ငရဲ—ထာဝရညှဉ်းဆဲရာလော၊ လူ့သင်္ချိုင်းလော
ရှေးချာ့ချ်ဖခင်များ၊ အလယ်ခေတ်ဓမ္မပညာဆရာများ၊ ပြုပြင်ရေးသမားများက ငရဲတွင်ခံစားရသည့်နှိပ်စက်ညှဉ်းပန်းခြင်းသည် ထာဝရဖြစ်သည်ဟု သင့်အားပြောဖူးပါသလော။ သို့ဆိုလျှင် ယခု အလွန်အထင်ကြီးခြင်းခံရသောကျမ်းပညာရှင်များက ယင်းအမြင်ကိုစိန်ခေါ်ကြောင်းသိရလျှင် သင်အံ့သြပေမည်။ ယင်းတို့ထဲတွင်တစ်ဦးဖြစ်သော ဗြိတိန်နိုင်ငံမှ ဂျွန်၊ အာရ်၊ ဒဗလျူ၊ စတာ့တ်က “သုတ်သင်ဖျက်ဆီးခြင်းကို ရည်ညွှန်းသော ကျမ်းစာအချက်အလက်များ၊ ‘သတိတရားရှိလျက်နှင့်ထာဝရညှဉ်းဆဲခံရခြင်း’ တို့သည် ကျမ်းစာ၏မြင့်မြတ်သောအာဏာပိုင်ခွင့်ကို အရှုံးပေးရမည့် ထုံးတမ်းစဉ်လာတစ်ခုဖြစ်သည်။”—Essentials—A Liberal-Evangelical Dialogue.
ထိုထာဝရနှိပ်စက်ညှဉ်းဆဲခြင်းသည် ကျမ်းစာအပေါ်အခြေမခံကြောင်း အဘယ်ကြောင့်သူကောက်ချက်ချရသနည်း။
ဘာသာစကားသင်ခန်းစာ
သူ၏ပထမအဆိုပြုချက်တွင် ဘာသာစကားပါဝင်သည်။ နောက်ဆုံးစီရင်ချက်နှင့်ပတ်သက်၍ ကျမ်းစာအရရည်ညွှန်းရာတွင် (“ဂေဟင်နာ”၊ စာမျက်နှာ ၈၊ လေးထောင့်ကွက်ကြည့်) ဂရိ “ကြိယာ အပေါလူမီ (ဖျက်ဆီးရန်) နှင့် နာမ် အပေါ်လေးယား (ဖျက်ဆီးခြင်း)” ဖြစ်သည့် “ဖျက်ဆီးခြင်း” ဟူသောဝေါဟာရကို သုံးလေ့ရှိသည်။ ယင်းဝေါဟာရများသည် ညှဉ်းဆဲခြင်းကိုရည်ညွှန်းပါသလော။ ကြိယာသည် ဦးဆောင်ဖြစ်ပြီး ကံပုဒ်လိုသောကြိယာဖြစ်သောအခါ “အပေါလူမီ” သည် “သတ်သည်” ဟူ၍အဓိပ္ပာယ်ရသည်ဟု စတာတ်က ထောက်ပြသည်။ (မဿဲ ၂:၁၃။ ၁၂:၁၄။ ၂၁:၄၁) သို့နှင့် မဿဲ ၁၀:၂၈ တွင် King James Version က “စိုးလ်နှင့်ခန္ဓာနှစ်ခုလုံးကို ငရဲတွင်” ဘုရားသခင်ဖျက်ဆီးခြင်းအကြောင်းဖော်ပြရာ၌ မူရင်းသဘောမှာ သေခြင်း၌ဖျက်ဆီးခြင်းဖြစ်သည်။ ထာဝရညှဉ်းဆဲခြင်းတွင်မဟုတ်။ မဿဲ ၇:၁၃၊ ၁၄ တွင် ယေရှုက “အသက်ရှင်ခြင်းသို့ရောက်သောလမ်း . . . ကျဉ်း” ကို “ပျက်စီးခြင်းသို့ရောက်သောလမ်း . . . ကျယ်” နှင့် ခြားနားကြောင်းနှိုင်းယှဉ်ပြသည်။ စတာ့တ်က “ထို့ကြောင့် ဖျက်ဆီးခြင်းကိုခံရမည်ဟုဆိုသူသည် အမှန်တွင် ဖျက်ဆီးခြင်းမခံရလျှင် ထူးဆန်းဖွယ်ရှိပေမည်” ဟုမှတ်ချက်ပေးသည်။ အထောက်အထားခိုင်လုံစွာဖြင့် သူဤသို့ကောက်ချက်ချသည်။ “သတ်ရန်ဟူသည် ခန္ဓာကိုယ်မှအသက်ကိုဖြတ်တောက်ရန်ဖြစ်လျှင် ငရဲသည် ကိုယ်ကာယနှင့်ဝိညာဉ်ဆိုင်ရာအသက်ကို ဖြတ်တောက်ခြင်း၊ သက်ရှိအဖြစ်မှချုပ်ငြိမ်းခြင်း မည်ပေလိမ့်မည်။”—Essentials စာမျက်နှာ ၃၁၅-၁၆။
ငရဲမီး၏သရုပ်ကိုအနက်ပြန်ခြင်း
ဘာသာရေးထက်သန်သူလူအများတို့သည် တောင်ပိုင်းနှစ်ခြင်းအဖွဲ့ ဥက္ကဌဖြစ်သူ မောရစ္စ၊ အိပ်ချ်၊ ချာ့ပ်မင်ပြောသည့်စကားကို သဘောတူကြပေမည်။ “ငရဲအကြောင်းကို စာသားအတိုင်းပဲကျွန်တော်ဟောတယ်။ ကျမ်းစာက အဲဒါကို ‘မီးအိုင်’ လို့ခေါ်တယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်က အဲဒါထက်တိုးတက်ကောင်းမွန်နိုင်မယ်လို့ ကျွန်တော်မထင်ဘူး။”
သမ္မာကျမ်းစာတွင်အသုံးပြုသော မီး၏ပုံဆောင်ချက်သည် စိတ်ကူးထဲတွင် နှိပ်စက်ညှဉ်းပန်းခြင်းအသွင်သဏ္ဌာန်ဖြစ်ပေါ်လာနိုင်သည်မှာ မှန်ပါသည်။ သို့သော် Essentials စာအုပ်က “ယင်းသည် သေချာပေါက်ဖြစ်သည်။ အကြောင်းမှာ မီးလောင်ခံရသောအခါ ပြင်းထန်စူးရှစွာနာကျင်မှုကို ကျွန်ုပ်တို့အားလုံးကြုံတွေ့ဖူးပြီးသားဖြစ်သည်။ ထို့ကြောင့် မီးသည် ကျွန်ုပ်တို့၏စိတ်ထဲတွင် ‘သတိတရားရှိလျက်နှိပ်စက်ခံရခြင်း’ နှင့် ဆက်နွယ်လာသည်။ သို့သော် မီး၏အဓိကလုပ်ဆောင်ချက်မှာ နာကျင်စေရန်မဟုတ်ဘဲ ပျက်စီးစေရန်ဖြစ်ကြောင်း ကမ္ဘာပေါ်ရှိမီးရှို့သည့်ကိရိယာအားလုံးက သက်သေခံသည်” ဟုဆိုထားသည်။ (စာမျက်နှာ ၃၁၆) ထိုအထူးထင်ရှားသည့်အချက်ကိုသတိရလျှင် ကျမ်းစာထဲတွင် အမှန်တကယ်မရှိသောအရာကို လိုက်ရှာခြင်းမှကင်းအောင် သင့်အားအကူအညီဖြစ်စေမည်။ ဥပမာအချို့ကား၊–
ဂေဟင်နာထဲသို့ပစ်ချခံရသူများနှင့်ပတ်သက်၍ “ပိုးမသေ၊ မီးမငြိမ်းရာ” ဟုယေရှုသုံးနှုန်းထားသည်။ (မာကု ၉:၄၇၊ ၄၈) ကျမ်းပိုထဲမှ ဂျူးဒစ်သ်ဟူသောစာစောင်တွင် ပါဝင်သောစကားများ၏ ဩဇာကိုခံရသောအားဖြင့် (“ကိုယ်တော်သည် သူတို့၏အသားထဲသို့ မီးနှင့်ပိုးလောက်များကိုလွှတ်လိုက်သဖြင့် သူတို့သည် အစဉ်အမြဲနာကျင်စွာငိုနေကြမည်။” ဂျူးဒစ်သ် ၁၆:၁၇၊ The Jerusalem Bible) အချို့ကျမ်းစာဋီကာများက ယေရှု၏စကားများသည် ထာဝရညှဉ်းဆဲခြင်းအဓိပ္ပာယ်သက်ရောက်သည်ဟု ငြင်းခုံပြောဆိုကြသည်။ သို့သော်၊ ဘုရားသခင်မှုတ်သွင်းခြင်းမခံရသော ဂျူးဒစ်သ်စာစောင်သည် မာကုအရေးသားများ၏အဓိပ္ပာယ်ကို အဆုံးအဖြတ်ပေးရမည့်စံမဟုတ်ပါ။ ယေရှုကိုးကားသည့်ကျမ်းချက်ဖြစ်ဖွယ်ရှိသည့် ဟေရှာယ ၆၆:၂၄ က မီးနှင့်ပိုးလောက်များသည် ဘုရားသခင့်ရန်သူများ၏ သေသောခန္ဓာများကို (“အသေကောင်” ဟုဟေရှာယပြော) ဖျက်ဆီးနေသည်ဟု ဖော်ပြထားသည်။ ဟေရှာယ၏စကားတွင်ဖြစ်စေ၊ ယေရှု၏စကားတွင်ဖြစ်စေ သတိတရားရှိလျက်ထာဝရနှိပ်စက်ညှဉ်းပန်းခံရခြင်းကို အရိပ်အယောင်မျှမတွေ့ရပေ။ မီး၏အသွင်ပုံသည် လုံးလုံးဖျက်ဆီးခြင်းကို ပုံဆောင်သည်။
ဗျာဒိတ် ၁၄:၉-၁၁ တွင် “ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏မီးခိုးများသည် ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏” ဟူ၍ အချို့လူများအကြောင်းပြောထားသည်။a ယင်းက ငရဲမီးထဲတွင် သတိတရားရှိလျက်ထာဝရညှဉ်းဆဲခံရခြင်းကို သက်သေထူပါသလော။ အမှန်အားဖြင့် ဤအပိုင်းတစ်ခုလုံးပြောထားသည့်အရာမှာ ဆိုးသွမ်းသူများသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရမည်ဟုသာဆိုထားသည်။ ထာဝရညှဉ်းပန်းခြင်းခံရမည်ဟု မပြောထားပါ။ ကျမ်းချက်ဖော်ပြသည်မှာ မီးဖြင့်ညှဉ်းဆဲခြင်းမဟုတ်ဘဲ မီးခိုး—မီးသည် ဖျက်ဆီးခြင်း အလုပ်ကိုလုပ်နေကြောင်းသာဓက—သည်သာ ကမ္ဘာအဆက်ဆက်ရှိမည်ကို ပြောထားခြင်းဖြစ်သည်။
ဗျာဒိတ် ၂၀:၁၀-၁၅ က “ကန့်နှင့်ရောသောမီးအိုင်ထဲသို့ချပစ်လျှင် . . . နေ့ညမပြတ်ကမ္ဘာအဆက်ဆက် ပြင်းစွာသောဝေဒနာကို ခံရကြလတ္တံ့” ဟုဆိုထားသည်။ ရုတ်တရက်ဖတ်လိုက်လျှင် မီးအားဖြင့် သတိတရားရှိလျက်ထာဝရနှိပ်စက်ညှဉ်းပန်းခံရခြင်းသာဓကဖြစ်ဟန်ရှိသည်။ သို့သော် ယင်းသို့လုံးဝမဟုတ်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းများအနက် တစ်ခုမှာ “သားရဲနှင့်မိစ္ဆာပရောဖက်”၊ “မရဏာနှင့်မရဏာနိုင်ငံ” တို့သည် “မီးအိုင်” ဟုခေါ်ထားသောနေရာတွင် အဆုံးသတ်ခြင်းခံရကြမည်။ သင်အလွယ်တကူကောက်ချက်ချနိုင်သည်ကား သားရဲ၊ မိစ္ဆာပရောဖက်၊ မရဏာ၊ မရဏာနိုင်ငံတို့သည် ပကတိပုဂ္ဂိုလ်များမဟုတ်သည့်အတွက် ယင်းတို့သည် သတိတရားရှိလျက်နှိပ်စက်ညှဉ်းပန်းခြင်းကို မခံစားရနိုင်ချေ။ ယင်းသို့ဖြစ်မည့်အစား စာရေးဆရာ ဂျီ၊ ဘီ၊ ကာ့ဒ် က A Commentary on the Revelation of St. John Divine, စာအုပ်တွင် “မီးအိုင်” သည် “ချုပ်ငြိမ်းခြင်းနှင့် လုံးလုံးလျားလျားသတိတရားကင်းပျောက်ခြင်း” ဖြစ်သည်ဟု ဖော်ပြထားသည်။ ယင်းကို အလွယ်တကူသိမြင်နားလည်နိုင်သည်။ အကြောင်းမှာ သမ္မာကျမ်းစာကိုယ်နှိုက်က ထိုမီးအိုင်နှင့်ပတ်သက်၍ “ထိုမီးအိုင်ကား ဒုတိယသေခြင်းဖြစ်သတည်း” ဟုဖော်ပြထားသည်။—ဗျာဒိတ် ၂၀:၁၄၊ သမ္မ။
ဒွန်တွဲနေသည့်အယူဝါဒကိုခွဲထုတ်ခြင်း
ဤအကျိုးအကြောင်းအထောက်အထားများကြားမှပင် ယုံကြည်သူများစွာတို့က “ဖျက်ဆီးခြင်း” သည် စာသားအတိုင်းအဓိပ္ပာယ်မဟုတ်ဘဲ ထာဝရညှဉ်းဆဲခြင်းကိုဆိုလိုသည်ဟု အတိုက်အခံပြုကြသည်။ အဘယ်ကြောင့်နည်း။ သူတို့၏အတွေးအခေါ်သည် ငရဲမီးအယူဝါဒနှင့်ဒွန်တွဲနေသော လူ့စိုးလ်မသေနိုင်ဟူသည့်အယူဝါဒ လွှမ်းမိုးခြင်းခံထားရသောကြောင့်ဖြစ်သည်။ သူတို့၏ချာ့ချ်များသည် ဤဒွန်တွဲနေသည့်အယူဝါဒများကို နှစ်ရာစုပေါင်းများစွာကတည်းက မွေးဖွားလာခဲ့သည်ဖြစ်ရကား ဖျက်ဆီးခြင်းအကြောင်းပြောဆိုသောကျမ်းချက်များသည် ထာဝရညှဉ်းဆဲခြင်းကိုဆိုလိုကြောင်း သူတို့ယူမှတ်ကြပေမည်။ နောက်ဆုံးပြောရလျှင် မသေနိုင်သောလူ့စိုးလ်သည် မတည်မြဲသည့်အခြေအနေသို့ မဆိုက်ရောက်နိုင်ဟု လူအများတွေးထင်ကြသည်။
သို့သော် အင်္ဂလီကန်အသင်းဓမ္မဆရာ ဖိလစ်၊ အီး၊ ဟပ်ဂက်စ် ပြုသည့်မှတ်ချက်ကိုသတိထားကြည့်ပါ။ “လူ့စိုးလ်သည်မွေးရာပါမသေနိုင်သောအဖြစ်သာဖြစ်သည်ဟု အတိုက်အခံပြုခြင်းသည် ကျမ်းစာ၏မည်သည့်သွန်သင်ချက်နှင့်မျှ မကိုက်ညီသောအခြေအနေကို ဆက်လက်ထိန်းသိမ်းထားခြင်းမျှသာဖြစ်သည်။ အကြောင်းမှာ ကျမ်းစာ၏ပြဌာန်းသတ်မှတ်ချက်များတွင် လူ့သဘာဝသည် ဝိညာဏနှင့်ခန္ဓာနှစ်ခုတို့သည် စုံလင်သောအစိတ်အပိုင်းများအဖြစ် ပေါင်းစပ်ဖွဲ့စည်းထားခြင်းကို အမြဲတွေ့ရသောကြောင့်ဖြစ်သည်။ . . . ကမ္ဘာဦးက တားမြစ်ထားသည့်အပင်နှင့်ပတ်သက်၍ ‘စားသောနေ့တွင်သေရမည်’ ဟူသော ဘုရားသခင်၏သတိပေးချက်သည် ယင်းကိုသူစားလျှင် သေနိုင်မည့် ဒြပ်အကောင်အထည်နှင့်ဆိုင်သောခန္ဓာကိုယ်ရှိလူသားကို ပြောခြင်းဖြစ်သည်။ သူ့တွင် မသေနိုင်သည့်အစိတ်အပိုင်းရှိသည့်အတွက် သူ၏သေခြင်းသည် တစ်စိတ်တစ်ပိုင်းသေခြင်းမျှသာဖြစ်သည်ဟူသည့်သဘောကို မည်သည့်နေရာ၌မျှမတွေ့ရချေ။”—The True Image—The Origin and Destiny of Man in Christ.
အလားတူပင် ဓမ္မပညာဆရာ ကလာ့ခ်ပင်းနာ့ခ်မှတ်ချက်ပြုသည်မှာ “[လူ့စိုးလ်မသေနိုင်] ခံယူချက်သည် ဓမ္မပညာကို အချိန်ကြာမြင့်စွာသြဇာလွှမ်းခဲ့သော်လည်း ကျမ်းစာအရမဟုတ်ချေ။ သမ္မာကျမ်းစာသည် ဓမ္မတာအရစိုးလ်မသေနိုင်သည့်အဖြစ်ကို မသွန်သင်ပါ” ဟူ၍ဖြစ်သည်။ ယေဇကျေလ ၁၈:၄၊ ၂၀ နှင့် မဿဲ ၁၀:၂၈ တို့က ယင်းအချက်ကို အတည်ပြုသည်။ ထို့အပြင် ယေရှုကိုယ်တိုင် သေဆုံးသွားသောမိမိ၏မိတ်ဆွေလာဇရုနှင့်ပတ်သက်၍ “အနားယူသည်” သို့မဟုတ် အိပ်ပျော်နေသည်ဟု ပြောခဲ့သည်။ ယေရှုက “အိပ်ပျော်ရာမှသူ့အားနှိုးမည်” ဟုပြောခဲ့သည်။ (ယောဟန် ၁၁:၁၁-၁၄၊ ကဘ) ထို့ကြောင့် လူသား သို့မဟုတ် လူ့စိုးလ်ဖြစ်သောလာဇရုသည် သေခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုရောက်မှသာလျှင် ရှင်ပြန်ထမြောက်ခံရနိုင်ပြီး အသက်တစ်ဖန်ပြန်ရှင်နိုင်မည်ဖြစ်သည်။ အဖြစ်မှန်များက ယင်းကိုသက်သေထူသည်။ ယေရှုသည် လာဇရုအား သေခြင်းမှထမြောက်ပေးခဲ့သည်။—ယောဟန် ၁၁:၁၇-၄၄။
ယင်းအချက်အလက်များသည် ထာဝရညှဉ်းဆဲခြင်းအယူဝါဒကို မည်သို့သြဇာသက်ရောက်သနည်း။ လွန်ခဲ့သည့် ၁၇ ရာစုနှစ်က စာစီစာကုံးရေးဆရာ ဝီလျန်တင်းပါးဤသို့မှတ်ချက်ပြုခဲ့သည်။ “မသေနိုင်သည့်မီးထဲသို့ပစ်ချခံရသည့်အကြောင်း ပြောဆိုသော [ကျမ်းစာ] အချက်များရှိသည်။ သို့သော် ပစ်ချခံရသောအရာသည် မပျက်စီးနိုင်သောအရာဖြစ်သည်ဟူသော ကြိုတင်ယူမှတ်ထားချက်မရှိလျှင် ယင်းသည် ထာဝရလောင်ကျွမ်းခြင်းခံနေရမည်မဟုတ်ဘဲ ပျက်စီးခြင်းသို့ရောက်မည်သာဖြစ်သည်ဟူသည့်အယူအဆကို ကျွန်ုပ်တို့ရရှိမည်ဖြစ်သည်။” ထိုမှန်ကန်သည့်ပိုင်းခြားသုံးသပ်ချက်သည် မှန်မြဲမှန်လျက်ရှိသည်။ အကြောင်းမှာ ယင်းသည် သမ္မာကျမ်းစာသွန်သင်သည့်အတိုင်းပင်ဖြစ်သည်။
ငရဲတွင် သတိတရားရှိလျက်ထာဝရညှဉ်းဆဲခြင်းခံရသည်ဟူသော အယူအဆကို သင်စောဒကတက်ရန် လှုံ့ဆော်အားပေးသည့်အကြောင်းများရှိနေသည်မှာ မငြင်းနိုင်ပါ။ သို့မဟုတ် သင်သည် မေးခွန်းထုတ်ရုံသက်သက်ထက်မကသွားလိုပြီး ဓမ္မပညာပါမောက္ခပင်းနာ့ခ်၏အကြံဉာဏ်ကို လိုက်လျှောက်လိုပေမည်။ သူဤသို့ပြောသည်။ “အဆုံးမရှိနှိပ်စက်ညှဉ်းပန်းခြင်းပါဝင်သည့် ငရဲနှင့်ပတ်သက်ဆက်နွယ်နေသောအယူဝါဒအားလုံးကို . . . ယုံကြည်နိုင်စရာအကြောင်းရှိသောအယူဝါဒအဖြစ်မှ စွန့်လွှတ်သင့်သည်။” မှန်ပါသည်။ အကျင့်သိက္ခာ၊ တရားမျှတမှု နှင့် အရေးအကြီးဆုံးဖြစ်သော ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာတို့က ထိုအတိုင်းသာပြုရန် သင့်အားပြောဆိုသည်။
သို့ပြုပါက ငရဲ၏အဖြစ်မှန်သည် အမှန်ပင်ယုံကြည်စိတ်ချနိုင်စရာအကြောင်းရှိသည်ကို သင်တွေ့ရမည်။ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်b စာအုပ်တွင် ဤအကြောင်းနှင့်ပတ်သက်၍ အကူအညီဖြစ်စေသည့်အချက်အလက်များကို သင်ရှာဖွေတွေ့ရှိနိုင်သည်။ ယေဟောဝါသက်သေများနှင့်သင်တွေ့သောအခါ ယင်းကိုတောင်းပါ။ “သေသောအခါဘာဖြစ်သွားသနည်း”၊ “ငရဲဟူသည် အဘယ်သို့သောနေရာမျိုးနည်း” နှင့် “ရှင်ပြန်ထမြောက်ခြင်း—မည်သူများအတွက်နည်း၊ မည်သည့်နေရာတွင်နည်း” ဟူသည့်အခန်းများကိုဖတ်ပါ။ ငရဲ၏အခြေအနေမှန်သည် ယုံနိုင်စရာအကြောင်းရှိရုံသက်သက်မျှမက အလားအလာကောင်းများလည်းရှိကြောင်းကို သင်တွေ့ရပေမည်။
[အောက်ခြေမှတ်ချက်များ]
a ကျမ်းစာ၏ဤအဖြစ်အပျက်တွင် “မီးဖြင့်ညှဉ်းဆဲခြင်း” သည် မူလအားဖြင့် အကန့်အသတ်ရှိသော ဝိညာဏညှဉ်းဆဲခြင်းကို ရည်ညွှန်းသည်။ အသေးစိတ်ကို ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မြို့ထုတ် Revelation—Its Grand Climax At Hand! စာအုပ်ကိုကြည့်ပါ။
b နယူယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
ဝေါဟာရများကိုအဓိပ္ပာယ်ဖွင့်ခြင်း
ဤဆောင်းပါးတွင် ခရစ်ယာန်ဘောင်ဓမ္မပညာဆရာများအသုံးပြုသော “ငရဲ” နှင့် “ငရဲမီး” ဝေါ်ဟာရတို့သည် “ဓမ္မသစ်ကျမ်း” တွင် ၁၂ ကြိမ်ပါဝင်သော ဂရိစကားလုံး ဂီအဲန်နာ ကိုရည်ညွန်းခြင်းဖြစ်သည်။ (မဿဲ ၅:၂၂၊ ၂၉၊ ၃၀၊ ၁၀:၂၈၊ ၁၈:၉၊ ၂၃:၁၅၊ ၃၃။ မာကု ၉:၄၃၊ ၄၅၊ ၄၇။ လုကာ ၁၂:၅။ ယာကုပ် ၃:၆) ကျမ်းစာဘာသာပြန်အမျိုးမျိုးတို့က ဤဂရိစကားလုံးကို “ငရဲ” ဟုပြန်ဆိုကြသော်လည်း အခြားဘာသာပြန်ကျမ်းများကမူ “ဂေဟင်နာ” ဟုပင် အသံထွက်အတိုင်းပြန်ဆိုကြသည်။ ယင်းသည် သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်တွင်တွေ့ရသည့် ထာဝရဖျက်ဆီးခြင်း၏အထိမ်းအမှတ် “ဒုတိယသေခြင်း၊ မီးအိုင်” ကို ဆိုလိုသည်။—ဗျာဒိတ် ၂၀:၁၄။
“ငရဲ” ဟုပြန်ဆိုသော အခြားစကားလုံးနှစ်ခုနှင့်ပတ်သက်၍ ဝီလျန်စမစ်သ်တည်းဖြတ်သည့် A Dictionary of the Bible (1914) အဘိဓာန်ကျမ်းက ဤသို့မှတ်ချက်ပေးသည်။ “ငရဲ . . . သည် ဟေဗြဲစကားလုံး ရှီးအိုးလ် အတွက် ကျွန်ုပ်တို့ဘာသာပြန်သူများက အများအားဖြင့် မဆီမလျော်အသုံးပြုထားသောစကားလုံးဖြစ်သည်။ ဟေဗြဲစကားလုံး ရှီးအိုးလ် ကို ဆက်လက်သုံးစွဲလျှင်၊ သို့မဟုတ် ‘သင်္ချိုင်း’၊ ‘တွင်း’ စသည်တို့ဖြင့် အမြဲပြန်ဆိုလျှင် ပိုကောင်းပေမည် . . . ဓမ္မသစ်ကျမ်းတွင် ရှီးအိုးလ် နှင့်တူသော ဟေးဒီးစ်သည် တစ်ခါတစ်ရံ ‘သင်္ချိုင်း’ သက်သက်ကိုဆိုလိုသည် . . . ဤအဓိပ္ပာယ်အားဖြင့် ခရစ်ယာန်ဘာသာအယူဝါဒက ကျွန်ုပ်တို့သခင်နှင့်ပတ်သက်၍ ‘ကိုယ်တော်ငရဲသို့သက်ဆင်းသည်’ ဟုပြောရာတွင် ယေဘုယျအားဖြင့် သေသည့်အခြေအနေကိုဆိုလိုသည်။”
အပြီးသတ်ဖျက်ဆီးခြင်းကိုပုံဆောင်သောဂေဟင်နာနှင့်မတူဘဲ ရှီးအိုးလ်နှင့်ဟေးဒီးစ်တို့သည် တစ်ဖန်ပြန်လည်ရှင်ပြန်ထမြောက်ခံရမည့်မျှော်လင့်ချက်ရှိသော သာမန်လူ့သေခြင်းကိုရည်ညွှန်းသည်။—ဗျာဒိတ် ၂၀:၁၃။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ယေရှုသည် လာဇရုအား သေခြင်း၏အိပ်ပျော်ခြင်းမှ နိုးထစေခဲ့သည်