ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၁၈
  • သစ္စာဖောက်ခြင်းနှင့် ဖမ်းဆီးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သစ္စာဖောက်ခြင်းနှင့် ဖမ်းဆီးခြင်း
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်တော် သစ္စာဖောက်အပ်နှံခံရပြီး အဖမ်းခံရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဥယျာဉ်ထဲမှာ ယေရှုရှိနေတုန်းကအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေရှုကို ဖမ်းဆီးကြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • သခင့်ညစာစားပွဲ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၁၈

အခန်း ၁၁၈

သစ္စာဖောက်ခြင်းနှင့် ဖမ်းဆီးခြင်း

ယုဒသည် စစ်သားများ၊ ယဇ်ပုရောဟိတ်အကြီးများ၊ ဖာရိရှဲနှင့်အခြားသူတို့ပါသည့်လူအုပ်ကြီးကို ဂေသရှေမန်ဥယျာဉ်တွင်းသို့ ဦးဆောင်ခေါ်လာသည့်အခါ သန်းခေါင်ကျော်နေပြီ။ ယဇ်ပုရောဟိတ်များက ယုဒအား ယေရှုကိုအပ်နှံခ ငွေ ၃၀ ပေးဖို့သဘောတူခဲ့သည်။

စောစောပိုင်းက ယုဒကိုပသခါပွဲမှထွက်သွားခိုင်းသောအခါ သူသည်ယဇ်ပုရောဟိတ်တို့ထံ တိုက်ရိုက်သွားကြောင်းထင်ရှားသည်။ ချက်ချင်းပင် သူတို့အရာရှိများအပါအဝင် စစ်တပ်တစ်တပ်စုဝေး၍ ယေရှုနှင့်တမန်တော်များ ပသခါပွဲကျင်းပရာသို့ ယုဒဦးဆောင်ခေါ်သွားဟန်ရှိသည်။ သူတို့ထွက်သွားပြီဖြစ်ကြောင်းတွေ့ရှိသော် လက်နက်များ၊ မီးတုတ်များ၊ မီးခွက်များကိုင်ဆောင်သူလူအုပ်ကြီးသည် ယုဒနောက်မှယေရုရှလင်အပြင်ဘက်ကေဒြုန်ချိုင့်ဝှမ်းကိုဖြတ်သွားကြသည်။

သံလွင်တောင်ပေါ်ဦးဆောင်၍တက်သွားစဉ် ယေရှုကိုမည်သည့်နေရာ၌တွေ့နိုင်ကြောင်း ယုဒကောင်းစွာသိ၏။ လွန်ခဲ့သောအပတ်အတွင်း ဗေသနိနှင့်ယေရုရှလင်အကြား ယေရှုနှင့်တမန်တော်တို့သွားလာကြစဉ် အနားယူစကားစမြည်ပြောရန် ဂေသရှေမန်ဥယျာဉ်၌မကြာခဏ ရပ်နားလေ့ရှိသည်။ သို့သော်၊ ယခုယေရှုသည် သံလွင်ပင်များအောက် အမှောင်ထဲတွင်ဖုံးကွယ်နေလျှင် ယေရှုအားတစ်ခါမျှမမြင်ဘူးသူများဖြစ်နိုင်သည့်စစ်သားတို့သည် ကိုယ်တော်ကိုမည်သို့သိနိုင်လိမ့်မည်နည်း။ ထို့ကြောင့်ယုဒက “ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်း၍လုံခြုံစွာဆောင်သွားကြ” ဟုဆို၍အမှတ်အသားပေးလေသည်။

ယုဒသည် ဥယျာဉ်တွင်းသို့လူအုပ်ကြီးအားဦးဆောင်ခေါ်သွားလျက် ယေရှုကိုတမန်တော်များနှင့်အတူမြင်ပြီး ကိုယ်တော်ထံတည့်တည့်သွားကာ “ရဗ္ဗိ၊ မင်္ဂလာရှိပါစေ” [ကဘ ]ဟုဆိုလျက်ကြင်နာစွာနမ်းလေသည်။

“အဆွေ၊ အဘယ်အခင်းရှိ၍လာသနည်း” ဟုယေရှုမေးပြီး မိမိမေးခွန်းကို မိမိကိုယ်တိုင်ဖြေ၍ “ယုဒ၊ သင်သည်နမ်းခြင်းကိုပြုလျက် လူသားကိုအပ်သလော” ဟုမိန့်တော်မူ၏။ သို့သော်၊ မိမိအားသစ္စာဖောက်သူနှင့် တော်လောက်ပေပြီ။ ယေရှုသည်အလင်းထဲထွက်လာပြီး “အဘယ်သူကိုရှာသနည်း” ဟုမေးတော်မူ၏။

“နာဇရက်မြို့သားယေရှုကိုရှာကြသည်” ဟုအဖြေထွက်လာ၏။

ယေရှုက “ငါသည်ထိုသူဖြစ်၏” ဟုဖြေ၍ သူတို့ရှေ့ရဲဝံ့စွာရပ်လေသည်။ ထိုအခါလူတို့သည်အံ့အားသင့်လျက် ဘာဖြစ်လာမည်ကိုမသိသောကြောင့် နောက်ဆုတ်၍မြေပေါ်သို့လဲကြ၏။

“ငါသည်ထိုသူပင်ဖြစ်သည်။ သို့ဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတို့သည်သွားပါလေစေ” ဟုယေရှုတည်ငြိမ်စွာဆက်ပြော၏။ မကြာသေးမီက အထက်ခန်းမ၌ကိုယ်တော်ဆုတောင်းရာတွင် “ပျက်စီးခြင်း၏သား” မှလွဲ၍ သစ္စာရှိတမန်တော်များကို မိမိထိန်းသိမ်းထားကြောင်း ခမည်းတော်အားယေရှုပြောခဲ့သည်။ ထို့ကြောင့်မိမိ၏စကားပြည့်စုံရန် တပည့်များကိုမူသွားစေရန် ကိုယ်တော်ပြောလေသည်။

စစ်သားတို့သည် စိတ်ပြန်လည်တည်ငြိမ်လာသောအခါ ထ၍ယေရှုကိုချုပ်နှောင်စပြုကြ၏။ ဘာဖြစ်တော့မည်ကို တမန်တော်များသိလာကြရာ “သခင်၊ အကျွန်ုပ်တို့သည် ဓားနှင့်ခုတ်ရပါမည်လော” ဟုမေး၏။ ယေရှုမဖြေကြားမီ တမန်တော်များယူဆောင်လာသော ဓားနှစ်လက်မှတစ်လက်ဖြင့် ပေတရုသည် ယဇ်ပုရောဟိတ်မင်းကြီး၏ကျွန် မာလခုကိုတိုက်ခိုက်လေသည်။ ပေတရု၏ခုတ်ချက်သည် ကျွန်၏ဦးခေါင်းကိုချော်ပြီး သူ၏လက်ယာနားရွက်ကိုပြတ်သွားစေသည်။

“တန်စေ” ဟုယေရှုကြားဝင်မိန့်ဆိုပြီး မာလခု၏နားရွက်ကို လက်တော်နှင့်တို့၍ အနာပျောက်စေတော်မူ၏။ ထိုနောက်အရေးကြီးသောသင်ခန်းစာကိုသွန်သင်၍ ပေတရုအား “ဓားကိုသူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်။ ယခုပင် ငါ့အဘကိုငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင်ကောင်းကင်တမန်တစ်ဆယ့်နှစ်တပ်မက ငါ့ထံသို့စေလွှတ်တော်မူမည်ကိုလည်းကောင်း သင်တို့မထင်သလော” ဟုမိန့်ဆိုသည်။

ယေရှုသည် အဖမ်းခံရန်အသင့်ရှိသည်။ ကိုယ်တော်ရှင်းပြသည်အတိုင်း “သို့ဖြစ်လျှင် ဤသို့သောအမှုအရာတို့သည်ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည်အဘယ်သို့ပြည့်စုံအံ့နည်း။” ထပ်ဆင့်၍ယေရှုက “ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကိုငါမသောက်ရာသလော” ဟုဆိုသည်။ ကိုယ်တော်သည် မိမိအတွက်ဘုရားသခင်အလိုတော်နှင့် အပြည့်အဝသဘောတူညီပါသည်။

ထိုအခါ ယေရှုသည်လူအုပ်အား “သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့်တုတ်များကိုလက်ဆွဲလျက်လာကြသည်တကား။ ငါသည်ဗိမာန်တော်၌ နေ့တိုင်းဆုံးမသြဝါဒပေးလျက် သင်တို့အလယ်၌ထိုင်နေစဉ် သင်တို့သည်ငါ့ကိုမဖမ်းဆီးကြ။ ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာပြည့်စုံမည်အကြောင်းတည်း” ဟုမိန့်တော်မူ၏။

ထိုတွင် စစ်သူရဲ၊ တပ်မှူးနှင့်ယုဒမင်းလုလင်တို့သည် ယေရှုကိုဖမ်းဆီး၍ ကိုယ်တော်ကိုချည်နှောင်ကြသည်။ ထိုအမှုအရာတို့ကိုတွေ့သောအခါ တမန်တော်တို့သည် ယေရှုကိုစွန့်၍ထွက်ပြေးကြ၏။ သို့သော် တပည့်တော်မာကုဖြစ်ဟန်တူသောလူငယ်တစ်ဦးသည် လူအုပ်ကြားတွင်ကျန်ရစ်လေသည်။ ယေရှုပသခါပွဲကျင်းပသည့်အိမ်၌ သူလည်းရှိနိုင်သည်။ ယင်းနောက် ထိုနေရာမှ လူအုပ်နှင့်လိုက်လာခဲ့ပေမည်။ သို့သော်၊ ယခုသူ့ကိုမှတ်မိကြပြီး သူ့ကိုပါဖမ်းဆီးရန်ကြိုးစားကြရာ ပိတ်ဝတ်ရုံကို စွန့်ပစ်ခဲ့ပြီး ထွက်ပြေးလေ၏။ မဿဲ ၂၆:၄၇-၅၆။ မာကု ၁၄:၄၃-၅၂။ လုကာ ၂၂:၄၇-၅၃။ ယောဟန် ၁၇:၁၂၊ ၁၈:၃-၁၂။

▪ ဂေသရှေမန်ဥယျာဉ်တွင် ယေရှုကိုတွေ့မည်ဟု ယုဒအဘယ်ကြောင့်စိတ်ချသနည်း။

▪ တမန်တော်များအတွက် ယေရှုစိုးရိမ်မကင်းဖြစ်ကြောင်းမည်သို့တင်ပြသနည်း။

▪ ပေတရုသည် ယေရှုကိုကာကွယ်ရန် ဘာပြုလုပ်သနည်း။ သို့သော်၊ ပေတရုအား ယင်းအကြောင်းယေရှုဘာပြောသနည်း။

▪ မိမိအတွက်ဘုရားအလိုတော်နှင့်လုံးဝသဘောတူညီကြောင်း ယေရှုမည်သို့တင်ပြသနည်း။

▪ ယေရှုကို တမန်တော်များစွန့်ပစ်စဉ် မည်သူကျန်ရစ်သနည်း။ သူဘာဖြစ်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ