အခန်း ၂၅
အနူသည်တစ်ယောက်အား သနားကရုဏာပြခြင်း
ယေရှုနှင့် တပည့်တော်လေးဦးတို့သည် ဂါလိလဲမြို့ရွာများသို့ ဒေသစာရီလှည့်လည်နေစဉ် ကိုယ်တော်ပြုတော်မူသည့်အံ့ဖွယ်အမှုများနှင့် ပတ်သက်သောသတင်းသည် ထိုနယ်တစ်ခွင်ပျံ့နှံ့သွားသည်။ ထိုသတင်းသည် နူနာသည်တစ်ယောက်နေထိုင်ရာမြို့သို့ ရောက်ရှိသွားသည်။ ဆရာဝန်လုကာက ထိုသူ “တစ်ကိုယ်လုံးနူနာစွဲ” နေသည်ဟုဖေါ်ပြ၏။ ကြောက်ဖွယ်ကောင်းသည့်၄င်းရောဂါရင့်လာလျှင် ကိုယ်ခန္ဓာအစိတ်အပိုင်းအသီးသီးကို တစ်စတစ်စရုပ်ပျက်ဆင်းပျက်ဖြစ်စေတတ်သည်။ ထိုကြောင့်ယင်းအနူရောဂါသည် သည် အလွန်သနားဖွယ်ဖြစ်နေသည်။
ယေရှုထိုမြို့သို့ရောက်သောအခါ အထံတော်သို့ထိုအနူသည်ချဉ်းကပ်သွားသည်။ ဘုရားပညတ်အရဆိုလျှင် အနူသည်တစ်ယောက်အနေဖြင့် “မစင်ကြယ်၊ မစင်ကြယ်” ဟုဟစ်အော်သတိပေးရသည်။ အခြားသူများအနားကပ်လာပြီး ရောဂါကူးစက်သွားမည့်အန္တရာယ်မှ ကာကွယ်ရန်ဖြစ်သည်။ ထိုအနူသည်ကပျပ်ဝပ်၍ “သခင်အလိုတော်ရှိလျှင် ကျွန်တော့်ကိုသန့်ရှင်းစေနိုင်တော်မူသည်” ဟုယေရှုအားအသနားခံလေ၏။
ထိုလူသည်ယေရှုအပေါ် ယုံကြည်ခြင်းမည်မျှကြီးလှပါတကား။ သို့သော်သူ့ရောဂါက သူ့အားအလွန်သနားလောက်အောင်ဖြစ်စေသည်တကား။ ယေရှုဘာလုပ်မည်နည်း။ အသင်ကောဘာလုပ်မည်နည်း။ ယေရှုသည်သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက် “ငါအလိုရှိ၏၊ သန့်ရှင်းခြင်းသို့ရောက်စေ” ဟုမိန့်တော်မူလျှင် ထိုသူသည်ချက်ချင်းနူနာပျောက်လေ၏။
ဤမျှသနားကရုဏာရှိသော သူတစ်ဦးသင့်ရှင်ဘုရင်ဖြစ်မည်ကို သင်လိုလားမည်လော။ ဤအနူသည်ကို ယေရှုဆက်ဆံပုံက ကိုယ်တော့်နိုင်ငံတော်အုပ်ချုပ်မှုကာလအတွင်း၌ အောက်ပါပရောဖက်ပြုချက်ပြည့်စုံလာရန် စိတ်ချယုံကြည်စေသည်။ ‘ကိုယ်တော်သည်ဆင်းရဲသူနှင့် နွမ်းပါးသူကိုသနားတော်မူမည်။’ မှန်ပေ၏။ ထိုအခါယေရှုသည် ဆင်းရဲနွမ်းပါးသူအပေါင်း အား မိမိနှလုံးဆန္ဒရှိသည်အတိုင်း ကူညီတော်မူလတံ့။
ဤအနူသည်ကိုမကုသပေးမီကပင် ယေရှု၏ဓမ္မအမှုတော်ကြောင့် လူထုကြားတွင်စိတ်လှုပ်ရှားမှုကြီးဖြစ်နေပြီ။ ယခုနူနာပျောက်သွားသူအား ယေရှုက “သင်သတိပြု၊ အဘယ်သူအားစကားတစ်ခွန်းကိုမျှမပြောနှင့်” ဟုတားမြစ်တော်မူ၏။ ထိုနောက် “ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌သက်သေဖြစ်စေခြင်းငှာ သန့်ရှင်းခြင်းသို့ရောက်သည့်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကိုဆက်လော့” ဟူ၍မိန့်မှာတော်မူ၏။
သို့သော်လည်း ထိုသူသည်ဝမ်းသာလွန်းအားကြီးသောကြောင့် ဤအံ့ဖွယ်အမှုကို သူတစ်ပါးအားမပြောဘဲမနေနိုင်ချေ။ အထံတော်မှထွက်သွားပြီး ၄င်းသတင်းကိုကြေညာသဖြင့် မြို့တွင်းသို့ထင်ရှားစွာဝင်၍မရသည်အထိ လူထုကြားတွင်စိတ်ဝင်စားမှုနှင့် စူးစမ်းသိမြင်လိုစိတ် ဖြစ်ပွားဟန်တူသည်။ သို့နှင့်ယေရှုသည် လူသူမနေသောမြို့ပြင်၌နေတော်မူ၏။ နေရာအသီးသီးမှ လူတို့သည်တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါငြိမ်းစေရန်အတွက် အထံတော်သို့တဖွဲဖွဲရောက်လာကြ၏။ လုကာ ၅:၁၂-၁၆။ မာကု ၁:၄၀-၄၅။ မဿဲ ၈:၂-၄။ ဝတ်ပြုရာ ၁၃:၄၅၊ ၁၄:၁၀-၁၃။ ဆာလံ ၇၂:၁၃။ ဟေရှာယ ၄၂:၁၊ ၂။
▪ နူနာစွဲသူတစ်ဦး မည်သို့ဖြစ်သွားနိုင်သနည်း။ အနူတစ်ယောက်သည် မည်သို့သတိပေးရသနည်း။
▪ အနူတစ်ယောက်ယေရှုထံ မည်သို့အသနားခံသနည်း။ ယေရှု၏တုံ့ပြန်ပုံမှ ကျွန်ုပ်တို့ဘာသိရသနည်း။
▪ ထိုရောဂါပျောက်သွားသူသည် ယေရှု၏မိန့်မှာချက်ကိုလိုက်နာရန်မည်သို့ ပျက်ကွက်သနည်း။ အဘယ်အကျိုးပေါ်လာသနည်း။