ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၂၆ စာ. ၂၈၈-စာ. ၂၈၉ ပိုဒ်. ၉
  • ယေရှုကို ပေတရုငြင်းပယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုကို ပေတရုငြင်းပယ်
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • တံတိုင်းအတွင်း၌ငြင်းဆိုခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ခွင့်လွှတ်တတ်ဖို့ သခင့်ဆီကနေ သူသင်ယူခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ခွင့်လွှတ်ခြင်းအကြောင်းကို သခင့်ထံမှ သူသင်ယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယေရှုကို ပေတရု ငြင်းပယ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၂၆ စာ. ၂၈၈-စာ. ၂၈၉ ပိုဒ်. ၉
ယေရှုက ပေတရု သူ့ကိုငြင်းနေတာကို လသာဆောင်ကနေ ကြည့်နေ၊ အနောက်နားမှာ ကြက်တစ်ကောင်

အခန်း ၁၂၆

ယေရှုကို ပေတရု ငြင်းပယ်

မဿဲ ၂၆:၆၉-၇၅ မာကု ၁၄:၆၆-၇၂ လုကာ ၂၂:၅၄-၆၂ ယောဟန် ၁၈:၁၅-၁၈၊ ၂၅-၂၇

  • ယေရှုကို ပေတရု ငြင်းပယ်

ဂေသရှေမန်ဥယျာဉ်မှာ ယေရှု အဖမ်းခံရတဲ့အခါ တမန်တော်တွေ သူ့ကိုစွန့်ခွာပြီး ကြောက်ကြောက်နဲ့ ထွက်ပြေးသွားကြတယ်။ နှစ်ယောက်ကတော့ ပြန်လှည့်လာတယ်။ ပေတရုနဲ့ “တပည့်နောက်တစ်ယောက်” ဖြစ်တဲ့ တမန်တော်ယောဟန်ပဲ။ (ယောဟန် ၁၈:၁၅။ ၁၉:၃၅။ ၂၁:၂၄) ယေရှုကို အန္နတ်ရဲ့အိမ်ထဲ ခေါ်သွားချိန်မှာ သူတို့ရောက်လာတာ ဖြစ်မယ်။ အန္နတ်က ယေရှုကို ပုရောဟိတ်မင်း ကယာဖဆီ ပို့တဲ့အခါ ပေတရုနဲ့ ယောဟန်လည်း ခပ်လှမ်းလှမ်းကနေ လိုက်သွားတယ်။ သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေသလို သခင့်အတွက်လည်း စိုးရိမ်နေပုံပဲ။

ယောဟန်က ပုရောဟိတ်မင်း ကယာဖရဲ့ အသိဆိုတော့ ပုရောဟိတ်မင်းရဲ့ ခြံဝင်းထဲ ဝင်ခွင့်ရတယ်။ ပေတရုကတော့ ဝင်းတံခါးအပြင်ဘက်မှာ ကျန်ရစ်ခဲ့တယ်။ ဒါနဲ့ ယောဟန်ပြန်လာပြီး တံခါးစောင့် အစေခံမလေးကို ပြောပေးတော့ ပေတရုလည်း အထဲဝင်ခွင့်ရသွားတယ်။

အဲဒီညမှာ ချမ်းစိမ့်စိမ့်ဖြစ်နေတော့ ခြံဝင်းထဲကလူတွေ မီးသွေးမီးဖိုပြီး မီးလှုံနေကြတယ်။ ပေတရုလည်း သူတို့နဲ့အတူ ထိုင်ပြီး မီးလှုံနေရင်း “ဘာဆက်ဖြစ်မလဲဆိုတာ” စောင့်ကြည့်နေတယ်။ (မဿဲ ၂၆:၅၈) ဒီအခါ တံခါးစောင့်မလေးက မီးအလင်းရောင်အောက်မှာ ပေတရုကို သေချာကြည့်ပြီး “ရှင်လည်း အဲဒီလူရဲ့တပည့်ပဲ မဟုတ်လား” လို့မေးလိုက်တယ်။ (ယောဟန် ၁၈:၁၇) တကယ်တော့ ပေတရုကို မှတ်မိပြီး ယေရှုနဲ့တစ်ဖွဲ့တည်းလို့ စွပ်စွဲတာ အဲဒီအစေခံမလေး တစ်ယောက်တည်း မဟုတ်ဘူး။—မဿဲ ၂၆:၆၉၊ ၇၁-၇၃။ မာကု ၁၄:၇၀။

ပေတရုလည်း အရမ်းလန့်သွားပြီး သူများတွေ သူ့ကို သတိမထားမိအောင်နေရင်း ခြံအဝင်၀ဘက်ကို ထွက်သွားတယ်။ နောက်တစ်ခါကျတော့ ပေတရုက “သူ့ကို ကျွန်တော် မသိဘူး။ ခင်ဗျား ဘာတွေပြောနေမှန်းလည်း ကျွန်တော် နားမလည်ဘူး” လို့ပြောပြီး ယေရှုကို ငြင်းလိုက်တယ်။ (မာကု ၁၄:၆၇၊ ၆၈) ဒါ့အပြင် “ကျိန်တွယ်သစ္စာဆို” လိုက်သေးတယ်။ သူ အမှန်အတိုင်း ပြောနေတာပါ၊ တကယ်လို့ လိမ်ပြောရင် ဘေးအန္တရာယ် ကျရောက်ပါစေဆိုပြီး ကျိန်ပြောလိုက်တဲ့ သဘောပဲ။—မဿဲ ၂၆:၇၄။

ဒီအချိန်မှာ ကယာဖရဲ့အိမ် အပေါ်ထပ်မှာတော့ ယေရှုကို စစ်ဆေးမေးမြန်းနေကြတယ်။ သက်သေထွက်ဆိုသူတွေ ဝင်ထွက်နေတာကို အောက်မှာရှိတဲ့ ပေတရုနဲ့ တခြားသူတွေ မြင်နေရတယ်။

ပေတရုရဲ့လေသံကို နားထောင်လိုက်တာနဲ့ ဂါလိလဲနယ်သားမှန်း သိနိုင်တယ်။ ဒါ့အပြင် လူအုပ်ထဲက တစ်ယောက်ဟာ ပေတရုခုတ်လိုက်လို့ နားရွက်ပြတ်သွားတဲ့ မာလခုနဲ့ ဆွေမျိုးတော်တယ်။ ဒါကြောင့် သူက “ဥယျာဉ်ထဲမှာ အဲဒီလူနဲ့အတူ ခင်ဗျားရှိနေတာ ကျွန်တော်မြင်သားပဲ။ ဟုတ်တယ် မဟုတ်လား” လို့မေးတယ်။ ပေတရုလည်း တတိယအကြိမ် ငြင်းပြန်တယ်။ ဒီအခါ ယေရှု ကြိုပြောတဲ့အတိုင်း ကြက်တွန်သံ ကြားလိုက်ရတယ်။—ယောဟန် ၁၃:၃၈။ ၁၈:၂၆၊ ၂၇။

ဒီအချိန်မှာ ယေရှုက အပေါ်ထပ် လသာဆောင်မှာ ရှိနေပုံပဲ။ သခင်ယေရှုက ပေတရုကို လှည့်ကြည့်လိုက်တဲ့အခါ အဲဒီအကြည့်က ပေတရုရင်ထဲကို ထိုးဖောက်သွားတော့တယ်။ အစောပိုင်းတုန်းက အပေါ်ထပ်အခန်းမှာ ယေရှုပြောခဲ့တဲ့ စကားတွေကို ပေတရု သတိရသွားပြီး သူဘာလုပ်လိုက်မိမှန်း သဘောပေါက်သွားတယ်။ သူ ဘယ်လို ခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒါကြောင့် အပြင်ထွက်ပြီး ရှိုက်ကြီးတငင် ငိုချတော့တယ်။—လုကာ ၂၂:၆၁၊ ၆၂။

ယုံကြည်ခြင်း၊ သစ္စာစောင့်သိခြင်းနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် စိတ်ချလွန်းတဲ့ ပေတရုတစ်ယောက် ဘယ်လို ဖြစ်သွားတာလဲ။ ဘယ်လိုဖြစ်လို့ သူ့သခင်ကို ငြင်းလိုက်ရတာလဲ။ တကယ်တော့ အဲဒီအချိန်မှာ အမှန်ကို အမှားလို့ မြင်နေကြတာ။ ယေရှုကိုလည်း ဆိုးသွမ်းတဲ့ ရာဇဝတ်သားအဖြစ် ပုံဖော်နေကြတာ။ ပေတရုအနေနဲ့ အပြစ်မဲ့သူဘက်ကနေ ရပ်တည်ပေးနိုင်ပေမဲ့လည်း မရပ်တည်ခဲ့ဘူး။ “ထာဝရအသက်ရစေတဲ့ စကားတွေ” ရှိထားတဲ့ပုဂ္ဂိုလ်ကို မသိပါဘူးလို့ ငြင်းခဲ့တယ်။—ယောဟန် ၆:၆၈။

ပေတရုရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်ကနေ သိရတာက ယုံကြည်ခြင်း ခိုင်မာတဲ့၊ သစ္စာစောင့်သိတဲ့ လူတစ်ယောက်တောင် သေချာ ကြိုတင် မပြင်ဆင်ထားဘူးဆိုရင် မမျှော်လင့်ထားတဲ့ စမ်းသပ်မှုတွေ၊ သွေးဆောင်မှုတွေ ကြုံရတဲ့အခါ ဟန်ချက် ပျက်သွားနိုင်တယ်ဆိုတာပဲ။ ပေတရုရဲ့ အဖြစ်အပျက်က ဘုရားသခင့်ကျေးကျွန် အားလုံးအတွက် သတိပေးချက်တစ်ခုပဲ။

  • ကယာဖရဲ့ ခြံဝင်းထဲကို ပေတရုနဲ့ ယောဟန် ဘယ်လို ဝင်ခွင့်ရသလဲ။

  • ပေတရုနဲ့ ယောဟန် ခြံဝင်းထဲမှာရှိနေတုန်း အိမ်ထဲမှာ ဘာဖြစ်နေသလဲ။

  • ပေတရု ဘယ်လိုသဘောနဲ့ ကျိန်တွယ် သစ္စာဆိုလိုက်သလဲ။

  • ပေတရုရဲ့ အဖြစ်အပျက်ကနေ ဘယ်အရေးကြီး သင်ခန်းစာရသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ