အခန်း ၆၁
နတ်ပူးသောသူငယ် ကုသခံရ
ယေရှု၊ ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့သည် ဟေရမုန်တောင်၏တောင်စွယ်တစ်ခုသို့ရောက်နေစဉ် အခြားတပည့်များ ပြဿနာရင်ဆိုင်နေကြရသည်။ ယေရှုရောက်လာသည်နှင့် ယင်းကိုချက်ချင်းရိပ်မိသည်။ လူအုပ်ဝိုင်းရံထားသောတပည့်များသည် ကျမ်းပြုဆရာတို့နှင့်အငြင်းပွားနေကြသည်။ ယေရှုကိုတွေ့သည်နှင့် လူအုပ်သည်ဝမ်းသာအားရပြေးကြိုဆိုကြသည်။ “သူတို့နှင့် အဘယ်သို့ဆွေးနွေးမေးမြန်းနေသနည်း” ဟုယေရှုမေး၏။
လူအုပ်ထဲကလူတစ်ဦးထွက်လာ၍ ယေရှုရှေ့ဒူးထောက်ကာ “အရှင်၊ အသောနတ် အစွဲခံရသော အကျွန်ုပ်၏သားကို အထံတော်သို့ဆောင်ခဲ့ပါပြီ။ နတ်သည်ဖမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာလှဲ၍ သူသည်လည်းခံတွင်းမှအမြှုပ်ထွက်လျက် အံသွားခဲကြိတ်လျက် ပိန်ခြောက်လျက်နေရပါ၏။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တို့အား အကျွန်ုပ်လျှောက်၍ သူတို့သည်မတတ်နိုင်ကြပါ” ဟုဖြေသည်။
သူငယ်ကိုတပည့်များ မကုသပေးနိုင်သည်ကို ကျမ်းပြုဆရာများကအခွင့်ကောင်းယူ၍ ကဲ့ရဲ့ရှုတ်ချနေပုံရှိသည်။ ဤအခိုက် ယေရှုရောက်လာသည်။ “ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည်သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံးနေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံရမည်နည်း” ဟုကိုယ်တော်မိန့်ဆိုသည်။
လူအုပ်အား ယေရှုမိန့်ဆိုနေပုံရှိသော်လည်း အမှန်မှာတပည့်များကို နှောင့်ယှက်နေသော ကျမ်းပြုဆရာများကို အထူးရည်ညွှန်းနေပါသည်။ ထိုနောက် ယေရှုက “သူငယ်ကိုငါ့ထံသို့ယူခဲ့ကြ” ဟုဆိုသည်။ သူငယ်လာနေစဉ်ပင် နတ်ဆိုးသည် သူ့ကိုချက်ချင်းတောင့်မာစေပြီး မြေပေါ်လှိမ့်၍ အမြှုပ်ထွက်စေ၏။
“ဤသို့ဖြစ်သည်ကား အဘယ်မျှကြာပြီနည်း” ဟုယေရှုမေးမြန်းသည်။
အဘက “ငယ်သောအရွယ်ကပင်ဖြစ်၏။ သူငယ်ကိုသေစေခြင်းငှာ [နတ်ဆိုးသည်] မီး၌လည်းကောင်း၊ ရေ၌လည်းကောင်းအကြိမ်ကြိမ်လဲစေတတ်၏။ ကိုယ်တော်တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကိုသနား၍ ကယ်မတော်မူပါ” ဟုတောင်းပန်သည်။
ဖခင်သည် အကူအညီရှာနေသည်မှာ နှစ်ချီ၍ပင်ရှိနေမည်။ ယေရှု၏တပည့်များ ကုသမပေးနိုင်သည့်အတွက် အားငယ်နေမည်။ စိတ်အပျက်ကြီးပျက်၍ ပြောသည့်စကားကိုကောက်ပြီး ယေရှုက “တတ်နိုင်တော်မူလျှင်ဟုအဘယ်ကြောင့် ဆိုဘိသနည်း။ ယုံကြည်ခြင်းရှိသူအဖို့ မဖြစ်နိုင်သောအရာမရှိ။”
“အကျွန်ုပ်ယုံကြည်ပါ၏” ဟုဖခင်ချက်ချင်းဟစ်ကြော်၍ “ယုံကြည်ခြင်းမပြည့်စုံသည့်အတွက် အကျွန်ုပ်အား မစတော်မူပါ” ဟူ၍တောင်းပန်လေသည်။
လူများစုဝေး၍ပြေးလာကြသည်ကို ယေရှုမြင်လျှင် နတ်ဆိုးအား “နားပင်း၍စကားအသောနတ်။ သူငယ်မှထွက်လော့။ နောက်တစ်ဖန်မဝင်နှင့် ငါအမိန့်ရှိ၏” ဟုဆုံးမလေသည်။ နတ်အထွက်တွင် သူငယ်ကိုအော်ဟစ်စေပြီး အကြောဆွဲစေသည်။ ထိုနောက်မလှုပ်မရှားလဲလျောင်းနေရာ “သေပြီ” ဟုလူတို့ဆိုကြ၏။ သို့သော်ယေရှုက သူငယ်လက်ကိုကိုင်၍ ချီကြွတော်မူရာ သူထလာသည်။
ဟောပြောရန်တပည့်များကိုယခင်ကစေလွှတ်စဉ် သူတို့နတ်ဆိုးများနှင်ထုတ်ခဲ့ဖူးသည်။ ထိုကြောင့် ယခုသူတို့အိမ်တစ်အိမ်ထဲဝင်သော် ယေရှုကိုဤသို့မေးမြန်းသည်။ “အကျွန်ုပ်တို့ထိုနတ်ကို အဘယ်ကြောင့်မနှင်ထုတ်နိုင်ပါသနည်း။”
ယုံကြည်ခြင်းအားနည်းသည့်အတွက်ဖြစ်ကြောင်းတင်ပြ၍ ယေရှုက “ဆုတောင်းခြင်းမှတစ်ပါး အခြားအဘယ်နည်းနှင့်မျှ ဤနတ်မျိုးကို နှင်ထုတ်၍မရ” ဟု မိန့်တော်မူသည်။ ဤအဖြစ်အပျက်တွင် အထူးတန်ခိုးကြီးသောနတ်ဆိုးကိုနှင်ထုတ်ရန် ပြင်ဆင်မှုလိုကြောင်း ထင်ရှားနေသည်။ ခိုင်မာသောယုံကြည်ခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်တောင်းခံခြင်းလိုအပ်နေသည်။
ထိုနောက် ယေရှုဤသို့ထပ်ဆင့်သည်။ “သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုတောင်ကိုနေရာရွေ့လော့ဟုဆိုကြသော် နေရာမှရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။” ယုံကြည်ခြင်းကား တန်ခိုးပါလှသည်တကား။
ယေဟောဝါ၏လုပ်ငန်းတွင် တိုးတက်မှုကိုဟန့်တားစေသည့်ခက်ခဲမှုများသည် ပကတိတောင်ကြီးတမျှ ကျော်လွှားမရ၊ ဖယ်ရှားမရပုံရှိနေပေမည်။ သို့ဖြစ်လျက်ပင် ကျွန်ုပ်တို့နှလုံးထဲ ယုံကြည်ခြင်းမွေးမြှူးပျိုးထောင်ပေးမည်ဆိုလျှင် ရင့်ကျက်ခြင်းသို့ တိုးတက်လာပြီး တောင်ကြီးပမာ တားဆီးထားသောခက်ခဲမှုများကို ကျော်လွှားနိုင်မည်ဟုယေရှုတင်ပြနေသည်။ မာကု ၉:၁၄-၂၉။ မဿဲ ၁၇:၁၉၊ ၂၀။ လုကာ ၉:၃၇-၄၃။
▪ ဟေရမုန်တောင်မှ ပြန်လာသောအခါ အဘယ်အခြေအနေကို ယေရှုမြင်တွေ့ပါသနည်း။
▪ နတ်ဆိုးဝင်ပူးနေသော သူငယ်၏ဖခင်အား ယေရှုမည်သို့အားပေးသနည်း။
▪ နတ်ဆိုးကိုတပည့်များ အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း။
▪ ယုံကြည်ခြင်းသည် မည်မျှတန်ခိုးပါနိုင်ကြောင်း ယေရှုမည်သို့ဖေါ်ပြသနည်း။