အခန်း ၆၀
ယေရှုခရစ်နိုင်ငံတော်ဘုန်းတန်ခိုး၏ ကြိုတင်မြင်ကွင်း
ကဲသရိဖိလိပ္ပိမြို့သို့ မရောက်မီ တမန်တော်များအပါအဝင် လူအုပ်တစ်အုပ်ကို ယေရှုသွန်သင်ပေးနေသည်။ ထိုအချိန်တွင် ဤအံ့အားသင့်စရာစကားများကို မိန့်တော်မူနေသည်။ “ငါအမှန်ဆိုသည်ကား လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို ဤအရပ်၌ရှိသောသူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြ။”
‘ယေရှုဘာကိုဆိုလိုသနည်း’ ဟုတပည့်များတွေးနေမည်။ တစ်ပတ်အကြာတွင် ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့နှင့်အတူ မြင့်သောတောင်ပေါ်သို့ တက်ကြွသွားသည်။ ထိုအချိန်တွင် တပည့်များအိပ်ငိုက်ကြသည်ဆိုသဖြင့် ညအခါဖြစ်နိုင်သည်။ ယေရှုဆုတောင်းနေစဉ် သူတို့ရှေ့ကိုယ်တော်အသွင်ပြောင်းခဲ့သည်။ ကိုယ်တော်၏မျက်နှာသည် နေကဲ့သို့ထွန်းလင်း၍ သူ၏ဝတ်လုံများလည်း တဖိတ်ဖိတ်တောက်လျက်ရှိသည်။
ထိုနောက် “မောရှေနှင့်ဧလိယ” ဟူ၍မှတ်သားခံရသူ နှစ်ဦးပေါ်လာပြီး “ယေရုရှလင်မြို့၌စုတေ့တော်မူမည်အကြောင်းအရာကို” ယေရှုနှင့်ဆွေးနွေးနေကြသည်။ ယင်းသည် ယေရှုသေခြင်းနှင့်ထမြောက်ခြင်းကို ဆိုလိုကြောင်း ထင်ရှားပါသည်။ သို့ဖြစ်၍ ပေတရုဖြစ်စေချင်သကဲ့သို့ အရှက်တကွဲသေခြင်းကို ကိုယ်တော်မရှောင်မလွှဲနိုင်ကြောင်း သူတို့ဆွေးနွေးပြောဆိုခြင်းက သက်သေထူသည်။
ယခုလုံးဝမျက်စိကျယ်လာသည့် တပည့်များသည် အံ့သြတကြီးနှင့်သတိပြုနားစွင့်နေကြသည်။ ယင်းသည်ရူပါရုံသာဖြစ်ငြားလည်း ပကတိအတိုင်း ဖြစ်ပျက်နေပုံရှိရာ ပေတရုက “သခင်ဤအရပ်၌နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့တဲတစ်ဆောင်၊ မောရှေဖို့တစ်ဆောင်၊ ဧလိယဖို့တစ်ဆောင် တဲသုံးဆောင်ကို အကျွန်ုပ်တို့ဆောက်လုပ်ပါရစေ” ဟုယောင်ယမ်း၍ ပါဝင်ပြောဆို၏။
ပေတရုစကားပြောဆိုနေစဉ်ပင် ထွန်းလင်းသောမိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍ ၄င်းအထဲမှအသံတော်က “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့။” အသံတော်ကိုကြားသည်နှင့် တပည့်များပျပ်ဝပ်ကြသဖြင့် ယေရှုက “ထကြ၊ မကြောက်ကြနှင့်” ဟုမိန့်တော်မူသည်။ သူတို့ထကြည့်သော် ယေရှုတစ်ဦးတည်းသာရှိသည်။
နောက်တစ်နေ့ တောင်ပေါ်ကအဆင်း ယေရှုဤသို့မိန့်တော်မူသည်။ “လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင် သင်တို့ယခုမြင်သောရူပါရုံကို အဘယ်သူအားမျှမပြောကြနှင့်။” ရူပါရုံတွင် ဧလိယကိုမြင်လိုက်ကြ၍ တပည့်များစိတ်ထဲ ဤသို့စိတ်ကူး ပေါ်လာသည်။ “ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့်ဆိုပါသနည်း။”
ယေရှုက “ဧလိယ ရောက်လာပြီ။ လူများသည် သူ့ကိုမသိ။” သို့ရာတွင် ဧလိယအလုပ်မျိုးကို လုပ်ကိုင်ခဲ့သော နှစ်ခြင်းဆရာယောဟန်အကြောင်း ယေရှုပြောဆိုနေခြင်းဖြစ်သည်။ ဧလိရှဲအတွက် ဧလိယလမ်းပြင်ပေးသကဲ့သို့ ခရစ်တော်လာမည့်အချိန်အတွက် ယောဟန်လမ်းပြင်ပေးခဲ့သည်။
ဤရူပါရုံသည် ယေရှုအတွက်သော်လည်းကောင်း၊ တပည့်များအတွက်သော်လည်းကောင်း များစွာအားရှိစေသည်။ ထိုရူပါရုံကား ခရစ်တော်၏နိုင်ငံတော်ဘုန်းတန်ခိုးကို ကြိုမြင်ရသကဲ့သို့ပင်ဖြစ်သည်။ လွန်ခဲ့သည့်တစ်ပတ်က ယေရှုကတိပေးတော်မူသည့်အတိုင်းပင် တပည့်များသည် ‘နိုင်ငံတော်တည်လျက်ကြွလာတော်မူသည့်လူသား’ ကိုမြင်ဘိသကဲ့သို့ဖြစ်သည်။ ယေရှုသေလွန်ပြီးနောက်တွင် ပေတရုက ‘သန့်ရှင်းသောတောင်ပေါ်မှာ သခင်အရှင်နှင့်အတူရှိသောအခါ ခရစ်တော်၏ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သောသူဖြစ်ခဲ့သည်’ ဟူ၍ရေးသားခဲ့သည်။
ကိုယ်တော်သည် ကျမ်းစာ၌ကတိရှိတော်မူသည့် ဘုရားသခင်ရွေးချယ်ထားသော ဘုရင်မင်းမြတ်ဖြစ်ကြောင်း နိမိတ်ပြရန် ယေရှုအား ဖာရိရှဲများတောင်းဆိုခဲ့သည်။ ထိုကဲ့သို့သော နိမိတ်မျိုးမရရှိခဲ့ပေ။ သို့ရာတွင် ယေရှုနှင့်ရင်းနှီးသောတပည့်များမူကား နိုင်ငံတော်ပရောဖက်ပြုချက်များကို စိတ်ချနိုင်ကြောင်း ယေရှု၏အသွင်ပြောင်းလဲခြင်းကို တွေ့မြင်ခွင့်ရခဲ့သည်။ သို့ဖြင့်နောင်တွင် ပေတရုက “ထိုမှတစ်ပါး သာ၍မြဲမြံသော အနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏” ဟုရေးသားခဲ့သည်။ မဿဲ ၁၆:၁၃၊ မဿဲ ၁၆:၂၈-၁၇:၁၃။ မာကု ၉:၁-၁၃။ လုကာ ၉:၂၇-၃၇။ ၂ ပေတရု ၁:၁၆-၁၉။
▪ နိုင်ငံတော်တည်လျက် ခရစ်တော်ကြွလာတော်မူသည်ကို အချို့သူများမသေမီ မည်သို့မြင်သနည်း။
▪ ရူပါရုံတွင် မောရှေနှင့်ဧလိယတို့သည် ယေရှုနှင့်အဘယ်အကြောင်း ဆွေးနွေးပြောဆိုကြသနည်း။
▪ ဤရူပါရုံသည် တပည့်များအတွက် အဘယ်ကြောင့်အားရှိစရာ အကူအညီဖြစ်ခဲ့သနည်း။