ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၆၃ စာ. ၁၅၀-စာ. ၁၅၁ ပိုဒ်. ၃
  • တမန်တော်တွေကို အရေးကြီးသင်ခန်းစာတွေ သွန်သင်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တမန်တော်တွေကို အရေးကြီးသင်ခန်းစာတွေ သွန်သင်ပေး
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထပ်မံဆုံးမပဲ့ပြင်ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ကလေးလေးတွေကို သူချစ်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ကျော်ကြားတဲ့ တောင်ပေါ်ဒေသနာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သင့်ညီအစ်ကိုကို သင်ရနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၆၃ စာ. ၁၅၀-စာ. ၁၅၁ ပိုဒ်. ၃
ပျောက်သွားတဲ့သိုးကို ရှာတွေ့လို့ ၀မ်းသာနေသူ

အခန်း ၆၃

တမန်တော်တွေကို အရေးကြီး သင်ခန်းစာတွေ သွန်သင်ပေး

မဿဲ ၁၈:၆-၂၀ မာကု ၉:၃၈-၅၀ လုကာ ၉:၄၉၊ ၅၀

  • လဲကျစေခြင်းအကြောင်း သွန်သင်ပေး

  • ညီအစ်ကိုတစ်ယောက် အပြစ်လုပ်မိရင်

နောက်လိုက်တွေမှာ ရှိရမယ့် သဘောထားအကြောင်း ယေရှု ဥပမာပေးခဲ့တယ်။ သူတို့မှာ ကလေးတွေလို သဘောထား ရှိရမယ်၊ နှိမ့်ချမှုရှိပြီး အဆင့်အတန်း မခွဲခြားရဘူး။ တပည့်တွေဟာ ယေရှုရဲ့ “နာမည်ကိုထောက်ပြီး ကလေးငယ်လို လူတစ်ယောက်ကို လက်ခံ” ရင် ယေရှုကိုလည်း လက်ခံရာရောက်တယ်။—မဿဲ ၁၈:၅။

တမန်တော်တွေဟာ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး ငြင်းခုံခဲ့လို့ ယေရှုရဲ့ စကားတွေကို ဆုံးမပဲ့ပြင်မှုအဖြစ် သဘောထားကြမှာပဲ။ အခု တမန်တော်ယောဟန်က အဖြစ်အပျက်တစ်ခုအကြောင်း ယေရှုကို ဒီလိုပြောပြတယ်– “ဆရာ့နာမည်ကိုသုံးပြီး နတ်ဆိုးနှင်ထုတ်နေတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ ကျွန်တော်တို့ထဲက မဟုတ်လို့ သူ့ကို တားလိုက်တယ်။”—လုကာ ၉:၄၉။

တမန်တော်တွေကပဲ ရောဂါ ကုသပေးခွင့်၊ နတ်ဆိုး နှင်ထုတ်ပေးခွင့် ရှိတယ်လို့ ယောဟန် ယူဆနေတာလား။ ဒါဆိုရင် အဲဒီဂျူးအမျိုးသားက နတ်ဆိုးတွေကို ဘယ်လိုလုပ် အောင်မြင်စွာ နှင်ထုတ်နေတာလဲ။ သူဟာ ယေရှုနဲ့ တမန်တော်တွေရဲ့ အပေါင်းပါမဟုတ်လို့ အံ့ဖွယ်အမှုတွေ မလုပ်သင့်ဘူးလို့ ယောဟန် ထင်နေတာဖြစ်မယ်။

ယေရှုက “သူ့ကို မတားပါနဲ့။ ကျွန်တော့်နာမည်သုံးပြီး အံ့ဖွယ်အမှုကို လုပ်တယ်၊ ပြီးတာနဲ့ ကျွန်တော့်မကောင်းကြောင်း ပြောတဲ့သူရယ်လို့ မရှိပါဘူး။ ကျွန်တော်တို့ကို မဆန့်ကျင်တဲ့သူဟာ ကျွန်တော်တို့ဘက်က လူပဲ။ ခင်ဗျားတို့ကို ခရစ်တော်ရဲ့ တပည့်ဆိုပြီး ရေတစ်ခွက် တိုက်တယ်ဆိုပါစို့။ ကျွန်တော် မှန်တာကို ပြောမယ်။ သူဟာ အကျိုးကျေးဇူး မခံစားရဘဲ မနေဘူး” လို့ပြောလိုက်တဲ့အခါ ယောဟန် အံ့သြသွားမှာပဲ။—မာကု ၉:၃၉-၄၁။

အဲဒီလူအနေနဲ့ ခရစ်တော်ရဲ့ ဘက်တော်သားဖြစ်ဖို့ ယေရှုနဲ့အတူ သွားလာနေဖို့ မလိုပါဘူး။ အဲဒီအချိန်မှာ ခရစ်ယာန်အသင်းတော်လည်း မတည်ထောင်ရသေးဘူး။ ဒါကြောင့် ယေရှုနဲ့အတူ ခရီးမသွားတာနဲ့ပဲ သူဟာ ဆန့်ကျင်သူဖြစ်တယ်၊ အယူမှားဝတ်ပြုရေးကို အားပေးအားမြှောက် လုပ်နေတယ်လို့ ပြောလို့မရဘူး။ သူဟာ ယေရှုရဲ့နာမည်ကို ယုံကြည်သူဖြစ်လို့ ယေရှုပြောတဲ့အရဆိုရင် အကျိုးကျေးဇူး မခံစားရဘဲ မနေဘူး။

လည်ပင်းမှာ ကြိတ်ဆုံကျောက်ဆွဲထားတဲ့လူ ပင်လယ်ထဲပစ်ချခံရ

တမန်တော်တွေရဲ့ အပြောအဆို၊ အပြုအမူက အဲဒီလူကို လဲကျစေမယ်ဆိုရင်ကော။ အဲဒါက ကြီးလေးတဲ့အပြစ်ဖြစ်မှန်း ယေရှု ဒီလိုပြောတယ်– “ယုံကြည်ခြင်းရှိပြီး ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို လဲကျစေသူဆိုရင်တော့ ကြိတ်ဆုံကျောက်ကြီးကို လည်မှာဆွဲပြီး ပင်လယ်ထဲ ပစ်ချခံလိုက်ရတာက ပိုကောင်းဦးမယ်။” (မာကု ၉:၄၂) လက်၊ ခြေထောက်၊ မျက်စိတို့လို အဖိုးတန်တဲ့အရာ ဖြစ်နေပါစေ ကိုယ့်ကို အပြစ်ကျူးလွန်မိအောင် လုပ်တယ်ဆိုရင် အဲဒါတွေကို ဖယ်ရှားပစ်လိုက်ပါလို့ နောက်လိုက်တွေကို ယေရှုဆက်ပြောတယ်။ ဂေဟင်နာအရပ် (ဟိန်နုံချိုင့်ဝှမ်း) ကိုရောက်တာထက် အဲဒီအဖိုးတန်အရာတွေ မပါဘဲ ဘုရားနိုင်ငံတော်ဝင်ခွင့်ရတာ ပိုကောင်းတယ်။ ဂျေရုဆလင်မြို့အနီး၊ အမှိုက်တွေကို မီးရှို့တဲ့နေရာဖြစ်တဲ့ အဲဒီချိုင့်ဝှမ်းကို တမန်တော်တွေ မြင်ဖူးမှာပဲ။ ဒါကြောင့် အဲဒါက ထာဝရပျက်စီးခြင်းကို တင်စားမှန်း သူတို့ သဘောပေါက်ကြတယ်။

ဒါ့အပြင် ယေရှု အခုလို သတိပေးတယ်– “ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို မထီလေးစား မလုပ်မိစေနဲ့။ ကျွန်တော်ပြောမယ်။ သူတို့ရဲ့ ကောင်းကင်တမန်တွေက ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားရဲ့ ရှေ့မှောက်မှာ အမြဲခစားနေကြတယ်။” “ကလေးငယ်နဲ့ တူတဲ့” လူတွေဟာ အဖဘုရားအတွက် ဘယ်လောက် တန်ဖိုးရှိသလဲ။ သိုးအကောင် ၁၀၀ ရှိတဲ့အထဲက တစ်ကောင်ပျောက်သွားတဲ့ လူတစ်ယောက်အကြောင်း ယေရှုပြောပြတယ်။ အဲဒီလူက ၉၉ ကောင်ကို ထားခဲ့ပြီး ပျောက်သွားတဲ့ သိုးတစ်ကောင်ကို လိုက်ရှာတယ်။ တွေ့တဲ့အခါ သိုး ၉၉ ကောင်ထက် ပြန်တွေ့တဲ့ သိုးအတွက် ပိုဝမ်းသာနေတယ်။ ယေရှုက “ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားက ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို တစ်ယောက်မှ မပျက်စီးစေချင်ဘူး” လို့ဆက်ပြောတယ်။—မဿဲ ၁၈:၁၀၊ ၁၄။

ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး တမန်တော်တွေ ငြင်းခုံခဲ့တာကို ယေရှု ပြန်စဉ်းစားမိတာကြောင့် “ခင်ဗျားတို့လည်း အငန်ဓာတ်ရှိတဲ့ ဆားလိုဖြစ်ကြပါ။ အဲဒီလိုဆိုရင် အချင်းချင်း သင့်သင့်မြတ်မြတ် ဖြစ်နေကြလိမ့်မယ်” လို့တိုက်တွန်းတယ်။ (မာကု ၉:၅၀) ဆားက အစားအသောက်တွေကို ပိုအရသာရှိစေတယ်။ ပုံဆောင်ဆားကလည်း အဲဒီလိုပါပဲ။ လူတစ်ယောက်ပြောလိုက်တဲ့စကားကို လက်ခံရ ပိုလွယ်ကူစေတာမို့ ငြိမ်သက်ခြင်းကို ဆက်ထိန်းသိမ်းထားနိုင်တယ်။ ငြင်းခုံ စကားများတာကတော့ ငြိမ်သက်ခြင်းကို မဖြစ်စေဘူး။—ကောလောသဲ ၄:၆။

တစ်ခါတလေ ကြီးလေးတဲ့ပြဿနာတွေ ပေါ်လာနိုင်တယ်။ ဒီအခါ ဘယ်လို ဖြေရှင်းရမယ်ဆိုတာ ယေရှု အခုလို ပြောတယ်– “ညီအစ်ကိုက အပြစ်တစ်ခုခုလုပ်ရင် သူနဲ့ နှစ်ယောက်ချင်း တွေ့ပြီး သူ့အမှားကို ပြောပြပါ။ ကိုယ့်စကားကို သူနားထောင်တယ်ဆိုရင် သူ့ကို လမ်းမှန်ရောက်အောင် လုပ်နိုင်ပြီ။” နားမထောင်ဘူး ဆိုရင်ကော။ “လူတစ်ယောက် နှစ်ယောက်ကို ခေါ်သွားပါ။ ဘယ်ကိစ္စမဆို သက်သေနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ ထွက်ဆိုချက်ရှိမှ အတည်ဖြစ်တယ်” လို့ ယေရှု အကြံပေးတယ်။ ဒါလည်း ဖြေရှင်းလို့မရသေးဘူးဆိုရင် “အသင်းတော်ကို အကြောင်းကြားပါ။” ပြောချင်တာက ဆုံးဖြတ်ချက်ချနိုင်တဲ့ တာဝန်ရှိ အကြီးအကဲတွေကို အကြောင်းကြားရမယ်။ ဒါတောင်မှ အပြစ်လုပ်သူက နားမထောင်သေးဘူး ဆိုရင်ကော။ “သူ့ကို လူမျိုးခြား၊ အခွန်ခံလို့ပဲ သတ်မှတ်လိုက်ပါ။” ဂျူးတွေက လူမျိုးခြားတွေ၊ အခွန်ခံတွေကို အပေါင်းအသင်း မလုပ်ကြဘူး။—မဿဲ ၁၈:၁၅-၁၇။

အသင်းတော် ကြီးကြပ်မှူးတွေဟာ ဘုရားရဲ့ တရားစကားကို လိုက်နာရမယ်။ လူတစ်ယောက်ဟာ အပြစ်ရှိတယ်၊ သူ့ကို ဆုံးမ ပဲ့ပြင်ပေးဖို့ လိုအပ်တယ်လို့ သူတို့ဆုံးဖြတ်ရင် “ကောင်းကင်မှာ ချည်နှောင်ပြီးသား ဖြစ်လိမ့်မယ်။” ဒါပေမဲ့ လူတစ်ယောက်မှာ အပြစ်မရှိဘူးလို့ သူတို့ဆုံးဖြတ်ရင် “ကောင်းကင်မှာ ဖြေလွှတ်ပြီးသား ဖြစ်လိမ့်မယ်။” ဒီလမ်းညွှန်ချက်တွေက ခရစ်ယာန်အသင်းတော် တည်ထောင်ချိန်မှာ အများကြီး အကျိုးပြုပါလိမ့်မယ်။ အဲဒီလို ကြီးလေးတဲ့ကိစ္စတွေကို ဆွေးနွေးတိုင်ပင်တာနဲ့ ပတ်သက်ပြီး ယေရှုက “လူနှစ်ယောက် သုံးယောက်က ကျွန်တော့်နာမည်နဲ့ စုဝေးတယ်ဆိုရင် သူတို့နဲ့အတူ ကျွန်တော်ရှိနေမှာ” လို့ပြောတယ်။—မဿဲ ၁၈:၁၈-၂၀။

  • နတ်ဆိုးနှင်ထုတ်တဲ့ လူတစ်ယောက်ကို ဆန့်ကျင်သူလို့ ဘာကြောင့် သဘောမထားသင့်သလဲ။

  • ကလေးငယ်လို လူတစ်ယောက်ကို လဲကျစေတာက ဘယ်လောက် ကြီးလေးတဲ့အပြစ် ဖြစ်သလဲ။ ကလေးငယ်လို လူတွေဟာ တန်ဖိုးရှိမှန်း ယေရှု ဘယ်လို ဥပမာပေး ဖော်ပြသလဲ။

  • ညီအစ်ကို အပြစ်တစ်ခု လုပ်တဲ့အခါ ဖြေရှင်းနိုင်ပုံနဲ့ပတ်သက်ပြီး ယေရှု ဘာလမ်းညွှန်ချက်တွေ ပေးသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ