အခန်း ၉၅
ကွာရှင်းခြင်းအကြောင်း သွန်သင်၊ ကလေးတွေကို ချစ်ကြောင်းပြ
မဿဲ ၁၉:၁-၁၅ မာကု ၁၀:၁-၁၆ လုကာ ၁၈:၁၅-၁၇
ကွာရှင်းခြင်းနဲ့ ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို သွန်သင်ပေး
တစ်ကိုယ်ရေ ဆုကျေးဇူး
ကလေးတွေလို ဖြစ်ရမယ်
ယေရှုနဲ့ တပည့်တွေဟာ ဂါလိလဲနယ်ကနေ ဂျော်ဒန်မြစ်ကိုဖြတ်ပြီး တောင်ဘက် ပေရိယနယ်ကို သွားကြတယ်။ ပေရိယနယ်ကို နောက်ဆုံးအကြိမ် ရောက်တုန်းက ကွာရှင်းခြင်းနဲ့ ပတ်သက်တဲ့ ဘုရားသခင့်စံနှုန်းအကြောင်း ဖာရိရှဲတွေကို ပြောပြခဲ့တယ်။ (လုကာ ၁၆:၁၈) အခုလည်း ယေရှုကို အဲဒီအကြောင်း ထပ်မေးပြီး အကဲစမ်းကြပြန်တယ်။
မောရှေက မိန်းမတစ်ယောက်မှာ “အပြစ်တင်စရာတစ်ခုခု” ရှိရင် ကွာရှင်းနိုင်တယ်လို့ ရေးခဲ့တယ်။ (တရားဟောရာ ၂၄:၁) ဒါကြောင့် ကွာရှင်းရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး လူတွေက အမျိုးမျိုး ယူဆတယ်။ တချို့က အသေးအဖွဲ အမှားလေးကအစ ပါဝင်တယ်လို့ ထင်တယ်။ ဒါကြောင့် ဖာရိရှဲတွေက “ယောက်ျားတစ်ယောက်ဟာ ဇနီးကို ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ကွာရှင်းခွင့်ရှိသလား” ဆိုပြီး မေးတယ်။—မဿဲ ၁၉:၃။
ယေရှုက လူ့ထင်မြင်ချက်တွေကို မကိုးကားဘဲ အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်ကို ကိုးကားပြီး အခုလို ပိုင်ပိုင်နိုင်နိုင် ရှင်းပြတယ်– “အစအဦးမှာ ဖန်ဆင်းရှင်က ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းခဲ့တဲ့အကြောင်း မဖတ်ဖူးဘူးလား။ ‘ဒါကြောင့် ယောက်ျားက မိဘကို ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်’ လို့ ပြောခဲ့တာကိုလည်း မဖတ်ဖူးဘူးလား။ သူတို့ဟာ နှစ်ယောက်မဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်း ဖြစ်သွားပြီ။ ဒါကြောင့် ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။” (မဿဲ ၁၉:၄-၆) ဘုရားသခင်က အာဒံနဲ့ ဧဝကို ပေါင်းဖက်ပေးပြီး အိမ်ထောင်မင်္ဂလာကို အစပြုပေးတုန်းက ကွာရှင်းဖို့ ဘာအကြောင်းရင်းမှ မပေးခဲ့ဘူး။
ဖာရိရှဲတွေက “ဒါဆို ကိုယ့်ဇနီးကို ကွာရှင်းမယ်ဆိုရင် ကွာရှင်းစာချုပ်ပေးဖို့ မောရှေ ဘာလို့ ခွင့်ပြုခဲ့တာလဲ” ဆိုပြီး မေးကြတယ်။ (မဿဲ ၁၉:၇) “ခင်ဗျားတို့ ခေါင်းမာလို့ မောရှေက ကွာရှင်းခွင့်ပြုခဲ့တာ။ အစတုန်းက အဲဒီလိုမဟုတ်ဘူး” လို့ ယေရှု ပြန်ဖြေတယ်။ (မဿဲ ၁၉:၈) “အစ” လို့ပြောတဲ့အခါ မောရှေအချိန်ကို ပြောတာမဟုတ်ဘဲ ဧဒင်ဥယျာဉ်မှာ အိမ်ထောင်မင်္ဂလာကို ဘုရားသခင် အစပြုပေးတဲ့အချိန်ကို ပြောတာ။
အဲဒီနောက် ယေရှုက အရေးကြီးတဲ့ အမှန်တရားတစ်ခုကို အခုလိုပြောတယ်– “ကျွန်တော်ပြောမယ်။ ကိုယ့်ဇနီးကို လိင်အကျင့်ယိုယွင်းမှု [ဂရိ၊ ပေါ်နီယာ] ကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ကွာရှင်းပြီး တခြားသူနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေး ဖောက်ပြန်သူပဲ။” (မဿဲ ၁၉:၉) ကွာရှင်းဖို့အတွက် တစ်ခုတည်းသော ကျမ်းစာအခြေခံအကြောင်းရင်းက လိင်အကျင့်ယိုယွင်းမှုပဲ။
ဒါကိုကြားတဲ့အခါ တပည့်တွေက “ဒီအတိုင်းသာဆိုရင် အိမ်ထောင်မပြုဘဲ နေတာကမှ ပိုကောင်းဦးမယ်” လို့ပြောတယ်။ (မဿဲ ၁၉:၁၀) ဒါကြောင့် အိမ်ထောင်ပြုဖို့ စဉ်းစားနေတဲ့သူဟာ အိမ်ထောင်ရေးကို တစ်သက်လုံးအတွက် သဘောထားသင့်တယ်။
တချို့က မွေးရာပါ ချို့ယွင်းချက်ရှိလို့၊ တချို့က သင်းကွပ်ခံရလို့ လိင်မှုမပြုနိုင်ကြတော့ဘူး၊ ဒါကြောင့် တစ်ကိုယ်ရေနေတာဆိုပြီး ယေရှုရှင်းပြတယ်။ တချို့ကျတော့ နိုင်ငံတော်လုပ်ငန်းကို အပြည့်အဝ အာရုံစိုက်ချင်လို့ အိမ်ထောင်ပြုချင်စိတ်ကို ချိုးနှိမ်ကြတယ်။ ဒါကြောင့် “အိမ်ထောင်မပြုဘဲ [တစ်ကိုယ်ရေ] နေချင်တယ်ဆိုရင် နေနိုင်ပါတယ်” လို့ နားထောင်နေသူတွေကို ယေရှု တိုက်တွန်းတယ်။—မဿဲ ၁၉:၁၂။
အခု လူတွေက သူတို့ရဲ့ ကလေးတွေကို ယေရှုဆီ ခေါ်လာကြတယ်။ ဒါပေမဲ့ ယေရှု စိတ်အနှောင့်အယှက်ဖြစ်မှာကို မလိုလားတဲ့အတွက် တပည့်တွေက တားကြတယ်။ ဒါကို ယေရှုမြင်တော့ စိတ်ဆိုးပြီး “ကျွန်တော့်ဆီ ကလေးတွေ လာတာကို မတားပါနဲ့။ ဘုရားသခင့် နိုင်ငံတော်ဟာ ဒီကလေးငယ်လို လူတွေရဲ့ နိုင်ငံပဲ။ ကျွန်တော် မှန်တာကို ပြောမယ်။ ဘုရားသခင့် နိုင်ငံတော်ကို ဒီကလေးငယ် လက်ခံသလို လက်မခံဘူးဆိုရင် နိုင်ငံတော်ထဲ လုံးဝ ဝင်ရမှာ မဟုတ်ဘူး” လို့ပြောတယ်။—မာကု ၁၀:၁၄၊ ၁၅။ လုကာ ၁၈:၁၅။
တကယ့်ကို ကောင်းမွန်လှတဲ့ သွန်သင်ချက်ပါပဲ။ ကျွန်တော်တို့ဟာ ဘုရားသခင့်နိုင်ငံတော်ထဲ ဝင်ချင်တယ်ဆိုရင် ကလေးတွေလို နှိမ့်ချမှုရှိရမယ်၊ သင်ပေးလို့ရတဲ့သူတွေ ဖြစ်ရမယ်။ ယေရှုက ကလေးတွေကို ချစ်တဲ့အတွက် ပွေ့ဖက်ပြီး ကောင်းချီးပေးတယ်။ “ဘုရားသခင့် နိုင်ငံတော်ကို ဒီကလေးငယ် လက်ခံသလို” လက်ခံတဲ့သူ အားလုံးကိုလည်း ယေရှုချစ်မြတ်နိုးတယ်။—လုကာ ၁၈:၁၇။