ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဒီဇင်ဘာ စာ. ၁၀-၁၄
  • “ဘုရားသခင် တွဲဖက်ထား” တဲ့ အိမ်ထောင်ကို ဂုဏ်တင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘုရားသခင် တွဲဖက်ထား” တဲ့ အိမ်ထောင်ကို ဂုဏ်တင်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်အတွက် ယာယီ အပြောင်းအလဲများ
  • ကွာရှင်းဖို့ တစ်ခုတည်းသော အကြောင်းရင်း
  • အိမ်ထောင်ရေး အဆင်မပြေရင်တောင် ဂုဏ်တင်ပါ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • အိမ်ထောင်ပြိုကွဲမှတ်သို့ရောက်သော်
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • အိမ်ထောင်ရေးကို မြင့်မြတ်ရာအဖြစ် အဘယ့်ကြောင့် ရှုမြင်တော်မူ
    နိုးလော့!—၂၀၀၄
  • အိမ်ထောင်ကို ယေဟောဝါ ဘာကြောင့် အစပြုခဲ့သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဒီဇင်ဘာ စာ. ၁၀-၁၄
ပတ်လည်က လူအုပ်ကို ယေရှု သွန်သင်နေ

“ဘုရားသခင် တွဲဖက်ထား” တဲ့ အိမ်ထောင်ကို ဂုဏ်တင်ပါ

“ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။”—မာ. ၁၀:၉။

သီချင်း– ၁၃၁၊ ၁၃၂

သင် ဘယ်လို ဖြေမလဲ

  • အိမ်ထောင်ကို ယေဟောဝါနဲ့ ယေရှု ဘယ်လို ရှုမြင်သလဲ။

  • ကွာရှင်းဖို့ တစ်ခုတည်းသော ကျမ်းစာအကြောင်းရင်းက ဘာလဲ။ ကွာရှင်းဖို့ တချို့ ဘာကြောင့် မဆုံးဖြတ်တာလဲ။

  • ခွဲနေဖို့ စဉ်းစားနေသူဟာ ဘယ်အကြံပြုချက်ကို သုံးသပ်သင့်သလဲ။

၁၊ ၂။ ဟီဘရူး ၁၃:၄ က ဘာလုပ်ဖို့ လှုံ့ဆော်ပေးသင့်သလဲ။

ယေဟောဝါကို သင် ဂုဏ်တင်ချင်သလား။ ဂုဏ်တင်ချင်မှာ သေချာပါတယ်။ ဘုရားသခင်ဟာ သင့်ရဲ့ ဂုဏ်တင်မှုကို ရထိုက်ပြီး သင့်ကို ဂုဏ်တင်မယ်လို့ ကတိပေးထားတယ်။ (၁ ရှ. ၂:၃၀။ ပညာ. ၃:၉။ ဗျာ. ၄:၁၁) အစိုးရအရာရှိတို့လို လူလူချင်းကိုလည်း ဂုဏ်တင်စေချင်တယ်။ (ရော. ၁၂:၁၀။ ၁၃:၇) အထူး ဂုဏ်တင်ဖို့ လိုအပ်တဲ့ ကဏ္ဍတစ်ခုကတော့ အိမ်ထောင်ပါပဲ။

၂ “အိမ်ထောင်မင်္ဂလာကို လူတိုင်း လေးစားရမယ်။ အိမ်ထောင်မင်္ဂလာကို မညစ်ညူးစေပါနဲ့” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (ဟီ. ၁၃:၄) ဒါဟာ ပေါလုရဲ့ သာမန် ရှုမြင်ချက်လောက်သာ မဟုတ်ပါဘူး။ အိမ်ထောင်ကို တန်ဖိုးထားလေးမြတ်ဖို့ ခရစ်ယာန်တွေကို အလေးအနက် တိုက်တွန်းနေတာဖြစ်တယ်။ သင်ဟာ အိမ်ထောင်ကို၊ အထူးသဖြင့် အိမ်ထောင်သည်ဆိုရင် သင့်အိမ်ထောင်ကို အဲဒီလို ရှုမြင်သလား။

၃။ အိမ်ထောင်နဲ့ပတ်သက်ပြီး ဘယ်အရေးကြီးတဲ့ အကြံဉာဏ်ကို ယေရှု ပေးခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

၃ သင်ဟာ အိမ်ထောင်ကို တန်ဖိုးထားလေးမြတ်တယ်ဆိုရင် အလွန်ကောင်းတဲ့ စံနမူနာရှင်ကို တုပနေတာပဲ။ ယေရှုဟာ အိမ်ထောင်ကို ဂုဏ်တင်ခဲ့တယ်။ ကွာရှင်းခြင်းအကြောင်း ဖာရိရှဲတွေ မေးတဲ့အခါ ဦးဆုံးအိမ်ထောင်အတွက် ဘုရားပြောခဲ့တာကို ကိုးကားပြီး “ဒါကြောင့် ယောက်ျားက မိဘကို ထားခဲ့ပြီးနောက် သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်” လို့ပြောတယ်။ “ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့” လို့လည်း ဆက်ပြောတယ်။—မာကု ၁၀:၂-၁၂ ကိုဖတ်ပါ။ က. ၂:၂၄။

၄။ အိမ်ထောင်အတွက် ဘယ်စံနှုန်းကို ယေဟောဝါ ချမှတ်ခဲ့သလဲ။

၄ အိမ်ထောင်ကို ဘုရား အစပြုပေးခဲ့ကြောင်း ဒီနည်းနဲ့ ယေရှု ထောက်ခံပြီး တစ်သက်လုံးပေါင်းဖို့ အလေးပေးပြောခဲ့တယ်။ ကွာရှင်းတဲ့နည်းနဲ့ အိမ်ထောင်ကို အဆုံးသတ်နိုင်တယ်လို့ အာဒံနဲ့ ဧဝကို ဘုရား မပြောခဲ့ဘူး။ ဧဒင်မှာ ချမှတ်ခဲ့တဲ့ စံနှုန်းက တစ်လင်တစ်မယားစနစ်ဖြစ်တယ်။ “နှစ်ယောက်” ဟာ ထာဝရ ပေါင်းစည်းသွားဖို့ပါပဲ။

အိမ်ထောင်အတွက် ယာယီ အပြောင်းအလဲများ

၅။ သေခြင်းက အိမ်ထောင်ရေးအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ။

၅ အာဒံရဲ့ အပြစ်ကြောင့် အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ တစ်ခုကတော့ အိမ်ထောင်ရေးအပေါ် သက်ရောက်မှုရှိတဲ့ သေခြင်းပါပဲ။ အဲဒီအချက်ကို တမန်တော် ပေါလု ရေးတဲ့စာမှာ တွေ့နိုင်တယ်။ သေခြင်းက အိမ်ထောင်ကို အဆုံးတိုင်စေပြီး ကျန်ရစ်သူ အိမ်ထောင်ဖက်ကို နောက်အိမ်ထောင်ပြုစေနိုင်တယ်လို့ ပေါလု ပြောခဲ့တယ်။—ရော. ၇:၁-၃။

၆။ မောရှေပညတ်က အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို ဘယ်လို ဖော်ပြသလဲ။

၆ အစ္စရေးလူမျိုးကို ဘုရားသခင်ပေးတဲ့ ပညတ်မှာ အိမ်ထောင်ရေးအကြောင်း အသေးစိတ် ဖော်ပြထားတယ်။ အစ္စရေးတွေကို ပညတ်မပေးခင်ကတည်းက ရှိခဲ့တဲ့ မယားအများယူတဲ့ ထုံးစံကို ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ မတော်မတရားပြုတာတွေကို တားဆီးပေးတဲ့ ကန့်သတ်ချက်တွေတော့ ရှိတယ်။ ဥပမာ၊ အစ္စရေးတစ်ယောက်က ကျွန်မိန်းမကို လက်ထပ်ယူပြီး နောက်မိန်းမ ထပ်ယူခဲ့ရင် အရင်ယူထားတဲ့ ကျွန်မိန်းမကို စားစရာ၊ ဝတ်စရာ ဆက်ထောက်ပံ့ပေးဖို့၊ အိမ်ထောင်သည်ဝတ်ကို မပျက်ကွက်ဖို့၊ သူ့ကို ကာကွယ်စောင့်ရှောက်ဖို့ ဘုရား တောင်းဆိုတယ်။ (ထွ. ၂၁:၉၊ ၁၀) ကျွန်တော်တို့ဟာ မောရှေပညတ်အောက်မှာ မရှိတော့ပေမဲ့ အိမ်ထောင်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့အမြင်ကို အဲဒီပညတ်ကနေ သိနိုင်တယ်။ ဒါက အိမ်ထောင်ကို လေးမြတ်ဖို့ ကူညီပေးတယ် မဟုတ်လား။

၇၊ ၈။ (က) တရားဟောရာ ၂၄:၁ အရ ပညတ်တရားမှာ ကွာရှင်းခြင်းနဲ့ပတ်သက်ပြီး ဘာပြောထားသလဲ။ (ခ) ကွာရှင်းခြင်းကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။

၇ ကွာရှင်းခြင်းကော။ အိမ်ထောင်ကို ဘုရား အလွန်လေးမြတ်ပေမဲ့ ခြွင်းချက်အနေနဲ့ ကွာရှင်းခွင့် ပေးခဲ့တယ်။ (တရားဟောရာ ၂၄:၁ ကိုဖတ်ပါ။) အစ္စရေးတစ်ယောက်ဟာ “အပြစ်တင်စရာတစ်ခုခု တွေ့” ရင် မိန်းမကို ကွာရှင်းနိုင်တယ်။ ဘာ “အပြစ်” ဆိုတာကိုတော့ ပညတ်တရားမှာ မဖော်ပြထားဘူး။ အသေးအဖွဲအပြစ်တွေ မဟုတ်ဘဲ ရှက်စရာကောင်းတဲ့၊ ကြီးလေးတဲ့အပြစ်တွေ ဖြစ်နိုင်တယ်။ (တရား. ၂၃:၁၄) ဒါပေမဲ့ ယေရှုခေတ်က ဂျူးများစွာကတော့ “ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်” ကွာရှင်းခဲ့ကြတယ်။ (မ. ၁၉:၃) အဲဒီလို သဘောထားမျိုး ကျွန်တော်တို့မှာ မရှိချင်ကြပါဘူး။

၈ ပရောဖက် မာလခိက ကွာရှင်းခြင်းနဲ့ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို ဖော်ပြခဲ့တယ်။ သူ့ခေတ်က ယောက်ျားတွေဟာ ယေဟောဝါကို မကိုးကွယ်တဲ့ မိန်းမငယ်ငယ်လေးတွေကို ယူဖို့ “ငယ်ပေါင်းမယား” ကို သစ္စာဖောက် ကွာရှင်းကြတယ်။ “ကွာရှင်းတာကို ငါမုန်းတယ်” ဆိုပြီး ဘုရားအမြင်ကို မာလခိ ရေးခဲ့တယ်။ (မာလ. ၂:၁၄-၁၆) ‘ယောက်ျားက ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်’ ဆိုတဲ့ ဦးဆုံးအိမ်ထောင်နဲ့ပတ်သက်ပြီး ကျမ်းစာပြောတာနဲ့ ကိုက်ညီပါတယ်။ (က. ၂:၂၄) အိမ်ထောင်နဲ့ပတ်သက်တဲ့ ဖခင်ရဲ့အမြင်ကို ထောက်ခံတဲ့အနေနဲ့ “ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့” လို့ ယေရှု ပြောတယ်။—မ. ၁၉:၆။

အစ္စရေးရဲ့ ဖောက်ပြန်မှုကို ဘုရား တုံ့ပြန်ပုံ

အစ္စရေးနဲ့ ယုဒဟာ ယေဟောဝါအပေါ် သစ္စာမရှိကြဘူး။ အယူမှားလူမျိုးတွေနဲ့ မိတ်ဖွဲ့ပြီး မှားယွင်းတဲ့ဝတ်ပြုရေးမှာ ပါဝင်ခဲ့ကြတယ်။ “ကျောက်တုံးတွေ၊ သစ်ပင်တွေနဲ့ ဖောက်ပြန်” လို့ သူတို့ကို ဘုရား ပြစ်တင်ခဲ့တယ်။ (ယေ. ၂:၁၃၊ ၂၀။ ၃:၁-၃၊ ၉။ ယေဇကျေလ ၁၆:၂၈ နဲ့ နှိုင်းယှဉ်ပါ။ ယာ. ၄:၄) သူတို့ မပြောင်းလဲဘဲ “ပြည့်တန်ဆာလုပ်တဲ့ ဇနီးလို” ဆက်ဖောက်ပြန်တဲ့အခါ ဘုရား ဆုံးဖြတ်ချက်ချခဲ့တယ်။ “အဲဒါကို ငါတွေ့တဲ့အခါ သစ္စာမရှိ၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့ အစ္စရေးကို ကွာရှင်းစာချုပ်ပေးပြီး မောင်းထုတ်လိုက်တယ်” လို့ ဘုရားပြောတယ်။—ယေ. ၃:၆-၈။

ကွာရှင်းဖို့ တစ်ခုတည်းသော အကြောင်းရင်း

၉။ မာကု ၁၀:၁၁၊ ၁၂ မှာပါတဲ့ ယေရှုရဲ့ စကားကို ဘယ်လို နားလည်ရမလဲ။

၉ ‘ခရစ်ယာန်တစ်ယောက် ကွာရှင်းပြီး နောက်အိမ်ထောင်ပြုလို့ရတဲ့ အကြောင်းရင်း ရှိသလား’ လို့ မေးမိနိုင်တယ်။ ကွာရှင်းခြင်းနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောတယ်– “ကိုယ့်ဇနီးကို ကွာရှင်းပြီး တခြားမိန်းမနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေးဖောက်ပြန်သူ၊ ကိုယ့်ဇနီးကို ပြစ်မှားသူပဲ။ ကိုယ့်ယောက်ျားကို ကွာရှင်းပြီး တခြားတစ်ယောက်ကို လက်ထပ်တဲ့ မိန်းမလည်း အိမ်ထောင်ရေးဖောက်ပြန်သူပဲ။” (မာ. ၁၀:၁၁၊ ၁၂။ လု. ၁၆:၁၈) ဒီနည်းနဲ့ အိမ်ထောင်ကို ယေရှု ဂုဏ်တင်ခဲ့တယ်။ တခြားသူတွေကိုလည်း အဲဒီလို ဂုဏ်တင်စေချင်တယ်။ သစ္စာရှိတဲ့ အိမ်ထောင်ဖက်ကို ကွာရှင်းပြီး နောက်အိမ်ထောင်ပြုတဲ့ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်သူ ဖြစ်တယ်။ ကွာရှင်းရုံနဲ့ အိမ်ထောင်ရေး အဆုံးတိုင်သွားတာ မဟုတ်ဘူး။ ဘုရားရှေ့မှာ “တစ်သားတစ်ကိုယ်တည်း” ဖြစ်နေတုန်းပဲ။ အဲဒီအပြင် အပြစ်မဲ့တဲ့ ဇနီးကို ကွာရှင်းတဲ့ ယောက်ျားဟာ ဇနီးကို အိမ်ထောင်ရေးဖောက်ပြန်သူ ဖြစ်အောင် လုပ်ရာရောက်တယ်လို့ ယေရှု ပြောတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကွာရှင်းထားတဲ့ မိန်းမဟာ ငွေကြေးအထောက်အပံ့ရဖို့ နောက်အိမ်ထောင်ပြုရမယ်လို့ ခံစားရနိုင်တယ်။ အဲဒီလိုမျိုး နောက်အိမ်ထောင်ပြုတာဟာ အိမ်ထောင်ရေးဖောက်ပြန်မှုပါပဲ။

တစ်ခုတည်းသော ကျမ်းစာအကြောင်းရင်း

ကွာရှင်းပြီး နောက်အိမ်ထောင်ပြုလို့ရတဲ့ တခုတည်းသော အကြောင်းရင်းဟာ ပေါ်နီယာ ဖြစ်တယ်လို့ ယေရှု နှစ်ကြိမ် ပြောခဲ့တယ်။ အဲဒီဂရိစကားလုံးက ဘာကို ဆိုလိုသလဲ။ ပေါ်နီယာဟာ တရားဝင်လက်ထပ်ထားတဲ့ အိမ်ထောင်ဖက် မဟုတ်သူနဲ့ လိင်ဆက်ဆံတာ အားလုံးကို ဆိုလိုတယ်။ အဲဒီထဲမှာ အိမ်ထောင်ရေးဖောက်ပြန်တာ၊ ပြည့်တန်ဆာလုပ်တာ၊ လက်မထပ်ဘဲ လိင်ဆက်ဆံတာ၊ ပါးစပ်၊ စအိုနဲ့ လိင်ဆက်ဆံတာ၊ လက်မထပ်ထားသူရဲ့ လိင်အင်္ဂါကို လိင်စိတ်နဲ့ ကိုင်တွယ်တာတွေ ပါဝင်တယ်။—၂၀၀၆၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။

၁၀။ ခရစ်ယာန်တစ်ယောက် ကွာရှင်းပြီး နောက်အိမ်ထောင်ပြုနိုင်တဲ့ အကြောင်းရင်းက ဘာလဲ။

၁၀ အိမ်ထောင်အဆုံးသတ်နိုင်တဲ့ အကြောင်းရင်းကို ယေရှု ပြောခဲ့တယ်– “ကျွန်တော်ပြောမယ်။ ကိုယ့်ဇနီးကို လိင်အကျင့်ယိုယွင်းမှုကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ကွာရှင်းပြီး တခြားသူနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေး ဖောက်ပြန်သူပဲ။” (မ. ၁၉:၉) တောင်ပေါ်တရားတော်မှာလည်း အဲဒီလို ပြောခဲ့တယ်။ (မ. ၅:၃၁၊ ၃၂) နှစ်ကြိမ်စလုံးမှာ “လိင်အကျင့်ယိုယွင်းမှု” [ဂရိ၊ ပေါ်နီယာ] အကြောင်း ယေရှု ပြောတယ်။ အဲဒီစကားလုံးမှာ အိမ်ထောင်ပြင်ပ လိင်ဆိုင်ရာအပြစ်အားလုံး အကျုံးဝင်တယ်။ အိမ်ထောင်ရေးဖောက်ပြန်တာ၊ ပြည့်တန်ဆာလုပ်တာ၊ လက်မထပ်ထားဘဲ လိင်ဆက်ဆံတာ၊ လိင်တူချင်းဖြစ်စေ၊ တိရစ္ဆာန်နဲ့ဖြစ်စေ လိင်ဆက်ဆံတာတွေ ပါဝင်တယ်။ ဥပမာ၊ လင်ယောက်ျားဟာ လိင်အကျင့်ယိုယွင်းခဲ့ရင် ဇနီးသည်က ကွာရှင်းမယ်၊ မကွာရှင်းဘူးဆိုတာ ဆုံးဖြတ်နိုင်တယ်။ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ရင် ဘုရားရှေ့မှာ အိမ်ထောင်ရေး အဆုံးတိုင်သွားပြီ။

၁၁။ ကွာရှင်းဖို့ ကျမ်းစာအကြောင်းရင်း ရှိပေမဲ့ မကွာရှင်းဖို့ ဘာကြောင့် ဆုံးဖြတ်နိုင်သလဲ။

၁၁ အိမ်ထောင်ဖက်ရဲ့ အကျင့်ယိုယွင်းမှု (ပေါ်နီယာ) ကြောင့် မဖြစ်မနေ ကွာရှင်းရမယ်လို့ ယေရှု မပြောဘူး။ ဥပမာ၊ ယောက်ျားဖြစ်သူ လိင်အကျင့်ယိုယွင်းပေမဲ့ ဇနီးက ဆက်ပေါင်းဖို့ ဆုံးဖြတ်နိုင်တယ်။ ဇနီးက ယောက်ျားကို ချစ်နေဆဲဖြစ်လို့ ခွင့်လွှတ်ပြီး အိမ်ထောင်ရေး အဆင်ပြေအောင် အတူကြိုးစားဖို့ ဆန္ဒရှိနေနိုင်တယ်။ အဲဒီအပြင် ဇနီးက ကွာရှင်းပြီး နောက်အိမ်ထောင် မပြုရင် အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်။ ရုပ်ပိုင်း၊ လိင်ပိုင်း လိုအပ်ချက်တွေ ဘယ်သူ ဖြည့်ဆည်းပေးမလဲ။ အထီးကျန်လာရင်ကော။ ထည့်စဉ်းစားရမယ့် သားသမီးတွေ ရှိသလား။ ကွာရှင်းလိုက်ရင် သားသမီးတွေကို အမှန်တရားမှာ ပြုစုပျိုးထောင်ဖို့ ပိုခက်သွားမလား။ (၁ ကော. ၇:၁၄) အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်ဟာ ကွာရှင်းလိုက်ရင် ကြီးမားတဲ့ အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်။

၁၂၊ ၁၃။ (က) ဟောရှေရဲ့ အိမ်ထောင်ရေး ဘယ်လိုဖြစ်ခဲ့သလဲ။ (ခ) ဂေါမာကို ဟောရှေ ဘာကြောင့် ပြန်ပေါင်းတာလဲ။ အဲဒီကနေ ဘာသင်ယူနိုင်သလဲ။

၁၂ ပရောဖက် ဟောရှေရဲ့ အဖြစ်က အိမ်ထောင်အပေါ် ဘုရားသခင့် ရှုမြင်ပုံကို မြင်သာစေတယ်။ ဘုရားက ဟောရှေကို ဂေါမာလို့ခေါ်တဲ့ “ပြည့်တန်ဆာတစ်ယောက်ကို လက်ထပ်ပါ။ ပြည့်တန်ဆာလုပ်ပြီး မွေးလာမယ့် သားသမီးတွေကို မင်းရလိမ့်မယ်” လို့ပြောတယ်။ “ဂေါမာမှာ ကိုယ်ဝန်ရှိလာပြီး သားတစ်ယောက် မွေးတယ်။” (ဟော. ၁:၂၊ ၃) နောက်ပိုင်း ဂေါမာ အိမ်ထောင်ရေးဖောက်ပြန်ပြီး သမီးတစ်ယောက်၊ သားတစ်ယောက် မွေးလာတယ်။ ဂေါမာ အကြိမ်ကြိမ် ဖောက်ပြန်ပေမဲ့ ဟောရှေ ဆက်ပေါင်းခဲ့တယ်။ နောက်ဆုံး ဟောရှေကို ပစ်သွားပြီး ကျွန်ဘဝ ရောက်သွားတယ်။ ဒါတောင် ဟောရှေ ပြန်ဝယ်တယ်။ (ဟော. ၃:၁၊ ၂) အစ္စရေးတွေရဲ့ ဖောက်ပြန်မှုကို အကြိမ်ကြိမ် ခွင့်လွှတ်ကြောင်း ဖော်ပြဖို့ ဟောရှေကို ယေဟောဝါ အသုံးပြုခဲ့တယ်။ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

၁၃ အိမ်ထောင်ဖက်က လိင်အကျင့်ယိုယွင်းတဲ့အခါ အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်အနေနဲ့ ဆုံးဖြတ်ရတော့မယ်။ အပြစ်မဲ့သူက ကွာရှင်းပြီး လွတ်လပ်စွာ နောက်အိမ်ထောင်ပြုနိုင်တယ်လို့ ယေရှု ပြောတယ်။ ဒါပေမဲ့ ခွင့်လွှတ်လို့လည်း ရတယ်။ ဒါဟာ မမှားပါဘူး။ ဂေါမာကို ဟောရှေ ပြန်ပေါင်းတယ်။ ဟောရှေနဲ့ ပြန်ပေါင်းချိန်ကစပြီး တခြားယောက်ျားတွေနဲ့ ဂေါမာ မဆက်ဆံရတော့ဘူး။ ဟောရှေဟာ အချိန်အတိုင်းအတာတစ်ခုအထိ ဂေါမာနဲ့အတူ “မအိပ်ဘူး။” (ဟော. ၃:၃) နောက်ပိုင်း ဟောရှေ အတူပြန်အိပ်ခဲ့မှာပဲ။ ဒါဟာ လူမျိုးတော်ကို ပြန်လက်ခံပြီး ဆက်သွယ်လိုတဲ့ ဘုရားဆန္ဒကို ဖော်ပြတယ်။ (ဟော. ၁:၁၁။ ၃:၃-၅) ဒီနေ့ခေတ် အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဘာသိစေသလဲ။ အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်က ဖောက်ပြန်တဲ့ အိမ်ထောင်ဖက်နဲ့ ပြန်လိင်ဆက်ဆံတာက သူ့ကို ခွင့်လွှတ်ကြောင်း ဖော်ပြရာရောက်တယ်။ (၁ ကော. ၇:၃၊ ၅) ဒါက ကွာရှင်းနိုင်တဲ့ အကြောင်းရင်းကို ပျက်ပြယ်စေတယ်။ နောက်ပိုင်း အိမ်ထောင်နဲ့ပတ်သက်ပြီး ဘုရားရဲ့အမြင်မျိုးရှိအောင် အတူကြိုးစားသင့်တယ်။

အိမ်ထောင်ရေး အဆင်မပြေရင်တောင် ဂုဏ်တင်ပါ

၁၄။ ၁ ကောရိန္သု ၇:၁၀၊ ၁၁ အရ အိမ်ထောင်မှာ ဘာဖြစ်နိုင်သလဲ။

၁၄ ခရစ်ယာန်အားလုံးဟာ အိမ်ထောင်ကို ယေဟောဝါနဲ့ ယေရှုလို အလေးထားသင့်တယ်။ ဒါပေမဲ့ မစုံလင်သူတွေဖြစ်လို့ အလေးထားဖို့ ပျက်ကွက်မိနိုင်တယ်။ (ရော. ၇:၁၈-၂၃) ပထမရာစုတုန်းက ခရစ်ယာန်တချို့လည်း အိမ်ထောင်ရေး အဆင်မပြေခဲ့ကြဘူး။ “ဇနီးဟာ ခင်ပွန်းနဲ့ ခွဲမနေရဘူး” လို့ ပေါလု ရေးပေမဲ့ ခွဲနေသူတွေ ရှိခဲ့တယ်။—၁ ကောရိန္သု ၇:၁၀၊ ၁၁ ကိုဖတ်ပါ။

မောင်နှံတစ်စုံကို အကြီးအကဲနှစ်ယောက် ကျမ်းစာအခြေပြု အကြံဉာဏ် ပေးနေ

အဆင်မပြေတဲ့ အိမ်ထောင်ရေးကို တိုးတက်ကောင်းမွန်လာအောင် ဘယ်လို လုပ်နိုင်မလဲ (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅၊ ၁၆။ (က) အိမ်ထောင်ရေး အဆင်မပြေရင်တောင် ဘာလုပ်ဖို့ ကြိုးစားသင့်သလဲ။ ဘာကြောင့်လဲ။ (ခ) အဲဒါက မယုံကြည်သူ အိမ်ထောင်ဖက် ရှိသူတွေနဲ့ ဘယ်လို သက်ဆိုင်သလဲ။

၁၅ ဘာကြောင့် ခွဲနေကြတယ်ဆိုတာ ပေါလု မပြောဘူး။ ယောက်ျား လိင်အကျင့်ယိုယွင်းလို့တော့ မဟုတ်ဘူး။ အဲဒီလိုသာဆိုရင် ဇနီးဖြစ်သူ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုလို့ ရတယ်။ ဇနီးဟာ ယောက်ျားနဲ့ ခွဲနေတယ်ဆိုရင် “နောက်အိမ်ထောင်မပြုဘဲ နေရမယ်။ ဒါမှမဟုတ် ကိုယ့်ခင်ပွန်းနဲ့ ပြန်ပေါင်းရမယ်” လို့ ပေါလု ရေးတယ်။ ဘုရားရှေ့မှာ သူတို့ဟာ လင်မယားဖြစ်နေတုန်းပဲ။ ဘာပြဿနာပဲဖြစ်ပါစေ လိင်အကျင့်ယိုယွင်းမှု မဟုတ်ရင် ပြန်ပေါင်းသင့်တယ်လို့ ပေါလု အကြံပေးတယ်။ အသင်းတော် အကြီးအကဲတွေဆီက ကျမ်းစာအခြေပြု အကူအညီရယူသင့်တယ်။ အကြီးအကဲတွေက ဘက်မလိုက်ဘဲ ကျမ်းစာကနေ အကြံဉာဏ်ပေးနိုင်တယ်။

၁၆ ခရစ်ယာန်တစ်ယောက်က ယေဟောဝါကို ဝတ်မပြုသူနဲ့ လက်ထပ်ထားတယ် ဆိုရင်ကော။ ပြဿနာဖြစ်တာနဲ့ ခွဲနေလို့ ရသလား။ လိင်အကျင့်ယိုယွင်းရင် ကွာရှင်းနိုင်တယ်လို့ ကျမ်းစာပြောပေမဲ့ ခွဲနေလို့ရတဲ့ အကြောင်းရင်းတွေကိုတော့ မဖော်ပြထားဘူး။ ‘ညီအစ်မတစ်ယောက်မှာ မယုံကြည်သူ ခင်ပွန်းရှိတယ် ဆိုပါစို့။ သူ့ခင်ပွန်းက အတူပေါင်းသင်း နေထိုင်ချင်တယ်ဆိုရင် ခင်ပွန်းနဲ့ ခွဲမနေရဘူး’ လို့ ပေါလု ရေးတယ်။ (၁ ကော. ၇:၁၂၊ ၁၃) ဒါဟာ ဒီနေ့ခေတ်နဲ့လည်း သက်ဆိုင်တယ်။

၁၇၊ ၁၈။ အိမ်ထောင်ရေး အဆင်မပြေရင်တောင် ခရစ်ယာန်တချို့ ဘာကြောင့် ဆက်ပေါင်းကြတာလဲ။

၁၇ “မယုံကြည်သူ ခင်ပွန်း” နဲ့ “အတူပေါင်းသင်းနေထိုင်” ဖို့ မဖြစ်တော့တဲ့အခါတွေ ရှိနိုင်တယ်။ ကျန်းမာရေး ထိခိုက်တဲ့အထိ၊ အသက်အန္တရာယ်ရှိတဲ့အထိ နှိပ်စက်တာ၊ မိသားစုကို မထောက်ပံ့တာ၊ ဝတ်ပြုရေးကို အကြီးအကျယ် နှောင့်ယှက်တာ ဖြစ်နိုင်တယ်။ အဲဒီလို အခြေအနေမှာ ခရစ်ယာန်ဇနီးသည်က အိမ်ထောင်ဖက် ဘာပဲပြောပါစေ “အတူပေါင်းသင်းနေထိုင်” ဖို့ မဖြစ်တော့ဘူး၊ ခွဲနေဖို့ လိုပြီလို့ ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ ခရစ်ယာန်တချို့ကတော့ ခွဲနေမယ့်အစား ဆက်ပေါင်းပြီး အိမ်ထောင်ရေး အဆင်ပြေအောင် ကြိုးစားကြတယ်။ ဘာကြောင့်လဲ။

၁၈ ခွဲနေရင်တောင် သူတို့ဟာ အိမ်ထောင်ဖက်တွေ ဖြစ်နေတုန်းပဲ။ ခွဲနေမယ်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့အတိုင်း နှစ်ယောက်စလုံး အခက်အခဲတွေ ကြုံရနိုင်တယ်။ မခွဲသင့်တဲ့ နောက်အကြောင်းရင်းတစ်ခုကို တမန်တော် ပေါလု ဒီလိုပြောတယ်– “ခင်ပွန်းဟာ မယုံကြည်သူဖြစ်ပေမဲ့ ညီအစ်မနဲ့ စုံဖက်ထားတဲ့အတွက် သန့်စင်တယ်။ ဇနီးကလည်း မယုံကြည်သူဖြစ်ပေမဲ့ ညီအစ်ကိုနဲ့ စုံဖက်ထားတဲ့အတွက် သန့်စင်တယ်။ ဒီလိုမှမဟုတ်ရင် သားသမီးတွေဟာ ဘုရားရဲ့အမြင်မှာ စင်ကြယ်နေမှာ မဟုတ်ဘူး။ အခုတော့ သူတို့ သန့်ရှင်းနေတယ်။” (၁ ကော. ၇:၁၄) သစ္စာရှိ ခရစ်ယာန်များစွာဟာ အခက်အခဲတွေကြားမှာတောင် မယုံကြည်သူ အိမ်ထောင်ဖက်နဲ့ ဆက်ပေါင်းကြတယ်။ သူတို့ ယေဟောဝါကို ကိုးကွယ်သူတွေ ဖြစ်လာတဲ့အခါ ဆက်ပေါင်းရကျိုးနပ်လို့ သိပ်ပျော်ရွှင်ကြတယ်။—၁ ကောရိန္သု ၇:၁၆ ကိုဖတ်ပါ။ ၁ ပေ. ၃:၁၊ ၂။

၁၉။ ခရစ်ယာန်အသင်းတော်မှာ အောင်မြင်တဲ့ အိမ်ထောင်တွေ ဘာကြောင့် အများကြီး ရှိနေတာလဲ။

၁၉ ယေရှုက ကွာရှင်းခြင်းအကြောင်း ပြောခဲ့သလို တမန်တော် ပေါလုက ခွဲနေခြင်းနဲ့ပတ်သက်ပြီး အကြံပေးခဲ့တယ်။ သူတို့နှစ်ယောက်စလုံးက ဘုရားကျေးကျွန်တွေ အိမ်ထောင်ကို ဂုဏ်တင်စေချင်တယ်။ ဒီနေ့ ခရစ်ယာန်အသင်းတော်မှာ အောင်မြင်တဲ့ အိမ်ထောင်တွေ အများကြီး ရှိတယ်။ သင့်ရဲ့ ဒေသခံအသင်းတော်မှာ ပျော်ရွှင်နေတဲ့ အိမ်ထောင်သည်တွေကို တွေ့နိုင်တယ်။ သူတို့ဟာ ဇနီးကို ချစ်တဲ့ သစ္စာရှိ ညီအစ်ကိုတွေ၊ ခင်ပွန်းကို လေးစားတဲ့ ဇနီးတွေပါပဲ။ သူတို့အားလုံးက အိမ်ထောင်ကို ဂုဏ်တင်နိုင်ကြောင်း ဖော်ပြတယ်။ “ဒါကြောင့် ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်” ဆိုတဲ့ ကျမ်းစကား မှန်ကန်ကြောင်း သက်သေထူသူ သန်းပေါင်းများစွာ ရှိနေလို့ ကျွန်တော်တို့ ဝမ်းမြောက်နိုင်ပါတယ်။—ဧ. ၅:၃၁၊ ၃၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ