ကဲသာ၏ဥစ္စာကို ကဲသာအား ဆပ်ပေးခြင်း
“လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့။”—ရောမ ၁၃:၇။
၁၊ ၂။ (က) ယေရှု၏အလိုအရ ခရစ်ယာန်များသည် ဘုရားသခင်နှင့် ကဲသာအား ပေးဆပ်ရမည့် သူတို့၏တာဝန်ကို မည်သို့မျှတမှုရှိစေသင့်သနည်း။ (ခ) ယေဟောဝါသက်သေများ၏ အဓိကအရေးထားရာကား အဘယ်နည်း။
ယရှု၏အလိုအရ ဘုရားသခင်အား ကျွန်ုပ်တို့ပေးဆောင်ရမည့်အရာများနှင့် ကဲသာ သို့တည်းမဟုတ် နိုင်ငံတော်အား ကျွန်ုပ်တို့ပေးဆောင်ရမည့်အရာများ ရှိလေသည်။ “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့” ဟု ယေရှု မိန့်တော်မူခဲ့သည်။ ဤအနည်းငယ်မျှသောစကားအားဖြင့် ကိုယ်တော်သည် မိမိ၏ရန်သူများကို ဝေခွဲမရဖြစ်သွားစေပြီး ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး၊ နိုင်ငံတော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံပုံတို့တွင် ရှိရမည့်မျှတသည့်သဘောထားကို အကျဉ်းချုပ်၍ဖော်ပြခဲ့သည်။ တရားနာနေသူများ “အံ့ဩ” သွားကြခြင်းသည် အဆန်းမဟုတ်ပါတကား!—မာကု ၁၂:၁၇။
၂ ယေဟောဝါကျေးကျွန်များ၏ အဓိကအရေးထားရာမှာ ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား ဆက်ပေးရန်အတွက်ဖြစ်၏။ (ဆာလံ ၁၁၆:၁၂-၁၄) သို့သော် ထိုသို့ ပြုရာ၌ အချို့သောအရာများကို ကဲသာအား ဆက်ပေးရမည်ဟု ယေရှုမိန့် ကြားခဲ့သည်ကို သူတို့မမေ့ကြပါ။ ကဲသာတောင်းဆိုရာများအတွက် မည်သည့်အတိုင်းအတာအထိ သူတို့ဆက်ပေးနိုင်ကြောင်း ဆုတောင်းဆုံးဖြတ်ရန် သူတို့၏ကျမ်းစာဖြင့်လေ့ကျင့်ထားသောသြတ္တပ္ပစိတ်က တောင်းဆိုပေမည်။ (ရောမ ၁၃:၇) မျက်မှောက်ခေတ်အချိန်၌ ဥပဒေပညာရှင်များစွာတို့က အစိုးရအခွင့်အာဏာသည် အကန့်အသတ်ရှိကြောင်း၊ နေရာတိုင်းတွင်ရှိသော လူနှင့် အစိုးရတို့သည် သဘာဝနိယာမတရားအားဖြင့် နှောင်ဖွဲ့ခံရလျက်ရှိကြောင်း အသိအမှတ်ပြုကြသည်။
၃၊ ၄။ သဘာဝနိယာမတရား၊ ဗျာဒိတ်ရနိယာမတရားနှင့် လူ့ ဥပဒေတို့နှင့်ပတ်သက်၍ အဘယ်စိတ်ဝင်စားဖွယ်မှတ်ချက်များ ပြုခဲ့ကြပြီနည်း။
၃ “သိအပ်သောဘုရားသခင်၏အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အားပြတော်မူပြီ။ အဘယ်သို့နည်းဟူမူကား ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ” ဟု လောကီသားတို့အကြောင်း ရေးသားရာတွင် အဆိုပါသဘာဝနိယာမတရားကို တမန်တော်ပေါလု ရည်ညွှန်းဖော်ပြခဲ့သည်။ သူတို့သာ တုံ့ ပြန်ကြမည်ဆိုလျှင် သဘာဝနိယာမတရားသည် ဤမယုံကြည်သူတို့၏သြတ္တပ္ပစိတ်ကိုပင် လှုံ့ဆော်ပေးလိမ့်မည်။ ထို့ကြောင့် “သာသနာပလူတို့သည် ပညတ်တရားတော်ကိုမသိဘဲ၊ ကိုယ်အလိုအလျောက်တရားတော်ကိုကျင့်သောအခါ သူတို့သည် ပညတ်တရားတော်ကိုမသိဘဲ၊ ကိုယ်ကျင့်တရားကိုအမှီပြုသဖြင့်လည်းကောင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသောတရား၏အကျိုးကို ထင်ရှားစွာပြကြ၏” ဟု ပေါလုက ထပ်ဆင့်ပြောကြားခဲ့သည်။—ရောမ ၁:၁၉၊ ၂၀; ၂:၁၄၊ ၁၅။
၄ ၁၈ ရာစုအချိန်၌ နာမည်ကြီးဥပဒေပညာရှင် ဝီလျံ ဘလက်စ်စတုန်းက “လူသား [သက်တမ်းနှင့်တူညီသော] သက်တမ်းရှိပြီး ဘုရားသခင်ကိုယ်တော်တိုင် စီရင်ပြဋ္ဌာန်းတော်မူခဲ့သော ဤသဘာဝတရားဆိုင်ရာ နိယာမ [သဘာဝနိယာမတရား] သည် အခြားမည်သည့်ဥပဒေသထက်မဆို သာ၍ကြီးလေးသောတာဝန်သက်ရောက်စေသည်။ ၎င်းသည် အချိန်ရှိသမျှ၊ နိုင်ငံရှိသမျှနှင့် ကမ္ဘာတစ်ဝန်းလုံးအပေါ် ချည်နှောင်ထားလျက်ရှိသည်။ ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော အဘယ်လူ့ဥပဒေမျှ ခိုင်မာလိမ့်မည်မဟုတ်ချေ” ဟု ရေးသားခဲ့သည်။ ဘလက်စ်စတုန်းသည် သမ္မာကျမ်းစာထဲတွင် တွေ့ရသော “ဗျာဒိတ်ရနိယာမတရား” နှင့်စပ်လျဉ်း၍ ဆက်လက်ဖော်ပြပြီး “သဘာဝတရားဆိုင်ရာ နိယာမနှင့် လှစ်ဟဖော်ပြခြင်းဆိုင်ရာ နိယာမ ဟူသော အုတ်မြစ်နှစ်ခုပေါ်တွင် လူ့ ဥပဒေအားလုံး မူတည်လျက်ရှိ၏; ယင်းတို့ကို ဆန့်ကျင်ဘက်ပြုရန် မည်သည့်လူ့ ဥပဒေများကမျှ သည်းမခံ [ခွင့်မပြု] သင့်ပေ” ဟု သူက မှတ်ချက်ချခဲ့လေသည်။ ၎င်းသည် မာကု ၁၂:၁၇ တွင် မှတ်တမ်းတင်ထားသကဲ့သို့ ဘုရားသခင်နှင့် ကဲသာတို့အကြောင်း ယေရှုမိန့်တော်မူသည့်အချက်နှင့် သဘောချင်းကိုက်ညီပေသည်။ ခရစ်ယာန်တစ်ဦးထံမှ ကဲသာတောင်းဆိုနိုင်သောအရာနှင့်ပတ်သက်၍ ဘုရားသခင် ကန့်သတ်ထားသည့် အတိုင်းအတာရှိသည်မှာ ရှင်းနေပါသည်။ တမန်တော်များအား ယေရှုအကြောင်းဟောပြောခြင်းကို ရပ်တန့်ရန် အမိန့်ပေးရာ၌ ဆန်ဟီဒရင်တရားရုံးသည် အဆိုပါအတိုင်းအတာတစ်ခုအတွင်းသို့ နယ်ကျွံသွားခဲ့၏။ ထို့ကြောင့် တမန်တော်များက “ကျွန်ုပ်တို့သည် လူ့အမိန့်ထက် ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ရမည်” ဟု မှန်ကန်စွာပင် ပြန်လည်တုံ့ ပြန်ခဲ့သည်။—တမန်တော် ၅:၂၈၊ ၂၉၊ သတင်းကောင်း။
“ဘုရားသခင်၏ဥစ္စာ”
၅၊ ၆။ (က) ၁၉၁၄ ခုနှစ်၌ ဘုရားသခင်၏နိုင်ငံတော်မွေးဖွားခြင်းကိုထောက်ရှု၍ ခရစ်ယာန်များသည် အဘယ်အရာကို စိတ်တွင် ပို၍စွဲမှတ်ထားသင့်သနည်း။ (ခ) ခရစ်ယာန်တစ်ဦးသည် ဓမ္မအမှုဆောင်တစ်ဦးအမှန်ပင်ဖြစ်ကြောင်း မည်ကဲ့သို့အထောက်အထား တင်ပြမည်နည်း။
၅ အထူးသဖြင့် အနန္တတန်ခိုးရှင်ယေဟောဝါဘုရားသခင်သည် ခရစ်တော်၏ မေရှိယနိုင်ငံတော်မှတစ်ဆင့် ဘုရင်အဖြစ် စတင်အုပ်စိုးသည့် ၁၉၁၄ ခုနှစ်ကတည်းကစ၍ ဘုရားသခင်၏ဥစ္စာကို ကဲသာအား မပေးမိရန် ခရစ်ယာန်များကို သေချာစေခဲ့သည်။ (ဗျာဒိတ် ၁၁:၁၅၊ ၁၇) ယခင်မည်သည့်အချိန်ကနှင့်မျှမတူဘဲ ဘုရားသခင်၏ပညတ်တော်သည် ခရစ်ယာန်များကို “ဤလောကနှင့်မဆက်ဆံ” ကြရန် တောင်းဆိုလာသည်။ (ယောဟန် ၁၇:၁၆) သူတို့၏အသက်ပေးပိုင်ရှင် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားပြီးဖြစ်ရာ မိမိတို့ကိုယ်ကိုမိမိတို့ မပိုင်တော့ကြောင်း ရှင်းလင်းပြတ်သားစွာ တင်ပြရမည်ဖြစ်သည်။ (ဆာလံ ၁၀၀:၂၊ ၃) ပေါလု ရေးသားခဲ့သကဲ့သို့ပင် “ငါတို့ကို ယေဟောဝါပိုင်တော်မူ၏။” (ရောမ ၁၄:၈၊ ကဘ) ထို့ ပြင် ခရစ်ယာန်တစ်ဦး နှစ်ခြင်းခံစဉ်၌ သူသည် ဘုရားသခင်၏ဓမ္မအမှုဆောင်အဖြစ် ခန့်အပ်ခံရသည်။ သို့မှသာ သူသည် ပေါလုနှင့်အတူ “အမှုတော်ဆောင်ဖြစ်နိုင်သောအစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အား ပေးတော်မူ၏” ဟု ပြောဆိုနိုင်မည်ဖြစ်သည်။—၂ ကောရိန္သု ၃:၅၊ ၆၊ သမ္မာ။
၆ “ငါသည် မိမိ၏ဓမ္မအမှုကို ဂုဏ်တင်၏” ဟုလည်း တမန်တော်ပေါလု ရေးသားခဲ့သေး၏။ (ရောမ ၁၁:၁၃၊ ကဘ) ကျွန်ုပ်တို့သည်လည်း ထပ်တူလုပ်ဆောင်သင့်သည်။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် အချိန်ပြည့်ပါဝင်နေသည်ဖြစ်စေ၊ အချိန်ပိုင်းပါဝင်နေသည်ဖြစ်စေ ကျွန်ုပ်တို့၏ဓမ္မအမှုကို ယေဟောဝါကိုယ်တော်တိုင် အပ်နှင်းထားကြောင်း အမှတ်ရပါ။ (၂ ကောရိန္သု ၂:၁၇) အချို့က ကျွန်ုပ်တို့၏အနေအထားကို စောဒကတက်မည်ဖြစ်သောကြောင့် ဆက်ကပ်အပ်နှံနှစ်ခြင်းခံထားသူယောက်တိုင်းတို့သည် သတင်းကောင်း၏ဓမ္မအမှုဆောင်တစ်ဦး အမှန်ပင်ဖြစ်ကြောင်း ရှင်းလင်းပြရန်နှင့် ခိုင်မာသောသက်သေတင်ပြရန် အသင့်ရှိရမည်။ (၁ ပေတရု ၃:၁၅) သူ၏ဓမ္မအမှုသည် သူ၏အပြုအမူတွင်လည်း ထင်ရှားသင့်၏။ ဘုရားသခင်၏ဓမ္မအမှုဆောင်တစ်ဦးအနေနှင့် ခရစ်ယာန်တစ်ဦးသည် စင်ကြယ်သည့်စာရိတ္တကို ကျင့်ကြံ၍ ထောက်ခံသင့်သည်၊ မိသားစုစည်းလုံးမှုကို ထိန်းသိမ်းသင့်သည်၊ ရိုးသားသင့်သည်၊ ငြိမ်ဝပ်ပိပြားမှုကို အလေးဂရုပြုသင့်ပေသည်။ (ရောမ ၁၂:၁၇၊ ၁၈; ၁ သက်သာလောနိတ် ၅:၁၅) ခရစ်ယာန်တစ်ဦးအတွက် ဘုရားသခင်နှင့်ဆက်ဆံရေးနှင့် ဘုရားပေးဓမ္မအမှုတာဝန်သည် သူ့ဘဝအသက်တာတွင် အရေးအကြီးဆုံးသောအရာဖြစ်သည်။ ကဲသာ၏အမိန့်ကြောင့် ဤအရာတို့ကို သူစွန့်ပယ်နိုင်မည်မဟုတ်ချေ။ ရှင်းနေသည်မှ ၎င်းတို့ကို “ဘုရားသခင်၏ဥစ္စာ” တွင် စာရင်းသွင်းရမည်ဖြစ်သည်။
“ကဲသာ၏ဥစ္စာ”
၇။ အခွန်အတုတ်ပေးဆောင်ခြင်းနှင့်ပတ်သက်၍ ယေဟောဝါသက်သေများ၏ဂုဏ်သတင်းကား မည်သို့ရှိသနည်း။
၇ ယေဟောဝါသက်သေများသည် အစိုးရအုပ်စိုးရှင်များဖြစ်သော “မင်းအာဏာစက်၏အုပ်စိုးခြင်းကို . . . ဝန်ခံ” ရမည်ဖြစ်ကြောင်း သိရှိ၏။ (ရောမ ၁၃:၁) ထို့ကြောင့် ကဲသာတည်းဟူသော နိုင်ငံတော်က တရားဝင်တောင်းဆိုမှုများကို တောင်းဆိုလာသောအခါ ကျမ်းစာဖြင့်လေ့ကျင့်ထားသော သူတို့၏သြတ္တပ္ပစိတ်က အဆိုပါတောင်းဆိုချက်များကို ဖြည့်စွက်ပေးရန် ခွင့်ပြုပေမည်။ ဥပမာ၊ စစ်မှန်သောခရစ်ယာန်များသည် ကမ္ဘာပေါ်တွင် အခွန်အတုတ်ပေးဆောင်ရာတွင် စံနမူနာအထားအပ်ဆုံးသောသူများအဝင် ဖြစ်ကြသည်။ ဂျာမနီနိုင်ငံထုတ်သတင်းစာ Münchner Merkur က ယေဟောဝါသက်သေများနှင့်ပတ်သက်၍ “ပြည်ထောင်စုသမ္မတနိုင်ငံတော်တွင် သူတို့သည် အရိုးသားဆုံးနှင့် အတိကျဆုံးသော အခွန်အတုတ်ပေးဆောင်သူများဖြစ်ကြသည်” ဟု ဖော်ပြထားသည်။ အီတလီနိုင်ငံထုတ်သတင်းစာ La Stampa က “သူတို့ [ယေဟောဝါသက်သေများ] သည် လူတကာလိုလားသော၊ ကျေးဇူးသစ္စာအထူးစောင့်သိသော နိုင်ငံသားများဖြစ်ကြသည်။ အခွန်ဆောင်ရန် တိမ်းရှောင်ခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် လိုက်နာရန်အဆင်မပြေသည့် ဥပဒေများကို မလိမ့်တပတ်ပြုလုပ်ခြင်းမပြုကြချေ” ဟူ၍ ဖော်ပြသည်။ ယေဟောဝါ၏ကျေးကျွန်များသည် ‘မိမိတို့၏သြတ္တပ္ပစိတ်ကို ထောက်၍’ ယင်းသို့ ပြုလုပ်ကြခြင်းဖြစ်၏။—ရောမ ၁၃:၅၊ ၆၊ ကဘ။
၈။ ကဲသာအား ကျွန်ုပ်တို့ပေးဆောင်ရမည့်အရာတွင် ငွေကြေးအခွန်များဖြင့်သာ ကန့်သတ်ထားသလော။
၈ “ကဲသာ၏ဥစ္စာ” သည် အခွန်အတုတ်ပေးဆောင်ခြင်းဖြင့်သာ ကန့်သတ်ထားသလော။ မဟုတ်ပါ။ ပေါလုက ကြောက်ရွံ့ခြင်းနှင့် ရိုသေလေးမြတ်ခြင်းကဲ့သို့သော အခြားအရာတို့ကို စာရင်းတင်ပြထားသည်။ ဂျာမန်ပညာရှင် ဟင်ရခ် မေရာက သူ၏ Critical and Exegetical Hand-Book to the Gospel of Matthew စာအုပ်ထဲ၌ “[ကဲသာ၏ဥစ္စာ] နှင့်ပတ်သက်၍ . . . ပြည်တွင်းအခွန်မျှသာဖြစ်သည်ဟု နားလည်ရန်မဟုတ်ဘဲ သူ၏တရားဝင်အုပ်စိုးခွင့်ကြောင့် ကဲသာအမည်ဖြင့် တပ်ထားသော မည်သည့်အရာမဆိုပါဝင်ပေသည်” ဟု ရေးသားထားသည်။ ခရစ်ယာန်တစ်ဦးသည် အခွန်ပေးဆောင်စရာရှိမည်ဆိုလျှင် ပေးဆောင်လိမ့်မည်ဖြစ်ပြီး “ထို့နည်းတူ အခြားနိုင်ငံ့တာဝန် အားလုံးတို့ကိုလည်း သူသည် ခံယူလိမ့်မည်။ ဘုရားသခင်ပိုင်ဆိုင်သောအရာများကို ကဲသာအားပေးဆက်ရန်တောင်းဆိုမခံရလျှင် ထိုသို့ပင်ပြုမည်ဖြစ်သည်” ဟု သမိုင်းပညာရှင် အီး. ဒဗလျူ. ဘာနက်စ်က The Rise of Christianity ဟူသည့် သူ၏စာအုပ်ထဲတွင် ဖော်ပြခဲ့လေသည်။
၉၊ ၁၀။ ထိုက်သင့်ရာကို ကဲသာအား ဆက်ပေးခြင်းနှင့်ပတ်သက်၍ အဘယ်တုံ့ဆိုင်းမှုမျိုး ခရစ်ယာန်တစ်ဦး၌ ရှိနိုင်သနည်း။ သို့သော် မည်သည့်အချက်ကိုစိတ်စွဲမှတ်သင့်သနည်း။
၉ နိုင်ငံတော်သည် ဘုရားသခင်မှန်ကန်စွာပိုင်ဆိုင်ထိုက်သော ဥစ္စာများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အဘယ်အရာများကို တောင်းဆိုနိုင်သနည်း။ အချို့တို့က အခွန်ဆောင်သည့်ပုံစံမျိုးဖြင့် ကဲသာအား ငွေကို တရားဝင်ပေးဆောင်နိုင်သော်လည်း အခြားမည်သည့်အရာကိုမျှမပေးဆောင်နိုင်ဟု ယူမှတ်ကြသည်။ သီအိုကရက်တစ်ဆိုင်ရာလုပ်ဆောင်မှုများအတွက် အသုံးပြုနိုင်သောအချိန်ကို ကုန်လွန်သွားစေနိုင်သည့် အရာတစ်စုံတစ်ခုအား ကဲသာကိုပေးရန် အမှန်ပင် သူတို့စိတ်ကသိကအောက်ဖြစ်ရကြသည်။ သို့ရာတွင် ‘ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်’ သင့်ကြသည်မှန်သော်လည်း ကျွန်ုပ်တို့၏မြင့်မြတ်သောလုပ်ငန်းတော်မှတစ်ပါး အခြားအရာများတွင်လည်း အချိန်ကိုအသုံးပြုရန် ယေဟောဝါမျှော်လင့်ပေသည်။ (မာကု ၁၂:၃၀; ဖိလိပ္ပိ ၃:၃) ဥပမာ၊ အိမ်ထောင်သည်ခရစ်ယာန်တစ်ဦးသည် သူ သို့မဟုတ် သူမ၏အိမ်ထောင်ဖက်ကို နှစ်လိုဖွယ်ဖြစ်စေရန် အချိန်ပေးရမည်ဟု ဩဝါဒပေးထားသည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုသည်မမှားယွင်းသော်လည်း တမန်တော်ပေါလုက ၎င်းတို့ကို “သခင်ဘုရား၏အမှု” မဟုတ်ဘဲ “လောကီအမှု” ဟု ဖော်ပြခဲ့လေသည်။—၁ ကောရိန္သု ၇:၃၂-၃၄; ၁ တိမောသေ ၅:၈ နှိုင်းယှဉ်။
၁၀ ထို့ ပြင် ခရစ်တော်က မိမိ၏နောက်တော်လိုက်များကို အခွန်အတုတ်များ “ဆက်ပေး” ရန် ခွင့်ပြုခဲ့ကာ ယင်း၌ ယေဟောဝါအား ဆက်ကပ်အပ်နှံထားသော အချိန်ကို အသုံးပြုခြင်း အမှန်ပင်ပါဝင်ပေမည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ဘဝအသက်တာတစ်ခုလုံးကို ဤအတိုင်းဆက်ကပ်အပ်နှံခဲ့သောကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ပျမ်းမျှအခွန်ကောက်ခံခြင်းသည် ဝင်ငွေ၏ ၃၃ ရာခိုင်နှုန်း (အချို့ နိုင်ငံများတွင် ပို၍မြင့်မား) ဖြစ်မည်ဆိုလျှင် သာမန်လုပ်သားတစ်ဦး နှစ်စဉ်သူ့ဝင်ငွေမှ လေးလစာတန်ဖိုးရှိသောငွေကို နိုင်ငံတော်ဘဏ္ဍာသို့ ပေးဆောင်ရသည်ဟု အဓိပ္ပာယ်ရလေသည်။ နောက်တစ်နည်းဆိုရလျှင် ပျမ်းမျှအားဖြင့် သာမန်လုပ်သားတစ်ဦးသည် သူ၏လုပ်သက်ကုန်ဆုံးသွားသည့်အခါ “ကဲသာ” တောင်းဆိုသည့် အခွန်ငွေအတွက် ၁၅ နှစ်ကြာခန့်မျှ ဝင်ငွေရှာပေးခဲ့ပြီးဖြစ်ပေမည်။ ပညာသင်ခြင်းကိစ္စကိုလည်း သုံးသပ်ကြည့်ပါ။ နိုင်ငံအများ၌ သူတို့၏ကလေးများကို အနည်းဆုံးနှစ်အတန်ကြာမျှ ကျောင်းတက်စေရန် တရားဥပဒေက မိဘများထံမှ တောင်းဆိုသည်။ ကျောင်းတက်ရသည့်နှစ်အရေအတွက်သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားမှုရှိ၏။ နေရာဒေသအများ၌ အချိန်ကြာမြင့်စွာတက်ရကြသည်။ ထိုကဲ့သို့သောကျောင်းတက်ခြင်းသည် အကျိုးပြုလေ့ရှိသည်မှန်သော်လည်း ကလေးတစ်ဦး၏အသက်တာ၏ အဘယ်အစိတ်အပိုင်းကို ဤနည်းအားဖြင့် အသုံးပြုရမည်ဟူ၍ ဆုံးဖြတ်ချက်ပေးသူမှာ ကဲသာဖြစ်ကာ ခရစ်ယာန်မိဘများသည် ကဲသာဆုံးဖြတ်ချက်နှင့်အညီ လိုက်လျှောက်ကြရသည်။
စစ်မှုမထမ်းမနေရအမိန့်
၁၁၊ ၁၂။ (က) တိုင်းနိုင်ငံများစွာတို့၌ အဘယ်အရာကို ကဲသာက တောင်းဆိုသနည်း။ (ခ) အစောပိုင်းခရစ်ယာန်များသည် စစ်မှုထမ်းခြင်းနှင့်ပတ်သက်၍ မည်သို့ ရှုမြင်ခဲ့ကြသနည်း။
၁၁ အချို့ နိုင်ငံများ၌ ကဲသာတောင်းဆိုတတ်သော နောက်အရာတစ်ခုမှာ စစ်မှုမထမ်းမနေရခြင်းဖြစ်သည်။ ၂၀ ရာစုနှစ်အတွင်း စစ်မှုဖြစ်စဉ်ကာလ၌ တိုင်းနိုင်ငံအများတို့တွင် ဤအစီအစဉ်ကို စတင်ပြဋ္ဌာန်းခဲ့ကြကာ အချို့တိုင်းနိုင်ငံတို့၌ဆိုလျှင် ငြိမ်းချမ်းသောကာလ၌လည်း ပြဋ္ဌာန်းကြသည်။ ပြင်သစ်နိုင်ငံတွင် ဤတာဝန်ကို သွေးအခွန်ဟု နှစ်ပေါင်းများစွာကြာ ခေါ်ဆိုခဲ့သည်။ ဆိုလိုသည်မှာ လူငယ်ယောက်စီယောက်တိုင်းတို့သည် နိုင်ငံတော်အတွက် သူတို့အသက်ကို ပေးဆက်ဖို့အတွက် လိုလိုလားလားရှိရမည်ဟူ၍ဖြစ်သည်။ ယင်းသည် ယေဟောဝါထံဆက်ကပ်အပ်နှံထားသောသူတို့အတွက် ဩတ္တပ္ပစိတ်ကြည်ကြည်ဖြင့် လုပ်ဆောင်နိုင်သည့်အရာလော။ ပထမရာစုတွင်ရှိသော ခရစ်ယာန်များ ယင်းကိစ္စနှင့်ပတ်သက်၍ မည်သို့ ရှုမြင်ခဲ့ကြသနည်း။
၁၂ အစောပိုင်းခရစ်ယာန်များသည် နိုင်ငံ့သားကောင်းများဖြစ်ရန် ကြိုးစားအားထုတ်ကြသော်လည်း အခြားသူတစ်ဦး၏အသက်ကို သတ်ဖြတ်ရန် သို့မဟုတ် သူတို့အသက်ကို နိုင်ငံတော်အတွက် ပေးဆက်ရန် သူတို့၏ယုံကြည်ခြင်းက သူတို့ကိုဆီးတားခဲ့သည်။ “ရောမစစ်တပ်တွင်ပါဝင်ခြင်းမှ ခရစ်ယာန်များကို တားဆီးခဲ့သည့်မူတစ်ခုမှာ သူတို့ကို လူ့အသက်သတ်ခြင်းမှ ကန့်သတ်ထားခြင်းပင်ဖြစ်ကြောင်း တာတူလျန်နှင့် အော်ရဂျန်တို့အပါအဝင် အစောပိုင်းချာ့ချ်ဖခင်များက အတည်ပြုပြောဆိုကြသည်” ဟု The Encyclopedia of Religion က ဖော်ပြသည်။ “ယုတ်စွအဆုံး မားကပ်သြရဲလီယပ်စ် အုပ်စိုးချိန်အထိ [၁၆၁-၁၈၀ စီ.အီး.] နှစ်ခြင်းခံပြီးသော မည်သည့်ခရစ်ယာန်မျှ စစ်သားဖြစ်လာခြင်းမရှိချေ” ဟု ပါမောက္ခ စီ. ဂျေ. ကာဒုက သူ၏ The Early Church and the World ဟူသည့်စာအုပ်ထဲတွင် ရေးသားဖော်ပြခဲ့သည်။
၁၃။ ခရစ်ယာန်ဘောင်တွင်ရှိသော သူအများစုသည် စစ်မှုထမ်းခြင်းနှင့်ပတ်သက်၍ အစောပိုင်းခရစ်ယာန်များ၏အမြင်မျိုး အဘယ်ကြောင့်မရှိကြသနည်း။
၁၃ ယနေ့ ခရစ်ယာန်ဘောင်ချာ့ချ်များမှ အသင်းသားများသည် အဘယ်ကြောင့် ဤနည်းအတိုင်း မရှုမြင်ကြသနည်း။ အကြောင်းမှာ စတုတ္ထရာစု၌ ဖြစ်ပျက်ခဲ့သော လုံးလုံးလျားလျားအပြောင်းအလဲကြီးကြောင့်ဖြစ်သည်။ “တိတ္ထိဧကရာဇ်မင်းများလက်အောက်ရှိ . . . ခရစ်ယာန်များစွာတို့သည် စစ်မှုနှင့်ပတ်သက်လျှင် ဘာသာရေးအရဝန်လေးကြပြီး လက်နက်ကိုင်ရန် လုံးဝငြင်းဆန်ကြသည် သို့တည်းမဟုတ် ထွက်ပြေးကြသည်။ ကွန်စတင်တိုင်း တင်သွင်းသော ပြောင်းလဲမှုများကို ထည့်သွင်းစဉ်းစားလျက် [စီ.အီး. ၃၁၄ ခုနှစ်၌ အော်ရယ်တွင် ကျင်းပခဲ့သော] ဓမ္မဆရာများအစည်းအဝေးက ခရစ်ယာန်များ စစ်မှုထမ်းရမည်ဟူသည့် တာဝန်ကို ချမှတ်ခဲ့သည်။ အကြောင်းမှာ ချာ့ချ်သည် ခရစ်ယာန်များကို ခင်မင်ရင်းနှီးသော မင်းသားတစ်ပါးလက်အောက်တွင် သင့်မြတ် (အေးချမ်း) နေပြီဖြစ်သောကြောင့်တည်း” ဟု A History of the Christian Councils ဟူသည့် ကက်သလစ်စာပေက ရှင်းလင်းဖော်ပြသည်။ ဤသို့ ယေရှု၏သွန်သင်ချက်များကို စွန့်ပယ်ခြင်းအကျိုးဆက်အနေနှင့် ထိုအချိန်မှစ၍ ယခုအချိန်အထိ ခရစ်ယာန်ဘောင်မှ ဓမ္မဆရာများသည် သူတို့၏အဖွဲ့ဝင်များကို နိုင်ငံများ၏စစ်တပ်များတွင် အမှုထမ်းရန် အားပေးတိုက်တွန်းကြသည်။ အချို့သူများက ယုံကြည်ချက်အရစစ်မတိုက်သူများအဖြစ် ရပ်တည်ကြသည့်ကြားမှ ထိုသို့တိုက်တွန်းကြခြင်းဖြစ်သည်။
၁၄၊ ၁၅။ (က) နေရာဒေသအချို့တွင်ရှိသော ခရစ်ယာန်များသည် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ကို အဘယ်အရာပေါ်အခြေခံ၍ တောင်းဆိုကြခြင်းဖြစ်သနည်း။ (ခ) ကင်းလွတ်ခွင့်မရရှိသောဒေသများ၌ ခရစ်ယာန်တစ်ဦးသည် စစ်မှုထမ်းခြင်းကိစ္စနှင့်ပတ်သက်၍ မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်ရန် အဘယ်ကျမ်းစာစည်းမျဉ်းများက သူ့ကိုကူညီပေးမည်နည်း။
၁၄ ယနေ့ခရစ်ယာန်များသည် ဤကိစ္စ၌ အများနောက်သို့လိုက်ရမည်လော။ မဟုတ်ပါ။ ဆက်ကပ်အပ်နှံနှစ်ခြင်းခံထားသောခရစ်ယာန်တစ်ဦးသည် ဓမ္မအမှုဆောင်များအား စစ်မှုရေးကင်းလွတ်ခွင့်ပေးထားသော နိုင်ငံတွင် နေထိုင်သည်ဆိုပါက သူသည် အမှန်ပင်ဓမ္မအမှုဆောင်တစ်ဦးဖြစ်သောကြောင့် ဤအစီအစဉ်ကို သူခံစားနိုင်ပေသည်။ (၂ တိမောသေ ၄:၅) အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့အပါအဝင် နိုင်ငံအတော်များများတို့သည် စစ်ပွဲကာလ၌ပင် အဆိုပါကင်းလွတ်ခွင့်ကို ပေးကြသည်။ ထို့ ပြင် ငြိမ်းချမ်းရေးကာလအတောအတွင်း စစ်မှုမထမ်းမနေရအမိန့်ကို ဆက်လက်တည်ရှိစေသော နိုင်ငံများစွာတို့တွင် ယေဟောဝါသက်သေများသည် ဘာသာရေးဓမ္မအမှုဆောင်များအဖြစ် ကင်းလွတ်ခွင့်ရရှိကြသည်။ သို့ဖြင့် သူတို့၏လူအများရှေ့အမှုဆောင်ခြင်းလုပ်ငန်းအားဖြင့် လူများကို သူတို့ဆက်လက်ကူညီနိုင်ကြခြင်းဖြစ်သည်။
၁၅ ခရစ်ယာန်တစ်ဦးသည် ဘာသာရေးဓမ္မအမှုဆောင်များကို ကင်းလွတ်ခွင့်မပေးသော နိုင်ငံတွင်နေထိုင်သည်ဆိုလျှင်ကော အသို့နည်း။ သို့ ဖြစ်ပါက ကျမ်းစာဖြင့်လေ့ကျင့်ထားသော သူ၏သြတ္တပ္ပစိတ်ကိုလိုက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။ (ဂလာတိ ၆:၅) ကဲသာ၏အခွင့်အာဏာကို ထည့်သွင်းစဉ်းစားသော်လည်း ယေဟောဝါအား သူပေးဆောင်ရမည့်အရာကို အသေအချာစဉ်းစားသုံးသပ်ရမည်ဖြစ်သည်။ (ဆာလံ ၃၆:၉; ၁၁၆:၁၂-၁၄; တမန်တော် ၁၇:၂၈) အခြားလူမျိုး သို့မဟုတ် အခြားနိုင်ငံမှ သူဖြစ်ပါစေ စစ်မှန်သောခရစ်ယာန်တစ်ဦး၏အမှတ်အသားသည် မိမိ၏ယုံကြည်သူချင်းကို ချစ်ခြင်းဖြစ်ကြောင်း ခရစ်ယာန်တစ်ဦး အမှတ်ရပေမည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ၁ ပေတရု ၂:၁၇) ထို့ ပြင် သူသည် ဟေရှာယ ၂:၂-၄; မဿဲ ၂၆:၅၂; ရောမ ၁၂:၁၈; ၁၄:၁၉; ၂ ကောရိန္သု ၁၀:၄; ဟေဗြဲ ၁၂:၁၄ တို့ကဲ့သို့သောကျမ်းချက်များတွင်တွေ့ရသည့် ကျမ်းစာမူများကို မေ့လိမ့်မည်မဟုတ်ပေ။
အရပ်ဘက်ဆိုင်ရာလုပ်ငန်း
၁၆။ အချို့ နိုင်ငံများတွင် စစ်မှုထမ်းခြင်းကို လက်သင့်မခံသောသူများထံမှ စစ်မှုနှင့်မပတ်သက်သောအဘယ်လုပ်ငန်းကို ကဲသာတောင်းဆိုသနည်း။
၁၆ သို့သော် ဘာသာရေးဓမ္မအမှုဆောင်များအတွက် ကင်းလွတ်ခွင့် မပြုသော်လည်း အချို့သောပုဂ္ဂိုလ်များ စစ်မှုထမ်းခြင်းကို ငြင်းဆိုနိုင်ကြောင်း အသိအမှတ်ပြုသော နိုင်ငံများရှိပါသည်။ အဆိုပါနိုင်ငံများစွာတို့တွင် ထိုကဲ့သို့ယုံကြည်မှုအရပြုသောပုဂ္ဂိုလ်များအတွက် စစ်မှုထမ်းရန် အတင်းအကြပ်ပြုခြင်းမခံရဖို့ အစီအစဉ်များပြုလုပ်ပေးထားသည်။ အချို့နေရာဒေသများ၌ ရပ်ရွာအကျိုးပြုလုပ်ငန်းများကဲ့သို့သော လိုအပ်မှုရှိသည့်အရပ်ဘက်ဆိုင်ရာလုပ်ငန်းတစ်ရပ်ကို စစ်မှုနှင့်မဆိုင်သော အမျိုးသားရေးလုပ်ငန်းအဖြစ် ယူမှတ်ကြသည်။ ဆက်ကပ်အပ်နှံထားသောခရစ်ယာန်တစ်ဦးသည် ထိုကဲ့သို့သောလုပ်ငန်းမျိုးကို တာဝန်ယူနိုင်ပါသလော။ ဤကိစ္စတွင်လည်း ဆက်ကပ်အပ်နှံနှစ်ခြင်းခံထားသောခရစ်ယာန်တစ်ဦးသည် သူ၏ကျမ်းစာဖြင့်လေ့ကျင့်ထားသောသြတ္တပ္ပစိတ်ကို အခြေပြု၍ ကိုယ်တိုင်ဆုံးဖြတ်ချက်ချရပေလိမ့်မည်။
၁၇။ စစ်မှုနှင့်မပတ်သက်သော အရပ်ဘက်ဆိုင်ရာလုပ်ငန်းတာဝန်သည် သမ္မာကျမ်းစာခေတ်ကအစဉ်အလာ ရှိခဲ့သလော။
၁၇ အမှုမထမ်းမနေရအမိန့်ကို သမ္မာကျမ်းစာခေတ်တွင် ကျင့်သုံးခဲ့ဟန်တူသည်။ “ယုဒပြည်သားတို့ထံမှ အခွန်အတုတ်များနှင့် ပေးသင့်ပေးထိုက်ရာများအပြင် လုပ်အားခွန် [ပြည်သူအာဏာပိုင်များက အခမရသော လုပ်အားကိုအတင်းအကြပ်တောင်းခံခြင်း] လည်းရှိသည်။ ၎င်းမှာ ရှေးဂရိနှင့် ရောမအာဏာပိုင်များ ဆက်လက်ကိုင်စွဲခဲ့သော အရှေ့ပိုင်းဒေသတွင်ရှိသည့် ရှေးဥပဒေသတစ်ရပ်ဖြစ်သည်။ . . . ဓမ္မသစ်ကျမ်းသည်လည်း ယုဒတွင် လုပ်အားခွန်နှင့်ပတ်သက်သော သာဓကများကို ကိုးကားထားခြင်းဖြင့် ၎င်းမည်မျှနှံ့ပြားလျက်ရှိကြောင်း ဖော်ပြသည်။ ထိုဓလေ့ထုံးစံနှင့်အညီ စစ်သားများသည် ကုရေနေပြည်သား ရှိမုန်ကို ယေရှု၏လက်ဝါးကပ်တိုင် [ညှဉ်းဆဲရာနှက်တိုင်] ကို ထမ်းသွားစေရန် အတင်းအဓမ္မပြုကြသည် (မဿဲ ၅:၄၁; ၂၇:၃၂; မာကု ၁၅:၂၁; လုကာ ၂၃:၂၆)” ဟု သမိုင်းစာအုပ်တစ်အုပ်က ဖော်ပြသည်။
၁၈။ စစ်မှုရေးနှင့်မပတ်သက်သော၊ ဘာသာရေးနှင့်ကင်းသော အဘယ်ရပ်မှုရွာမှုပုံစံများတွင် ယေဟောဝါသက်သေများ ပူးပေါင်းဆောင်ရွက်လေ့ရှိသနည်း။
၁၈ ထပ်တူပင် ယနေ့၌လည်း အချို့တိုင်းနိုင်ငံများတွင်ရှိသော နိုင်ငံသားများသည် ရပ်မှုရွာမှု အမျိုးမျိုးတွင်ပါဝင်ကြရန် နိုင်ငံတော် သို့မဟုတ် ဒေသခံအာဏာပိုင်များက တောင်းဆိုကြသည်။ တစ်ခါတစ်ရံ ရေတွင်းတူးခြင်း သို့မဟုတ် လမ်းခင်းခြင်းကဲ့သို့သော အထူးတာဝန်တစ်ရပ်ဖြစ်မည်; တစ်ခါတစ်ရံ လမ်းများ၊ ကျောင်းများ သို့မဟုတ် ဆေးရုံများကို ရှင်းလင်းသုတ်သင်ခြင်းတွင် ပတ်စဉ်ပါဝင်ခြင်းကဲ့သို့သော ပုံမှန်လုပ်ဆောင်ရခြင်းမျိုးဖြစ်မည်။ ဤကဲ့သို့သော အရပ်ဘက်ဆိုင်ရာလုပ်ငန်းသည် လူထုအဖွဲ့အစည်း၏ကောင်းကျိုးအတွက်ဖြစ်မည်၊ ဗာဗုလုန်ဘာသာရေးနှင့် ဆက်စပ်မှုမရှိ သို့မဟုတ် ယေဟောဝါသက်သေများ၏သြတ္တပ္ပစိတ်ကို မည်သည့်နည်းဖြင့်မျှ နှောင့်ယှက်မှုမပေးဘဲဖြစ်မည်ဆိုလျှင် သူတို့သည် လိုက်လျောတတ်လေ့ရှိ၏။ (၁ ပေတရု ၂:၁၃-၁၅) ယင်းသည် ကောင်းသောသက်သေခံချက်တစ်ရပ် ဖြစ်တတ်လေ့ရှိပြီး တစ်ခါတစ်ရံ သက်သေခံများကို အစိုးရ ဆန့်ကျင်သူများဟု လွဲမှားစွာစွပ်စွဲသူတို့ကို နှုတ်ပိတ်သွားစေတတ်သည်။—မဿဲ ၁၀:၁၈ နှိုင်းယှဉ်။
၁၉။ စစ်မှုနှင့်မပတ်သက်သော အမျိုးသားရေးလုပ်ငန်းတွင် အချိန်အတန်ကြာလုပ်ဆောင်ဖို့အတွက် ခရစ်ယာန်တစ်ဦးထံမှ ကဲသာတောင်းဆိုလာလျှင် ထိုကိစ္စကို သူမည်သို့ကိုင်တွယ်သင့်သနည်း။
၁၉ အရပ်သားအုပ်ချုပ်ရေးမှူးလက်အောက်တွင် အမျိုးသားရေးလုပ်ငန်း၏တစ်စိတ်တစ်ဒေသဖြစ်သော အရပ်ဘက်ဆိုင်ရာလုပ်ငန်းကို အချိန်အတိုင်းအတာတစ်ခုကြာလုပ်ဆောင်ရန် ခရစ်ယာန်တစ်ဦးအား နိုင်ငံတော်က တောင်းဆိုလာလျှင်ကော အသို့နည်း။ ဤတွင်လည်း ခရစ်ယာန်များသည် အသိပညာများဖြင့်ဖြည့်ထားသော ဩတ္တပ္ပစိတ်အပေါ်အခြေပြု၍ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။ “ငါတို့ရှိသမျှသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့ ရပ်ရကြလိမ့်မည်။” (ရောမ ၁၄:၁၀၊ သမ) ကဲသာ၏တောင်းဆိုမှုတစ်ရပ်နှင့် ရင်ဆိုင်နေရသော ခရစ်ယာန်များသည် ဆုတောင်းလျက် ယင်းကိစ္စကို လေ့လာသုံးသပ်ကာ ဆင်ခြင်စဉ်းစားသင့်သည်။a အသင်းတော်တွင်ရှိသော ရင့်ကျက်သည့်ခရစ်ယာန်များနှင့် ထိုကိစ္စကို ဆွေးနွေးခြင်းသည်လည်း ပညာရှိရာကျပေသည်။ ထို့နောက် ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ရမည်ဖြစ်သည်။—သု. ၂:၁-၅; ဖိလိပ္ပိ ၄:၅။
၂၀။ စစ်မှုနှင့်မပတ်သက်သော အမျိုးသားရေးဆိုင်ရာ အရပ်ဘက်လုပ်ငန်းနှင့်ပတ်သက်၍ ခရစ်ယာန်တစ်ဦး ကျိုးကြောင်းဆင်ခြင်နိုင်ဖို့ရန် အဘယ်မေးခွန်းများနှင့် ကျမ်းစာမူများက ကူညီပေးမည်နည်း။
၂၀ ထိုကဲ့သို့ လေ့လာရှာဖွေမှုပြုနေစဉ် ခရစ်ယာန်များသည် သမ္မာကျမ်းစာမူ အတော်များများကို ဆင်ခြင်သုံးသပ်ရပေလိမ့်မည်။ ပေါလုက ကျွန်ုပ်တို့သည် “အရာရှိများ၊ အာဏာပိုင်များအောက် ဝန်ခံ၍လိုက်နာလျက်၊ ကောင်းမှုခပ်သိမ်းပြုရန် အသင့်ရှိလျက်၊ . . . နူးညံ့သူ၊ သူခပ်သိမ်းတို့ရှေ့ သိမ်မွေ့သူဖြစ်ကြ” ရမည်ဟု မှာကြားခဲ့သည်။ (တိတု ၃:၁၊ ၂၊ သမ) တစ်ချိန်တည်းတွင် ခရစ်ယာန်များသည် ကမ်းလှမ်းထားသော အရပ်ဘက်ဆိုင်ရာအလုပ်ကို ကောင်းစွာဆန်းစစ်သင့်သည်။ ၎င်းကို လက်သင့်ခံလိုက်ပါက ခရစ်ယာန်ကြားနေမှုကို ဆက်လက်ထိန်းသိမ်းနိုင်ပါမည်လော။ (မိက္ခာ ၄:၃၊ ၅; ယောဟန် ၁၇:၁၆) အချို့သောဗာဗုလုန်ဘာသာရေးနှင့် သူတို့ကို ငြိစွန်းစေမည်လော။ (ဗျာဒိတ် ၁၈:၄၊ ၂၀၊ ၂၁) ယင်းတို့ကို လုပ်ဆောင်ခြင်းကြောင့် ခရစ်ယာန်တာဝန်ဝတ္တရားများကို ကျေပွန်အောင်ဆောင်ရွက်ခြင်းမှ သူတို့ကို ဟန့်တားမည်လော သို့မဟုတ် အလွန်ကန့်သတ်မှု ဖြစ်စေလိမ့်မည်လော။ (မဿဲ ၂၄:၁၄; ဟေဗြဲ ၁၀:၂၄၊ ၂၅) အခြားတစ်ဖက်တွင် တောင်းဆိုထားသောလုပ်ငန်း၌ လုပ်ကိုင်နေရင်း အချိန်ပြည့်ဓမ္မအမှုပင် ဆောင်ရွက်နေကောင်းဆောင်ရွက်နေမည်ဖြစ်လျက် ဝိညာဉ်ရေးရာ၌ ဆက်လက်တိုးတက်အောင် သူတို့လုပ်ဆောင်နိုင်လိမ့်မည်လော။—ဟေဗြဲ ၆:၁၁၊ ၁၂။
၂၁။ စစ်မှုနှင့်မပတ်သက်သော အမျိုးသားရေးဆိုင်ရာ အရပ်ဘက်လုပ်ငန်းကိစ္စကို ကိုင်တွယ်ဖြေရှင်းနေရသော ညီအစ်ကိုတစ်ဦးအနေနှင့် သူ၏ဆုံးဖြတ်ချက် မည်သို့ပင်ရှိပါစေ အသင်းတော်က သူ့ကို မည်သို့ ရှုမြင်သင့်သနည်း။
၂၁ အဆိုပါမေးခွန်းများအတွက် ခရစ်ယာန်တစ်ဦး၏ ရိုးသားပွင့်လင်းသောအဖြေများက အမျိုးသားရေးဆိုင်ရာ အရပ်ဘက်လုပ်ငန်းသည် အာဏာပိုင်များကို နာခံသောအားဖြင့် လုပ်ဆောင်နိုင်ခွင့်ရှိသည့် ‘ကောင်းသောအမှု’ ဖြစ်သည်ဟု ကောက်ချက်ချစေလျှင်ကော အသို့နည်း။ ၎င်းမှာ ယေဟောဝါ ရှေ့မှောက်၌ သူ၏ဆုံးဖြတ်ချက်ဖြစ်သည်။ ခန့်အပ်ခံအကြီးအကဲများနှင့် အခြားသူတို့သည် ထိုညီအစ်ကို၏သြတ္တပ္ပစိတ်ကို အပြည့်အဝလေးစားသင့်ပြီး သူ့ကိုကောင်းသောရပ်တည်မှုရှိ ခရစ်ယာန်တစ်ဦးအဖြစ် ဆက်လက်ယူမှတ်သင့်သည်။ သို့ရာတွင် ခရစ်ယာန်တစ်ဦးက ထိုအရပ်ဘက်ဆိုင်ရာလုပ်ငန်းကို သူမလုပ်နိုင်ဟု ယူမှတ်သည်ဆိုပါကလည်း သူ၏ရပ်တည်မှုကို လေးစားသင့်ပေသည်။ သူသည်လည်း ကောင်းသောရပ်တည်မှုတွင် ဆက်ရှိနေပြီး မေတ္တာပါသောထောက်ပံ့မှုကို ရရှိသင့်သည်။—၁ ကောရိန္သု ၁၀:၂၉; ၂ ကောရိန္သု ၁:၂၄; ၁ ပေတရု ၃:၁၆။
၂၂။ အဘယ်အခြေအနေမျိုးနှင့်ပင် ရင်ဆိုင်ရပါစေ ကျွန်ုပ်တို့သည် အဘယ်အရာကို ဆက်လက်လုပ်ဆောင်သွားကြမည်နည်း။
၂၂ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် “ရိုသေထိုက်သောသူကို ရိုသေ” ခြင်းကို အမြဲပြုသွားကြမည်။ (ရောမ ၁၃:၇) ကျွန်ုပ်တို့သည် စည်းစနစ်ကျနမှုကို လေးမြတ်ကာ ငြိမ်းချမ်း၍ ဥပဒေလိုက်နာသော နိုင်ငံသားများဖြစ်ကြရန် ကြိုးစားအားထုတ်ကြမည်။ (ဆာလံ ၃၄:၁၄) “ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့” သည် ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာနှင့် လုပ်ငန်းတော်ကို ထိခိုက်သော ဆုံးဖြတ်ချက်များ ချမှတ်စေသည့်တိုက်တွန်းအားပေးမှုကိုခံရသောကြောင့် ကျွန်ုပ်တို့သည် သူတို့အတွက်ပင် ဆုတောင်းပေးနိုင်လေသည်။ ကဲသာ၏ဥစ္စာကို ကဲသာအား ကျွန်ုပ်တို့ပြန်ဆက်ပေးခြင်းကြောင့် “ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်းအမျိုးမျိုးကိုပြု၍ ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်” ဟု ကျွန်ုပ်တို့ မျှော်လင့်ပါ၏။ (၁ တိမောသေ ၂:၁၊ ၂) အရေးအကြီးဆုံးမှာ ကျွန်ုပ်တို့သည် လူသားတို့၏တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဆက်လက်ဟောကြားရင်း ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား တာဝန်သိစွာဖြင့် ပေးဆက်သွားပါမည်တည်း။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် မေ ၁၅၊ ၁၉၆၄၊ စာမျက်နှာ ၃၀၈၊ အပိုဒ် ၂၁ [လိပ်] ရှု။
သင်ရှင်းပြနိုင်မည်လော
◻ ကဲသာနှင့်မိမိ၏ဆက်ဆံရေး၊ ယေဟောဝါနှင့်မိမိ၏ဆက်ဆံရေးနှစ်ခုကို ချိန်ထိုးလိုက်သောအခါ ခရစ်ယာန်တစ်ဦး ဦးစားပေးရမည့်အရာမှာ အဘယ်အရာနည်း။
◻ ကဲသာအား ကျွန်ုပ်တို့ ဘယ်တော့မျှမပေးနိုင်သည့် အဘယ်အရာကို ယေဟောဝါအား ပေးဆက်ရမည်နည်း။
◻ ကဲသာအား ကျွန်ုပ်တို့လျောက်ပတ်စွာပေးဆက်သော အရာအချို့ကား အဘယ်နည်း။
◻ စစ်မှုမထမ်းမနေရကိစ္စတွင် မှန်ကန်သောဆုံးဖြတ်ချက်ကိုချနိုင်ရန် အဘယ်ကျမ်းချက်များက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။
◻ စစ်မှုနှင့်မပတ်သက်သော အရပ်ဘက်အမျိုးသားရေးဆိုင်ရာ လုပ်ငန်းလုပ်ရန် တောင်းဆိုခံရလျှင် စိတ်ထဲ၌စွဲမှတ်ထားရမည့်အရာအချို့ကား အဘယ်နည်း။
◻ ယေဟောဝါနှင့် ကဲသာတို့နှင့်ပတ်သက်၍ အဘယ်အရာကို ကျွန်ုပ်တို့ ဆက်လုပ်ကြရမည်နည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
တမန်တော်များက ကျွန်ုပ်တို့သည် “လူ့အမိန့်ထက် ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ရမည်” ဟု ဆန်ဟီဒရင်တရားရုံးကို ပြောဆိုခဲ့