သမ္မာကျမ်းစာခေတ်က နေထိုင်မှုဘဝပုံစံ—ငွေကြေး
“ကိုယ်တော်သည် ဘဏ္ဍာတော်တိုက်အနီးတွင်ထိုင်၍ အလှူငွေပုံးများထဲသို့ လူတို့ ငွေထည့်ကြသည်ကို ကြည့်ရှုတော်မူ၏။ ချမ်းသာကြွယ်ဝသူအများသည် ငွေများစွာ ထည့်ကြ၏။ ထိုအခါ ဆင်းရဲသော မုဆိုးမတစ်ဦးသည် လာ၍ အလွန်တန်ဖိုးနည်းသော ဒင်္ဂါးငယ်နှစ်ပြားကို ထည့်လေ၏။” —လုကာ ၁၂:၄၁၊ ၄၂။
သမ္မာကျမ်းစာထဲမှာ ငွေကြေးအကြောင်း မကြာခဏ ဖော်ပြတတ်တယ်။ ဥပမာ၊ ခရစ်ဝင်ကျမ်းတွေထဲမှာ တွေ့ရတဲ့အတိုင်း ယေရှုဟာ အရေးကြီးတဲ့မူတွေ သင်ပေးဖို့ အမျိုးအစားမတူတဲ့ ဒင်္ဂါးတွေကို အသုံးပြုခဲ့တယ်။ အထက်မှာ ဖော်ပြထားတဲ့ ကျမ်းချက်ထဲက မုဆိုးမရဲ့အလှူငွေ “ဒင်္ဂါးငယ်နှစ်ပြား” ကိုရည်ညွှန်းပြီး ကိုယ်တော် သင်ခန်းစာပေးခဲ့တယ်။ နောက်ဖြစ်ရပ်တစ်ခုမှာတော့ အစိုးရဥပဒေအပေါ် ရှုမြင်ပုံနဲ့ပတ်သက်ပြီး ပိုင်းခြားသိမြင်နိုင်ဖို့ ဒေနာရိလို့ လူသိများတဲ့ ဒင်္ဂါးတစ်မျိုးကို ကိုယ်တော် အသုံးပြုခဲ့တယ်။a—မဿဲ ၂၂:၁၇-၂၁။
ဘာကြောင့် ငွေကို တီထွင်ခဲ့ကြတာလဲ။ သမ္မာကျမ်းစာခေတ်က ငွေကြေးတွေကို ဘာနဲ့ပြုလုပ်ထားသလဲ။ ဘယ်လိုအသုံးပြုခဲ့သလဲ။ ငွေအပေါ်ရှုမြင်ပုံနဲ့ပတ်သက်ပြီး ကျမ်းစာကနေ ကျွန်ုပ်တို့ ဘာတွေ သင်ယူရရှိနိုင်မလဲ။
ပစ္စည်းချင်းဖလှယ်ရာကနေ အဖိုးတန်သတ္တုများ အသုံးပြုလာ
ငွေကြေးမပေါ်ခင်တုန်းက လူတွေဟာ ပစ္စည်းချင်းဖလှယ်တဲ့စနစ်နဲ့ အရောင်းအဝယ်လုပ်ခဲ့ကြတယ်။ တန်ဖိုးချင်းတူတဲ့ ကုန်ပစ္စည်းချင်း၊ ဝန်ဆောင်မှုချင်း ဖလှယ်ခဲ့ကြတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းချင်းလဲလှယ်တာက အဆင်မပြေမှုတွေ ရှိနိုင်တယ်။ အဲဒီစနစ်အရ တစ်ဖက်က ပေးတဲ့ကုန်ပစ္စည်းဟာ တစ်ဖက်ကလိုချင်တဲ့အရာ ဖြစ်ရပါ့မယ်။ ကုန်သည်တွေဟာ တိရစ္ဆာန်တွေ ဒါမှမဟုတ် ဂျုံစပါးအိတ်တွေ စသဖြင့် လေးလံပြီး ဝန်ကျယ်တဲ့ ကုန်ပစ္စည်းတွေကိုလည်း သယ်ဆောင်သွားရပါတယ်။
ကုန်သည်တွေဟာ အရောင်းအဝယ်လုပ်တဲ့အခါ ပိုပြီးအဆင်ပြေတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုဖို့လိုပြီဆိုတာ တဖြည်းဖြည်း သိမြင်လာကြတယ်။ အဲဒါကြောင့် အဖိုးတန်သတ္တုတွေဖြစ်တဲ့ ရွှေ၊ ငွေ၊ ကြေးနီတွေကိုအသုံးပြုပြီး ဖြေရှင်းခဲ့ကြတယ်။ ကုန်သည်တစ်ဦးဟာ ကုန်ပစ္စည်းဝယ်ဖို့ ဒါမှမဟုတ် ဝန်ဆောင်မှုအတွက် အဖိုးတန်ကျောက်မျက်ရတနာတွေနဲ့ ရွှေချောင်းငွေချောင်းတွေ အသုံးပြုနေတာကို ဖော်ပြပါပုံထဲမှာ တွေ့ရပါလိမ့်မယ်။ ကုန်ပစ္စည်းတွေ အလဲအလှယ်မလုပ်ခင် အဲဒီအဖိုးတန်သတ္တုတွေကို တိကျမှန်ကန်တဲ့ ချိန်ခွင်တွေနဲ့ အသေအချာ ချိန်တွယ်ကြတယ်။ ဥပမာ၊ အာဗြဟံဟာ ချစ်ဇနီးစာရာကို မြှုပ်နှံဖို့ မြေကွက်တစ်ကွက် ဝယ်ယူတဲ့အခါ အဖိုးတန်ငွေသတ္တုကို တောင်းဆိုတဲ့အတိုင်း ချိန်ပေးခဲ့တယ်။—ကမ္ဘာဦး ၂၃:၁၄-၁၆။
အစ္စရေးလူတွေကို ယေဟောဝါဘုရားသခင် ပညတ်ပေးခဲ့တုန်းက လောဘကြီးတဲ့ ကုန်သည်တွေဟာ ဈေးဝယ်သူတွေကို လှည့်စားဖို့ မှားတဲ့ချိန်ခွင်၊ မမှန်တဲ့အလေးတွေကို အသုံးပြုနေကြတယ်။ မရိုးသားမှုကို ဘုရားသခင် ရွံမုန်းတဲ့အတွက် အစ္စရေးကုန်သည်တွေကို ဒီလိုမိန့်ဆိုခဲ့တယ်– ‘မှန်သောချိန်ခွင်၊ မှန်သောအလေးကို သုံးရမည်။’ (ဝတ်ပြုရာ ၁၉:၃၆; သု. ၁၁:၁) လောဘကြီးခြင်းနဲ့ မရိုးသားမှုတို့နဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့စိတ်သဘောက မပြောင်းလဲသေးဘူးဆိုတာကို ကနေ့ခေတ် အရောင်းအဝယ်သမားတွေ သတိရသင့်ပါတယ်။—မာလခိ ၃:၆; ၁ ကောရိန္သု ၆:၉၊ ၁၀။
အရင်က ဒင်္ဂါးတွေကို ဘယ်လိုလုပ်ခဲ့သလဲ
ပထမဆုံး ဒင်္ဂါးတွေကို ဘီစီအီး ၇၀၀ မတိုင်ခင် တစ်ချိန်ချိန် လေဒီယာပြည် (ခေတ်သစ် တူရကီနိုင်ငံမှာ တည်ရှိ) မှာ ထုတ်လုပ်ခဲ့တာဖြစ်နိုင်ပါတယ်။ မကြာခင်မှာပဲ နိုင်ငံအသီးသီးက သတ္တုလုပ်သားတွေဟာ ဒင်္ဂါးတွေကို အမြောက်အမြား ထုတ်လုပ်လာကြတယ်။ အဲဒီဒင်္ဂါးတွေကို ကျမ်းစာမှာဖော်ပြထားတဲ့ နိုင်ငံတွေမှာရှိတဲ့ လူတွေက စတင်အသုံးပြုခဲ့ကြတယ်။
ဒင်္ဂါးတွေကို ဘယ်လိုပြုလုပ်ခဲ့ကြသလဲ။ ဖို (၁) တစ်ခုမှာ မီးပြင်းပြင်းနဲ့ ကျိုထားတဲ့ သတ္တုရည်တွေကို ပုံစံခွက်တွေထဲ လောင်းထည့်လိုက်ပြီး ချပ်ပြားဝိုင်းအလွတ်တွေ ထွက်လာတယ် (၂)။ အဲဒီနောက် အဲဒီချပ်ပြားဝိုင်းတွေကို သင်္ကေတတွေ၊ ရုပ်ပုံတွေ ထွင်းထုထားတဲ့ သတ္တုညှပ်ပုံတွေကြားထဲကိုထည့် (၃)၊ ပြီးရင် ချပ်ပြားဝိုင်းပေါ် အရာထင်သွားအောင် တူနဲ့ထုရိုက်ရတယ် (၄)။ လုပ်ဆောင်မှုတွေက မြန်ဆန်လွန်းတဲ့အတွက် ရုပ်ပုံတွေဟာ ဒင်္ဂါးအလယ်တည့်တည့်မှာ မရှိတော့ဘဲ စောင်းရွဲ့ကုန်တယ်။ ပြီးရင် ဒင်္ဂါးတွေကို ရွေးထုတ်ရတယ်၊ အလေးချိန်တူဖို့အတွက် ဒင်္ဂါးတွေကို ချိန်ကြည့်တယ်၊ လိုအပ်မယ်ဆိုရင် စွန်းထွက်နေတဲ့သတ္တုတွေကို ဖြတ်ထုတ်ပစ်ရတယ် (၅)။
ငွေလဲလှယ်သူတွေ၊ အခွန်ကောက်ခံတဲ့သူတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေ
စီအီး ပထမရာစုနှစ်မှာ ပါလက်စတိုင်းနယ်ထဲကို နိုင်ငံအသီးသီးက ဒင်္ဂါးတွေ နည်းအမျိုးမျိုးနဲ့ ရောက်လာခဲ့ကြတယ်။ ဥပမာ၊ ဂျေရုဆလင်မြို့ ဝတ်ပြုရာအိမ်တော်ကို ရောက်လာတဲ့ ခရီးသည်တွေဟာ နိုင်ငံခြားက ဒင်္ဂါးတွေကို ယူလာခဲ့ကြတယ်။ ဒါပေမဲ့ ဝတ်ပြုရာအိမ်တော်ကို စောင့်ရှောက်ထိန်းသိမ်းရတဲ့သူတွေဟာ ဝတ်ပြုရာအိမ်တော်အခွန်အတွက် သတ်မှတ်ထားတဲ့ ဒင်္ဂါးအမျိုးအစားကို ပေးဆောင်မှသာ လက်ခံကြတယ်။ ငွေလဲလှယ်သူတွေဟာ ဝတ်ပြုရာအိမ်တော်မှာနေပြီး နိုင်ငံခြားငွေ လဲလှယ်ပေးတဲ့အပြင် ဝန်ဆောင်ခကိုလည်း မတန်တဆ တောင်းခံတတ်ကြတယ်။ အဲဒီလိုလောဘကြီးတဲ့သူတွေကို ယေရှု ပြစ်တင်ရှုတ်ချခဲ့တယ်။ ဘာကြောင့်လဲ။ သူတို့ဟာ ဘုရားသခင်ရဲ့ဝတ်ပြုရာအိမ်တော်ကို “ဈေးရုံ” နဲ့ “ဓားပြခိုအောင်းရာ” လုပ်ကြလို့ဖြစ်တယ်။—ယောဟန် ၂:၁၃-၁၆; မဿဲ ၂၁:၁၂၊ ၁၃။
ပါလက်စတိုင်းနယ်သားတွေဟာ တခြားအခွန်တွေလည်း ပေးဆောင်ကြရပါသေးတယ်။ အခွန်တစ်မျိုးက ဧကရာဇ်မင်းကိုပေးဆောင်ရတဲ့ “အခွန်” ဖြစ်တယ်။ အဲဒါနဲ့ပတ်သက်ပြီး အတိုက်အခံသမားတွေက ယေရှုကို ပြဿနာရှာခဲ့ကြတယ်။ (မဿဲ ၂၂:၁၇) တခြားအခွန်တွေကတော့ ဘီးခွန်၊ သွင်းကုန်ထုတ်ကုန်ခွန်တွေဖြစ်ပါတယ်။ ပါလက်စတိုင်းက အစိုးရအခွန်ကောက်ခံတဲ့သူတွေဟာ မရိုးသားမှုနဲ့ နာမည်ကြီးပြီး လူတွေက သူတို့ကို အထင်အမြင်သေးကြတယ်။ (မာကု ၂:၁၆) အခွန်ကောက်ခံတဲ့သူတွေဟာ အခွန်ပေးဆောင်သူတွေဆီက အခွန်ကို တောင်းသင့်တာထက် ပိုတောင်းတဲ့အပြင် ပိုတဲ့ငွေကို သူတို့ကိုယ်ပိုင်အဖြစ် သိမ်းယူလိုက်ကြတယ်။ ဒါပေမဲ့ ဇက္ခဲလိုမျိုး အခွန်ကောက်ခံသူတချို့ကတော့ ယေရှုရဲ့သတင်းစကားကို ကြားတဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ သူတို့ရဲ့ မရိုးသားတဲ့အကျင့်တွေကို စွန့်လွှတ်လိုက်ကြတယ်။ (လုကာ ၁၉:၁-၁၀) ကနေ့လည်း ယေရှုနောက်လိုက် ဖြစ်ချင်သူတွေဟာ စီးပွားရေးလုပ်ငန်းအပါအဝင် အရာရာတိုင်းမှာ ရိုးသားရမှာဖြစ်ပါတယ်။—ဟေဗြဲ ၁၃:၁၈။
ငွေကြေးကိုင်တွယ်တဲ့ နောက်အုပ်စုတစ်စုကတော့ ဘဏ်လုပ်ငန်းရှင်တွေဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံခြားငွေလဲလှယ်ပေးတဲ့အပြင် ငွေစုတဲ့စနစ်တွေ ဖန်တီးတယ်၊ ငွေချေးပေးတယ်၊ ဘဏ်မှာ ရင်းနှီးမြှုပ်နှံထားတဲ့သူတွေကို အတိုးပေးတယ်။ ငွေပမာဏအမျိုးမျိုးပေးပြီး စီးပွားရေးလုပ်ခိုင်းတဲ့ ကျွန်တွေအကြောင်း ယေရှုပြောခဲ့တဲ့ ပုံဥပမာထဲမှာ ဘဏ်လုပ်ငန်းရှင်တွေအကြောင်း ပါတယ်။—မဿဲ ၂၅:၂၆၊ ၂၇။
ငွေအပေါ် မှန်ကန်တဲ့အမြင်ထားရှိခြင်း
ကနေ့ လူအများစုဟာ သူတို့လိုအပ်ရာကို ဝယ်ယူဖို့ ငွေလိုအပ်တယ်။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ဘုရားသခင်ရဲ့ ညွှန်ကြားချက်အရ ရေးသားခဲ့တဲ့ ဘုရင်ရှောလမုန်ရဲ့ ဒီစကားက အခုထက်ထိ မှန်ကန်နေဆဲပါ– “ငွေသည်လည်း ကွယ်ကာတတ်၏။” ဒါပေမဲ့ ငွေထက် ဉာဏ်ပညာက ပိုသာတယ်ဆိုပြီးတော့လည်း သူဖော်ပြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဉာဏ်ပညာက “ပညာရှင်အား အသက်ရှင်စေ” လို့ဖြစ်ပါတယ်။ (ဒေ. ၇:၁၂၊ သမ္မာ) အဲလိုဉာဏ်ပညာမျိုးကို သမ္မာကျမ်းစာမှာ တွေ့ရှိနိုင်ပါတယ်။
ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိဖို့ နောက်လိုက်တွေကို ယေရှု ဒီလိုမိန့်ဆိုခဲ့တယ်– “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။” (လုကာ ၁၂:၁၅) ပထမရာစုခေတ်က ယေရှုတပည့်တွေလိုပဲ ကျွန်ုပ်တို့လည်း ငွေကို အသိစိတ်ရှိရှိ မှန်မှန်ကန်ကန် ကိုင်တွယ်ပြီး ငွေတပ်မက်ခြင်းကို ရှောင်ကြဉ်တဲ့အခါ ကျွန်ုပ်တို့မှာ ဉာဏ်ပညာရှိကြောင်း ဖော်ပြကြပါတယ်။—၁ တိမောသေ ၆:၉၊ ၁၀။
[အောက်ခြေမှတ်ချက်]
a စာမျက်နှာ ၂၆ က “ဒင်္ဂါးတွေနဲ့ပတ်သက်တဲ့ အချက်အလက်များ” လေးထောင့်ကွက်ကို ကြည့်ပါ။
[စာမျက်နှာ ၂၆ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]
ဒင်္ဂါးတွေနဲ့ပတ်သက်တဲ့ အချက်အလက်များ
● ပထမရာစုက ပါလက်စတိုင်း ဒေသမှာ လည်ပတ်သုံးစွဲခဲ့တဲ့ အသေးဆုံးဒင်္ဂါးတွေထဲမှာ တစ်ခုကတော့ ကြေးနီလက်ပ်တန် ဖြစ်ပါတယ်။ အလုပ်ကြမ်းသမားတစ်ဦးဟာ ၁၅ မိနစ်အလုပ်လုပ်ရုံနဲ့ လက်ပ်တာ နှစ်ပြား ရရှိမှာဖြစ်ပါတယ်။ အဲဒီလက်ပ်တာနှစ်ပြားဟာ ဝတ်ပြုရာအိမ်တော်အလှူငွေပုံးထဲ မုဆိုးမ,ထည့်ခဲ့တဲ့ အလှူငွေနဲ့ အတူတူဖြစ်နိုင်ပါတယ်။—မာကု ၁၂:၄၂။
● ဒရက်ခ်မာဆိုတာ ဂရိငွေဒင်္ဂါးဖြစ်ပြီး အလုပ်သမားတစ်ဦး တစ်နေ့လုံးနီးပါးလုပ်လို့ ရရှိတဲ့ လုပ်အားခဖြစ်ပါတယ်။ (လုကာ ၁၅:၈၊ ၉) ဂျူးအမျိုးသားတိုင်းဟာ ဝတ်ပြု ရာအိမ်တော်အခွန်အဖြစ် ဒရက်ခ်မာနှစ်ပြားကို နှစ်စဉ် ပေးသွင်းရပါတယ်။—မဿဲ ၁၇:၂၄။
● ဒေနာရိဆိုတာ ရောမ ဧကရာဇ် ကဲသာပုံပါတဲ့ ငွေဒင်္ဂါးဖြစ်ပါတယ်။ ဒါကြောင့် ရောမတွေ အုပ်စိုးစဉ်ကာလအတွင်းမှာ အရွယ်ရောက် ဂျူးအမျိုးသားတိုင်း “အကောက်” အဖြစ် ဒေနာရိ ငွေဒင်္ဂါးတွေကို ဆက်ကြေး ပေးဆောင်ခဲ့ရတယ်။ (ရောမ ၁၃:၇) အလုပ်ရှင်တစ်ဦးဟာ အလုပ်သမားတစ်ဦးကို တစ်နေကုန်လုပ်အားခအတွက် ဒေနာရိတစ်ပြား ပေးရတယ်။—မဿဲ ၂၀:၂-၁၄။
● တိုင်ရာမြို့ထုတ် ရှယ်ကယ်လ် ငွေစင်ဒင်္ဂါးပြားတွေကို ယေရှု ကမ္ဘာပေါ်ရှိစဉ် ပါလက်စတိုင်းဒေသမှာ အသုံးပြုခဲ့ကြတယ်။ ယေရှုကို သစ္စာဖောက်ဖို့အတွက် ယုဒရှကာရုတ်ကို ယဇ်ပုရောဟိတ်မင်းတွေ ပေးခဲ့တဲ့ “ငွေ” ၃၀ ဟာ တိုင်ရာမြို့ထုတ် ရှယ်ကယ်လ်ဒင်္ဂါးပြားတွေ ဖြစ်နိုင် ပါတယ်။—မဿဲ ၂၆:၁၄-၁၆။
ဒင်္ဂါးတွေကို အပြင်မှာတွေ့ရတဲ့ အရွယ်အစားအတိုင်း ဖော်ပြထား