အခန်း ၉၅
ကွာရှင်းခြင်း နှင့် သားသမီးများကို ချစ်ခြင်းဆိုင်ရာ သင်ခန်းစာများ
စီအီး ၃၃ ခုနှစ်ပသခါပွဲတက်ရန် ယေရုရှလင်မြို့သို့ယေရှုနှင့်တပည့်များ ယော်ဒန်မြစ်ကိုဖြတ်၍ ပေရိယခရိုင်မှတစ်ဆင့်သွားကြသည်။ အပတ်အနည်းငယ်က သူ၏မိတ်ဆွေလာဇရုဖျားနေသောကြောင့် ပေရိယမှယုဒပြည်သို့ယေရှုဆင့်ခေါ်ခံခဲ့ရသည်။ ပေရိယနယ်၌ရှိစဉ် ဖာရိရှဲများအား ကွာရှင်းခြင်းအကြောင်းယေရှု ပြောခဲ့သော်လည်း ယခုတစ်ဖန်ဤကိစ္စကို သူတို့ပြန်မေးကြသည်။
ဖာရိရှဲများထဲ၌ပင် ကွာရှင်းခြင်းနှင့်ပတ်သက်၍ အယူအဆ ကွဲလွဲနေကြသည်။ “အပြစ်တင်စရာအကြောင်း” ရှိသဖြင့် မိန်းမကိုကွာရှင်းနိုင်သည်ဟု မောရှေပြောခဲ့သည်။ အချို့က သီလယိုယွင်းမှုကိုသာညွှန်းသည်ဟု ထင်ကြ၏။ အချို့က အသေးအမွှားအမှားများပါသည်ဟု ယူဆကြသည်။ ထိုကြောင့် ယေရှုကိုစုံစမ်းသည့်အနေနှင့် ဖာရိရှဲများက “လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့်ကွာအပ်သလော” ဟုမေးကြ၏။ ယေရှုမည်သို့ပင်ဖြေဆိုစေကာမူ အယူအဆကွဲလွဲနေသောအခြားဖာရိရှဲတို့နှင့်ပြဿနာတက်မည်ဟု သူတို့ယုံကြည်ကြသည်။
လူ့ထင်မြင်ချက် တစ်ခုမျှမပါဘဲ၊ ထိမ်းမြားခြင်းဆိုင်ရာ ဘုရားသခင်၏မူလစံချိန်ကိုကိုးကားပြီး မေးခွန်းကိုယေရှုဤသို့ပိုင်နိုင်စွာကိုင်တွယ်ဖြေဆိုသည်။ “အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမ နှစ်ယောက်တည်းကိုဖန်ဆင်းတော်မူ၏။ ‘ထိုအကြောင်းကြောင့် ယောက်ျားသည်ကိုယ့်မိဘကိုစွန့်၍ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်’ ဟုကျမ်းစာဆိုသည်ကို သင်တို့မဖတ်ဖူးသလော။ ထိုကြောင့်လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်။”
ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ လင်မယားသည်ကွာရှင်းရန်မဟုတ်ဘဲ အတူတကွနေရန်ဖြစ်ကြောင်း ယေရှုပြောသည်။ သို့နှင့်ဖာရိရှဲတို့က “ထိုသို့မှန်လျှင်ဖြတ်စာပေး၍ မယားနှင့်ကွာစေခြင်းငှာ မောရှေသည်အဘယ်ကြောင့်စီရင်သနည်း” ဟုမေးကြ၏။
“‘သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသောအခွင့်ကိုမောရှေစီရင်၏။ အစအဦး၌ထိုသို့မဟုတ်’” ဟုဖြေဆိုသည်။ မှန်သည်။ ဘုရားသခင်သည် ဧဒင်ဥယျာဉ်၌ထိမ်းမြားခြင်းစံချိန်ကို အကောင်အထည်ဖေါ်ရာတွင် ကွာရှင်းခြင်းကိုလုံးဝမစီမံခဲ့ပါ။
ဖာရိရှဲတို့အား “ငါပညတ်သည်ကား မှားယွင်းခြင်း [ဂရိ၊ ပေါ်နီ ယာ] အကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့် စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏” ဟုယေရှုဆိုသည်။ သို့ဖြစ်၍ ဘုရားအစီအစဉ်အရ အပြစ်ကြီးလေးသော သီလယိုယွင်းမှု ဖြစ်သည့် ပေါ်နီ ယာ ကြောင့်သာလျှင် ကွာရှင်းနိုင်သည်။
ကွာရှင်းနိုင်သည့်ဤအကြောင်းတစ်ခုသာရှိသောကြောင့် ထိမ်းမြားမင်္ဂလာသည် တည်မြဲရမည်ကို သဘောပေါက်ကာ တပည့်များက “လင်မယားအမှုသည် ဤသို့ဖြစ်လျှင် စုံဖက်ခြင်းကိုမပြုကောင်းပါဟုလျှောက်ကြ၏။” အိမ်ထောင်ပြုရန်ရည်ရွယ်နေသူသည် ထိမ်းမြားခြင်းအနှောင်အဖွဲ့၏တည်မြဲခြင်းကိုအလေးအနက်သဘောပေါက်သင့်သည်။
တစ်ကိုယ်ရေတစ်ကာယအကြောင်းယေရှု ဆက်မိန့်ဆိုသည်။ အချို့ယောက်ျားတို့သည် လိင်ဘက်တွင်မဖွံ့ဖြိုးသဖြင့် အိမ်ထောင်မပြုနိုင်သော မိန်းမလျှာဖြစ်ကြသည်။ သင်းကွပ်ခံရခြင်းကြောင့်လည်းမိန်းမလျှာဖြစ်ကြရသူများရှိသည်။ အချို့မှာမူ ကောင်းကင်နိုင်ငံတော်အကျိုး အပြည့်အဝဆောင်ရွက်နိုင်ရန် အိမ်ထောင်ပြုလိုစိတ်ကိုချိုးနှိမ်ထားကြသည်။ “အိမ်ထောင်မပြုဘဲနေနိုင်သူသည် အိမ်ထောင်မပြုစေနှင့်” ဟုယေရှုနိဂုံးချုပ်လေသည်။
လူတို့သည်ယခု သူတို့၏ကလေးသူငယ်များကို ယေရှုထံသို့ခေါ်လာကြသည်။ ထိုအခါ တပည့်တို့ကအနှောင့်အယှက်မဖြစ်စေလို၍ ကလေးများကိုမောင်းထုတ်ကြ၏။ သို့သော် ယေရှုက “ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။ ငါအမှန်ဆိုသည်ကား အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရ” ဟုမိန့်တော်မူ၏။
ယေရှုပေးသောသင်ခန်းစာများမှာ အလွန်ကောင်းလှသည်တကား။ ဘုရားနိုင်ငံတော်ကို အမွေခံရန် ကလေးသူငယ်တို့၏ စိတ်နှိမ့်ချမှုနှင့်ခံယူလွယ်သောအရည်အချင်းကိုအတုယူရမည်။ အထူးသဖြင့် မိဘများသည် ကလေးသူငယ်တို့အားအချိန်ပေးသင့်ကြောင်း ယေရှုတင်ပြသည်။ ယခု ယေရှုသည် ကလေးသူငယ်များကို သူ၏ရင်ခွင်တွင်ပိုက်ဖက်ကောင်းချီးပေးခြင်းဖြင့် မေတ္တာပြလေသည်။ မဿဲ ၁၉:၁-၁၅။ တရားဟောရာ ၂၄:၁။ လုကာ ၁၆:၁၈။ မာကု ၁၀:၁-၁၆။ လုကာ ၁၈:၁၅-၁၇။
▪ ကွာရှင်းခြင်းနှင့်ပတ်သက်၍ ဖာရိရှဲတို့ အဘယ်ကွာခြားသောအမြင်မျိုးရှိကြသနည်း။ ထိုကြောင့် ယေရှုကို မည်သို့စုံစမ်းရန် ကြိုးစားကြသနည်း။
▪ ဖာရိရှဲတို့၏စုံစမ်းခြင်းကို ယေရှုမည်သို့ကိုင်တွယ်သနည်း။ ကွာရှင်းရန်တစ်ခုတည်းသောအကြောင်းပြချက်ကား အဘယ်အရာဖြစ်သည်ဟုယေရှုဆိုသနည်း။
▪ အိမ်ထောင်ပြုရန်မသင့်တော်ဟု ယေရှု၏တပည့်များ အဘယ်ကြောင့်ပြောကြသနည်း။ ယေရှုမည်သို့ထောက်ခံသနည်း။
▪ ယေရှုသည် သူငယ်များနှင့် ပေါင်းသင်းပုံမှ ဘာသင်ခန်းစာရသနည်း။