ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၆၂ စာ. ၁၄၈-စာ. ၁၄၉ ပိုဒ်. ၂
  • နှိမ့်ချမှုနဲ့ပတ်သက်တဲ့ အရေးကြီးသင်ခန်းစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှိမ့်ချမှုနဲ့ပတ်သက်တဲ့ အရေးကြီးသင်ခန်းစာ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှိမ့်ချမှုနှင့်ပတ်သက်သောသင်ခန်းစာ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • လူသားက ဘယ်သူလဲ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • မဿဲကို ဖိတ်ခေါ်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဂါလိလဲနယ်မှာ အမှုဆောင်လုပ်ငန်းတိုးချဲ့
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၆၂ စာ. ၁၄၈-စာ. ၁၄၉ ပိုဒ်. ၂
ယေရှုနဲ့ ကလေးငယ်

အခန်း ၆၂

နှိမ့်ချမှုနဲ့ ပတ်သက်တဲ့ အရေးကြီး သင်ခန်းစာ

မဿဲ ၁၇:၂၂–၁၈:၅ မာကု ၉:၃၀-၃၇ လုကာ ၉:၄၃-၄၈

  • မိမိရဲ့သေခြင်းအကြောင်း ယေရှု ထပ်ပြော

  • ငါးပါးစပ်ထဲက ငွေပြားနဲ့ အခွန်ဆောင်

  • နိုင်ငံတော်မှာ ဘယ်သူ အကြီးမြတ်ဆုံးဖြစ်မလဲ

ယေရှုက ကဲသရိဖိလိပ္ပိဒေသမှာ ကိုယ်ယောင်ပြောင်းလဲတယ်၊ နတ်ဆိုးစွဲတဲ့ ကောင်လေးကို ကုသပေးတယ်။ အဲဒီနောက် လူအုပ်ကို အသိမပေးဘဲ ကပေရနောင်မြို့ကို တပည့်တွေနဲ့ပဲ သီးသန့်သွားတယ်။ (မာကု ၉:၃၀) အဲဒီလိုသွားတာကြောင့် သူ့ရဲ့သေခြင်းအတွက်၊ နောက်ပိုင်း တပည့်တွေ လုပ်ရမယ့် လုပ်ငန်းအတွက် ပြင်ဆင်ပေးဖို့ အခွင့်အရေး ထပ်ရလာတယ်။ ယေရှုက “လူသားကို သစ္စာဖောက်ပြီး လူတွေလက်ထဲ အပ်ကြလိမ့်မယ်။ အသေသတ်ကြလိမ့်မယ်။ သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်” လို့ရှင်းပြတယ်။—မဿဲ ၁၇:၂၂၊ ၂၃။

တကယ်တော့ ဒီအကြောင်းကို သူတို့ အခုမှ ကြားဖူးတာ မဟုတ်ဘူး။ ယေရှုက သူအသတ်ခံရမယ်ဆိုတာကို အစောပိုင်းတုန်းက ပြောခဲ့သေးတယ်။ ဒါကို ပေတရု မယုံဘူး။ (မဿဲ ၁၆:၂၁၊ ၂၂) တမန်တော်သုံးယောက်လည်း ကိုယ်ယောင်ပြောင်းလဲတာကို မြင်ရပြီး “ယေရှုရဲ့ ထွက်ခွာခြင်းအကြောင်း” ဆွေးနွေးတာကို ကြားခဲ့တယ်။ (လုကာ ၉:၃၁) အခု ယေရှုပြောတဲ့စကားတွေကို တပည့်တွေ ကြားတဲ့အခါ “သိပ်ဝမ်းနည်းသွားကြတယ်။” ဒါပေမဲ့ အဲဒီစကားတွေကို အပြည့်အဝ နားမလည်ကြဘူး။ (မဿဲ ၁၇:၂၃) မေးလည်း မမေးရဲကြဘူး။

ဒီလိုနဲ့ ယေရှုရဲ့အမှုဆောင်လုပ်ငန်း အခြေစိုက်ရာမြို့၊ တမန်တော်တချို့ရဲ့ နေရင်းမြို့ ကပေရနောင်ကို ရောက်လာကြတယ်။ ဒီအခါ ဗိမာန်တော် အခွန် ကောက်ခံသူတွေက ပေတရုဆီ ရောက်လာတယ်။ ယေရှု အခွန်မပေးဘူးဆိုပြီး စွပ်စွဲချင်လို့ဖြစ်မယ်။ ဒါကြောင့် “ခင်ဗျားတို့ဆရာက ဗိမာန်တော်အခွန် မပေးဘူးလား” လို့မေးတယ်။—မဿဲ ၁၇:၂၄။

ပေတရုက “ပေးပါတယ်” လို့ပြန်ဖြေပြီး အိမ်ထဲဝင်လာတယ်။ အဲဒီကိစ္စကို ယေရှု သိထားပြီးဖြစ်လို့ ပေတရု ဘာမှမပြောခင် “ရှိမုန်၊ ခင်ဗျား ဘယ်လိုထင်သလဲ။ ဘုရင်တွေက အခွန်အကောက် အမျိုးမျိုးကို ဘယ်သူ့ဆီကနေ ကောက်ခံသလဲ။ ကိုယ့်သားတွေဆီကနေလား၊ တခြားသူတွေဆီကနေလား” လို့ ဆီးပြီး မေးလိုက်တယ်။ “တခြားသူတွေဆီကနေ ကောက်ပါတယ်” လို့ ပေတရုဖြေတော့ ယေရှုက “မှန်တယ်၊ ဘုရင့်သားတွေက အခွန်ပေးစရာ မလိုဘူး” လို့ပြောတယ်။—မဿဲ ၁၇:၂၅၊ ၂၆။

ငါးမျှားချိတ်မှာမိနေတဲ့ ငါးရဲ့ပါးစပ်ထဲမှာ ငွေတစ်ပြားတွေ့ရ

ယေရှုရဲ့ဖခင်ဟာ စကြဝဠာရဲ့ ဘုရင်ဖြစ်ပြီး ဗိမာန်တော်မှာ ဝတ်ပြုကိုးကွယ်ခံရတဲ့အရှင် ဖြစ်တယ်။ ဒါကြောင့် ဘုရားရဲ့ သားတော်အနေနဲ့ ဗိမာန်တော်အခွန် ပေးစရာ မလိုဘူး။ ဒါပေမဲ့ ယေရှုက “ကျွန်တော်တို့ကို သူတို့ စိတ်မခုရလေအောင် အိုင်ကိုသွားပြီး ငါးမျှားခဲ့။ ဦးဆုံးမိတဲ့ ငါးရဲ့ပါးစပ်ထဲမှာ ငွေတစ်ပြားတွေ့လိမ့်မယ်။ အဲဒီငွေကိုယူပြီး ကျွန်တော်နဲ့ ခင်ဗျားအတွက် အခွန်ပေးလိုက်ပါ” ဆိုပြီးပြောတယ်။—မဿဲ ၁၇:၂၇။

နောက်တော့ တပည့်တွေက နိုင်ငံတော်မှာ ဘယ်သူ အကြီးမြတ်ဆုံးဖြစ်မလဲလို့ ယေရှုကို မေးကြတယ်။ ယေရှုရဲ့သေခြင်းအကြောင်း မမေးရဲတဲ့သူတွေက အခုတော့ သူတို့ရဲ့ အနာဂတ်အကြောင်း မကြောက်မရွံ့ မေးနေကြပါလား။ သူတို့ ဘာကိုတွေးနေမှန်း ယေရှုသိတယ်။ တကယ်တော့ ကပေရနောင်မြို့ကို ပြန်တဲ့ လမ်းမှာ အဲဒီအကြောင်း အငြင်းပွားခဲ့ကြတာ။ ဒါကြောင့် ယေရှုက “ခင်ဗျားတို့ လမ်းမှာ ဘာတွေ ငြင်းခုံနေကြတာလဲ” လို့ မေးလိုက်တယ်။ (မာကု ၉:၃၃) ဒီအခါ သူတို့ အဖြေရခက်သွားလို့ ဘာမှ ပြန်မပြောကြဘူး။ သူတို့ထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး အငြင်းပွားခဲ့ကြတာကိုး။ နောက်ဆုံးတော့ တပည့်တွေက သူတို့ဆွေးနွေးခဲ့တဲ့ မေးခွန်းနဲ့ပတ်သက်ပြီး “ကောင်းကင်နိုင်ငံမှာ ဘယ်သူ အကြီးမြတ်ဆုံးဖြစ်မလဲ” လို့မေးကြတယ်။—မဿဲ ၁၈:၁။

သုံးနှစ်နီးပါး ယေရှုပြောသမျှ၊ လုပ်သမျှကို မြင်ခဲ့ကြားခဲ့ပြီးမှ အခုလိုငြင်းခုံကြတာ မယုံနိုင်စရာပဲ။ ဒါပေမဲ့ သူတို့က ပြည့်၀စုံလင်သူတွေမှ မဟုတ်တာ။ ဒါ့အပြင် ရာထူးအဆင့်အတန်းကို အလေးပေးတဲ့ ဘာသာရေးအသိုင်းအဝိုင်းမှာ ကြီးပြင်းလာကြတာ။ ပေတရုဆိုရင်လည်း နိုင်ငံတော်ရဲ့ “သော့တွေ” အပ်နှင်းခံရမယ်လို့ ယေရှုကိုယ်တိုင် သူ့ကို ကတိပေးခဲ့တာ။ ဒါကြောင့် တခြားသူတွေထက် ပိုသာတယ်လို့ ထင်နေတာများလား။ ယာကုပ်နဲ့ ယောဟန်ကလည်း ယေရှု ကိုယ်ယောင်ပြောင်းလဲတာကို မြင်ခဲ့ရလို့ တခြားသူတွေထက် ပိုသာတယ်လို့ ခံစားနေရတာ ဖြစ်နိုင်တယ်။

ဘာပဲဖြစ်ဖြစ် ယေရှုက သူတို့ရဲ့ သဘောထားကို တည့်မတ်ပေးတယ်။ ကလေးတစ်ယောက်ကိုခေါ်၊ သူတို့အလယ်မှာ ရပ်ခိုင်းပြီး ဒီလိုပြောတယ်– “ခင်ဗျားတို့ဟာ စိတ်ထားပြောင်းလဲပြီး ကလေးငယ်တွေလို ဖြစ်အောင် မလုပ်ဘူးဆိုရင် ကောင်းကင်နိုင်ငံကို ဘယ်လိုမှ ဝင်ရမှာမဟုတ်ဘူး။ ဒီကလေးငယ်လို နှိမ့်ချမယ်ဆိုရင်တော့ ကောင်းကင်နိုင်ငံမှာ အကြီးမြတ်ဆုံးဖြစ်လိမ့်မယ်။ ကျွန်တော့်နာမည်ကို ထောက်ပြီး ကလေးငယ်လို လူတစ်ယောက်ကို လက်ခံတဲ့သူဟာ ကျွန်တော့်ကို လက်ခံတဲ့သူပဲ။”—မဿဲ ၁၈:၃-၅။

ကောင်းမွန်ထိရောက်တဲ့ သွန်သင်နည်းပါပဲ။ ယေရှုက တပည့်တွေကို ဒေါသမထွက်ခဲ့ဘူး။ လောဘကြီးသူတွေ၊ ရည်မှန်းချက်ကြီးသူတွေလို့ မခေါ်ခဲ့ဘူး။ အဲဒီအစား သင်ခန်းစာပေးခဲ့တယ်။ ကလေးငယ်တွေမှာ ရာထူးအဆင့်အတန်း လိုချင်စိတ်၊ ထင်ပေါ်ကျော်ကြားချင်စိတ် မရှိဘူး။ ဒါကြောင့် တပည့်တွေလည်း အဲဒီလို သဘောထားမျိုး မွေးမြူဖို့လိုကြောင်း ထောက်ပြနေတာ။ ဒီနောက် တပည့်တွေကို “ခင်ဗျားတို့ထဲမှာ အနှိမ့်ချဆုံးလူဟာ အကြီးမြတ်ဆုံးလူပဲ” လို့ပြောပြီး သင်ခန်းစာကို နိဂုံးချုပ်လိုက်တယ်။—လုကာ ၉:၄၈။

  • ကပေရနောင်မြို့ကို အပြန်မှာ ဘယ်အရေးကြီးတဲ့အကြောင်း ယေရှု ထပ်ပြောသလဲ။ တပည့်တွေ ဘယ်လို တုံ့ပြန်ကြသလဲ။

  • ယေရှုက ဗိမာန်တော်အခွန်ကို ဘာကြောင့် ပေးစရာမလိုတာလဲ။ ဒါပေမဲ့ သူ ဘာဖြစ်လို့ ပေးတာလဲ။

  • တပည့်တွေ ရာထူးအဆင့်အတန်းကို အလေးပေးတာ ဘာကြောင့်ဖြစ်မလဲ။ သူတို့ကို ယေရှု ဘယ်လို တည့်မတ်ပေးသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ