ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၂/၁၅ စာ. ၁၅-၂၀
  • “ခရစ်တော်၏စိတ်” သင်၌ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ခရစ်တော်၏စိတ်” သင်၌ရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချဉ်းကပ်ရန်လွယ်ကူခြင်း
  • အခြားသူများကို ထောက်ထားစာနာခြင်း
  • အခြားသူတို့ကို ယုံကြည်စိတ်ချရန်လိုလိုလားလားရှိခြင်း
  • တပည့်တော်များကို ကိုယ်တော်ယုံကြည်ကြောင်း ဖော်ပြခဲ့
  • ‘သူတို့ကို ယေရှု သက်ဆုံးတိုင်အောင် ချစ်တယ်’
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ‘ဘုရားသခင်၏တန်ခိုးတော်တည်းဟူသော ခရစ်တော်’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ယေရှု၏မေတ္တာတော်ကိုသင်တုံ့ပြန်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ကလေးများကို ယေရှုအချိန်ပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၂/၁၅ စာ. ၁၅-၂၀

“ခရစ်တော်၏စိတ်” သင်၌ရှိသလော

“ယေရှုခရစ်၏ . . . စိတ်တညီတညွတ်တည်းရှိကြမည်အကြောင်း၊ သည်းခံခြင်း၊ သက်သာခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။”—ရောမ ၁၅:၆။

၁။ ခရစ်ယာန်ဘောင်ပန်းချီကားများစွာတွင် ယေရှုကို အဘယ်နည်းဖြင့် ပုံဖော်ထားသနည်း၊ ၎င်းသည် ယေရှု၏အကြောင်းနှင့် အဘယ်ကြောင့်မကိုက်ညီသနည်း။

“ကိုယ်တော်ပြုံးရယ်တော်မူခြင်းကို တစ်ကြိမ်တစ်ခါမျှ မတွေ့ခဲ့ရချေ။” ၎င်းသည် ရှေးရောမအရာရှိတစ်ဦး ရေးသားခဲ့သည်ဟု မှားယွင်းစွာဆိုသော စာစောင်တစ်စောင်၌ ယေရှုအား ပုံဖော်ထားခြင်းဖြစ်သည်။ ၁၁ ရာစုကတည်းက ယခုရှိပုံစံအတိုင်းလူတို့သိထားကြသော ဤစာစောင်သည် ပန်းချီဆရာများစွာကို လွှမ်းမိုးခဲ့သည်ဟု ဆိုကြ၏။a ပန်းချီအတော်များများတွင် ယေရှုကို ပြုံးခဲသည့် ဝမ်းနည်းသောမျက်နှာထားနှင့်ပုဂ္ဂိုလ်တစ်ဦးအဖြစ် တွေ့မြင်ကြရသည်။ သို့သော် ယင်းသည် ခရစ်ဝင်ကျမ်းစောင်များ၌ ဖော်ပြထားသည့် ခံစားချက်အပြည့်ရှိ နွေးထွေးကြင်နာတတ်သောယေရှုနှင့် ကိုက်ညီမှုမရှိပေ။

၂။ “ယေရှု၏ . . . စိတ်နှင့်တညီတညွတ်တည်းရှိကြ” ဖို့ ကျွန်ုပ်တို့မည်သို့ပြုလုပ်နိုင်မည်နည်း၊ ယင်းက အဘယ်အမှုကိုပြုလုပ်ရန် ကျွန်ုပ်တို့အားပြင်ဆင်ပေးသနည်း။

၂ တကယ့်ယေရှုကိုသိရှိရန် မြေကြီးပေါ်၌ကိုယ်တော်ရှိစဉ်က မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း တိတိကျကျသိနားလည်ထားရန်လိုကြောင်းထင်ရှားပါ၏။ သို့ဖြစ်၍ “ခရစ်တော်၏စိတ်”—ဆိုလိုသည်ကား ကိုယ်တော်၏ခံစားချက်များ၊ စိတ်ကူးစိတ်သန်းများ၊ တွေးခေါ်မှုများနှင့် ကျိုးကြောင်းဆင်ခြင်ပုံများ—ကိုထိုးထွင်းသိမြင်စေသည့် ခရစ်ဝင်ကျမ်းမှတ်တမ်းအချို့ကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်ကြပါစို့။ (၁ ကောရိန္သု ၂:၁၆) ထိုသို့ပြုရာ၌ “ယေရှု၏ . . . စိတ်နှင့်တညီတညွတ်တည်းရှိကြ” ဖို့ မည်သို့ပြုလုပ်နိုင်သည်ကို သုံးသပ်ကြည့်ကြစို့။ (ရောမ ၁၅:၅) သို့နှင့် ကျွန်ုပ်တို့၏ဘဝအသက်တာ၊ အခြားသူတို့နှင့်ကျွန်ုပ်တို့ဆက်ဆံရာ၌ ကိုယ်တော်ချမှတ်ခဲ့သည့်ပုံစံကို လိုက်လျှောက်ရန်အသင့်ရှိစေမည်။—ယောဟန် ၁၃:၁၅။

ချဉ်းကပ်ရန်လွယ်ကူခြင်း

၃၊ ၄။ (က) မာကု ၁၀:၁၃-၁၆ တွင်ဖော်ပြထားသော မှတ်တမ်း၏ ဇာတ်လမ်းနောက်ခံကားအဘယ်နည်း။ (ခ) ကလေးငယ်များ ယေရှုထံလာနေကြခြင်းကို တပည့်တော်များက ကြိုးစားဆီးတားကြသောအခါ ကိုယ်တော်မည်သို့တုံ့ပြန်ခဲ့သနည်း။

၃ လူတို့သည် ယေရှုထံဆွဲဆောင်ခံကြရသည်။ အခြေအနေအသီးသီးတွင် အသက်အရွယ်နှင့် နောက်ခံအမျိုးမျိုးမှလူတို့သည် ကိုယ်တော်ထံလွတ်လွတ်လပ်လပ်ချဉ်းကပ်ခဲ့ကြ၏။ မာကု ၁၀:၁၃-၁၆ တွင်မှတ်တမ်းတင်ထားသော အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ ယင်းသည် ကိုယ်တော်၏ဓမ္မအမှုဆောင်ချိန် အဆုံးပိုင်း၊ ပြင်းပြစွာဝေဒနာခံပြီးသေခြင်းကိုရင်ဆိုင်ရန် ယေရုရှလင်သို့ နောက်ဆုံးအကြိမ်ဦးတည်သွားခဲ့သည့် အချိန်တွင် ဖြစ်ပျက်ခဲ့သည်။—မာကု ၁၀:၃၂-၃၄။

၄ အဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ။ လူတို့သည် မွေးကင်းစကလေးများအပါအဝင် ကလေးများကို ယေရှုကောင်းချီးပေးစေရန် စတင်ခေါ်ဆောင်လာကြသည်။b သို့သော် တပည့်တော်များသည် ယေရှုထံတော်သို့ ကလေးများလာကြခြင်းကို တားဆီးရန်ကြိုးစားကြလေ၏။ ဤပင်ပန်းခဲယဉ်းသည့်အပတ်များအတွင်း ကလေးများနှင့် ယေရှုအမှန်ပင်စိတ်ရှုပ်ခံလိုမည်မဟုတ်ဟု တပည့်တော်များက ယူဆကောင်းယူဆကြပေမည်။ သို့သော် သူတို့မှားသည်။ တပည့်တော်များ အဘယ်အရာပြုလုပ်နေကြကြောင်းကို ယေရှုသတိပြုမိသောအခါ ကိုယ်တော်မနှစ်သက်ခဲ့ပါ။ ကလေးများကို အထံတော်သို့ခေါ်ကာ ယေရှုက ဤသို့မိန့်တော်မူသည်– “ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။” (မာကု ၁၀:၁၄) ထို့နောက် အမှန်ပင်ချစ်ခင်ကြင်နာသည့်အပြုအမူတစ်ခုကို ကိုယ်တော်ပြုသည်။ မှတ်တမ်းက ဤသို့ဆိုသည်– “သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။” (မာကု ၁၀:၁၆) ကလေးတို့ကို ယေရှုဂရုတစိုက်ထွေးပိုက်သည့်အခါ သူတို့မှာကြောက်စိတ်မရှိကြောင်း ထင်ရှားသည်။

၅။ ယေရှုသည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း မာကု ၁၀:၁၃-၁၆ ပါမှတ်တမ်းကဖော်ပြသနည်း။

၅ ယေရှုသည် မည်သို့သောပုဂ္ဂိုလ်မျိုး ဖြစ်ခဲ့ကြောင်းကို ထိုအကျဉ်းချုပ်မှတ်တမ်းက များစွာဖော်ပြပေးသည်။ ကိုယ်တော်သည် ချဉ်းကပ်ရလွယ်ကူကြောင်း သတိပြုပါ။ ကိုယ်တော်သည် ကောင်းကင်ဘုံ၌ မြင့်မြတ်သောနေရာကိုစံမြန်းခဲ့သော်လည်း မစုံလင်သောလူသားများကို မိမိအားစိုးရွံ့စေခြင်း သို့မဟုတ် နှိမ်ခြင်းလည်းမရှိခဲ့ချေ။ (ယောဟန် ၁၇:၅) ကလေးများပင် ကိုယ်တော်နှင့်သက်သောင့်သက်သာရှိခြင်းက မထူးခြားပေလော။ ဘယ်သောအခါမျှ မပြုံးမရယ်၊ ပျော်ရွှင်မှုမရှိသည့် အေးစက်စက်နိုင်သူတစ်ဦးထံသို့ သူတို့ အမှန်ပင်ချဉ်းကပ်လိုကြမည်မဟုတ်ချေ! ယေရှုသည် နွေးထွေး၍ ဂရုစိုက်တတ်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း လူတို့ခံစားမိကြ၍ ကိုယ်တော်သည် မိမိတို့ကိုငြင်းပယ်မည်မဟုတ်ကြောင်း ယုံကြည်စိတ်ချကြသောကြောင့် အသက်အရွယ်အသီးသီးရှိသူအားလုံး ကိုယ်တော်ထံချဉ်းကပ်ခဲ့ကြသည်။

၆။ အကြီးအကဲများသည် မိမိတို့ကိုယ်ကို သာ၍ချဉ်းကပ်ရလွယ်ကူသူများ မည်သို့ဖြစ်စေနိုင်သနည်း။

၆ ဤမှတ်တမ်းကို သုံးသပ်ကာ ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကို ‘ခရစ်တော်ရဲ့စိတ်ထား ငါ့မှာရှိသလား၊ ငါဟာ ချဉ်းကပ်ရလွယ်သူဖြစ်သလား’ ဟုမေးမြန်းနိုင်သည်။ ဤခဲယဉ်းသောကာလအတွင်း ဘုရားသခင့်သိုးများသည် “လေလုံ၍မိုးသက်မုန်တိုင်းကွယ်ရာအရပ်” ကဲ့သို့သော ချဉ်းကပ်ရလွယ်ကူသည့် သိုးထိန်းများလိုအပ်နေကြသည်။ (ဟေရှာယ ၃၂:၁၊ ၂; ၂ တိမောသေ ၃:၁) အကြီးအကဲများ၊ သင့်ညီအစ်ကိုများကို စိတ်ရင်းမှန်ဖြင့် လှိုက်လှိုက်လှဲလှဲစိတ်ဝင်စားပြီး သူတို့၏အကျိုးကိုသယ်ပိုးမည်ဆိုလျှင် သင်၏စိုးရိမ်ကြောင့်ကြမှုကို သူတို့ခံစားမိပေလိမ့်မည်။ သင်၏မျက်နှာထား၊ အသံနေအသံထားနှင့် ကြင်နာစွာပြုမူဆက်ဆံပုံတွင် သင့်ကြောင့်ကြမှုကို သူတို့တွေ့ရှိကြရပါလိမ့်မည်။ ထိုသို့သော စစ်မှန်သည့်နွေးထွေးမှုနှင့် ပူပင်ကြောင့်ကြမှုတို့က ကလေးများအပါအဝင် အခြားသူတို့အနေဖြင့် သင့်ထံချဉ်းကပ်ရန် လွယ်ကူစေသည့် အားကိုးအားထားလောက်သောအနေအထားကို ဖန်တီးပေးနိုင်ပေသည်။ ခရစ်ယာန်အမျိုးသမီးတစ်ဦးက အကြီးအကဲတစ်ဦးအား သူအဘယ်ကြောင့်ရင်ဖွင့်ဝံ့ကြောင်း ဤသို့ရှင်းပြခဲ့သည်– “သူဟာ သနားကြင်နာစာနာတဲ့နည်းနဲ့ ကျွန်မကိုစကားပြောဆိုတတ်တယ်။ ဒီလိုမှမဟုတ်ရင် သူ့ကို စကားတစ်လုံးမှ ပြောထွက်မှာမဟုတ်ဘူး။ သူဟာ ကျွန်မကိုလုံခြုံတဲ့စိတ်ရှိစေတယ်။”

အခြားသူများကို ထောက်ထားစာနာခြင်း

၇။ (က) ယေရှုသည် အခြားသူတို့ကို ထောက်ထားစာနာကြောင်း မည်သို့တင်ပြခဲ့သနည်း။ (ခ) မျက်စိမမြင်သူတစ်ဦး၏အမြင်ကို ယေရှု အဘယ်ကြောင့်တဖြည်းဖြည်းချင်းကောင်းသွားစေခဲ့သနည်း။

၇ ယေရှုသည် ထောက်ထားစာနာတတ်သူဖြစ်၏။ အခြားသူတို့၏ခံစားချက်များကို အကင်းပါးပါးဖြင့် သိရှိတော်မူသည်။ ဝေဒနာခံစားရသူကိုတွေ့ရုံဖြင့် ကိုယ်တော်သည် အလွန်စိတ်ထိခိုက်ပြီး သူတို့ခံစားရသမျှကိုသက်သာစေရန် လှုံ့ဆော်ပေးခံရသည်။ (မဿဲ ၁၄:၁၄) အခြားသူတို့၏ကန့်သတ်ချက်များနှင့် လိုအပ်ချက်များကိုလည်း ကိုယ်တော်စာနာခဲ့၏။ (ယောဟန် ၁၆:၁၂) တစ်ခါက လူတို့သည် မျက်စိမမြင်သူတစ်ဦးကို ယေရှုထံခေါ်ဆောင်လာပြီး သူ့ကိုကုသပေးရန် တောင်းပန်ခဲ့ကြ၏။ ထိုသူ၏အမြင်အာရုံကို ကိုယ်တော်ပြန်ကောင်းစေခဲ့သော်လည်း တဖြည်းဖြည်းသာပြုလုပ်ပေးခဲ့သည်။ ပထမတွင် ထိုသူသည် လူများကို မသဲမကွဲ—“လူတို့သည်သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်”—သာတွေ့မြင်ခဲ့သည်။ ထို့နောက်တွင် သူ၏အမြင်အာရုံကို ယေရှုလုံးဝကောင်းသွားစေ၏။ ထိုသူကို ကိုယ်တော်အဘယ်ကြောင့် တဖြည်းဖြည်းချင်းကုသပေးခဲ့သနည်း။ ယင်းက အမှောင်ထဲနေကျင့်ရှိသူကို နေရောင်ထွန်းတောက်၍ ရှုပ်ထွေးသောကမ္ဘာကို ရုတ်တရက်မြင်တွေ့ရခြင်း၏ ထိတ်လန့်မှုမခံစားရစေရန်ဖြစ်ပေလိမ့်မည်။—မာကု ၈:၂၂-၂၆။

၈၊ ၉။ (က) ဒေကာပေါလိအရပ်သို့ ယေရှုနှင့် ကိုယ်တော်၏တပည့်တော်များ ရောက်သွားကြပြီးနောက် မကြာမီ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ (ခ) နားပင်းသူတစ်ဦးအား ယေရှုကုသပေးပုံကိုဖော်ပြပါ။

၈ စီ.အီး. ၃၂ ခုနှစ်ပသခါပွဲပြီးနောက် ဖြစ်ပျက်ခဲ့သောဖြစ်ရပ်တစ်ခုကိုလည်း သုံးသပ်ကြည့်ပါ။ ယေရှုနှင့် ကိုယ်တော်၏တပည့်တော်တို့သည် ဂါလိလဲပင်လယ်၏အရှေ့ဘက် ဒေကာပေါလိအရပ်သို့ သွားရောက်ခဲ့ကြသည်။ ထိုနေရာ၌ လူအုပ်သည် သူတို့ကို မကြာမီတွေ့သွားကြပြီး ဖျားနာသူနှင့် မသန်စွမ်းသူများစွာကို ယေရှုထံသို့ခေါ်ဆောင်လာကြရာ သူတို့အားလုံးကို ကိုယ်တော်ကုသပေး၏။ (မဿဲ ၁၅:၂၉၊ ၃၀) စိတ်ဝင်စားစရာမှာ ယေရှုသည် လူတစ်ဦးကို အထူးထောက်ထားစာနာခဲ့ခြင်းဖြစ်သည်။ ဤဖြစ်ရပ်ကို မှတ်တမ်းတင်သူတစ်ဦးတည်းဖြစ်သည့် ခရစ်ဝင်ကျမ်းရေးသူမာကုက အဖြစ်အပျက်ကို အစီရင်ခံလေသည်။—မာကု ၇:၃၁-၃၅။

၉ ထိုသူသည် နားပင်း၍ စကားပင်ကောင်းစွာမပြောနိုင်ချေ။ ဤသူ၏ အထူးကြောက်ရွံ့တတ်စိတ် သို့မဟုတ် ရှက်တတ်သည့်သဘောကို ယေရှုခံစားမိပေမည်။ ထိုအခါလုပ်လေ့လုပ်ထမရှိသည့်အမှုတစ်ခုကို ကိုယ်တော်ပြုလုပ်တော်မူ၏။ ထိုသူကို ဆိတ်ကွယ်ရာအရပ်သို့ လူအုပ်ကြားမှ ခေါ်ထုတ်သွားသည်။ ထို့နောက် ယေရှုသည် သူ့အား အဘယ်အရာပြုပေးမည်ကိုသိရှိစေရန် အရိပ်အယောင်ပြခဲ့သည်။ ကိုယ်တော်သည် “လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံထွေးနှင့်ထွေး၍ သူ၏လျှာကိုလည်းတို့တော်မူ၏။” (မာကု ၇:၃၃) ၎င်းနောက် ယေရှုသည် ကောင်းကင်သို့မျှော်ကြည့်၍ ရေရွတ်ကာဆုတောင်းခဲ့သည်။ ဤအမူအရာများကိုဖော်ပြပြုလုပ်ခြင်းက ‘မင်းအတွက် ငါပြုလုပ်ပေးမယ့်အရာဟာ ဘုရားသခင့် တန်ခိုးတော်ကြောင့်ဖြစ်တယ်’ ဟု ထိုသူအားဆိုရာရောက်မည်ဖြစ်သည်။ အဆုံးတွင် ယေရှုက “ပွင့်စေ” ဟုမိန့်တော်မူ၏။ (မာကု ၇:၃၄) ထိုအခါ ထိုသူသည်ပြန်ကြားရပြီး ပုံမှန်အတိုင်း စကားပြောဆိုလာနိုင်၏။

၁၀၊ ၁၁။ အသင်းတော်အတွင်း၊ မိသားစုအတွင်း အခြားသူတို့၏ခံစားချက်များကို ကျွန်ုပ်တို့မည်သို့ထောက်ထားစာနာနိုင်သနည်း။

၁၀ အခြားသူများကို ယေရှု တကယ်ထောက်ထားစာနာခဲ့လေခြင်း! ကိုယ်တော်သည် သူတို့၏ခံစားချက်များကို အကင်းပါးပါးဖြင့်သိတော်မူပြီး ဤထောက်ထားစာနာမှုကတစ်ဖန် သူတို့၏ခံစားချက်များကို ငဲ့ညှာပေးသည့်နည်းဖြင့် လုပ်ဆောင်ရန် စေ့ဆော်ပေးသည်။ ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် ဤကိစ္စနှင့်ပတ်သက်၍ ခရစ်တော်၏စိတ်ကိုမွေးမြူ၍ ဖော်ပြသင့်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့ဆုံးမထားသည်– “သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။” (၁ ပေတရု ၃:၈) ယင်းက အခြားသူတို့၏ခံစားချက်များကို ထောက်ထားစာနာ၍ ပြောဆိုပြုမူရန် ကျွန်ုပ်တို့ထံမှ အမှန်ပင်တောင်းဆိုသည်။

၁၁ အသင်းတော်၌ အခြားသူတို့ကိုဂုဏ်တင်ခြင်း၊ ကိုယ့်ကိုသူတစ်ပါးဆက်ဆံစေလိုသကဲ့သို့ သူတို့ကိုဆက်ဆံခြင်းအားဖြင့် အခြားသူတို့၏ခံစားချက်များကို ထောက်ထားစာနာကြောင်း ဖော်ပြနိုင်ကြပါသည်။ (မဿဲ ၇:၁၂) ယင်းတွင် ကျွန်ုပ်တို့ပြောဆိုသည့်စကားအပြင် မည်သို့ပြောဆိုသည်ကို ဂရုစိုက်ခြင်းလည်းပါဝင်ပေသည်။ (ကောလောသဲ ၄:၆) ’မစဉ်းစားဘဲပြောဆိုသောစကားသည် သန်လျက်နှင့်ထိုးသကဲ့သို့ဖြစ်’ ကြောင်းသတိရပါ။ (သု. ၁၂:၁၈) မိသားစုအတွင်း၌ကော။ အမှန်တကယ်ချစ်ကြသော ခင်ပွန်းနှင့်ဇနီးတို့သည် အချင်းချင်း၏ခံစားချက်များကို အကင်းပါးစွာသိရှိကြသည်။ (ဧဖက် ၅:၃၃) ရုန့်ရင်းကြမ်းတမ်းသောစကားများ၊ ညှာတာမှုကင်းမဲ့သောဝေဖန်ချက်နှင့် နာကြည်းစေသည့်ခနဲ့တဲ့တဲ့ပြောဆိုခြင်းများကို သူတို့ရှောင်ရှားကြသည်၊ ထိုအရာအားလုံးမှာ လွယ်လွယ်ကူကူဖြင့်မမေ့ပျောက်နိုင်သည့် နာကြည်းစေသောခံစားချက်များကို ဖြစ်ပေါ်စေသည်။ ကလေးများမှာလည်း ခံစားချက်များရှိရာ မေတ္တာရှိသောမိဘများက ယင်းတို့ကို ထည့်သွင်းစဉ်းစားတတ်သည်။ ပဲ့ပြင်မှုလိုအပ်သောအခါ ထိုသို့သောမိဘများသည် မိမိသားသမီးများ၏ ဂုဏ်သိက္ခာကိုလေးစားသည့်နည်းဖြင့် ပဲ့ပြင်တတ်ကြရာ သူတို့ကို မလိုအပ်သောစိတ်အနှောင့်အယှက်ရရှိစေမည်မဟုတ်ပါ။c (ကောလောသဲ ၃:၂၁) ဤနည်းဖြင့် အခြားသူတို့ကိုထောက်ထားစာနာမှု ပြသကြသောအခါ ကျွန်ုပ်တို့၌ ခရစ်တော်၏စိတ်ရှိကြောင်း ဖော်ပြရာကျပေသည်။

အခြားသူတို့ကို ယုံကြည်စိတ်ချရန်လိုလိုလားလားရှိခြင်း

၁၂။ တပည့်တော်များအပေါ် အဘယ်မျှတပြီး လက်တွေ့ကျသောအမြင် ယေရှု၌ရှိသနည်း။

၁၂ တပည့်တော်များအပေါ် ယေရှု၌မျှတပြီး လက်တွေ့ကျသောအမြင်ရှိသည်။ သူတို့သည် မစုံလင်ကြောင်း ကိုယ်တော်ကောင်းစွာသိတော်မူ၏။ အမှန်ဆိုလျှင် လူ့နှလုံးကို ကိုယ်တော်သိနိုင်တော်မူသည်။ (ယောဟန် ၂:၂၄၊ ၂၅) သို့တိုင် သူတို့၏မစုံလင်မှုများကိုသာ ကိုယ်တော်တွေ့မြင်သည်မဟုတ်၊ သူတို့၏အရည်အချင်းကောင်းများကိုလည်း တွေ့မြင်ခဲ့သည်။ အထံတော်သို့ ယေဟောဝါသွေးဆောင်ထားတော်မူသည့် ဤသူတို့ရှိ အလားအလာကိုလည်း ကိုယ်တော်တွေ့မြင်ခဲ့၏။ (ယောဟန် ၆:၄၄) တပည့်တော်များအပေါ် ယေရှု၏အပြုသဘောပါသောရှုမြင်ချက်သည် သူတို့နှင့် ကိုယ်တော်ပြုမူဆက်ဆံပုံ၌ ထင်ရှားခဲ့သည်။ တစ်ချက်မှာ သူတို့ကို ကိုယ်တော်ယုံကြည်စိတ်ချရန် လိုလိုလားလားရှိတော်မူကြောင်းတင်ပြခဲ့သည်။

၁၃။ တပည့်တော်များကို ယုံကြည်စိတ်ချကြောင်း ယေရှုမည်သို့တင်ပြခဲ့သနည်း။

၁၃ ထိုသို့သောယုံကြည်စိတ်ချမှုကို ယေရှု မည်သို့ဖော်ပြခဲ့သနည်း။ ကမ္ဘာမြေကြီးပေါ်မှ ယေရှုထွက်ခွာသွားသောအခါ ဘိသိက်ခံတပည့်တော်များကို ကြီးလေးသည့်တာဝန်တစ်ခု လွှဲပြောင်းပေးခဲ့သည်။ ကိုယ်တော့်နိုင်ငံတော်၏ ကမ္ဘာချီအမှုရေးကိစ္စများကို ဂရုစိုက်ပေးခြင်းတာဝန်ကို သူတို့၏လက်ထဲအပ်နှင်းခဲ့သည်။ (မဿဲ ၂၅:၁၄၊ ၁၅; လုကာ ၁၂:၄၂-၄၄) ကိုယ်တော်ဓမ္မအမှုဆောင်စဉ်အတွင်း သေးငယ် သွယ်ဝိုက်သောနည်းများဖြင့်ပင် သူတို့ကို ယုံကြည်စိတ်ချကြောင်း ပြသခဲ့သည်။ အံ့ဖွယ်နည်းဖြင့်အစာကိုပွားများစေပြီး လူအုပ်ကို ကျွေးမွေးသောအခါ တပည့်တော်များအား အစားအစာဝေမျှခြင်းတာဝန်ကို လွှဲအပ်ပေးခဲ့သည်။—မဿဲ ၁၄:၁၅-၂၁; ၁၅:၃၂-၃၇။

၁၄။ မာကု ၄:၃၅-၄၁ တွင်မှတ်တမ်းတင်ထားသည့်အကြောင်းကို သင်မည်သို့ အကျဉ်းချုံးဖော်ပြမည်နည်း။

၁၄ မာကု ၄:၃၅-၄၁ တွင်ရေးသားဖော်ပြထားသည့်မှတ်တမ်းကိုလည်း သုံးသပ်ကြည့်ပါ။ ဤအခါသမယတွင် ယေရှုနှင့် တပည့်တော်တို့သည် လှေတစ်စီးကိုစီး၍ ဂါလိလဲပင်လယ်ကိုဖြတ်ကာ အရှေ့ဘက်သို့ရွက်လွှင့်ခဲ့ကြသည်။ သူတို့ထွက်ခွာပြီးမကြာမီအချိန်၌ ယေရှုသည် ပဲ့ပိုင်းတွင်လဲလျောင်းကာ အိပ်မောကျသွားသည်။ သို့သော် များမကြာမီ “ပြင်းစွာသောမိုးသက်မုန်တိုင်းဖြစ် . . . လေ၏။” ဂါလိလဲပင်လယ်တွင် ထိုကဲ့သို့သောမုန်တိုင်းများဖြစ်ခြင်းသည် မထူးဆန်းပေ။ ကုန်းမြေအောက် (ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၇၀၀ ခန့်) တွင်တည်ရှိနေခြင်းကြောင့် ထိုနေရာဝန်းကျင်ဒေသတွင် လေထုသည် သာ၍ပူနွေးသဖြင့် လေထုဆိုင်ရာယောက်ယက်ခတ်မှုများကို ဖန်တီးပေးသည်။ ထို့အပြင် မြောက်ဘက်ရှိဟေရမုန်တောင်မှ ယောဒန်ချိုင့်ဝှမ်းသို့ ပြင်းထန်သောလေ တစ်ဟုန်ထိုးဆင်းလာတိုက်ခတ်လေ့ရှိ၏။ ငြိမ်သက်နေရာမှ ချက်ချင်းပင် မုန်တိုင်းထန်သွားနိုင်သည်။ ဤအချက်ကိုစဉ်းစားကြည့်ပါ– ယေရှုသည် ဂါလိလဲနယ်တွင် ကြီးပြင်းလာခဲ့ခြင်းကြောင့် ဖြစ်နေကျမုန်တိုင်းများအကြောင်း အမှန်သိထားမည်။ သို့တိုင် တစ်ချိန်က တံငါသည်များဖြစ်ခဲ့သောတပည့်အချို့၏ကျွမ်းကျင်မှုကို ကိုယ်တော်ယုံကြည်စိတ်ချကာ အေးဆေးစွာအိပ်စက်လေသည်။—မဿဲ ၄:၁၈၊ ၁၉။

၁၅။ တပည့်တော်များကို ယုံကြည်စိတ်ချရန် ယေရှု၏တလိုတလားစိတ်ကို ကျွန်ုပ်တို့မည်သို့အတုယူမည်နည်း။

၁၅ တပည့်တော်များကို ယုံကြည်စိတ်ချရန် ယေရှု၏တလိုတလားရှိစိတ်ထားကို ကျွန်ုပ်တို့အတုယူနိုင်မည်လော။ အချို့သူတို့သည် အခြားသူတို့အား တာဝန်လွှဲပြောင်းအပ်ပေးရန် ခက်ခဲကြောင်းတွေ့ရှိကြသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် သူတို့ကိုယ်တိုင် အမြဲတာဝန်ယူလုပ်ကိုင်မှသာလျှင်ဖြစ်၏။ သူတို့က ‘အလုပ်တစ်ခု ကောင်းကောင်းပြီးချင်ရင် ငါကိုယ်တိုင်လုပ်မှဖြစ်မယ်’ ဟူသည့်သဘောထားရှိကြပေမည်။ သို့သော် အလုပ်အားလုံးကို ကိုယ်တိုင်ပြုလုပ်ရမည်ဆိုလျှင် ကျွန်ုပ်တို့မောပန်းနွမ်းနယ်ရုံရှိပြီး မလိုအပ်ဘဲနှင့်မိသားစုကို အချိန်မပေးနိုင်ဖြစ်ပေမည်။ ထို့အပြင် သင့်တော်သောလုပ်ငန်းများနှင့် တာဝန်များကို အခြားသူတို့ထံ ကျွန်ုပ်တို့လွှဲပြောင်းအပ်ပေးခြင်းမရှိလျှင် သူတို့လိုအပ်သည့်အတွေ့အကြုံနှင့် လေ့ကျင့်မှုမရဘဲဖြစ်စေမည်။ အခြားသူတို့အား အမှုရေးရာများကို လွှဲအပ်ပေးနိုင်ရန် သူတို့ကို ယုံကြည်စိတ်ချတတ်ဖို့သင်ယူလျှင်ကောင်းပေမည်။ ကျွန်ုပ်တို့ကိုယ်ကို ရိုးသားပွင့်လင်းစွာဖြင့် ‘ဤအရေးကိစ္စတွင် ကျွန်ုပ်တို့၌ ခရစ်တော်၏စိတ်ထား ရှိပါသလော၊ ကျွန်ုပ်သည် အခြားသူတို့ထံ လုပ်ငန်းအချို့ကို တလိုတလားလွှဲပြောင်းပေးကာ သူတို့အတတ်နိုင်ဆုံးလုပ်ဆောင်ကြလိမ့်မည်ဟု ယုံကြည်စိတ်ချပါသလော’ ဟူ၍မေးမြန်းရန်ကောင်းပေမည်။

တပည့်တော်များကို ကိုယ်တော်ယုံကြည်ကြောင်း ဖော်ပြခဲ့

၁၆၊ ၁၇။ တမန်တော်များသည် မိမိကိုစွန့်ပယ်သွားကြလိမ့်မည်ဖြစ်ကြောင်း ယေရှုသိထားလင့်ကစား ကိုယ်တော့်မြေကြီးအသက်တာ၏နောက်ဆုံးညတွင် သူတို့ကို မည်သို့စိတ်ချစေခဲ့သနည်း။

၁၆ ယေရှုသည် မိမိတပည့်တော်များအပေါ် အပြုသဘောရှုမြင်ပုံရှိကြောင်း အရေးပါသည့်အခြားနည်းတစ်နည်းဖြင့် ဖော်ပြခဲ့သည်။ သူတို့ကိုယုံကြည်စိတ်ချကြောင်း ကိုယ်တော်သိစေခဲ့၏။ ကိုယ်တော့်မြေကြီးအသက်တာ၏နောက်ဆုံးညတွင် တမန်တော်များ စိတ်ချစေရန် ကိုယ်တော်ပြောခဲ့သောစကား၌ ၎င်းထင်ရှားသည်။ အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း သတိပြုပါ။

၁၇ ယေရှုအတွက် အလွန်အလုပ်များသောညနေခင်းဖြစ်သည်။ ကိုယ်တော်သည် မိမိတမန်တော်များ၏ခြေကို ဆေးပေးခြင်းအားဖြင့် နှိမ့်ချမှုနှင့်ဆိုင်သော လက်တွေ့ကျသင်ခန်းစာတစ်ခုကိုပေးခဲ့သည်။ ထို့နောက်တွင် မိမိ၏သေခြင်းကိုအမှတ်ရစေမည့် ညစာစားပွဲကိုစတင်ခဲ့သည်။ ထိုအခါ မည်သူပို၍ကြီးမြတ်ကြောင်းကို တမန်တော်များ ထပ်မံငြင်းခုံကြပြန်သည်။ အစဉ်သည်းခံကာယေရှုသည် သူတို့ကိုပြစ်တင်ပြောဆိုခြင်းမပြုဘဲ သူတို့နှင့်ကျိုးကြောင်းဆင်ခြင်ခဲ့သည်။ ရှေ့တွင် အဘယ်အရာရှိနေကြောင်းကို သူတို့အား ကိုယ်တော်ကဤသို့မိန့်တော်မူခဲ့သည်– “ကျမ်းစာလာသည်ကား၊ ‘သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည်ကွဲလွင့်ရကြလိမ့်မည်’ ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညတွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။” (မဿဲ ၂၆:၃၁; ဇာခရိ ၁၃:၇) မိမိနှင့်အရင်းနှီးဆုံး အပေါင်းအဖော်များသည် မိမိအကူအညီအလိုအပ်ဆုံးအချိန်တွင် စွန့်ပစ်ခွဲခွာသွားကြလိမ့်မည်ဖြစ်ကြောင်း ကိုယ်တော်သိတော်မူသည်။ သို့တိုင် သူတို့ကို ပြစ်တင်ပြောဆိုခြင်းမပြုချေ။ သူတို့ကို ကိုယ်တော်ကဤသို့မိန်တော်မူခဲ့သည်– “သို့သော်လည်း ငါသည် ထမြောက်ပြီးမှ သင်တို့ရှေ့ဂါလိလဲပြည်ကိုသွားမည်။” (မဿဲ ၂၆:၃၂) မှန်ပါသည်၊ ကိုယ်တော့်ကို သူတို့စွန့်ခွာသွားကြမည်ဖြစ်သော်လည်း သူတို့ကို ကိုယ်တော်စွန့်မည်မဟုတ်ကြောင်း စိတ်ချစေခဲ့သည်။ ဤအဖြစ်ဆိုးကိုတွေ့ကြုံကြရပြီးနောက် ကိုယ်တော်သည် သူတို့နှင့်ပြန်ဆုံတွေ့မည်ဖြစ်သည်။

၁၈။ ဂါလိလဲတွင် ယေရှုသည် မိမိ၏တပည့်တော်များကို အဘယ်အရေးပါသောလုပ်ငန်းအပ်နှင်းခဲ့သနည်း၊ ယင်းကို တမန်တော်များ မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။

၁၈ ယေရှုသည် စကားတည်ခဲ့သည်။ နောက်ပိုင်းတွင် ထမြောက်ခဲ့သောယေရှုသည် အခြားသူများစွာတို့ကိုပါ စုသိမ်းခဲ့ကြသည့် သစ္စာရှိသောတမန်တော် ၁၁ ပါးရှေ့၌ ဂါလိလဲပြည်တွင်ကိုယ်ယောင်ပြခဲ့သည်။ (မဿဲ ၂၈:၁၆၊ ၁၇; ၁ ကောရိန္သု ၁၅:၆) ထိုတွင် ယေရှုသည် သူတို့ကို အရေးပါသောလုပ်ငန်းတစ်ခု အပ်နှင်းခဲ့၏– “သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို [နှစ်ခြင်း] ပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ . . . ပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) တမန်တော်များသည် အဆိုပါလုပ်ငန်း တာဝန်ကို ဆောင်ရွက်ခဲ့ကြကြောင်း တမန်တော်ကျမ်းက အထင်အရှားဖော်ပြသည်။ သူတို့သည် ပထမရာစုနှစ်တွင် သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို သစ္စာရှိရှိ ဦးစီးဦးဆောင်ခဲ့ကြသည်။—တမန်တော် ၂:၄၁၊ ၄၂; ၄:၃၃; ၅:၂၇-၃၂။

၁၉။ ယေရှုထမြောက်ပြီးနောက် ကိုယ်တော်၏လုပ်ဆောင်မှုများက ခရစ်တော်၏စိတ်အကြောင်း ကျွန်ုပ်တို့ကို အဘယ်အရာသင်ပေးသနည်း။

၁၉ ထင်ရှားဖော်ပြသောဤမှတ်တမ်းက ခရစ်တော်၏စိတ်အကြောင်း ကျွန်ုပ်တို့ကို အဘယ်အရာသင်ပေးသနည်း။ ယေရှုသည် တမန်တော်များ၏ အဆိုးရွားဆုံးအဖြစ်ကိုတွေ့မြင်ခဲ့သော်လည်း ကိုယ်တော်သည် သူတို့ကို “အဆုံးတိုင်အောင်ချစ်တော်မူ၏။” (ယောဟန် ၁၃:၁) သူတို့မှာချွတ်ယွင်းချက်များရှိကြသော်လည်း သူတို့ကို ယုံကြည်စိတ်ချကြောင်း သိစေခဲ့သည်။ ယေရှု၏ယုံကြည်စိတ်ချမှုသည် မမှားခဲ့ကြောင်းသတိပြုပါ။ ကိုယ်တော်ဖော်ပြတော်မူခဲ့သော ယုံကြည်စိတ်ချမှုက သူတို့ဆောင်ရွက်ရန် ကိုယ်တော်အမိန့်ပေးခဲ့သောလုပ်ငန်းကို မဆုတ်မနစ်ဇွဲဖြင့်ဆက်လက်လုပ်ဆောင်ရန် သူတို့စိတ်ပိုင်းဖြတ်ဖို့ ခွန်အားပေးခဲ့မည်မှာ သံသယဖြစ်စရာမလိုချေ။

၂၀၊ ၂၁။ ကျွန်ုပ်တို့၏ယုံကြည်သူချင်းတို့အပေါ် အပြုသဘောဖြင့်ရှုပုံကို မည်သို့ဖော်ပြကြမည်နည်း။

၂၀ ယင်းနှင့်ပတ်သက်၍ ခရစ်တော်၏စိတ်ကို ကျွန်ုပ်တို့မည်သို့ဖော်ပြနိုင်သနည်း။ ယုံကြည်သူချင်းတို့နှင့်စပ်လျဉ်း၍ အပျက်သဘောမရှုမြင်ပါနှင့်။ အဆိုးရွားဆုံးကို သင်ထင်မြင်နေမည်ဆိုလျှင် သင့်အပြောအဆိုအပြုအမူက ယင်းကို ဖော်ပြပေလိမ့်မည်။ (လုကာ ၆:၄၅) သို့သော် သမ္မာကျမ်းစာက မေတ္တာသည် “ခပ်သိမ်းသောအရာကိုယုံတတ်၏” ဟုဆိုသည်။ (၁ ကောရိန္သု ၁၃:၇) မေတ္တာသည် အပြုသဘောဆောင်၏၊ အပျက်သဘောမပါချေ။ ယင်းသည် ဖျက်ဆီးမည့်အစား တည်ဆောက်ပေးသည်။ လူတို့သည် ခြိမ်းခြောက်ခြင်းထက် မေတ္တာထားခြင်းနှင့် အားပေးခြင်းကို တလိုတလားတုံ့ပြန်တတ်ကြသည်။ သူတို့ကို ယုံကြည်စိတ်ချကြောင်းဖော်ပြခြင်းအားဖြင့် သူတစ်ပါးကို တည်ဆောက်အားပေးနိုင်သည်။ (၁ သက်သာလောနိတ် ၅:၁၁) ခရစ်တော်နည်းတူ ကျွန်ုပ်တို့သည် ညီအစ်ကိုများကို အပြုသဘောဖြင့်ရှုမြင်ကြမည်ဆိုလျှင် သူတို့ကို တည်ဆောက်မှုပေးသည့်နည်းများဖြင့်ဆက်ဆံပြီး သူတို့ထံမှ အကောင်းဆုံးအရည်အချင်းများ ပေါ်ထွက်လာစေပေလိမ့်မည်။

၂၁ ခရစ်တော်၏စိတ်ကို မွေးမြူ၍ထင်ရှားပြခြင်း၌ ယေရှုပြုလုပ်ခဲ့ရာအချို့ကို အတုယူခြင်းမျှထက်တာသွားပေသည်။ ရှေ့ဆောင်းပါးတွင်ဖော်ပြထားသကဲ့သို့ ယေရှုနည်းတူကျွန်ုပ်တို့ အမှန်တကယ်ကျင့်ကြံကြမည်ဆိုလျှင် ကိုယ်တော်ရှုမြင်သကဲ့သို့ ကျွန်ုပ်တို့ရှုမြင်ရန် ဦးစွာသင်ယူကြရမည်ဖြစ်သည်။ နောက်ဆောင်းပါးတွင် ဆွေးနွေးဖော်ပြသည့်အတိုင်း ခရစ်ဝင်ကျမ်းများသည် ကိုယ်တော်၏ပင်ကိုအရည်အသွေး၊ ကိုယ်တော်အားခန့်အပ်ထားသည့်လုပ်ငန်းအပေါ် ကိုယ်တော့်အတွေးအခေါ်၊ ကိုယ်တော့်ခံစားချက်များ၏ အခြားရှုထောင့်တစ်ခုကို တွေ့မြင်စေသည်။

[အောက်ခြေမှတ်ချက်များ]

a အဆိုပါစာစောင်၌ လုပ်ကြံရေးသားသူသည် ယေရှု၏ဆံပင်၊ မုတ်ဆိတ်နှင့် မျက်လုံးအရောင်အပါအဝင် ကိုယ်တော်၏ရုပ်ရည်ရူပကာကို စိတ်ထင်အရဖော်ပြထားသည်။ ကျမ်းစာဘာသာပြန်သူ အက်ဒ်ဂါ ဂျေ၊ ဂွတ်စပီဒ်က ဤလုပ်ကြံရေးသားမှုမှာ “ပန်းချီဆရာတို့၏လက်စွဲစာအုပ်များတွင် ဖော်ပြထားသည့် ယေရှု၏ရုပ်သွင်ကို ပျံ့နှံ့သွားစေဖို့ဖြစ်သည်” ဟုရှင်းပြသည်။

b ကလေးများသည် အသက်အရွယ်အသီးသီးဖြစ်မည်မှာ ထင်ရှားပါ၏။ ဤနေရာ၌ “သူငယ်” ဟူ၍ ဘာသာပြန်ဆိုထားသောစကားလုံးကို ယာဣရု၏ ၁၂ အရွယ်သမီးအတွက်လည်းအသုံးပြုထားသည်။ (မာကု ၅:၃၉၊ ၄၂; ၁၀:၁၃) သို့သော် အပြိုင်မှတ်တမ်း၌ လုကာက မွေးကင်းစကလေးငယ်များအတွက်လည်းအသုံးပြုသည့် စကားလုံးကိုသုံးထားသည်။—လုကာ ၁:၄၁; ၂:၁၂; ၁၈:၁၅။

c ၁၉၉၈၊ ဧပြီ ၁၊ ထုတ် ကင်းမျှော်စင်မှ “သူတို့၏ဂုဏ်သိက္ခာကို သင်လေးစားပါသလော” ဆောင်းပါးရှု။

သင်ရှင်းပြနိုင်သလော

• တပည့်တော်များသည် ယေရှုထံကလေးများလာကြခြင်းကို ဆီးတားရန်ကြိုးစားကြသောအခါ ကိုယ်တော်မည်သို့တုံ့ပြန်ခဲ့သနည်း။

• အခြားသူတို့ကို ထောက်ထားစာနာကြောင်း အဘယ်နည်းများဖြင့် ယေရှုပြသတော်မူခဲ့သနည်း။

• တပည့်တော်များအပေါ် ယေရှု၏တလိုတလားယုံကြည်စိတ်ချမှုကို ကျွန်ုပ်တို့မည်သို့အတုယူမည်နည်း။

• တမန်တော်များအပေါ် ယေရှုဖော်ပြခဲ့သောယုံကြည်စိတ်ချမှုကို ကျွန်ုပ်တို့မည်သို့အတုယူမည်နည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကလေးများပင် ယေရှုနှင့်သက်သောင့်သက်သာရှိ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေရှုသည် သူတစ်ပါးကို ထောက်ထားစာနာစွာဆက်ဆံခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ချဉ်းကပ်ရလွယ်ကူသည့်အကြီးအကဲများသည် ကောင်းချီးတစ်ရပ်ဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ