင်းကို ကောရိန္သုမြို့သားများကောင်းစွာသိရှိကြသည်။ သို့ဖြစ်လျှင်ပေါလုအဘယ်အရာကို သတိချပ်နေပါသနည်း။

၆။ ပြေးပွဲဝင်သူနှင့် အပြေးပြိုင်ပွဲအကြောင်း ပေါလုဆွေးနွေးချက်၏ ရှေ့နောက်စကားက ဘာကိုဖော်ပြသနည်း။

၆ ပြေးပွဲဝင်သူဥပမာကိုကိုးကားရာတွင် ကယ်တင်ခြင်းရရန် ကိုယ်ကိုယ်တိုင်၏အလားအလာအကြောင်းကို ပေါလုအဓိကဆွေးနွေးတင်ပြနေခြင်းဖြစ်သည်။ ရှေ့အခန်းငယ်များတွင် မိမိသည် နည်းအမျိုးမျိုးဖြင့် မည်မျှကြိုးစားပမ်းစားအားထုတ်ခဲ့ကြောင်းကို သူဖော်ပြပါသည်။ (၁ ကောရိန္သု ၉:၁၉-၂၂) ထိုနောက်အခန်းငယ် ၂၃ တွင်ဤသို့ဆိုသည်။ “သင်တို့နှင့်အတူ ဧဝံဂေလိတရားကိုဆက်ဆံခြင်းအလိုငှာ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။” မိမိသည် တမန်တော်ဖြစ်ရန်ရွေးချယ်ခံရရုံနှင့် သို့မဟုတ် သူတစ်ပါးအားနှစ်ပေါင်းများစွာ ဟောပြောခဲ့ရုံနှင့် မိမိကယ်တင်ခြင်းရရေးကို စိတ်ချနိုင်သည်မဟုတ်ကြောင်း သူသိမြင်ထားပါသည်။ သတင်းကောင်း၏ကောင်းချီးများကို သူဆက်ခံယူနိုင်ခြင်းငှာ သတင်းကောင်းအတွက် အတတ်နိုင်ဆုံးဆက်ပြုမူဆောင်ရွက်ရမည်။ ပန်းဝင်မည်ဆုံးဖြတ်ချက်နှင့် သူပြေးပွဲဝင်ပြီး “တစ်ယောက်တည်းသာလျှင် ဆုကိုရ” ရှိသောကျွန်းဆွယ်အားကစားပွဲတော်တွင် ပြေးပွဲဝင်နေဘိသကဲ့သို့ အတတ်နိုင်ဆုံးကြိုးစားအားထုတ်ရမည်ဖြစ်သည်။—၁ ကောရိန္သု ၉:၂၄က။

၇။ “ဆုကိုရမည်အကြောင်းပြေး” ရန်ဘာလိုအပ်သနည်း။

၇ ယင်းမှသင်ယူစရာများစွာရှိပါသည်။ ပြေးပွဲဝင်သူတိုင်း ဆုဆွတ်ခူးလိုသည်မှန်သော်လည်း အောင်ပန်းဆွတ်ခူးမည်ဟု လုံးလုံးသန္နိဋ္ဌာန်ချသူများသာလျှင် ဆုရမည်ဖြစ်သည်။ ထိုကြောင့် ပြေးပွဲဝင်ရုံနှင့် မိမိကိုယ်ကိုအားရနေရန်မဟုတ်ပါ။ ကျွန်ုပ်တို့ ‘သမ္မာတရားတွင်ရှိ’ နေသည့်အတွက် အရာအားလုံးအဆင်ပြေနေပြီဟု မယူဆသင့်။ ခရစ်ယာန်အမည်ခံယူထားသော်လည်း ခရစ်ယာန်များဖြစ်ပါသည်ဟု သက်သေထူနိုင်သည့်တိုင် အရည်အချင်းရှိပါသလော။ ဥပမာ၊ ခရစ်ယာန်တစ်ဦးပြုသင့်သည့် ခရစ်ယာန်စည်းဝေးများတက်ခြင်း၊ လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ခြင်း အစရှိသည်တို့ကိုပြုလုပ်ပါသလော။ သို့ပြုပါက ချီးမွမ်းစရာပင်။ ဤမွန်မြတ်သောအကျင့်များကို ကြိုးစားဆက်လက်ပြုလုပ်နေကြရမည်။ သို့သော် မိမိတို့လုပ်ကိုင်နေသည့်အမှုများမှအကျိုး သာ၍ရရှိနိုင်ပါသေးသလော။ ဥပမာ၊ စည်းဝေးတွင် ပါဝင်နိုင်ရန် အမြဲအသင့်ရှိသလော။ သင်ယူသိရှိလာသည့်အရာတို့ကို ကိုယ်တိုင်အတွက် ကျင့်သုံးတတ်နေပါသလော။ လယ်ကွင်းတွင်ကြုံတွေ့ရသည့် အခက်အခဲ၊ အတားအဆီးများရှိသော်ငြား စေ့ငသေချာစွာသက်သေခံနိုင်ရန် မိမိ၏ကျွမ်းကျင်ရာများ၌ ပိုမိုတိုးတက်မှုရှိရန်ဂရုပြုပါသလော။ စိတ်ဝင်စားသူများထံသို့ပြန်သွားပြီး အိမ်တွင်းကျမ်းစာသင်အံမှုများကျင်းပခြင်း စိန်ခေါ်ချက်ကိုပြုရန် အသင့်ရှိပါသလော။ “ဆုကိုရမည်အကြောင်း ပြေးကြလော့” ဟုပေါလုတိုက်တွန်းထားသည်။—၁ ကောရိန္သု ၉:၂၄ခ။

အရာခပ်သိမ်းတွင် ချုပ်တည်းခြင်းရှိ

၈။ ခရစ်ယာန်ချင်းတို့အား ‘အရာရာ၌ချုပ်တည်း’ ရန်အဘယ်ကြောင့် ပေါလုတိုက်တွန်းခဲ့မည်ဖြစ်သနည်း။

၈ ပေါလု၏အသက်တာတွင် အရှိန်လျှော့ခဲ့သော၊ လမ်းလွဲခဲ့သော၊ ဆက်မပြေးတော့ဘဲ လုံးလုံးထွက်ခဲ့သော အသက်ရရေးပြေးပွဲဝင်သူများစွာကို သူတွေ့ခဲ့ဖူးသည်။ (၁ တိမောသေ ၁:၁၉၊ ၂၀။ ဟေဗြဲ ၂:၁) ယင်းကြောင့်လည်း အမြဲအားစိုက်ထုတ်နေရမည့်ဆိုင်ပြိုင်တိုက်လှန်ပွဲတွင် ဝင်နေကြကြောင်း ခရစ်ယာန်ချင်းတို့အား သူကြိမ်ဖန်များစွာသတိပေးခဲ့ရခြင်းဖြစ်သည်။ (ဧဖက် ၆:၁၂။ ၁ တိမောသေ ၆:၁၂) ပြေးပွဲဝင်သူဥပမာကိုတစ်ဆင့်ထပ်တိုး၍ ဤသို့ဆိုသည်။ “ပွဲ၌ပြိုင်၍အချင်းချင်းတိုက်သောသူမည်သည်ကား အရာရာ၌ တပ်မက်ခြင်းကိုချုပ်တည်းတတ်၏။” (၁ ကောရိန္သု ၉:၂၅က) ဤသို့ဆိုရာတွင် ကောရိန္သုခရစ်ယာန်များကောင်းစွာသိထားသည့် ကျွန်းဆွယ်အားကစားပွဲတော်၌ ပြိုင်ပွဲဝင်သူများပြုလုပ်ရသော အပြင်းအထန်လေ့ကျင့်မှုကို ပေါလုရည်ညွှန်းနေခြင်းဖြစ်သည်။

၉၊ ၁၀။ (က) ကျွန်းဆွယ်အားကစားပွဲတွင် ဝင်ပြိုင်သူများအကြောင်း သတင်းတစ်ရပ်က မည်သို့ဖော်ပြသနည်း။ (ခ) ယင်းဖော်ပြချက်နှင့်စပ်လျဉ်း၍ အထူးသတိပြုစကားကား အဘယ်နည်း။

၉ လေ့ကျင့်နေသောပြေးပွဲဝင်မည့်သူအကြောင်း ဤသို့ကွက်ကွက်ကွင်းကွင်းဖော်ပြပေးထားသည်။

“ဆယ်လလေ့ကျင့်မှုသာမရှိလျှင် ဝင်ပြိုင်၍မရနိုင်သည့်အတွက် သူသည် လုံးလုံးမညည်းမညူဘဲ ကျေနပ်စွာဖြင့် စည်းကမ်းချက်များအတိုင်းပြုမူသည်။ . . . မိမိပြုလုပ်ရသည့် ခဲရာခဲဆစ်များ၊ ပင်ပန်းမှုများ၊ ခြိုးခြံမှုများကိုပင် ဂုဏ်ယူပြောဆိုပြီး အောင်ပွဲဆွတ်ခူးခြင်းကိုလျော့နည်းစေမည့် အရာတိုင်းကိုဂနသေချာစွာရှောင်ကြဉ်ခြင်းသည် မိမိဂုဏ်သိက္ခာကိုထောက်ထားခြင်းဟုယူမှတ်ပါသည်။ အခြားသူတို့သည် ခံတွင်းတွေ့တွေ့စားသုံးနေခြင်း၊ မိမိတပင်တပန်းကြိုးစားနေစဉ် အပန်းဖြေနေခြင်း၊ ရေဇလုံတွင် စည်းစိမ်ခံနေခြင်း၊ ဘဝ၌ပျော်မွေ့နေခြင်းတို့ကိုမြင်ရလျက်နှင့် ဝန်တိုငြူစူစိတ်လုံးလုံးမရှိချေ။ အကြောင်းမူကား၊ ဆုရဖို့ကိုသာ သူစိတ်စွဲလမ်းနေသည်။ အပြင်းအထန်လေ့ကျင့်မှသာလည်းဖြစ်မည်တည်း။ တစ်နည်းတစ်ဖုံ၊ တစ်နေရာရာ၊ တစ်ချိန်တစ်ခါတွင် ကြပ်တည်းသောစည်းကမ်းကိုဖျက်မိလျှင် အခွင့်အရေးများဆုံးရှုံးနိုင်မည်ကို သူကောင်းစွာသိရှိသည်။”—The Expositor’s Bible, အတွဲ ၅၊ စာမျက်နှာ ၆၇၄။

၁၀ ဤသို့ကိုယ်ကိုယ်ကိုငြင်းပယ်ရာတွင် ကြပ်တည်းပြင်းထန်စွာမှန်မှန်ပြုလုပ်ခြင်းကို “မိမိဂုဏ်သိက္ခာကိုထောက်ထားခြင်း” ဟုပြေးပွဲအတွက်လေ့ကျင့်နေသူ ယူမှတ်နေခြင်းက အထူးစိတ်ဝင်စားဖွယ်ဖြစ်သည်။ အမှန်သော်ကား အခြားသူတို့ခံစားနေကြရသည့် စည်းစိမ်ချမ်းသာအတွက် သူ့မှာ “ဝန်တိုငြူစူစိတ်လုံးဝမရှိချေ။” ယင်းမှသင်ယူစရာရှိနိုင်ပါသလော။ ရှိပါသည်။

၁၁။ အသက်ရရေးပြေးပွဲတွင်ပါဝင်နေစဉ် အဘယ်မတော်လျော်သောအမြင်ကိုရှောင်သင့်သနည်း။

၁၁ “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည်များကြ၏” ဟူသောယေရှု၏စကားကို ပြန်သတိရပါ။ (မဿဲ ၇:၁၃၊ ၁၄) ‘ကျဉ်းသောလမ်း’ ပေါ်ခရီးစဉ်ဆက်ရန်ကြိုးစားရာတွင် အခြားလမ်းပေါ်ရှိသူများရရှိနေပုံရှိသည့် လွတ်လပ်မှုနှင့်သက်သာလွယ်ကူမှုကို မက်မောမိပါသလော။ အခြားသူများပြုလုပ်ကျင့်ကြံနေသည့် ဆိုးသွမ်းပုံမရှိဟန်တူသောအရာအချို့ကို မပြုလုပ်ရခြင်းသည်ဆုံးရှုံးမှုဘဲဟု ထင်မှတ်နေသလော။ ဤလမ်းစဉ်အတိုင်း အဘယ်ကြောင့်သွားလာနေရသည့်အကြောင်းရင်းကို စိတ်မစွဲလမ်းပါက ထိုသို့ခံစားရန်လွယ်ကူပါသည်။ “ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သောပန်းဦးရစ်ကိုရခြင်းအလိုငှာပြုကြ၏။ ငါတို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကိုရခြင်းအလိုငှာပြုကြ၏” ဟုပေါလုပြောသည်။—၁ ကောရိန္သု ၉:၂၅ခ။

၁၂။ လူတို့ရှာကြံခဲ့သည့်ဂုဏ်အသရေနှင့်နာမည်ကျော်ကြားမှုသည် ကျွန်းဆွယ်အားကစားပွဲများတွင်ဆုချသော ပျက်စီးနိုင်သည့်ပန်းဦးရစ်နှင့်တူသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၂ ကျွန်းဆွယ်အားကစားပွဲတွင် ပန်းဝင်သူသည် ရက်၊ သို့မဟုတ် အပတ်အနည်းငယ်အတွင်း ညှိုးနွမ်းမည့်ကျွန်းဆွယ်ထင်းရူးခက်၊ သို့မဟုတ် ထိုသို့သောအပင်တစ်မျိုးမျိုး၏အခက်ဖြင့် ယှက်သန်းထားသောပန်းဦးရစ်ဆုကိုရမည်ဖြစ်သည်။ ထိုပျက်စီးတတ်သောပန်းဦးရစ်အတွက် အားကစားသမားများ ပြိုင်ဆိုင်ခဲ့သည်ကားမဟုတ်ပါ။ ယင်းနှင့်အတူဒွန်တွဲပါလာသည့် ဂုဏ်တင်လေးစားခံရခြင်း၊ ချီးကျူးထောမနာပြုခြင်း၊ နာမည်ကျော်ကြားမှုအတွက် ပြိုင်ဆိုင်ခဲ့ကြသည်။ အောင်နိုင်သူပြန်လာသည့်အခါ သူ့အားအောင်ပွဲခံအာဇာနည်တစ်ဦးအဖြစ် ဂုဏ်တင်ချီးကျူးထောမနာပြုလေ့ရှိသည်ဟု သတင်းတစ်ရပ်ကဆိုသည်။ ထိုသူ၏နောက် စီတန်းလိုက်လာသူတို့အတွက် လမ်းပြင်ပေးရန် မြို့ရိုးများကိုပင် ဖြိုဖျက်ပြီး၊ သူ့အားဂုဏ်တင်ချီးမြှောက်သည့်အနေနှင့် ပုံတူများကိုလည်း တည်ဆောက်ပေးတတ်ကြသည်။ သို့သော် ဤသို့မည်မျှတိုင်ပြုလုပ်ကြဦးတော့ သူ၏အသရေသည် တစ်ခဏသာခံသည်။ ထိုအောင်ပွဲခံအာဇာနည်များသည် မည်သူမည်ဝါဖြစ်ကြောင်း ယနေ့သိရှိသူမရှိသလောက်ဖြစ်၍ အများစုအနေနှင့် ယင်းကိုအရေးမစိုက်နိုင်ကြပါ။ ထိုကြောင့် ဤလောကတွင် ဩဇာအာဏာ၊ ကျော်ကြားကြီးပွားမှုအတွက် မိမိအချိန်၊ မိမိခွန်အား၊ မိမိ၏ကျန်းမာရေးနှင့် မိသားစုပျော်ရွှင်မှုကိုပင် လဲလှယ်အကုန်ခံကြပြီး ဘုရားရေးရာတွင် မကြွယ်ဝသူများသည် သူတို့၏အသက်ပမာမိမိတို့၏ရုပ်ဝါဒ “ပန်းဦးရစ်” ပျောက်ပျက်သွားသည်ကို တွေ့ရှိကြရလိမ့်မည်။—မဿဲ ၆:၁၉၊ ၂၀။ လုကာ ၁၂:၁၆-၂၁။

၁၃။ အသက်ရရေးပြေးပွဲတွင်ပါဝင်သူ၏ ဘဝအသက်တာသည် အားကစားသမားတစ်ဦးနှင့် မည်သို့ကွာခြားသနည်း။

၁၃ အားကစားပွဲတွင် ပါဝင်ပြိုင်ဆိုင်သူများသည် အထက်တွင်ဖော်ပြခဲ့သည့် ပြင်းထန်သောလေ့ကျင့်မှုကို ပြုလုပ်ရန် အသင့်ရှိကြလိမ့်မည်။ သို့သော် တစ်ခဏမျှအတွက်သာဖြစ်သည်။ အားကစားပွဲပြီးသောအခါ ပုံမှန်အတိုင်းပြန်နေထိုင်ပါလိမ့်မည်။ သူတို့စွမ်းရည်မပျောက်စေရန် တစ်ခါတစ်ရံဆက်လေ့ကျင့်ဦးတော့ နောက်တစ်ကြိမ်ပြိုင်ပွဲမဝင်မချင်း ပြင်းပြင်းထန်ထန်လေ့ကျင့်ချုပ်တည်းခြိုးခြံနေလိမ့်မည်ကားမဟုတ်ပါ။ အသက်ရရေးပြေးပွဲဝင်သူများအတွက်မူကား ထိုသို့မဟုတ်ပေ။ သူတို့အဖို့မူကား၊ လေ့ကျင့်ပြင်ဆင်၊ ချုပ်တည်းခြိုးခြံနေခြင်းသည် ဘဝပုံစံပင်ဖြစ်ရမည်။—၁ တိမောသေ ၆:၆-၈။

၁၄၊ ၁၅။ အသက်ရရေးပြေးပွဲတွင်ပါဝင်သူသည် ချုပ်တည်းမှုကို အဘယ်ကြောင့်အဆက်မပြတ်တင်ပြနေရမည်နည်း။

၁၄ တပည့်တော်အချို့နှင့်အတူ အခြားသူများအား “အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှာအလိုရှိ၏၊ ထိုသူသည် ကိုယ်ကိုယ်ကိုငြင်းပယ်ရမည်။ (သို့မဟုတ် “ကိုယ်ကိုယ်ကို ‘မပြုရ’ ဟုပြောရမည်” ချားလ်စ် ဘီ၊ ဝီလျမ်စ်) ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက် [မြဲလိုက်နေ၊ ကဘ] ရမည်” ဟုယေရှုဆိုသည်။ (မာကု ၈:၃၄) ဤဖိတ်ခေါ်ချက်ကိုလက်ခံသည့်အခါ ချုပ်တည်းခြိုးခြံနေခြင်းကိုယ်နှိုက်သည် မွန်မြတ်လွန်းသည့်အတွက်မဟုတ်ဘဲ တစ်ခဏမျှသတိလစ်၍ တစ်ကြိမ်တည်းသာဆုံးဖြတ်ချက်မှားသွားသည့်အတွက် ကျွန်ုပ်တို့၏ထာဝရအကျိုး ဆုံးရှုံးရသည်တိုင် ကြိုးစားခဲ့သမျှသည် အချည်းနှီးသက်သက်မဖြစ်စေရန် “လိုက်မြဲလိုက်နေ” ရခြင်းဖြစ်ရမည်။ အများအားဖြင့်ဆိုလျှင် ဝိညာဉ်ရေးဘက်တဖြည်းဖြည်းသာတိုးတက်လေ့ရှိသော်လည်း အစဉ်သဖြင့်သတိမချပ်နေပါက ယင်းကိုလျင်မြန်စွာဖျက်ပစ်လိုက်နိုင်သည်။

၁၅ ထို့ပြင် “အရာရာ၌” ချုပ်တည်းရမည်ဟု ပေါလုတိုက်တွန်းခဲ့သည်။ ဆိုလိုသည်ကား၊ ဘဝကဏ္ဍအသီးသီးတွင် ထိုသို့ပြုနေရမည်ဖြစ်သည်။ ယင်းသည်ယုတ္တိတန်၏။ အကြောင်းမူကား၊ လေ့ကျင့်ခန်းယူနေသူသည် ကာမဂုဏ်လိုက်စားလွန်းမည်ဆိုလျှင် သူ၏ပင်ပန်းခံမှုသည် အဘယ်အကျိုးပြုမည်နည်း။ အသက်ရရေးပြေးပွဲတွင်လည်း ထိုနည်းလည်းကောင်းပင် အရာရာ၌ချုပ်တည်းမှုရှိရန်လိုသည်။ သောက်ကြူးခြင်း၊ စာရိတ္တယိုယွင်းခြင်းကိစ္စတို့တွင် ချုပ်တည်းမှုရှိသောသူသည် ဝင့်ဝါထောင်လွှား၊ ရန်ဘက်ပြုတတ်မည်ဆိုလျှင် သူ၏ချုပ်တည်းမှုသည် အချည်းနှီးသက်သက်ဖြစ်မည်။ သူတစ်ပါးအပေါ်စိတ်ရှည်နိုင်မည်၊ ကြင်နာမည်ဖြစ်ဦးတော့ မိမိအသက်တာတွင် လျှို့ဝှက်အပြစ်တစ်ခုကို ဖုံးကွယ်ထားမည်ဆိုလျှင် အကျိုးရှိပါမည်လော။ ချုပ်တည်းခြင်းသည် အကျိုးအပြည့်အဝရှိစေရန် “အရာရာ၌” ချုပ်တည်းရမည်။—ယာကုပ် ၂:၁၀၊ ၁၁ နှင့်နှိုင်းယှဉ်။

“အမှတ်တမဲ့” မပြေးနှင့်

၁၆။ “အမှတ်တမဲ့ပြေးသည်မဟုတ်” ဟုဆိုခြင်းကားအဘယ်အဓိပ္ပာယ်နည်း။

၁၆ အသက်ရရေးပြေးပွဲတွင်အောင်ပွဲခံရန် တပင်တပန်းကြိုးစားရန်လိုအပ်ကြောင်း ပေါလုသိရှိသဖြင့် ဤသို့ဆက်ပြောဆိုသည်။ “ထိုကြောင့် ငါပြေးသောအခါ အမှတ်တမဲ့ပြေးသည်မဟုတ်။ လက်ပွေ့သတ်သောအခါ အာကာသကောင်းကင်ကိုသာ ထိုး၍သတ်သည်မဟုတ်။” (၁ ကောရိန္သု ၉:၂၆) “အမှတ်တမဲ့” ဟူသောစကားလုံးသည် စာသားအရ “မထင်မရှားစွာ” (Kingdom Interlinear) “မပေါ်မလွင်၊ မသိမသာ” (Lange’s Commentary) ဟူ၍အဓိပ္ပာယ်ရှိသည်။ သို့ဖြစ်သောကြောင့် “အမှတ်တမဲ့ပြေးသည်မဟုတ်” ရန်ပြေးနေသူသည် အဘယ်သို့ဦးတည်နေကြောင်းကို ရှုမြင်သူတိုင်းရှေ့ ထင်ရှားနေရမည်ဖြစ်သည်။ “ကွေ့ကောက်သောလမ်းကြောင်းပေါ်မဟုတ်” ဟု The Anchor Bible ကပြန်ဆိုပါသည်။ ကမ်းခြေတစ်လျှောက် ခေါက်တုံ့ခေါက်ပြန် တဝဲလည်လည် ဝိုင်းပတ်နေရုံမက တစ်ခါတရံနောက်ပြန်ပင် သွားလာသည့်ခြေရာများကို သင်တွေ့မြင်မည်ဆိုလျှင် ပြေးနေသူဟူ၍ထင်စရာအကြောင်းမရှိ၊ အဘယ်အရာသို့ဦးတည်နေသည်ကိုပင် သင်သိနိုင်မည်မဟုတ်ပါ။ သို့သော် တစိုက်မတ်မတ်ရှိခြေရာများကို သင်တွေ့ရပြီး ခြေရာတစ်ခုစီသည်လည်း တသီတတန်းညီညီညာညာရှိနေမည်ဆိုလျှင် ရောက်လိုရာအရပ်ကို အတိအလင်းသိရှိသူ၏ခြေရာများဖြစ်သည်ကို သင်ချက်ချင်းသိနိုင်မည်။

၁၇။ (က) ပေါလုသည် “အမှတ်တမဲ့ပြေးသည်မဟုတ်” ကြောင်းမည်သို့တင်ပြသနည်း။ (ခ) ဤကိစ္စတွင် ပေါလုကို မည်သို့အတုယူနိုင်သနည်း။

၁၇ ပေါလုသည် “အမှတ်တမဲ့ပြေးသည်မဟုတ်” ကြောင်းကို သူ၏ဘဝပုံစံကရှင်းလင်းပြတ်သားစွာဖော်ပြသည်။ သူသည် တမန်တော်ဖြစ်သောခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးဖြစ်ကြောင်း သာဓကများစွာတင်ပြနိုင်ခဲ့သည်။ သူ့မှာရည်ရွယ်ချက်တစ်ခုတည်းသာရှိ၍ ယင်းကိုရရှိခြင်းငှာ သေသည်တိုင်အားကြိုးမာန်တက်ခွန်အားစိုက်ထုတ်ခဲ့သည်။ ထင်ရှားကျော်ကြားခြင်း၊ တန်ခိုးအာဏာ၊ စည်းစိမ်ချမ်းသာ သို့မဟုတ် သက်သောင့်သက်သာနေထိုင်နိုင်ခဲ့သော်လည်း ယင်းတို့ကြောင့်တစ်ခါမျှလမ်းမလွဲခဲ့ပါ။ (တမန်တော် ၂၀:၂၄။ ၁ ကောရိန္သု ၉:၂။ ၂ ကောရိန္သု ၃:၂၊ ၃။ ဖိလိပ္ပိ ၃:၈၊ ၁၃၊ ၁၄) သင့်ဘဝလမ်းစဉ်ကိုပြန်ပြောင်းကြည့်သည့်အခါ အဘယ်လမ်းကြောင်းကိုတွေ့ရှိသနည်း။ ဦးတည်ချက်ပြတ်သားသည့်တစိုက်မတ်မတ်ဖြစ်သော လမ်းကြောင်းလော။ သို့မဟုတ် ဦးလှည့်ရာသွားလာခဲ့သောလမ်းကြောင်းလော။ အသက်ရရေးပြေးပွဲတွင်ပြိုင်ပွဲဝင်နေသည့်သာဓကရှိပါသလော။ ဤပြေးပွဲတွင် လှုပ်ရှားရွေ့လျားနေဟန်ပြုရုံအတွက်သာမဟုတ် ပန်းဝင်ဖို့အတွက် ဝင်ပြေးနေသည်ကို မမေ့ပါနှင့်။

၁၈။ (က) အဘယ်အရာကိုပြုလျှင် ကျွန်ုပ်တို့သည် “အာကာသကောင်းကင်ကိုသာထိုး၍သတ်” နေဟန်တူမည်နည်း။ (ခ) ယင်းသည် အဘယ်ကြောင့်အန္တရာယ်ရှိသောလမ်းစဉ်ဖြစ်မည်နည်း။

၁၈ အခြားအားကစားနည်းတစ်မျိုးနှင့်နှိုင်းယှဉ်၍ ပေါလုဤသို့ထပ်ဆင့်ဆိုသည်။ “လက်ဝှေ့သတ်သောအခါ အာကာသကောင်းကင်ကိုသာ ထိုး၍သတ်သည်မဟုတ်။” (၁ ကောရိန္သု ၉:၂၆ခ) အသက်ရရေးပြေးပွဲတွင်ပါဝင်စဉ် စာတန်၊ ဤလောက၊ ကိုယ်တိုင်၏မစုံလင်မှုအစရှိသည့် ရန်သူများစွာနှင့်တိုက်လှန်ရပါသည်။ ရှေးခေတ်လက်ဝှေ့သမားကဲ့သို့ပင် ကျနစွာချိန်ထိုးသတ်၍ ယင်းရန်သူတို့ကိုအနိုင်ယူရမည်။ တိုက်လှန်ပွဲတွင် ကျွန်ုပ်တို့အားယေဟောဝါဘုရားသခင်လေ့ကျင့်ကူညီပေးသည့်အတွက် ဝမ်းသာစရာပင်ဖြစ်သည်။ ကိုယ်တော်၏နှုတ်ကပါဌ်တော်၌လည်းကောင်း၊ ကျမ်းစာအခြေခံသောစာပေများ၌လည်းကောင်း၊ ခရစ်ယာန်အစည်းအဝေးများတွင်လည်းကောင်း သွန်သင်ချက်များကိုရရှိစေတော်မူ၏။ သို့ရာတွင် ကျမ်းစာနှင့်ကျမ်းစာ,စာပေများကိုဖတ်မည်၊ စည်းဝေးများတက်မည်မှန်သော်လည်း သင်ယူတတ်သိလာသမျှကို လက်တွေ့မကျင့်သုံးလျှင် ကျွန်ုပ်တို့၏အားထုတ်မှုများသည် “အာကာသကောင်းကင်ကိုသာထိုး၍သတ်” နေရာဖြစ်မည်မဟုတ်လော။ ထိုသို့ပြုခြင်းကား ကျွန်ုပ်တို့အတွက် အန္တရာယ်ရှိသည်။ မိမိတိုက်လှန်နေသည်ဟု မိမိအထင်ရှိသော်လည်း ရန်သူများကိုမချိုးနှိမ်နိုင်ဘဲဖြစ်သဖြင့် ကိုယ်လုံခြုံမှုအတွက် ထင်ယောင်ထင်မှားဖြစ်နေမည်။ ယင်းကြောင့်လည်း တပည့်တော်ယာကုပ် ဤသို့ဆိုရခြင်းဖြစ်သည်။ “ကိုယ်ကိုယ်ကိုလှည့်ဖြား၍ နှုတ်ကပါဌ်တော်တရားကိုနာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။” “အာကာသကောင်းကင်ကိုသာထိုး၍သတ်” ခြင်းသည်ရန်သူတို့ကိုအနိုင်မယူနိုင်သည့်နည်းတူ “နာရုံမျှသာပြုသောသူများ” ဖြစ်ခြင်းသည် ဘုရားသခင့်အလိုတော်ကိုဆောင်သူဟု ကိုယ်ကိုယ်ကိုစိတ်ချစွာမပြောနိုင်ပါ။—ယာကုပ် ၁:၂၂။ ၁ ဓမ္မရာဇဝင် ၁၅:၂၂။ မဿဲ ၇:၂၄၊ ၂၅။

၁၉။ ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရမည်အကြောင်း မည်သို့သေချာနိုင်မည်နည်း။

၁၉ နောက်ဆုံးတွင် မိမိအောင်မြင်ရသည့်အကြောင်းရင်းကို ပေါလုဖော်ပြပါသည်။ “သူတစ်ပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။” (၁ ကောရိန္သု ၉:၂၇) ပေါလုနည်းတူ မိမိကိုယ်တိုင်၏မစုံလင်မှုကျွန်ဖြစ်မည့်အစား ယင်းကိုအနိုင်ယူနိုင်ရမည်။ ဇာတိပကတိသို့တိမ်းညွတ်တတ်သည့်သဘောများ၊ စိတ်ဆန္ဒပြင်းပြမှုများကို အမြစ်မှနှုတ်ပစ်ရန်လိုအပ်သည်။ (ရောမ ၈:၅-၈။ ယာကုပ် ၁:၁၄၊ ၁၅) “ထိုး၍နှိပ်စက်” သည်ဟုပြန်ဆိုသောစကားလုံးသည်စာသားအတိုင်းဆိုလျှင် ‘မျက်လုံးအောက်ကိုထိုးသည်’ ဟုအဓိပ္ပာယ်ရှိသဖြင့် ထိုသို့ပြုခြင်းငှာနာကျင်လိမ့်မည်။ (Kingdom Interlinear) သွေးသားတောင့်တမှုကိုအညံ့ခံပြစ်မှားပြီးသေခြင်းထက် ညိုမဲသော ထိခိုက်ဒဏ်ရာရမျက်လုံးတစ်လုံးနှင့် အသက်ရှင်ခြင်းသည် သာ၍ကောင်းမည်မဟုတ်လော။—မဿဲ ၅:၂၈၊ ၂၉၊ ၁၈:၉။ ၁ ယောဟန် ၂:၁၅-၁၇ နှိုင်းယှဉ်။

၂၀။ အသက်ရရေးပြေးပွဲတွင် ကျွန်ုပ်တို့မည်သို့ပြေးလွှားနေကြောင်း စစ်ဆေးကြည့်ရန် ယခုအဘယ်ကြောင့်အထူးအရေးကြီးသနည်း။

၂၀ အပြေးပြိုင်ပွဲတွင် ယနေ့ကျွန်ုပ်တို့ပန်းဝင်လုပြီ။ ဆုလာဘ်များကိုပေးမည့်အချိန်လည်း နီးကပ်နေပြီ။ ဘိသိက်ခံခရစ်ယာန်များအတွက်ဆိုလျှင် “ယေရှုခရစ်အားဖြင့် ဘုရားသခင်သည်အထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆိုင်သောဆု” ရရန်ရှိသည်။ (ဖိလိပ္ပိ ၃:၁၄) လူအုပ်ကြီးအတွက်မူ မြေကြီးပရဒိသုပေါ်တွင် ထာဝရအသက်ဆုဖြစ်သည်။ ဤမျှစွန့်စားကာ ရင်းထားရသည့်အတွက် ကျွန်ုပ်တို့လည်း ပေါလုနည်းတူ “ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း” စိတ်ဆုံးဖြတ်ထားကြစို့။ “ဆုကိုရမည်အကြောင်း ပြေးကြလော့” ဟူသောမိန့်မှာချက်ကို ကျွန်ုပ်တို့အားလုံးနှလုံးပိုက်ကျုံးထားကြစို့။—၁ ကောရိန္သု ၉:၂၄၊ ၂၇။

သင်မှတ်မိသလော

▫ ခရစ်ယာန်တစ်ဦး၏အသက်တာကို ပြေးပွဲနှင့်နှိုင်းယှဉ်ခြင်းသည် အဘယ်ကြောင့်လျောက်ပတ်သနည်း။

▫ အသက်ရရေးပြေးပွဲသည် ခြေလျင်ပြေးပွဲနှင့် မည်သို့ကွာခြားသနည်း။

▫ “အရာရာ၌” အဘယ်ကြောင့်အမြဲချုပ်တည်းနေရမည်နည်း။

▫ “အမှတ်တမဲ့ပြေးသည်မဟုတ်” မည်သို့ပြေးမည်နည်း။

▫ “အာကာသကောင်းကင်ကိုသာထိုး၍သတ်” ခြင်းသည်အဘယ်ကြောင့် အန္တရာယ်ရှိသနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အောင်ပွဲခံသူ၏ပန်းဦးရစ်နှင့်ဂုဏ်အသရေဘုန်းသည် ကွယ်ပျောက်သွားရာဖြစ်၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ