ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ စက်တင်ဘာ စာ. ၂၀-၂၅
  • “ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျွန်တော့်ဆီ လာကြပါ”
  • ‘ကျွန်တော့်ထမ်းပိုးကို ထမ်းပါ’
  • “ကျွန်တော့်ဆီကနေ သင်ယူကြပါ”
  • “ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်”
  • ယေရှုရဲ့ ထမ်းပိုးကို ထမ်းရင်း ဆက်လန်းဆန်းနိုင်ပုံ
  • “ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဖိစီးမှုဒဏ်မှ သက်သာရာရခြင်း—လက်တွေ့ကျ ကုစားနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ‘သင်တို့စိုးလ်များအတွက် လန်းဆန်းမှုတွေ့ရှိခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မဿဲ ၁၁:၂၈-၃၀— “ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ စက်တင်ဘာ စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၃၈

“ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်”

“ဝန်ပိလို့ ပင်ပန်းနေသူတို့၊ ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်။”—မ. ၁၁:၂၈။

သီချင်း ၁၇ “ငါဆန္ဒရှိ”

အကြိုသုံးသပ်ချက်a

၁။ မဿဲ ၁၁:၂၈-၃၀ အရ ယေရှု ဘာကတိ ပေးခဲ့သလဲ။

ယေရှုက မိမိစကား နားထောင်နေတဲ့ လူအုပ်ကို “ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်” လို့ ကတိပေးတယ်။ (မဿဲ ၁၁:၂၈-၃၀ ကိုဖတ်ပါ။) ဒါဟာ ကတိပေးရုံသက်သက် မဟုတ်ဘူး။ ဥပမာ၊ ရောဂါဆိုး ခံစားနေရတဲ့ အမျိုးသမီးကို ယေရှု ဘာလုပ်ပေးခဲ့ကြောင်း သုံးသပ်ကြည့်ပါ။

၂။ ရောဂါခံစားနေရတဲ့ အမျိုးသမီးကို ယေရှု ဘာလုပ်ပေးသလဲ။

၂ အဲဒီအမျိုးသမီးဟာ အကူအညီ အလွန်လိုအပ်နေတယ်။ ရောဂါသက်သာဖို့ သမားတော်ပေါင်းစုံနဲ့ ကုပြီးပြီ။ ၁၂ နှစ် ကြာသွားတာတောင် ရောဂါ မပျောက်သေးဘူး။ ပညတ်တရားအရ သူဟာ မသန့်ရှင်းသူဖြစ်တယ်။ (ဝတ်. ၁၅:၂၅) ရောဂါသည်တွေကို ယေရှု ကုပေးနိုင်ကြောင်း ကြားတဲ့အခါ ယေရှုကို ရှာဖို့ ထွက်လာတယ်။ တွေ့တာနဲ့ ဝတ်လုံအမြိတ်ကို တို့လိုက်တဲ့အခါ ချက်ချင်း ရောဂါပျောက်သွားတယ်။ ယေရှုဟာ ရောဂါကုပေးရုံလောက်သာ မဟုတ်ဘဲ သူ့ကို ဂုဏ်တင်လေးစားခဲ့တယ်။ ဥပမာ၊ သူနဲ့စကားပြောတဲ့အခါ “သမီး” ဆိုပြီး ကြင်ကြင်နာနာ သုံးနှုန်းခဲ့တယ်။ အဲဒီအမျိုးသမီး အလွန် လန်းဆန်းအားတက်သွားမှာပဲ။—လု. ၈:၄၃-၄၈။

၃။ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

၃ အမျိုးသမီးဟာ ယေရှုဆီ သွားခဲ့တယ်။ ဒါက အစပြုလုပ်ဆောင်တာ ဖြစ်တယ်။ ဒီနေ့လည်း ကျွန်တော်တို့က ယေရှုဆီ သွားဖို့ ကြိုးစားအားထုတ်ရမယ်။ အခုအချိန်မှာ ယေရှုက မိမိဆီ လာတဲ့သူတွေကို အံ့ဖွယ်နည်းနဲ့ ရောဂါကုပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ “ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်” လို့ ဖိတ်ခေါ်နေဆဲပဲ။ ဒီဆောင်းပါးမှာ မေးခွန်း ငါးခုကို ဆွေးနွေးပါမယ်– ယေရှုဆီ ဘယ်လို သွားနိုင်မလဲ။ ယေရှုရဲ့ ထမ်းပိုးကို ထမ်းတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ယေရှုဆီကနေ ဘာသင်ယူနိုင်သလဲ။ ယေရှုပေးထားတဲ့ အလုပ်က ဘာကြောင့် လန်းဆန်းစေသလဲ။ ယေရှုရဲ့ ထမ်းပိုးကို ထမ်းရင်း ဘယ်လို ဆက်လန်းဆန်းနိုင်မလဲ။

“ကျွန်တော့်ဆီ လာကြပါ”

၄-၅။ ယေရှုဆီ သွားနိုင်တဲ့ နည်းတချို့က ဘာတွေလဲ။

၄ ယေရှုဆီ သွားနိုင်တဲ့ နည်းတစ်နည်းက ယေရှု သွန်သင်လုပ်ဆောင်ခဲ့တာတွေကို အတတ်နိုင်ဆုံး လေ့လာခြင်းပဲ။ (လု. ၁:၁-၄) ဘယ်သူမှ ကျွန်တော်တို့ကိုယ်စား လုပ်ပေးလို့ မရဘူး။ အဲဒီအကြောင်းအရာတွေကို ကိုယ်တိုင် လေ့လာရမယ်။ နှစ်ခြင်းခံဖို့၊ ယေရှုတပည့်လုပ်ဖို့ ဆုံးဖြတ်ခြင်းအားဖြင့်လည်း ယေရှုဆီ သွားနိုင်ပါတယ်။

၅ ယေရှုဆီ သွားနိုင်တဲ့ နောက်တစ်နည်းကတော့ အကူအညီ လိုအပ်ချိန်မှာ အသင်းတော် အကြီးအကဲတွေဆီ သွားခြင်းပဲ။ ယေရှုက သိုးတော်စုကို ထိန်းကျောင်းဖို့ “လက်ဆောင်” ဖြစ်တဲ့ အကြီးအကဲတွေ ပေးထားတယ်။ (ဧ. ၄:၇၊ ၈၊ ၁၁။ ယော. ၂၁:၁၆။ ၁ ပေ. ၅:၁-၃) ကျွန်တော်တို့က ကိုယ်တိုင် အစပြုပြီး သူတို့ဆီမှာ အကူအညီ တောင်းရမယ်။ ကိုယ့်ရဲ့ စိတ်နဲ့ လိုအပ်ရာတွေကို အကြီးအကဲတွေ အလိုလိုသိမယ်လို့ မမျှော်လင့်ပါနဲ့။ ညီအစ်ကို ဂျူလီယန် ဒီလိုပြောတယ်– “ကျန်းမာရေးပြဿနာကြောင့် ကျွန်တော် ဗေသလကနေ ထွက်ရမယ်ဆိုတော့ သိုးထိန်းလည်ပတ်မှု လုပ်ပေးဖို့ တောင်းဆိုပါဆိုပြီး သူငယ်ချင်းတစ်ယောက် အကြံပေးတယ်။ အစမှာ မလိုပါဘူးလို့ ထင်မိတယ်။ နောက်ပိုင်း အကူအညီတောင်းလိုက်တော့ အဲဒီသိုးထိန်းလည်ပတ်မှုက အကောင်းဆုံး လက်ဆောင်ဖြစ်နေတယ်။” ဂျူလီယန်ဆီ လည်ပတ်ခဲ့တဲ့ အကြီးအကဲနှစ်ယောက်လို သစ္စာရှိ အကြီးအကဲတွေဟာ “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိဖို့၊ ခရစ်တော်ရဲ့ အတွေးအခေါ်နဲ့ သဘောထားကို နားလည်ပြီး တုပဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ (၁ ကော. ၂:၁၆။ ၁ ပေ. ၂:၂၁) ဒါဟာ သူတို့ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပါပဲ။

‘ကျွန်တော့်ထမ်းပိုးကို ထမ်းပါ’

၆။ ‘ကျွန်တော့်ထမ်းပိုးကို ထမ်းပါ’ ဆိုတာ ဘာကို ဆိုလိုသလဲ။

၆ ‘ကျွန်တော့်ထမ်းပိုးကို ထမ်းပါ’ ဆိုတာ “ကျွန်တော့် အခွင့်အာဏာကို လက်ခံပါ” လို့ ယေရှု ပြောနေတာပဲ။ “ကျွန်တော်နဲ့အတူ ထမ်းပိုးထမ်းပြီး ယေဟောဝါအတွက် အတူအမှုဆောင်ကြမယ်” လို့လည်း ဆိုလိုနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ထမ်းပိုးထမ်းတယ် ဆိုကတည်းက လုပ်ဆောင်မှု ပါဝင်တယ်။

၇။ မဿဲ ၂၈:၁၈-၂၀ အရ ကျွန်တော်တို့ကို ဘယ်လုပ်ငန်း ပေးအပ်ထားသလဲ။ ဘာကို စိတ်ချနိုင်သလဲ။

၇ ကျွန်တော်တို့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတုန်းက ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံခဲ့ကြတယ်။ အဲဒီဖိတ်ခေါ်ချက်က လူအားလုံးအတွက်ပဲ။ ဘုရားကို စိတ်ရင်းမှန်နဲ့ ကိုးကွယ်လိုသူ ဘယ်သူ့ကိုမဆို ယေရှု ငြင်းပယ်မှာ မဟုတ်ဘူး။ (ယော. ၆:၃၇၊ ၃၈) ခရစ်ယာန်စစ် အားလုံးဟာ ယေရှုကို ယေဟောဝါ ပေးထားတဲ့ လုပ်ငန်းမှာ ပါဝင်ခွင့် ရထားကြတယ်။ အဲဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ ယေရှု အမြဲ ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—မဿဲ ၂၈:၁၈-၂၀ ကိုဖတ်ပါ။

“ကျွန်တော့်ဆီကနေ သင်ယူကြပါ”

အမျိုးသား/သမီး၊ ကလေးတွေ ယေရှုအနားမှာ ဝိုင်းပြီး နားထောင်နေကြ

ယေရှုလို တခြားသူတွေကို လန်းဆန်းစေပါ (အပိုဒ် ၈-၁၁ ကိုကြည့်ပါ)b

၈-၉။ နှိမ့်ချသူတွေ ယေရှုဆီ ဘာကြောင့် သွားချင်ကြတာလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

၈ နှိမ့်ချသူတွေဟာ ယေရှုဆီ သွားချင်ကြတယ်။ (မ. ၁၉:၁၃၊ ၁၄။ လု. ၇:၃၇၊ ၃၈) ဘာကြောင့်လဲ။ ယေရှုနဲ့ ဖာရိရှဲတွေရဲ့ ကွာခြားချက်ကို သုံးသပ်ကြည့်ပါ။ ဖာရိရှဲတွေဟာ မေတ္တာမဲ့ပြီး မောက်မာတယ်။ (မ. ၁၂:၉-၁၄) ယေရှုကတော့ မေတ္တာရှိပြီး နှိမ့်ချတယ်။ ဖာရိရှဲတွေက ရည်မှန်းချက်ကြီးပြီး ဂုဏ်မောက်တယ်။ ယေရှုကတော့ ရည်မှန်းချက် မကြီးဖို့၊ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတဲ့အစေခံလို ရှုမြင်ဖို့ တပည့်တွေကို သင်ပေးတယ်။ (မ. ၂၃:၂၊ ၆-၁၁) ဖာရိရှဲတွေက လူတွေကို ကြောက်အောင် လုပ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားတယ်။ (ယော. ၉:၁၃၊ ၂၂) ယေရှုကတော့ မေတ္တာပါတဲ့ လုပ်ရပ်၊ ကြင်နာတဲ့ စကားတွေအားဖြင့် တခြားသူတွေကို လန်းဆန်းစေတယ်။

၉ သင်ကော ယေရှုဆီကနေ အဲဒီသင်ခန်းစာတွေကို သင်ယူခဲ့သလား။ ‘ငါဟာ နူးညံ့သိမ်မွေ့သူ၊ နှိမ့်ချသူလို့ နာမည်ရထားသလား။ တခြားသူတွေကို ကူညီပေးဖို့ နိမ့်ကျတဲ့ အလုပ်တွေကို လိုလိုလားလား လုပ်ချင်စိတ် ရှိသလား။ တခြားသူတွေကို ကြင်ကြင်နာနာ ဆက်ဆံသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

၁၀။ ယေရှုဟာ လုပ်ဖော်ဆောင်ဖက်တွေအတွက် ဘယ်လို ဝန်းကျင်မျိုး ဖန်တီးပေးသလဲ။

၁၀ ယေရှုက လုပ်ဖော်ဆောင်ဖက်တွေအတွက် ငြိမ်သက်အေးချမ်းတဲ့ ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးတယ်။ တခြားသူတွေကို လေ့ကျင့်ပေးရတာ နှစ်သက်တယ်။ (လု. ၁၀:၁၊ ၁၉-၂၁) မေးခွန်းမေးဖို့ တပည့်တွေကို အားပေးတယ်။ သူတို့ရဲ့ သဘောထားကို နားထောင်ချင်တဲ့အတွက် မေးခွန်းတွေ မေးတယ်။ (မ. ၁၆:၁၃-၁၆) ယေရှုရဲ့ တပည့်တွေဟာ ဂရုတစိုက် ပြုစုခံရတဲ့ အပင်တွေလို ရှင်သန်လန်းဆန်းနေကြတယ်။ ယေရှု သင်ပေးတဲ့ သင်ခန်းစာတွေကို သူတို့ သင်ယူပြီး အကျင့်ကောင်းတွေ ကျင့်ခြင်းအားဖြင့် အသီးကောင်းတွေ သီးပွင့်ဖြစ်ထွန်းကြတယ်။

ညီအစ်ကိုတစ်ယောက် ညီအစ်ကိုငယ်တွေနဲ့ ဘောလုံးကန်နေ

ချဉ်းကပ်ရလွယ်ပြီး ဖော်ရွေပါ

ညီအစ်ကိုတစ်ယောက် သက်ကြီးညီအစ်ကိုနဲ့အတူ အမှုဆောင်ထွက်နေ

တက်တက်ကြွကြွရှိပြီး ထက်သန်ပါ

ညီအစ်ကိုတစ်ယောက် နိုင်ငံတော်ခန်းမကို သန့်ရှင်းရေး လုပ်နေ

နှိမ့်ချပြီး အလုပ်ကြိုးစားပါc

၁၁။ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

၁၁ သင်ဟာ အခွင့်အာဏာရှိသူလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အလုပ်မှာ၊ အိမ်မှာ ဘယ်လို ဝန်းကျင်မျိုးဖြစ်အောင် ငါ ဖန်တီးနေသလဲ။ ငြိမ်သက်အေးချမ်းတဲ့ ဝန်းကျင်မျိုးဖြစ်အောင် ဖန်တီးပေးနေသလား။ မေးခွန်းမေးဖို့ တခြားသူတွေကို အားပေးသလား။ သူတို့ရဲ့ သဘောထားကို နားထောင်ပေးသလား။’ မေးခွန်းမေးတာကို မကြိုက်တဲ့အပြင် ကိုယ်နဲ့ အမြင်မတူတာကို ထုတ်ပြောတဲ့အခါ ဒုက္ခပေးတတ်တဲ့ ဖာရိရှဲတွေနဲ့ ကျွန်တော်တို့ မတူချင်ကြဘူး။—မာ. ၃:၁-၆။ ယော. ၉:၂၉-၃၄။

“ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်”

၁၂-၁၄။ ယေရှုပေးအပ်တဲ့ အလုပ်ဟာ ဘာကြောင့် လန်းဆန်းစေသလဲ။

၁၂ ယေရှု ပေးအပ်ထားတဲ့ အလုပ်ကို လုပ်ဆောင်ခြင်းက ဘာကြောင့် လန်းဆန်းစေသလဲ။ အကြောင်းရင်းများစွာ ရှိတဲ့အနက် တချို့ကို သုံးသပ်ကြည့်ရအောင်။

၁၃ အကောင်းဆုံး ကြီးကြပ်မှူးတွေကို ကျွန်တော်တို့ ရထားတယ်။ အကြီးမြတ်ဆုံး ကြီးကြပ်မှူးဖြစ်တဲ့ ယေဟောဝါဟာ ခက်ထန်ပြီး ကျေးဇူးမတင်တတ်တဲ့ အလုပ်ရှင် မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကို တန်ဖိုးထားတယ်။ (ဟီ. ၆:၁၀) ကိုယ်ရထားတဲ့ တာဝန်ကို ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ အစွမ်းခွန်အား ပေးတယ်။ (၂ ကော. ၄:၇။ ဂလ. ၆:၅) ဘုရင် ယေရှုဟာ တခြားသူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ အကောင်းဆုံး ပုံသက်သေပြခဲ့တယ်။ (ယော. ၁၃:၁၅) ကျွန်တော်တို့ကို ထိန်းကျောင်းနေတဲ့ အကြီးအကဲတွေဟာ “သိုးထိန်းကြီး” ယေရှုကို ကြိုးစားတုပနေကြတယ်။ (ဟီ. ၁၃:၂၀။ ၁ ပေ. ၅:၂) သူတို့ဟာ ကျွန်တော်တို့ကို ကြင်ကြင်နာနာ၊ သတ္တိရှိရှိ သွန်သင်ပေးတယ်၊ ကာကွယ်ပေးတယ်၊ အားပေးတယ်။

၁၄ အကောင်းဆုံး မိတ်ဆွေတွေကို ကျွန်တော်တို့ ရထားတယ်။ တခြားသူတွေမှာ မရှိတဲ့ ဘဝရည်ရွယ်ချက်နဲ့ မိတ်ဆွေကောင်းတွေကို ကျွန်တော်တို့ ပိုင်ဆိုင်ထားတယ်။ ကိုယ်ကျင့်တရားစံနှုန်း မြင့်မားသူတွေ ဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ မထင်မှတ်တဲ့ ညီအစ်ကို/မတွေနဲ့အတူ လုပ်ဆောင်ခွင့် ရထားတယ်။ သူတို့မှာ အစွမ်းအစတွေ ရှိပေမဲ့ နှိမ့်ချကျိုးနွံပြီး တခြားသူတွေကို ကိုယ့်ထက်သာတယ်လို့ သဘောထားကြတယ်။ ကျွန်တော်တို့ကို လုပ်ဖော်ဆောင်ဖက်တွေလောက်သာ မဟုတ်ဘဲ မိတ်ဆွေတွေအဖြစ် ရှုမြင်ကြတယ်။ အသက်ပေးဖို့ အသင့်ရှိတဲ့အထိ ချစ်ခင်ရင်းနှီးကြတယ်။

၁၅။ ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်နဲ့ပတ်သက်ပြီး ဘယ်လို ခံစားသင့်သလဲ။

၁၅ အကောင်းဆုံး အလုပ်ကို ကျွန်တော်တို့ ရထားတယ်။ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း လူတွေကို သင်ပေးပြီး မာရ်နတ်ရဲ့ အလိမ်အညာတွေကို ဖော်ထုတ်နေကြတယ်။ (ယော. ၈:၄၄) စာတန်က လူတွေကို သူ့ရဲ့ အလိမ်အညာတွေနဲ့ ဝန်ပိစေတယ်။ ဥပမာ၊ အပြစ်တွေကို ယေဟောဝါ ခွင့်မလွှတ်ဘူး၊ ကျွန်တော်တို့ဟာ ဘုရားရဲ့ မေတ္တာနဲ့ မထိုက်တန်ဘူးလို့ စာတန် ယူဆစေချင်တယ်။ လေးလံလှတဲ့ ဝန်ထုပ်၊ ဆိုးရွားလှတဲ့ အလိမ်အညာတွေပါပဲ။ တကယ်တော့ ခရစ်တော်ဆီ သွားတဲ့အခါမှာ ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ ကျွန်တော်တို့အားလုံးကို ယေဟောဝါ အလွန်ချစ်တယ်။ (ရော. ၈:၃၂၊ ၃၈၊ ၃၉) ယေဟောဝါကို အားကိုးတတ်ဖို့၊ ဘဝတွေ တိုးတက်ကောင်းမွန်လာဖို့ လူတွေကို ကူညီပေးရတာ ရွှင်လန်းစရာပါပဲ။

ယေရှုရဲ့ ထမ်းပိုးကို ထမ်းရင်း ဆက်လန်းဆန်းနိုင်ပုံ

၁၆။ ယေရှု ထမ်းခိုင်းတဲ့ ဝန်ဟာ တခြားဝန်ထုပ်တွေနဲ့ ဘာကြောင့် မတူတာလဲ။

၁၆ ယေရှု ထမ်းခိုင်းတဲ့ ဝန်ဟာ တခြားဝန်ထုပ်တွေနဲ့ မတူဘူး။ ဥပမာ၊ လူများစွာဟာ တစ်နေ့တာ အလုပ်ပြီးနောက် မောပန်းနွမ်းလျရုံသာမက ကျေနပ်ပျော်ရွှင်မှုလည်း မရကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ယေဟောဝါနဲ့ ခရစ်တော်အတွက် အမှုဆောင်ပြီးနောက် အလွန် ကျေနပ်ပျော်ရွှင်ကြတယ်။ တစ်နေ့တာ အလုပ်ပြီးတဲ့အခါ မောပန်းနေလို့ ညဘက်မှာ အစည်းအဝေးကို မနည်းကြိုးစားပြီး သွားရတယ်။ ဒါပေမဲ့ အစည်းအဝေးပြီးနောက်မှာတော့ လန်းဆန်းပြီး အားပြည့်လာလေ့ရှိတယ်။ ဟောပြောဖို့၊ ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့လည်း ကြိုးစားအားထုတ်ရပေမဲ့ ရတဲ့အကျိုးကျေးဇူးက ကိုယ်သုံးလိုက်တဲ့ အားအင်ထက် များစွာ သာလွန်တယ်။

၁၇။ ကျွန်တော်တို့ ဘာကို အသိအမှတ်ပြုပြီး ဘယ်အချက်ကို ဂရုစိုက်ရမလဲ။

၁၇ ကျွန်တော်တို့ အားလုံးမှာ ခွန်အား အကန့်အသတ်ပဲ ရှိတယ်ဆိုတာကို အသိမှတ်ပြုပြီး ကိုယ့်ခွန်အားကို ပညာရှိရှိ သုံးဖို့ ဂရုစိုက်ရမယ်။ ဥပမာ၊ ပစ္စည်းဥစ္စာတွေ ရဖို့ ကြိုးစားရင်း ကိုယ့်ခွန်အားကို ဖြုန်းတီးမိနိုင်တယ်။ “ထာဝရအသက်ကို အမွေရဖို့ ကျွန်တော် ဘာလုပ်ရမလဲ” လို့ ချမ်းသာတဲ့ လူငယ်တစ်ယောက် ယေရှုကို မေးတယ်။ သူဟာ ပညတ်တရားကို လိုက်နာသူဖြစ်တယ်။ ယေရှု သူ့ကို ‘ချစ်တယ်’ လို့ မာကုရဲ့ မှတ်တမ်းမှာ ဖော်ပြထားတဲ့အတွက် သူဟာ လူကောင်းဖြစ်ရမယ်။ ‘ခင်ဗျားရဲ့ ပစ္စည်းတွေကို သွားရောင်းပါ။ ပြီးမှ ကျွန်တော့်နောက်လိုက် လုပ်ပါ’ လို့ ယေရှုပြောတယ်။ ပစ္စည်းဥစ္စာတွေကို မစွန့်နိုင်တဲ့အတွက် လူငယ်ဟာ ဝမ်းနည်းသွားတယ်။ (မာ. ၁၀:၁၇-၂၂) ရလဒ်က ယေရှု ကမ်းလှမ်းတဲ့ ထမ်းပိုးကို ငြင်းပယ်ပြီး “စည်းစိမ်အတွက်” ဆက်အစေခံခဲ့တယ်။ (မ. ၆:၂၄) သင်ဆိုရင်ကော ဘာကို ရွေးချယ်မလဲ။

၁၈။ ကျွန်တော်တို့ မကြာခဏ ဘာလုပ်သင့်သလဲ။ ဘာကြောင့်လဲ။

၁၈ ဘဝမှာ ဦးစားထားရာတွေကို မကြာခဏ ပြန်ဆန်းစစ်သင့်တယ်။ ဘာကြောင့်လဲ။ အဲဒီလို ပြန်ဆန်းစစ်မှ ကိုယ့်ခွန်အားကို ပညာရှိရှိ သုံးနေသလားဆိုတာ သိနိုင်မယ်။ မာ့ခ်လို့ခေါ်တဲ့ လူငယ် ဒီလို ပြောတယ်– “ကိုယ့်ကိုယ်ကိုယ် ရိုးရိုးရှင်းရှင်း နေတယ်လို့ ထင်နေတာ။ ကျွန်တော် ရှေ့ဆောင်လုပ်နေပေမဲ့ ငွေအကြောင်း၊ ဘဝကို ပိုသက်သောင့်သက်သာဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတဲ့အကြောင်းပဲ စဉ်းစားနေမိတယ်။ ဘဝက ဘာကြောင့် ဒီလောက်ဝန်ပိနေတာလဲလို့ ဆန်းစစ်လိုက်တဲ့အခါ ကိုယ့်အရေးကိုပဲ ဦးစားထားပြီး ကျန်တဲ့ အချိန်နဲ့ ခွန်အားကိုပဲ ယေဟောဝါကို ပေးနေကြောင်း သိလာတယ်။” မာခ့်ဟာ ကိုယ့်အတွေးအခေါ်နဲ့ ဘဝပုံစံကို ပြုပြင်ပြောင်းလဲပြီး ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်ခဲ့တယ်။ “တစ်ခါတလေ စိုးရိမ်ပူပန်မိပေမဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ ကူညီထောက်မမှုကြောင့် အခက်အခဲတွေကို အောင်မြင်နိုင်ခဲ့တယ်” လို့ မာ့ခ်ပြောတယ်။

၁၉။ မှန်ကန်တဲ့ အမြင်ရှိဖို့ ဘာကြောင့် အလွန် အရေးကြီးသလဲ။

၁၉ အချက်သုံးချက်ကို လုပ်ဆောင်ရင် ယေရှု ထမ်းပိုးအောက်မှာ လန်းဆန်းမှု ဆက်ရပါလိမ့်မယ်။ ပထမ၊ မှန်ကန်တဲ့အမြင်ကို ဆက်ထိန်းထားပါ။ ယေဟောဝါရဲ့ လုပ်ငန်းဖြစ်လို့ ယေဟောဝါရဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်ရမယ်။ ကျွန်တော်တို့က အလုပ်သမား၊ ယေဟောဝါက အလုပ်ရှင်ပါ။ (လု. ၁၇:၁၀) ဘုရားအလုပ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့လုပ်ရင် ထမ်းပိုးကို တွန်းထုတ်နေတာနဲ့ တူတယ်။ သန်မာတဲ့ နွားတောင် ကိုယ်သွားချင်တဲ့ဘက်ကို သွားပြီး သခင် တင်ထားတဲ့ ထမ်းပိုးကို တွန်းထုတ်နေမယ်ဆိုရင် မောဟိုက်ရုံ၊ ဒဏ်ရာရရုံပဲ ရှိမယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှုကို လိုက်နာမယ်ဆိုရင်တော့ ကိုယ့်အစွမ်းအစနဲ့ မလုပ်နိုင်ဘူးလို့ ထင်တဲ့အရာတွေကို လုပ်ဆောင်နိုင်ပြီး အတားအဆီးတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ဘုရားအလိုတော် မအောင်မြင်ဖို့ ဘယ်သူမှ မတားဆီးနိုင်ဘူးဆိုတာ သတိရပါ။—ရော. ၈:၃၁။ ၁ ယော. ၄:၄။

၂၀။ ယေရှုရဲ့ ထမ်းပိုးကို ထမ်းဖို့ ကျွန်တော်တို့ကို ဘာက လှုံ့ဆော်ပေးသလဲ။

၂၀ ဒုတိယ၊ စိတ်ရင်းမှန်နဲ့ လုပ်ဆောင်ပါ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က မေတ္တာရှင် ဖခင် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းဖို့ပါ။ ယေရှုခေတ်က နောက်လိုက်တချို့ဟာ လောဘကြီးပြီး ကိုယ်ကျိုးရှာတဲ့အတွက် မပျော်ရွှင်တော့ဘဲ ယေရှုရဲ့ ထမ်းပိုးကို စွန့်ပယ်ခဲ့ကြတယ်။ (ယော. ၆:၂၅-၂၇၊ ၅၁၊ ၆၀၊ ၆၆။ ဖိ. ၃:၁၈၊ ၁၉) ဘုရားသခင်နဲ့ လူလူချင်းကို ချစ်တဲ့မေတ္တာ ရှိသူတွေကတော့ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အမှုဆောင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယေရှုရဲ့ ထမ်းပိုးကို ပျော်ရွှင်စွာ ထမ်းကြတယ်။ သူတို့လိုပဲ ကျွန်တော်တို့လည်း ယေရှုရဲ့ ထမ်းပိုးကို စိတ်ရင်းမှန်နဲ့ ထမ်းခြင်းအားဖြင့် ဆက်ပျော်ရွှင်နိုင်ကြတယ်။

၂၁။ မဿဲ ၆:၃၁-၃၃ အရ ယေဟောဝါ ဘာလုပ်ပေးမယ်လို့ မျှော်လင့်နိုင်သလဲ။

၂၁ တတိယ၊ မှန်ကန်တဲ့ မျှော်လင့်ချက် ထားရှိပါ။ ကိုယ်ကျိုးစွန့်ရတဲ့၊ ခက်ခဲတဲ့ ဘဝလမ်းစဉ်ကို ကျွန်တော်တို့ ရွေးချယ်ထားတယ်။ ကျွန်တော်တို့ ညှဉ်းပန်းနှိပ်စက်ခံရမယ်လို့ ယေရှု သတိပေးတယ်။ ဒါပေမဲ့ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ယေဟောဝါ ခွန်အားပေးမယ်လို့ မျှော်လင့်နိုင်တယ်။ ပိုခံရပ်နိုင်လေ ယုံကြည်ခြင်း ပိုသန်မာလေ ဖြစ်လာမယ်။ (ယာ. ၁:၂-၄) ကျွန်တော်တို့ကို ယေဟောဝါ ထောက်မပေးမယ်၊ ယေရှု ထိန်းကျောင်းပေးမယ်၊ ညီအစ်ကို/မတွေ အားပေးမယ်လို့လည်း မျှော်လင့်နိုင်တယ်။ (မဿဲ ၆:၃၁-၃၃ ကိုဖတ်ပါ။ ယော. ၁၀:၁၄။ ၁ သက်. ၅:၁၁) ဘာများ ထပ်လိုဦးမှာလဲ။

၂၂။ ကျွန်တော်တို့ ဘာအတွက် ဝမ်းသာကြမလဲ။

၂၂ ယေရှု ကုသပေးလိုက်တဲ့ အမျိုးသမီးဟာ ကုသခံလိုက်ရတဲ့နေ့မှာ ပျော်ရွှင်လန်းဆန်းသွားတယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့ သစ္စာရှိ နောက်လိုက် ဖြစ်လာမှသာ ဆက်ပြီး ပျော်ရွှင်လန်းဆန်းနိုင်မှာ ဖြစ်တယ်။ အဲဒီအမျိုးသမီး ဘာလုပ်မယ်လို့ သင် ထင်သလဲ။ ယေရှုရဲ့ ထမ်းပိုးကို ထမ်းဖို့ ရွေးချယ်မယ်ဆိုရင် ယေရှုနဲ့အတူ ကောင်းကင်မှာ အမှုဆောင်နိုင်တဲ့ အခွင့်ထူးကို ရမှာဖြစ်တယ်။ အဲဒီကောင်းချီးဟာ ခရစ်တော်နောက် လိုက်ဖို့ သူစွန့်လွှတ်ခဲ့တာတွေ အားလုံးထက် သာလွန်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ ကောင်းကင်အသက်တာဖြစ်စေ၊ မြေကြီးအသက်တာဖြစ်စေ “ကျွန်တော့်ဆီ လာကြပါ” ဆိုတဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံခဲ့လို့ အလွန် ဝမ်းသာကြပါလိမ့်မယ်။

သင် ဘယ်လို ဖြေမလဲ

  • ယေရှုဆီ သွားဖို့ ဘာလုပ်ရမလဲ။

  • ကျွန်တော်တို့ကို ယေရှု ပေးထားတဲ့ အလုပ်က ဘာကြောင့် လန်းဆန်းစေသလဲ။

  • ယေရှုရဲ့ ထမ်းပိုးကို ထမ်းရင်း ဘယ်လို ဆက်လန်းဆန်းနိုင်မလဲ။

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

a ယေရှုက မိမိဆီ လာဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်တယ်။ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံခြင်းမှာ ဘာတွေ ပါဝင်သလဲ။ အဲဒီမေးခွန်းကို ဒီဆောင်းပါးမှာ အဖြေပေးသွားပါမယ်။ ခရစ်တော်နဲ့အတူ လုပ်ဆောင်ခြင်းက ဘယ်လို လန်းဆန်းစေကြောင်းကိုလည်း ဖော်ပြသွားပါမယ်။

b ပုံအညွှန်း– ယေရှုဟာ တခြားသူတွေကို နည်းအမျိုးမျိုးနဲ့ လန်းဆန်းစေခဲ့တယ်။

c ပုံအညွှန်း– အဲဒီလိုပဲ ညီအစ်ကိုတစ်ဦးက တခြားသူတွေကို နည်းအမျိုးမျိုးနဲ့ လန်းဆန်းမှု ပေးနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ