ယေဟောဝါသည် များစွာသောသားတို့ကို ဘုန်းဝင်စားစေ
“အရာခပ်သိမ်း၏အကြောင်းရင်းနှင့် ပန်းတုံးတိုင်ဖြစ်သော ဘုရားသခင်သည် အများသောသားတို့ကို ဘုန်းဝင်စားစေတော်မူသည်တွင် သူတို့ကယ်တင်ပိုင်ရှင် [ကိုယ်စားလှယ်ချုပ်] ကို ဒုက္ခများဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။”—ဟေဗြဲ ၂:၁၀၊ သမ။
၁။ လူသားတို့အတွက် ယေဟောဝါ၏ရည်ရွယ်တော်မူချက်သည် ပြည့်စုံလိမ့်မည်ဟု အဘယ်ကြောင့် စိတ်ချနိုင်သနည်း။
ယေဟောဝါသည် စုံလင်သောလူ့မိသားစုတစ်စုကို အဆုံးမဲ့အသက်တာဖြင့်နေထိုင်ဖို့ ကမ္ဘာမြေကြီးကို ထာဝရနေအိမ်အဖြစ် ဖန်ဆင်းတော်မူ၏။ (ဒေသနာ ၁:၄; ဟေရှာယ ၄၅:၁၂၊ ၁၈) မှန်ပါသည်၊ ကျွန်ုပ်တို့၏ဘိုးဘေးအာဒံသည် အပြစ်ပြုခဲ့ရာ မိမိ၏သားစဉ်မြေးဆက်အား အပြစ်နှင့်သေခြင်းကို လက်ဆင့်ကမ်းခဲ့သည်။ သို့သော် လူသားတို့အတွက် ဘုရားသခင့်ရည်ရွယ်တော်မူချက်သည် ကတိထားတော်မူရာအမျိုးအနွယ် ယေရှုခရစ်အားဖြင့် ပြည့်စုံပေလိမ့်မည်။ (ကမ္ဘာဦး ၃:၁၅; ၂၂:၁၈; ရောမ ၅:၁၂-၂၁; ဂလာတိ ၃:၁၆) လူ့လောကကို ချစ်တော်မူသောယေဟောဝါ၏မေတ္တာတော်က “သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို” စွန့်တော်မူရန်လှုံ့ဆော်ပေး၏။ (ယောဟန် ၃:၁၆) ထို့အပြင် ယေရှုသည် “မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ” မေတ္တာကစေ့ဆော်ပေးခဲ့သည်။ (မဿဲ ၂၀:၂၈) ဤ “တန်ဖိုးတူရွေးနုတ်ဖိုး” ကအာဒံကြောင့်ဆုံးရှုံးခဲ့သော အခွင့်အရေးများနှင့်မျှော်လင့်ချက်များကို ပြန်လည်ရရှိစေကာ ထာဝရအသက်ရစေသည်။—၁ တိမောသေ ၂:၅၊ ၆၊ ကဘ; ယောဟန် ၁၇:၃။
၂။ ဣသရေလတို့၏ နှစ်စဉ်ကျင်းပသည့် အပြစ်ဖြေရာနေ့တွင် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာ၏သက်ဆိုင်မှုကို မည်သို့ပုံတင်ပြခဲ့သနည်း။
၂ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာ၏ သက်ဆိုင်မှုကို နှစ်စဉ်ကျင်းပခဲ့သော အပြစ်ဖြေရာနေ့တွင် ပုံတင်ပြခဲ့သည်။ ထိုနေ့တွင် ဣသရေလတို့၏ ယဇ်ပုရောဟိတ်မင်းကြီးသည် ဦးဆုံးနွားထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်၍ ၎င်း၏အသွေးကို တဲတော်၏အသန့်ရှင်းဆုံးအခန်းရှိ ပဋိညာဉ်သေတ္တာတော်၌၊ နောက်ပိုင်းတွင် ဗိမာန်တော်၌ဆက်သခဲ့သည်။ ဤသို့ပြုခြင်းသည် မိမိကိုယ်တိုင်၊ မိမိ၏အိမ်သားနှင့် လေဝိအနွယ်အတွက်ဖြစ်၏။ အလားတူပင် ယေရှုခရစ်သည် ဦးဆုံးကိုယ်တော်၏ဝိညာဉ်ရေး ‘ညီတော်များ’ ၏အပြစ်ကိုဖုံးအုပ်ရန် အသွေးတော်၏တန်ဖိုးကို ဘုရားသခင်ထံ ဆက်သခဲ့သည်။ (ဟေဗြဲ ၂:၁၂; ၁၀:၁၉-၂၂; ဝတ်ပြုရာ ၁၆:၆၊ ၁၁-၁၄) အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းကြီးသည် အပြစ်ဖြေရာယဇ်အဖြစ် ဆိတ်တစ်ကောင်ကိုလည်း ပူဇော်ခဲ့ပြီး ၎င်း၏အသွေးကို အသန့်ရှင်းဆုံးအခန်းတွင် ဆက်သခြင်းအားဖြင့် ယဇ်ပုရောဟိတ်မဟုတ်ကြသော ဣသရေလ ၁၂ နွယ်၏အပြစ်များအတွက် အပြစ်ဖြေစေခဲ့သည်။ ထိုနည်းတူ ယဇ်ပုရောဟိတ်မင်းကြီးယေရှုခရစ်သည် ယုံကြည်ခြင်းတင်ပြသူအပေါင်း၏အပြစ်ကို ချေဖျက်ပစ်ဖို့ရန် ကိုယ်တော့်အသက်သွေးကို သက်ဆိုင်စေပါလိမ့်မည်။—ဝတ်ပြုရာ ၁၆:၁၅။
ဘုန်းဝင်စားစေ
၃။ ဟေဗြဲ ၂:၉၊ ၁၀ အရ ဘုရားသခင်သည် နှစ်ပေါင်း ၁,၉၀၀ တစ်လျှောက် အဘယ်အရာကို ပြုလုပ်တော်မူခဲ့ပြီနည်း။
၃ နှစ်ပေါင်း ၁,၉၀၀ တစ်လျှောက် ဘုရားသခင်သည် ယေရှု၏ ‘ညီတော်များ’ နှင့်ပတ်သက်၍ အံ့ချီးဖွယ်အရာတစ်ခု ပြုလုပ်တော်မူခဲ့ပြီ။ ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါတို့မြင်ရသည်မှာ ဘုရားသခင့်ကျေးဇူးတော်ကြောင့် လူတိုင်းအဖို့ သေဘေးကြုံကြိုက်ရအံ့သောငှာ စေတမန်တော်တို့အောက် အနည်းငယ်အနိမ့်ခံရပြီးလျှင် အသေခံခြင်းဒုက္ခအတွက် ဘုန်းအသရေမကိုဋ်နှင့် ဆင်ယင်ခံတော်မူသောယေရှုကို မြင်ရကြသတည်း။ အရာခပ်သိမ်း၏အကြောင်းရင်းနှင့် ပန်းတုံးတိုင်ဖြစ်သော ဘုရားသခင် [ယေဟောဝါဘုရားသခင်] သည် အများသောသားတို့ကို ဘုန်းဝင်စားစေတော်မူသည်တွင် သူတို့ကယ်တင်ပိုင်ရှင် [“ကိုယ်စားလှယ်ချုပ်၊” ကဘ] ကိုဒုက္ခများဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။” (ဟေဗြဲ ၂:၉၊ ၁၀၊ သမ) ကယ်တင်ခြင်း၏ကိုယ်စားလှယ်ချုပ်မှာ ကမ္ဘာမြေကြီးပေါ်တွင် လူသားအဖြစ်သက်တော်ထင်ရှားစဉ် ကြုံတွေ့ခဲ့ရသောဆင်းရဲခြင်းများအားဖြင့် စုံလင်စွာနားထောင်ခြင်း၏အကျိုးကို သင်ယူတော်မူခဲ့သော ယေရှုခရစ်ပင်ဖြစ်၏။ (ဟေဗြဲ ၅:၇-၁၀) ယေရှုသည် ဘုရားသခင်၏ဝိညာဉ်ရေးသားအဖြစ် ဦးဆုံးဖွားတော်မူခြင်းခံခဲ့ရသည်။
၄။ ယေရှုသည် မည်သည့်အချိန်တွင် မည်သည့်နည်းဖြင့် ဘုရားသခင်၏ဝိညာဉ်ရေးသားအဖြစ် ဖွားတော်မူခဲ့သနည်း။
၄ ယေဟောဝါသည် ယေရှုကို ဝိညာဉ်ရေးသားဖြစ်စေပြီး ကောင်းကင်ဘုန်းဝင်စားစေရန် သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် တက်ကြွလှုပ်ရှားသောစွမ်းအားကို အသုံးပြုတော်မူခဲ့သည်။ နှစ်ခြင်းပေးသူယောဟန်နှင့် နှစ်ဦးတည်းရှိစဉ် ယေရှုသည် ဘုရားသခင်ထံ မိမိကိုယ်ကိုဆက်သခြင်း အထိမ်းအမှတ်အဖြစ်ပြသရန် ရေထဲ၌စုံးစုံးမြုပ်နှစ်ခြင်းခံခဲ့သည်။ လုကာ၏ခရစ်ဝင်မှတ်တမ်းက ဤသို့ဆိုသည်– “လူအပေါင်းတို့သည်ဗတ္တိဇံကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ်တွင်ကောင်းကင်ဖွင့်လှစ်သဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ကိုယ်ထင်ရှားလျက် ကိုယ်တော်အပေါ်၌ဆင်းသက်တော်မူ၍ ‘သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း’ ဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။” (လုကာ ၃:၂၁၊ ၂၂) ယောဟန်သည် ယေရှုအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကျရောက်ကြောင်း တွေ့မြင်ခဲ့သည့်အပြင် ယေဟောဝါ၏ချစ်သားအဖြစ် မျက်နှာသာရကြောင်း ကိုယ်တော်၏စကားသံကိုပါ ပြတ်ပြတ်သားသားကြားခဲ့သည်။ ထိုအချိန်၌ ယေဟောဝါသည် ‘ဘုန်းဝင်စားစေတော်မူသောသားများတွင်’ သားဦးအဖြစ် ယေရှုကိုသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖွားစေတော်မူ၏။
၅။ ယေရှု၏ပူဇော်သကာမှ ဦးဆုံး မည်သူတို့အကျိုးခံစားခဲ့ရ၍ သူတို့၏အရေအတွက်ကား မည်မျှနည်း။
၅ ယေရှု၏ ‘ညီတော်များ’ သည် ကိုယ်တော်၏ပူဇော်သကာမှ ဦးဆုံးအကျိုးခံစားခဲ့ကြရသည်။ (ဟေဗြဲ ၂:၁၂-၁၈) တမန်တော်ယောဟန်က သူတို့ကို ရှင်ပြန်ထမြောက်ခဲ့သောသခင်ယေရှုခရစ်ဖြစ်သည့် သိုးသငယ်နှင့်အတူ ကောင်းကင်ဇိအုန်တောင်၌ ဘုန်းဝင်စားကြသည်ကို ရူပါရုံတွင်ကြိုတင်တွေ့မြင်ခဲ့၏။ ယောဟန်သည် သူတို့၏အရေအတွက်ကိုလည်း ဤသို့ထုတ်ဖော်ပြောဆိုခဲ့သည်– “ထိုနောက်မှ ငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမကို နဖူး၌အက္ခရာတင်သောသူ တစ်သိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူရှိကြ၏။ . . . လူတို့အထဲကရွေးနုတ်၍ ဘုရားသခင်နှင့်သိုးသငယ်အဖို့ အဦးသီးသောအသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ် ၁၄:၁-၅) သို့ဖြစ်၍ ကောင်းကင်၌ ‘ဘုန်းဝင်စားစေတော်မူသောသားများ’ ၏စုစုပေါင်းအရေအတွက်မှာ ၁၄၄,၀၀၁ ယောက်—ယေရှုနှင့်ကိုယ်တော်၏ဝိညာဉ်ရေးညီတော်များ—သာလျှင်ဖြစ်သည်။
“ဘုရားသခင်ဖြစ်ပွားစေတော်မူ”
၆၊ ၇။ “ဘုရားသခင်ဖြစ်ပွားစေတော်မူ” သောသူတို့ကား မည်သူတို့နည်း၊ ယင်းက သူတို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၆ “ဘုရားသခင်ဖြစ်ပွားစေတော်မူ” သောသူတို့သည် ယေဟောဝါကြောင့် ဖွားလာကြသည်။ ထိုကဲ့သို့သောသူများအား တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်ဖြစ်ပွားစေတော်မူသောသူမည်သည်ကား ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌ [ယေဟောဝါ၏] မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။” (၁ ယောဟန် ၃:၉) ဤ “မျိုးစေ့တော်” ကားဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ဖြစ်၏။ ယင်းသည် ကိုယ်တော်၏စကားတော်နှင့်ပူးတွဲ လုပ်ဆောင်ကာ ၁၄၄,၀၀၀ တွင်ပါဝင်သူတိုင်းကို ကောင်းကင်မျှော်လင့်ချက်ရရှိစေရန် “တစ်ဖန်ဖြစ်ပွား” စေသည်။—၁ ပေတရု ၁:၃-၅၊ ၂၃။
၇ ယေရှုသည် လူသားအဖြစ်မွေးဖွားချိန်ကတည်းက စုံလင်သောလူသားအာဒံကဲ့သို့ပင် “ဘုရားသခင်၏သားတော်” ဖြစ်ခဲ့၏။ (လုကာ ၁:၃၅; ၃:၃၈) သို့သော် ယေရှုနှစ်ခြင်းခံပြီးနောက် ယေဟောဝါက “သင်ကားငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟုကြေညာတော်မူခဲ့ခြင်းသည် ထူးခြားပေ၏။ (မာကု ၁:၁၁) သန့်ရှင်းသောဝိညာဉ်တော်ကျရောက်ခြင်းနှင့်အတူ ဤသို့ကြေညာခြင်းအားဖြင့် ဘုရားသခင်သည် ယေရှုကို မိမိ၏ဝိညာဉ်ရေးသားတော်အဖြစ် ထိုအချိန်တွင် ဖြစ်ပွားစေတော်မူသည်မှာ ထင်ရှားပါသည်။ ပုံဆောင်စကားအရ ထိုအချိန်တွင် ယေရှုသည် ကောင်းကင်၌ ဘုရားသခင့်နာမ်ဝိညာဉ်သားအဖြစ် အသက်ပြန်လည်ရရှိနိုင်ခွင့်ဒွန်တွဲပါလာသည့် “တစ်ဖန်ဖြစ်ပွားခြင်း” ကိုခံခဲ့ရသည်။ ကိုယ်တော်ကဲ့သို့ပင် ကိုယ်တော်၏ဝိညာဉ်ရေးညီတော် ၁၄၄,၀၀၀ သည် “ဒုတိယမွေးခြင်း” ကိုခံကြရသည်။ (ယောဟန် ၃:၁-၈; ကင်းမျှော်စင်၊ နိုဝင်ဘာ ၁၅၊ ၁၉၉၂ စာမျက်နှာ ၃-၆ ရှု။) ယေရှုကဲ့သို့ပင် သူတို့သည်လည်း ဘုရားသခင်၏ဘိသိက်ပေးခြင်းကိုခံရပြီး သတင်းကောင်းကိုကြွေးကြော်ရန် တာဝန်အပ်နှင်းခံကြရ၏။—ဟေရှာယ ၆၁:၁၊ ၂; လုကာ ၄:၁၆-၂၁; ၁ ယောဟန် ၂:၂၀။
ဖွားခံရခြင်း၏ အထောက်အထား
၈။ (က) ယေရှု (ခ) ကိုယ်တော်၏အစောပိုင်းတပည့်များ၏ကိစ္စတွင် ဝိညာဉ်တော်ဖွားခံရကြောင်း အဘယ်အထောက်အထားရှိသနည်း။
၈ ယေရှုသည် ဝိညာဉ်တော်ဖွားဖြစ်ကြောင်း အထောက်အထားရှိပါသည်။ နှစ်ခြင်းဆရာယောဟန်သည် ယေရှုအပေါ် ဝိညာဉ်တော်ဆင်းသက်လာကြောင်း တွေ့မြင်ခဲ့ပြီး ဘိသိက်ပေးခံရပြီးခါစ မေရှိယ၏ ဝိညာဉ်ရေးဆိုင်ရာသားအဖြစ်ကို ဘုရားသခင်ကြေညာခဲ့သောစကားကိုပါ ကြားခဲ့ရသည်။ သို့သော် ယေရှု၏တပည့်များသည် ဝိညာဉ်တော်ဖွားခြင်းခံရကြောင်း မည်သို့သိရှိကြမည်နည်း။ ယေရှုသည် ကောင်းကင်သို့ တက်ကြွသောနေ့၌ ဤသို့မိန့်တော်မူခဲ့သည်– “ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မီ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်။” (တမန်တော် ၁:၅) ယေရှု၏တပည့်များသည် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် “သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြ” ၏။ ထိုသို့ဝိညာဉ်တော်သွန်းလောင်းခြင်းနှင့်အတူ “လေပြင်းမုန်တိုင်းကဲ့သို့သောအသံ” အပြင် “ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့” တပည့်အသီးသီးအပေါ်၌ တည်ခဲ့ပါသည်။ အထူးခြားဆုံးမှာ “ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကိုပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်” တပည့်များ၏ဟောပြောနိုင်စွမ်းပင်ဖြစ်သည်။ သို့နှင့် ခရစ်တော်၏နောက်လိုက်များအတွက် ဘုရားသခင်၏သားများအဖြစ် ကောင်းကင်ဘုန်းဝင်စားစေဖို့ လမ်းပွင့်နေပြီဖြစ်ကြောင်း မြင်နိုင်၊ ကြားနိုင်သော သာဓကရှိလေသည်။—တမန်တော် ၂:၁-၄၊ ၁၄-၂၁; ယောလ ၂:၂၈၊ ၂၉။
၉။ ပထမရာစုတွင် ရှမာရိပြည်သားများ ကော်နေလိနှင့် အခြားသူတို့သည် ဝိညာဉ်တော်ဖွားများဖြစ်ကြောင်း အဘယ်အထောက်အထား ရှိခဲ့သနည်း။
၉ ယင်းနောက် တစ်ချိန်တွင် ဧဝံဂေလိဟောပြောသူဖိလိပ္ပုသည် ရှမာရိပြည်၌ ဟောပြောခဲ့၏။ ရှမာရိပြည်သားများသည် သူ၏သတင်းကို လက်ခံကြပြီး နှစ်ခြင်းခံခဲ့ကြသော်လည်း ဘုရားသခင်သည် သူတို့အား မိမိ၏သားများအဖြစ်ဖွားစေကြောင်း သာဓကမရှိဖြစ်နေသည်။ တမန်တော်ပေတရုနှင့် ယောဟန်တို့သည် ဆုတောင်း၍ ထိုယုံကြည်သူတို့အပေါ် လက်တင်သောအခါ “သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ” သည့်သာဓကကို အချို့တွေ့မြင်ခဲ့ကြရသည်။ (တမန်တော် ၈:၄-၂၅) ယင်းက ယုံကြည်သူရှမာရိပြည်သားများသည် ဘုရားသခင်၏ဝိညာဉ်တော်ဖွားသားများဖြစ်နေကြောင်း သက်သေထူလေသည်။ အလားတူပင် စီ.အီး. ၃၆ ခုနှစ်တွင် ကော်နေလိနှင့် အခြားတစ်ပါးအမျိုးသားတို့သည် ဘုရားသခင်၏သမ္မာတရားကို လက်ခံခဲ့ကြသည်။ ပေတရုနှင့်အခြားလိုက်ပါလာကြသော ဂျူးယုံကြည်သူတို့သည် “တစ်ပါးအမျိုးသားတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်၏ကျေးဇူးကို သွန်းလောင်းသောကြောင့် . . . မိန်းမောတွေဝေခြင်းရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် အမျိုးမျိုးသောဘာသာစကားအားဖြင့်ပြော၍၊ ဘုရားသခင်ကိုချီးမွမ်းသည်ကို ကြားကြလေ၏။” (တမန်တော် ၁၀:၄၄-၄၈) ပထမရာစုခရစ်ယာန်များသည် ဘာသာစကားအမျိုးမျိုးဖြင့် ပြောခြင်းကဲ့သို့သော “ဝိညာဉ်ဆုကျေးဇူးတော်” ကိုရရှိခဲ့ကြသည်။ (၁ ကောရိန္သု ၁၄:၁၂၊ ၃၂) သို့နှင့် ထိုသူတစ်ဦးစီသည် ဝိညာဉ်တော်ဖွားဖြစ်ကြောင်း ထင်ရှားသောသာဓကကို ရရှိကြသည်။ သို့သော် နောက်ပိုင်းခရစ်ယာန်များအနေဖြင့် မိမိတို့သည် ဝိညာဉ်တော်ဖွားဖြစ်၊ မဖြစ် မည်သို့သိနိုင်ကြမည်နည်း။
ဝိညာဉ်တော်၏ သက်သေ
၁၀၊ ၁၁။ ရောမ ၈:၁၅-၁၇ အရ ယေရှုခရစ်၏တွဲဖက်အမွေခံများဖြစ်သူတို့နှင့်အတူ ဝိညာဉ်တော်ကသက်သေခံသည်ဟု မည်သို့ဆိုနိုင်မည်နည်း။
၁၀ ၁၄၄,၀၀၀ သောဘိသိက်ခံခရစ်ယာန်အားလုံးသည် ဘုရားသခင်၏ဝိညာဉ်တော်ရကြောင်း အထောက်အထားအသေအချာရရှိကြသည်။ ယင်းနှင့်ပတ်သက်၍ ပေါလုက ဤသို့ရေးသားခဲ့သည်– “သင်တို့သည် . . . ‘အဗ္ဗအဘ’ ဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်းသဘောကိုရကြပြီ။ ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏။” (ရောမ ၈:၁၅-၁၇) ဘိသိက်ခံခရစ်ယာန်များသည် မိမိတို့ကိုလွှမ်းမိုးသော ကောင်းကင်ခမည်းတော်၏ သားတော်ဖြစ်ခွင့်ကို အလွန်တန်ဖိုးထားကြသည်။ (ဂလာတိ ၄:၆၊ ၇) သူတို့သည် ဘုရားသခင်၏သားများအဖြစ် ဝိညာဉ်တော်ဖြင့်ဖွားခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ တွဲဖက်အမွေခံများဖြစ်ကြကြောင်း ခြွင်းချက်မရှိစိတ်ချကြသည်။ ဤတွင် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်သည် တိကျသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်ဆောင်ရွက်လေသည်။
၁၁ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် လွှမ်းမိုးမှုအောက်တွင် ဘိသိက်ခံများ၏စိတ်ထား သို့မဟုတ် သူတို့၏အဓိကသဘောထားက ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်နှင့်ဆိုင်သော ဘုရားသခင့်စကားတော်အတိုင်း အပြုသဘောပါသောနည်းလမ်းဖြင့်တုံ့ပြန်ရန် သူတို့အားစေ့ဆော်ပေးလေသည်။ ဥပမာ၊ သူတို့သည် ကျမ်းစာထဲမှ ဘုရားသခင့်ဝိညာဉ်ရေးသားများအကြောင်းကို ဖတ်ရှုသောအခါ ယင်းစကားများသည် မိမိတို့နှင့်သက်ဆိုင်ကြောင်း အလိုအလျောက်ပင်သိရှိကြ၏။ (၁ ယောဟန် ၃:၂) သူတို့သည် “ယေရှုခရစ်၌ ဗတ္တိဇံကိုခံ” ခဲ့ရပြီး အသေခံတော်မူခြင်း၌လည်း ဗတ္တိဇံကိုခံခဲ့ကြောင်း သိရှိကြသည်။ (ရောမ ၆:၃) သူတို့ ခိုင်ခံ့စွာယုံကြည်ထားသည်မှာ မိမိတို့သည် ယေရှုကဲ့သို့ပင် သေဆုံးပြီးနောက် ကောင်းကင်ဆိုင်ရာဘုန်းဝင်စားခြင်းသို့ ထမြောက်ကြမည့် ဘုရားသခင်၏ ဝိညာဉ်ရေးသားများ ဖြစ်ကြောင်းပင်ဖြစ်သည်။
၁၂။ ဘုရားသခင်၏ဝိညာဉ်တော်သည် ဘိသိက်ခံခရစ်ယာန်များ၌ အဘယ်အရာကို ဖြစ်ပေါ်စေသနည်း။
၁၂ ဝိညာဉ်ရေးသားအဖြစ် ဖွားခြင်းသည် မွေးမြူပြီးရသောစိတ်ဆန္ဒမဟုတ်ချေ။ ဝိညာဉ်တော်ဖွားများသည် ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပျက်နေသောအခက်အခဲများကိုစိတ်ပျက်ပြီး ကောင်းကင်သို့သွားလိုကြသူများမဟုတ်ပါ။ (ယောဘ ၁၄:၁) ယင်းအစား ယေဟောဝါ၏ဝိညာဉ်တော်က ယေဘုယျအားဖြင့် လူသားတို့၌ဖြစ်လေ့မရှိသည့် မျှော်လင့်ချက်နှင့် စိတ်ဆန္ဒကို ဘိသိက်ခံအမှန်ဖြစ်သူများတွင် ဖြစ်ပေါ်စေ၏။ ထိုသို့သော ဝိညာဉ်တော်ဖွားများသည် ပရဒိသုမြေကြီးပေါ်တွင် လူ့စုံလင်မှုနှင့်အတူ ထာဝစဉ်အသက်ရှင်၍ ပျော်ရွှင်သောမိသားစုအပြင် မိတ်ဆွေများဝိုင်းရံလျက်နေခြင်းသည် အလွန်ကောင်းမွန်သောအခွင့်အရေးဖြစ်ကြောင်း သိထားကြပါသည်။ သို့သော် ဤသို့သောအသက်တာသည် သူတို့၏ အဓိကတမ်းတရာမဟုတ်ချေ။ ဘိသိက်ခံများတွင် ပြင်းပြသောကောင်းကင်ဆိုင်ရာမျှော်လင့်ချက်ရှိသောကြောင့် သူတို့သည် မြေကြီးဆိုင်ရာမျှော်လင့်ချက်များနှင့် သံယောဇဉ်အားလုံးကို စွန့်လွှတ်ဖို့အသင့်ရှိကြပါသည်။—၂ ပေတရု ၁:၁၃၊ ၁၄။
၁၃။ ၂ ကောရိန္သု ၅:၁-၅ အရပေါလု “အလွန်တောင့်တလိုချင်သော” အရာမှာအဘယ်နည်း၊ ယင်းကား ဝိညာဉ်တော်ဖွားများနှင့်ပတ်သက်၍ အဘယ်အရာကို ညွှန်ပြသနည်း။
၁၃ ထိုသို့သောသူတို့တွင် ဘုရားသခင်ပေးသည့် ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်မှာ အလွန်ပြင်းပြသဖြင့် သူတို့၏စိတ်ဆန္ဒသည် ဤသို့ရေးသားခဲ့သော ပေါလု၏စိတ်ကဲ့သို့ပင်ဖြစ်သည်– “ယာယီတဲဖြစ်သောငါတို့မြေအိမ်သည် ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင်ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။ ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ်ထဲသို့ဝင်စားခြင်းငှာ အလွန်တောင့်တလိုချင်သောစိတ်ရှိ၍၊ ညည်းတွားမြည်တမ်းလျက်နေကြ၏။ ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ်။ ဤတဲ၌နေသောငါတို့သည် လေးသောဝန်ကိုထမ်း၍ ညည်းတွားမြည်တမ်းကြ၏။ နေရာကထွက်ချင်သောကြောင့် ညည်းတွားသည်မဟုတ်။ သေတတ်သောအရာကို အသက်ရှင်ခြင်း၌ဆုံးရှုံးစေခြင်းငှာ၊ မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ၏။ ထိုသို့သောအကျိုးကိုခံစေခြင်းငှာ ငါတို့ကိုပြင်ဆင်သောသူကား ဘုရားသခင်ပေတည်း။ ထိုဘုရားသခင်သည် ဝိညာဉ်တော်တည်းဟူသောစရန်ကို ငါတို့အားပေးတော်မူပြီ။” (၂ ကောရိန္သု ၅:၁-၅) ပေါလု၏ “အလွန်တောင့်တလိုချင်သောစိတ်” မှာမသေနိုင်သောနာမ်ဝိညာဉ်သားတစ်ဦးအဖြစ် ကောင်းကင်သို့ ထမြောက်ခံရရန်ဖြစ်၏။ လူ့ခန္ဓာကိုယ်ကိုညွှန်ပြဖို့ သူက တင်စား၍ ဖြတ်တောက်နိုင်သောတဲ၊ ကျိုးပဲ့လွယ်ပြီး ယာယီနေထိုင်ရာအိမ်နှင့် နှိုင်းယှဉ်ပြထားသည်။ ကောင်းကင်ဆိုင်ရာအသက်တာသို့ ဝင်စားခြင်းငှာ ဝိညာဉ်တော်ကို အမှတ်လက္ခဏာအဖြစ်ရရှိထားသော ခရစ်ယာန်များသည် သေနိုင်သောအသွေးအသားခန္ဓာကိုယ်ဖြင့် ကမ္ဘာပေါ်တွင်နေထိုင်နေကြသော်လည်း ‘ဘုရားသခင်ဖန်ဆင်းတော်မူသောအိမ်၊’ မသေနိုင်၊ မပျက်စီးနိုင်သော နာမ်ဝိညာဉ်ခန္ဓာကိုယ်ရမည့်အချိန်ကို စောင့်မျှော်ကြ၏။ (၁ ကောရိန္သု ၁၅:၅၀-၅၃) သူတို့သည် ပေါလုကဲ့သို့ပင် စိတ်ထက်သန်စွာဖြင့် ဤသို့ပြောနိုင်ကြသည်– “ကိုယ်ခန္ဓာနှင့်ကွာဝေးရာအရပ်သို့သွား၍၊ သခင်ဘုရားအထံတော် [ကောင်းကင်] ၌ နေမြဲနေစေခြင်းငှာအလိုရှိလျက် ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။”—၂ ကောရိန္သု ၅:၈။
အထူး ပဋိညာဉ်များထဲသို့ ခေါ်ဆောင်ခံရခြင်း
၁၄။ ယေရှုသည် သတိရအောက်မေ့ပွဲကို စတင်ကျင်းပစဉ်က အဘယ်ပဋိညာဉ်အကြောင်း ဦးဆုံးဖော်ပြတော်မူခဲ့သနည်း၊ ယင်းကား ဝိညာဉ်ရေးဣသရေလများနှင့်ပတ်သက်၍ အဘယ်အပိုင်းကဏ္ဍကို ဆောင်ရွက်သနည်း။
၁၄ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် အထူးပဋိညာဉ်နှစ်ခုထဲသို့ခေါ်ဆောင် ခံထားရကြောင်း စိတ်ချကြသည်။ ယေရှုသည် မကြာမီ မိမိသေဆုံးခြင်းအတွက် သတိရအောက်မေ့ပွဲစတင်ကျင်းပရန် တဆေးမဲ့မုန့်နှင့်စပျစ်ရည်ကို အသုံးပြုပြီး စပျစ်ရည်နှင့်ပတ်သက်၍ ဤသို့မိန့်တော်မူခဲ့သောအခါ ယင်းတို့ထဲမှတစ်ခုကို ဖော်ညွှန်းခဲ့သည်– “ဤခွက်ကား သင်တို့အဖို့အလိုငှာသွန်းသော ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။” (လုကာ ၂၂:၂၀; ၁ ကောရိန္သု ၁၁:၂၅) ပဋိညာဉ်တရားသစ်တွင် ပါဝင်သူတို့ကား မည်သူတို့နည်း။ ယေဟောဝါဘုရားသခင်နှင့် ဝိညာဉ်ရေးဣသရေလလူမျိုးတွင် ပါဝင်သူ—ကောင်းကင်ဘုန်းဝင်စားစေရန် ယေဟောဝါရည်ရွယ်ထားတော်မူသောသူ—များဖြစ်သည်။ (ယေရမိ ၃၁:၃၁-၃၄; ဂလာတိ ၆:၁၅၊ ၁၆; ဟေဗြဲ ၁၂:၂၂-၂၄) ယေရှုသွန်းတော်မူသောအသွေးဖြင့် အကျုံးဝင်လာရာ ပဋိညာဉ်တရားသစ်သည် ယေဟောဝါ၏နာမတော်အတွက် တစ်ပါးအမျိုးသားတို့အထဲက လူတို့ကိုနုတ်ယူ၍ ဤဝိညာဉ်တော်ဖွားခရစ်ယာန်များကို အာဗြဟံ “အမျိုးအနွယ်” ၏အစိတ်အပိုင်းဖြစ်စေပါ၏။ (ဂလာတိ ၃:၂၆-၂၉; တမန်တော် ၁၅:၁၄) ပဋိညာဉ်တရားသစ်က ဝိညာဉ်ရေးဣသရေလလူမျိုးအားလုံး မသေနိုင်သောကောင်းကင်အသက်တာသို့ ထမြောက်ခြင်းဖြင့် ဘုန်းဝင်စားစေကြရန် စီစဉ်ပေး၏။ “ထာဝရပဋိညာဉ်” ဖြစ်သည်နှင့်အညီ ယင်း၏အကျိုးကျေးဇူးများကား ထာဝစဉ်တည်ရှိလိမ့်မည်။ ဤပဋိညာဉ်သည် အနှစ်တစ်ထောင်အတွင်းနှင့် ၎င်းနောက်တွင် အခြားနည်းများဖြင့် အကျိုးဆောင်ရွက်ပေးမပေး နောင်တွင်ဖော်ပြပါလိမ့်မည်။—ဟေဗြဲ ၁၃:၂၀။
၁၅။ လုကာ ၂၂:၂၈-၃၀ နှင့်အညီ ယေရှု၏ဘိသိက်ခံနောက်လိုက်များသည် အခြားအဘယ်ပဋိညာဉ်ထဲသို့ စတင်ခေါ်ဆောင်ခြင်းခံရသနည်း၊ အဘယ်အချိန်တွင်နည်း။
၁၅ “ဘုန်းဝင်စား” စေရန် ယေဟောဝါရည်ရွယ်တော်မူသည့် “များစွာသောသားတို့” သည် ကောင်းကင်နိုင်ငံတော်ဆိုင်ရာပဋိညာဉ်ထဲသို့ တစ်ဦးချင်းစီအနေဖြင့်လည်း ခေါ်ဆောင်ခြင်းခံခဲ့ကြရပြီ။ ယေရှုနှင့် ကိုယ်တော်၏ခြေတော်ရာလိုက်သူများစပ်ကြားဖွဲ့သော ဤပဋိညာဉ်တရားနှင့်ပတ်သက်၍ ကိုယ်တော်ကဤသို့မိန့်တော်မူခဲ့သည်– “ငါသည်စုံစမ်းနှောင့်ယှက်ခြင်းကိုခံစဉ်တွင် သင်တို့သည်ငါ၌မှီဝဲသောသူဖြစ်ရာ၏။ ငါ့ခမည်းတော်သည် ငါ့အားနိုင်ငံကိုပေးတော်မူသည်နှင့်အညီ၊ သင်တို့သည်ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌စားသောက်သောအခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတစ်ဆယ့်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကိုလည်းကောင်း ငါသည်သင်တို့အားပေးမည်။” (လုကာ ၂၂:၂၈-၃၀) ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်သည် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲ၌ ယေရှု၏တပည့်များကို သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးသောအခါ အစပြုခဲ့သည်။ အဆိုပါပဋိညာဉ်တရားသည် ခရစ်တော်နှင့် ကိုယ်တော်၏တွဲဖက်ဘုရင်များကြားတွင် ထာဝရအကျုံးဝင်လေ၏။ (ဗျာဒိတ် ၂၂:၅) သို့ဖြစ်၍ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ပဋိညာဉ်တရားသစ်နှင့် ဘုရားသခင့်နိုင်ငံတော် ပဋိညာဉ်တွင်ပါဝင်ကြောင်း တပ်အပ်သိကြပါသည်။ ထို့ကြောင် သခင့်ညစာစားပွဲကျင်းပရာ၌ ကမ္ဘာပေါ်ကျန်ကြွင်းသည့်ဘိသိက်ခံအနည်းငယ်သာလျှင် ယေရှု၏အပြစ်မဲ့လူ့ခန္ဓာကိုယ်ကို ပုံဆောင်သည့်မုန့်နှင့် သေခြင်း၌သွန်းလောင်းခြင်းဖြင့် ပဋိညာဉ်တရားသစ်ကို တရားဝင်စေခဲ့သော စုံလင်သည့်အသွေးတော်အား တင်စားသောစပျစ်ရည်ကို သုံးဆောင်ကြပါသည်။—၁ ကောရိန္သု ၁၁:၂၃-၂၆; ကင်းမျှော်စင်၊ ၁၉၉၀ ဖေဖော်ဝါရီ ၁၊ စာမျက်နှာ ၂၀-၂၄ ကိုရှု။
ခေါ်တော်မူခြင်း၊ ရွေးချယ်တော်မူခြင်းနှင့် သစ္စာရှိခြင်း
၁၆၊ ၁၇။ (က) ဘုန်းဝင်စားဖို့ရန် ၁၄၄,၀၀၀ အားလုံးသည် မည်သို့အမှန် ဖြစ်ကြရမည်နည်း။ (ခ) “ရှင်ဘုရင်ဆယ်ပါး” ကားမည်သူတို့နည်း၊ သူတို့သည် ခရစ်တော်၏ မြေကြီးဆိုင်ရာအကြွင်းအကျန် ‘ညီတော်များ’ ကိုမည်သို့ဆက်ဆံကြသနည်း။
၁၆ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာ၏ ပထမသက်ဆိုင်မှုက ဘုရားသခင်သည်ဝိညာဉ်တော်ဖွားဖြစ်စေခြင်းဖြင့် ၁၄၄,၀၀၀ ကိုကောင်းကင်အသက်တာသို့ ခေါ်တော်မူခြင်းခံရရန်နှင့် ရွေးချယ်ခံရရန်ဖြစ်စေသည်။ သို့သော် ဘုန်းဝင်စားဖို့ရန် သူတို့သည် ၎င်းတို့၏ “ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲတည်စေခြင်းငှာ သာ၍ကြိုးစားအားထုတ်ကြ” ရပြီး သေသည့်အထိသစ္စာရှိကြောင်း ပြသကြရမည်ဖြစ်သည်။ (၂ ပေတရု ၁:၁၀; ဧဖက် ၁:၃-၇; ဗျာဒိတ် ၂:၁၀) မြေကြီးပေါ် ကျန်ရှိနေသေးသည့် ဘိသိက်ခံအကြွင်းအကျန်အနည်းငယ်သည် နိုင်ငံရေးအာဏာစက်များအားလုံးကို ပုံဆောင်သည့် “ရှင်ဘုရင်ဆယ်ပါး” ၏အတိုက်အခံပြုမူခံကြရသော်လည်း သစ္စာစောင့်သိလျက်ရှိကြပါသည်။ ကောင်းကင်တမန်တစ်ပါးက “သူတို့သည် သိုးသငယ်တော်ကို စစ်တိုက်ကြလိမ့်မည်။ သိုးသငယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင် ဖြစ်တော်မူသောကြောင့် သူတို့ကို နှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူ ရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အား သစ္စာရှိသောသူတို့သည် ကိုယ်တော်နှင့်အတူ အောင်ပွဲဝင်ခွင့် ရကြလိမ့်မည်” ဟုဆိုသည်။—ဗျာဒိတ် ၁၇:၁၂-၁၄၊ သတင်းကောင်း။
၁၇ “ဘုရင်တကာတို့၏ဘုရင်” ယေရှုသည် ကောင်းကင်တွင်ရှိတော်မူသောကြောင့် လူ့အုပ်စိုးရှင်များမှာ ကိုယ်တော့်အားဆီးတားရန် အလျှင်းမတတ်နိုင်ကြပါ။ သို့သော် သူတို့သည် ကမ္ဘာပေါ်ကျန်ကြွင်းနေသေးသည့် ကိုယ်တော်၏ ‘ညီတော်များ’ အပေါ် ရန်ငြိုးထားကြသည်။ (ဗျာဒိတ် ၁၂:၁၇) ယင်းသည် ဘုရားသခင်၏အာမဂေဒုန်စစ်ပွဲကြီးတွင် “ဘုရင်တကာတို့၏ဘုရင်” နှင့်ကိုယ်တော်၏ ‘ညီတော်များ’ ဖြစ်သည့် “ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အား သစ္စာရှိသောသူတို့” သည် အနိုင်ရရှိကြသောအခါ အဆုံးသတ်ပေလိမ့်မည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ဤအချိန်အတောအတွင်း ဝိညာဉ်တော်ဖွား ခရစ်ယာန်များသည် အလွန်ပင်အလုပ်များနေကြပါသည်။ ယေဟောဝါသည် သူတို့ကို ဘုန်းဝင်စားစေတော်မမူမီ ယခု သူတို့ အဘယ်အရာကို ပြုလုပ်နေကြပါသနည်း။
သင့်အဖြေကားအဘယ်နည်း
◻ ဘုရားသခင်သည် မည်သူတို့ကို ‘ကောင်းကင်ဆိုင်ရာဘုန်းဝင်စားစေတော်မူ’ သနည်း။
◻ “ဘုရားသခင်ဖြစ်ပွားစေတော်မူ” သည်ဟူသော ဆိုလိုရင်းကားအဘယ်နည်း။
◻ အချို့ခရစ်ယာန်တို့တွင် ‘ဝိညာဉ်တော်သည်မည်သို့သက်သေခံ’ သနည်း။
◻ ဝိညာဉ်တော်ဖွားများသည် အဘယ်ပဋိညာဉ်များထဲသို့ ခေါ်ဆောင်ခံခဲ့ရပြီနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
စီ.အီး. ၃၃ ပင်တေကုတ္တေပွဲ၌ ကောင်းကင်ဘုန်းဝင်စားဖို့ လမ်းပွင့်နေပြီဖြစ်ကြောင်း သာဓကပေးခဲ့