မတရားသောအမှုကို ခရစ်တော်မုန်းတော်မူ၏—အသင်ကော
“ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍ မတရားသောအမှုကိုမုန်းတော်မူ၏။ ထိုကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်တို့ထက် ကိုယ်တော်ကိုချီးမြှောက်၍ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီ။”—ဟေဗြဲ ၁:၉။
၁။ ယေဟောဝါ၏စစ်မှန်သောကျေးကျွန်များသည် ဖြောင့်မတ်ခြင်းတရားကိုမြတ်နိုးကြရုံမက ဘာပြုရဦးမည်နည်း။
ယေဟောဝါ၏စစ်မှန်သောကျေးကျွန်များသည် စိတ်နှလုံးအကြွင်းမဲ့၊ စိုးလ်၊ ခွန်အားရှိရှိသမျှနှင့် ကိုယ်တော်ကိုချစ်မြတ်နိုးကြသည်။ (မာကု ၁၂:၃၀) သမာဓိစောင့်သိခြင်းအားဖြင့် ယေဟောဝါ၏နှလုံးကို သူတို့ရွှင်လန်းစေလိုကြသည်။ (သု၊ ၂၇:၁၁) ထိုသို့ပြုခြင်းငှာ ဖြောင့်မတ်ခြင်းတရားကိုမြတ်နိုးကြရုံမက မတရားသောအမှုကိုလည်း ရွံမုန်းကြရမည်။ သူတို့၏စံပြယေရှုခရစ် ထိုသို့ပင်ပြုတော်မူခဲ့၏။ “ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍ မတရားသောအမှုကိုမုန်းတော်မူ၏” ဟုကိုယ်တော့်အကြောင်းဆိုထားသည်။—ဟေဗြဲ ၁:၉။
၂။ မတရားသောအမှု၌ အဘယ်အရာပါဝင်သနည်း။
၂ မတရားသောအမှုမည်သည်ကား အဘယ်နည်း။ ယင်းကား ဒုစရိုက်အမှုဖြစ်ကြောင်း တမန်တော်ယောဟန်ဤသို့ရေးသားဖော်ပြသည်။ “ဒုစရိုက်ကိုပြုသောသူမည်သည်ကား ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကိုလွန်ကျူးခြင်းဖြစ်သတည်း။” (၁ ယောဟန် ၃:၄) မတရားသောသူသည် “ဥပဒေ၏တားဆီးမှု၊ သို့မဟုတ် ထိန်းချုပ်ခြင်းကိုမခံပါ။” (Webster’s Ninth New Collegiate Dictionary) မတရားသောအမှုတွင် မကောင်းမှု၊ ဆိုးသွမ်းမှု၊ မသမာမှု၊ ညစ်ညမ်းပျက်ပြားမှု၊ မရိုးသားမှုစသော အရာအားလုံးပါဝင်သည်။ ဤလောကကိုကြည့်ရုံဖြင့် ယခင်ကနှင့်မတူယနေ့ မတရားသောအမှုသည်ပျံ့နှံ့နေကြောင်း တွေ့ရှိရ၏။ ၂ တိမောသေ ၃:၁-၅ တွင်တမန်တော်ပေါလုကြိုတင်ဟောထားသည့် “ခဲယဉ်းသောကာလ” အတွင်း ကျွန်ုပ်တို့အသက်ရှင်နေကြကြောင်း သံသယလုံးဝမရှိချေ။ ဤမတရားသောအမှုအားလုံးတို့ကြောင့် မကောင်းမှုရှိရှိသမျှကိုမုန်းတီးရန် မိန့်မှာခံရခြင်းသည် အလွန်ကောင်းမြတ်လှသည်တကား။ ဥပမာ၊ ကျွန်ုပ်တို့ မှာကြားခံရသည်ကား “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုချစ်သောသူတို့ မကောင်းသောအမှုကိုရွံရှာကြလော့” ဟုဖြစ်သည်။ (ဆာလံ ၉၇:၁၀) ထိုနည်းတူ ကျွန်ုပ်တို့ဖတ်ရသည်ကား “ဒုစရိုက်ကိုမုန်း၍ သုစရိုက်ကိုချစ်ကြလော့” ဟူ၍ဖြစ်သည်။—အာမုတ် ၅:၁၅။
မုန်းတီးခြင်းသုံးမျိုး
၃-၅။ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် “မုန်းတီးခြင်း” ဟူသောစကားလုံးကို အဘယ်နည်းသုံးနည်းဖြင့်အသုံးပြုထားသနည်း။
၃ မုန်းတီးရမည်ဟုဆိုခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် “မုန်းတီးခြင်း” ကိုခြားနားသောသဘောသုံးမျိုးဖြင့် အသုံးပြုထားသည်။ အငြိုးထားသည့်မုန်းတီးမှုသည် မုန်းတီးခံရသူအား အကျိုးပျက်စေသည်။ ဤသို့သောမုန်းတီးမှုမျိုးကို ခရစ်ယာန်များရှောင်ကြဉ်ရ၏။ ယင်းကြောင့်သာ ဖြောင့်မတ်သောညီအာဗေလကို ကာဣနသတ်ပစ်ခဲ့ခြင်းဖြစ်သည်။ (၁ ယောဟန် ၃:၁၂) ဤကဲ့သို့သောမုန်းတီးမှုမျိုးကို ယေရှုခရစ်အပေါ် ဘာသာရေးခေါင်းဆောင်များထားရှိခဲ့သည်။—မဿဲ ၂၆:၃၊ ၄။
၄ ထို့ပြင် “မုန်းတီးခြင်း” ဟူသောစကားလုံးကို ချစ်ခြင်းလျော့နည်းသည့်သဘောမျိုးဖြင့် ကျမ်းစာတွင်အသုံးပြုထားပါသည်။ ဥပမာ၊ ယေရှုဤသို့ဆိုသည်။ “အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကိုလည်းကောင်းမမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” (လုကာ ၁၄:၂၆) ဤတွင် ယေရှုက ကိုယ်တော်အားကျွန်ုပ်တို့ချစ်သည်ထက်လျှော့၍ ထိုသူတို့ကိုချစ်ကြရန် ဆိုလိုနေခြင်းသာဖြစ်သည်။ ယာကုပ် ‘လေအာကိုမုန်းခဲ့သည်’၊ သို့သော် အမှန်မှာ၊ သူသည် သူမကို ရာခေလအားချစ်သည်ထက်လျှော့၍ချစ်ခဲ့သည်။—ကမ္ဘာဦး ၂၉:၃၀၊ ၃၁။
၅ ထိုနောက်ဤတွင်ကျွန်ုပ်တို့အထူးစိတ်ဝင်စားနေသည့် “မုန်းတီးခြင်း” စကားလုံး၏အနက်ရှိသေးသည်။ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အရာတစ်ခုခုကို သဘောမကျ၊ မကြိုက်မနှစ်သက်နိုင်၍ ထိုပုဂ္ဂိုလ်တစ်ဦး၊ သို့မဟုတ် အရာကိုလုံးဝအသုံးမပြု၊ ရှောင်ရှားခြင်းကိုဆိုလိုသည်။ ဆာလံ ၁၃၉ တွင်ယင်းကို “စိတ်နှလုံးအကြွင်းမဲ့မုန်းခြင်း” ဟုဆိုထားသည်။ ထိုတွင်ဒါဝိဒ်ဤသို့ဖော်ပြသည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်ကိုမုန်းသောသူတို့ကို အကျွန်ုပ်မုန်းပါသည်မဟုတ်လော။ အာဏာတော်ကိုဆန်သောသူတို့ကို အကျွန်ုပ်ရွံရှာပါသည်မဟုတ်လော။ ထိုသူတို့ကို စိတ်နှလုံးအကြွင်းမဲ့မုန်းပါ၏။ ကိုယ်ရန်သူကဲ့သို့မှတ်ပါ၏။”—ဆာလံ ၁၃၉:၂၁၊ ၂၂။
မတရားသောအမှုကို ကျွန်ုပ်တို့အဘယ်ကြောင့်မုန်းသင့်
၆၊ ၇။ (က) မတရားသောအမှုကိုမုန်းတီးရသည့် အဓိကအကြောင်းကားအဘယ်နည်း။ (ခ) မတရားသောအမှုကိုမုန်းတီးရသည့် အရေးပါသောဒုတိယအကြောင်းကားအဘယ်နည်း။
၆ မတရားသောအမှုကို အဘယ်ကြောင့်မုန်းသင့်သနည်း။ တစ်ကြောင်းမှာ ကိုယ့်သိက္ခာကိုယ် အလေးဂရုပြုရန်နှင့်ကြည်လင်သောသြတ္တပ္ပစိတ်ရှိရန်ဖြစ်သည်။ ဤနည်းအားဖြင့်သာလျှင် ကျွန်ုပ်တို့၏ဖြောင့်မတ်၍ချစ်ခြင်းမေတ္တာကြီးမားတော်မူသော ကောင်းကင်ခမည်းတော်ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးရှိနိုင်မည်ဖြစ်သည်။ ဤကိစ္စတွင်ဒါဝိဒ်သည် ပုံသက်သေကောင်းတင်ပြခဲ့ကြောင်း ဆာလံ ၂၆ ကိုဖတ်ရှုခြင်းမှတွေ့ရှိနိုင်သည်။ ဥပမာအားဖြင့် သူဤသို့ဆိုခဲ့သည်။ “မတရားသောသူတို့၏စည်းဝေးခြင်းကိုမုန်းပါ၏။ ဆိုးသွမ်းသောသူတို့နှင့်အတူ မထိုင်ပါ။” (ဆာလံ ၂၆:၅) ဘုရားသခင်နှင့်ဖြောင့်မတ်ခြင်းတရားကို ချစ်မြတ်နိုးခြင်းက ယေဟောဝါကိုမနာခံ၊ မုန်းတီးသူတို့၏ မတရားသောအမှုများအပါအဝင် ကိုယ်တော့်မျက်မှောက်တော်တွင် မတရားသောအမှုရှိရှိသမျှကို ရွံမုန်းခြင်းဖြစ်သည့် ယင်းတို့ကိုမခံမရပ်နိုင်၍ အမျက်ထွက်ခြင်းရှိစေသင့်သည်။ ထို့ပြင်ဘုရားသခင့်နာမတော်ကိုရှုတ်ချပြစ်တင်စရာဖြစ်သည့်အတွက် မတရားသောအမှုကို မုန်းတီးသင့်သည်။
၇ မတရားသောအမှုကို ယေဟောဝါ၏လူမျိုးမုန်းတီးရသည့် အခြားအကြောင်းရင်းတစ်ခုကား မတရားသောအမှုသည် ကြီးစွာသောအန္တရာယ်နှင့် ဘေးဥပဒ်ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ ဇာတိပကတိ၌ မျိုးစေ့ကြဲခြင်းတည်းဟူသော မတရားသောအမှုသည် အဘယ်အကျိုးရလဒ်ရှိမည်နည်း။ ပေါလုဤသို့သတိပေးထားသည်။ “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကိုရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့်ထာဝရအသက်ရှင်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။” (ဂလာတိ ၆:၇၊ ၈) ထိုကြောင့် ကျွန်ုပ်တို့သည် မတရားသောအမှုနှင့် မည်သို့မျှ မပတ်သက်လိုသင့်ပါ။ မိမိ၏ကြံ့ခိုင်ရေးနှင့်စိတ်ငြိမ်သက်မှုအတွက် မတရားသောအမှုရှိရှိသမျှကို မုန်းတီးရန်လိုသည်။
မတရားသောအမှုကိုမုန်းတီးသူများ
၈။ အဘယ်ကျမ်းချက်များဖော်ပြသည့်အတိုင်း မည်သူသည် မတရားသောအမှုကိုအဓိကရွံမုန်းခဲ့သနည်း။
၈ မတရားသောအမှုကိုမုန်းတီးရာတွင် အသိတရားရှိဖန်ဆင်းခံအပေါင်းတို့အတွက် ဘုရားသခင်သည်အဓိကပုံသက်သေဖြစ်သည်။ ကိုယ်တော်သည်မတရားသောအမှုကို တရားသဖြင့်အမျက်ထွက်တော်မူ၍ နှုတ်ကပါဌ်တော်ကဤသို့ဆိုသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မုန်းတော်မူသောအရာခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်ပါးဟူမူကား ထောင်လွှားသောမျက်နှာတစ်ပါး၊ မုသာ၌ကျင်လည်သောလျှာတစ်ပါး၊ အပြစ်မရှိသောသူ၏အသက်ကိုသတ်သော လက်တစ်ပါး၊ မကောင်းသောအကြံကို ကြံစည်သောနှလုံးတစ်ပါး၊ အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သောခြေတစ်ပါး၊ မုသာစကားကိုပြော၍ မမှန်သောသက်သေတစ်ပါး၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာပြုတတ်သောသူတစ်ပါးတည်း။” ကျွန်ုပ်တို့ဖတ်ရသေးသည်ကား၊ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှားခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏” ဟူ၍ဖြစ်သည်။ (သု၊ ၆:၁၆-၁၉။ ၈:၁၃) ထို့ပြင် ကျွန်ုပ်တို့မှာကြားခံရသည်ကား၊ “ငါထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်၏။ လုယူခြင်းအမှုနှင့် အဓမ္မအမှုကိုမုန်း၏။”—ဟေရှာယ ၆၁:၈။
၉၊ ၁၀။ မတရားသောအမှုကိုယေရှုမုန်းတီးကြောင်း မည်သို့တင်ပြခဲ့သနည်း။
၉ မတရားသောအမှုကိုမုန်းတီးခြင်းတွင် ယေရှုခရစ်သည် မိမိ၏ခမည်းတော်ကိုအတုယူခဲ့ပါသည်။ ယင်းကြောင့်ကျွန်ုပ်တို့ဖတ်ရသည်ကား “ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍ မတရားသောအမှုကိုမုန်းတော်မူ၏။ ထိုကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်တို့ထက် ကိုယ်တော်ကိုချီးမြှောက်၍ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီ” ဟူ၍ဖြစ်သည်။ (ဟေဗြဲ ၁:၉) ဤကဲ့သို့သောမုန်းတီးမှုမျိုးတွင် ယေရှုသည် ကျွန်ုပ်တို့အတွက်ပုံသက်သေဖြစ်သည်။ မတရားသောအမှုကိုတမင်တကာပြုသူ၊ မှောက်မှားသောဘာသာရေးခေါင်းဆောင်များ၏အပြစ်တို့ကို ဖော်ထုတ်ခြင်းအားဖြင့် မတရားသောအမှုကို ကိုယ်တော်မုန်းတီးကြောင်းတင်ပြခဲ့သည်။ သူတို့သည်အရေခြုံများဖြစ်ကြောင်း အကြိမ်ကြိမ်ဖော်ထုတ်ခဲ့၏။ (မဿဲ အခန်းကြီး ၂၃) နောင်တစ်ကြိမ်တွင် သူတို့အားယေရှုဤသို့ဆိုသည်။ “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်းလိုက်တတ်ကြ၏။” (ယောဟန် ၈:၄၄) လောဘကြီးသောဘာသာရေးအရေခြုံများကို နှင်ထုတ်ခြင်းအားဖြင့် ဗိမာန်တော်ကိုနှစ်ကြိမ် အတင်းအကျပ်ရှင်းပစ်ရသည်တိုင် မတရားသောအမှုကိုကိုယ်တော်မုန်းတီးကြောင်း တင်ပြခဲ့သည်။—မဿဲ ၂၁:၁၂၊ ၁၃။ ယောဟန် ၂:၁၃-၁၇။
၁၀ မတရားသောအမှုနှင့်အပြစ်ဒုစရိုက်ကို လုံးဝရှောင်ကြဉ်ခြင်းအားဖြင့်လည်း ယင်းကိုယေရှုမုန်းတီးကြောင်းတင်ပြခဲ့သေးသည်။ ထိုကြောင့် ရန်သူများအား “ငါ၌အပြစ်ရှိကြောင်းကို သင်တို့တွင်အဘယ်သူဖော်ပြသနည်း” ဟုယေရှုမေးမြန်းနိုင်ခဲ့ခြင်းဖြစ်သည်။ (ယောဟန် ၈:၄၆) ယေရှုသည် “သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့်ကင်းလွတ်လျက် အပြစ်ရှိသောသူတို့နှင့်မဆက်ဆံ” ခဲ့ပါ။ (ဟေဗြဲ ၇:၂၆) ယင်းကိုစိတ်ချစေသည့် ပေတရု၏စကားက ဤသို့။ ယေရှုသည် “ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။”—၁ ပေတရု ၂:၂၂။
၁၁။ မတရားသောအမှုကိုရွံမုန်းသည့် ကျမ်းစာမှ မစုံလင်သောလူသားများဥပမာကားအဘယ်နည်း။
၁၁ ယေရှုမှာမူ စုံလင်သောလူသားဖြစ်သည်။ မတရားသောအမှုကို အမှန်မုန်းတီးသည့် မစုံလင်သူများ၏ပုံသက်သေကို ကျမ်းစာတွင်တွေ့ရှိနိုင်သလော။ တွေ့နိုင်ပါ၏။ ဥပမာ၊ ယေဟောဝါ၏အမိန့်တော်အားဖြင့် တလွဲကိုးကွယ်သူ ၃,၀၀၀ ကိုအဆုံးစီရင်ခြင်းအားဖြင့် တလွဲကိုးကွယ်ခြင်းကို ပြင်းထန်စွာမုန်းတီးကြောင်း မောရှေနှင့်လေဝိသားချင်းတို့ ထင်ရှားပြသခဲ့သည်။ (ထွက်မြောက်ရာ ၃၂:၂၇၊ ၂၈) မတရားမေထုန်ပြုသူနှစ်ဦးကို လှံဖြင့်ထိုးသတ်ခြင်းဖြင့် မတရားသောအမှုကိုအလွန်ရွံမုန်းကြောင်း ဖိနဟတ်တင်ပြခဲ့သည်။—တောလည်ရာ ၂၅:၇၊ ၈။
မတရားသောအမှုကိုမုန်းတီးကြောင်း ဖော်ပြပြောဆိုခြင်း
၁၂။ (က) မတရားသောအမှုကိုရွံမုန်းကြောင်း မည်သို့တင်ပြနိုင်သနည်း။ (ခ) မတရားသောအမှုနှင့်ဆိုင်သည့်အကြံအစည်များကို ရှောင်ကြဉ်နိုင်သည့် လက်တွေ့ကျနည်းလမ်းအချို့ကားအဘယ်နည်း။
၁၂ ကျွန်ုပ်တို့ခေတ်တွင် မတရားသောအမှုကိုရွံမုန်းကြောင်း မည်သို့တင်ပြနိုင်မည်နည်း။ ကျွန်ုပ်တို့၏အကြံအစည်၊ ပြောဆိုသောစကားနှင့်အပြုအမူများကို ချုပ်တည်းခြင်းအားဖြင့်ဖြစ်သည်။ လုပ်ငန်းတစ်ခုခုနှင့် အလုပ်မများနေသည့်အခါ တည်ဆောက်မှုဖြစ်စေသောအကြောင်းများကိုစဉ်းစားခြင်းအကျင့် မွေးမြူပေးရန်လိုသည်။ ညအချိန် အိပ်မပျော်နိုင်ဘဲနိုးနေသည့်အခါ အပြုသဘောမရှိသည့် နာကြည်းရာများ၊ သို့မဟုတ် လိင်ဆိုင်ရာစိတ်ကူးစိတ်သန်းများ ကို တွေးတောရန်ဆန္ဒရှိကောင်းရှိနေပေမည်။ ဤသို့သောအရာများအတွက် အခွင့်မပေးပါနှင့်။ အကျိုးရှိသောအတွေးအခေါ်များကို စဉ်းစားသည့်အကျင့်ကိုသာမွေးမြူပါ။ ဥပမာ၊ ကျမ်းချက်များ၊ ရွှင်လန်းခြင်းကိုးခုနှင့် ဝိညာဉ်အသီးကိုးလုံးတို့ကိုနှုတ်တိုက်ရရန် ကြိုးစားကြည့်လေ။ (မဿဲ ၅:၃-၁၂။ ဂလာတိ ၅:၂၂၊ ၂၃) တမန်တော် ၁၂ ပါးအမည်ကိုသင်ဖော်ပြနိုင်သလော။ ပညတ်တော်ဆယ်ပါးကို သိပါသလော။ ဗျာဒိတ်ကျမ်းပါ အသင်းတော်ခုနစ်ခုကား အဘယ်နည်း။ ဘုရားသခင့်နိုင်ငံတော်သီချင်းများကို နှုတ်တိုက်ရရန်ကြိုးစားခြင်းသည်လည်း သမ္မာတရားနှင့်ဆိုင်သော၊ လျောက်ပတ်သော၊ ဖြောင့်မတ်သော၊ စင်ကြယ်သော၊ သူတစ်ပါးနှစ်သက်ဖွယ်သော၊ ချီးမွမ်းဖွယ်သောအရာများကိုနှလုံးသွင်းရန် အထောက်အကူပြုသည်။—ဖိလိပ္ပိ ၄:၈။
၁၃။ မတရားသောအမှုကိုရွံမုန်းခြင်းက အဘယ်ကဲ့သို့သောစကားမျိုးကိုမုန်းတီးစေမည်နည်း။
၁၃ ထို့ပြင် ညစ်ညမ်းသောစကားဟူသ၍ကို ရှောင်ကြဉ်ခြင်းအားဖြင့် မတရားသောအမှုကိုရွံမုန်းကြောင်း တင်ပြကြပါသည်။ လောကီသားအများစုသည် ညစ်ညမ်းသောဟာသစကားများကို ပြောဆိုနားဆင်ခြင်း၌ပျော်မွေ့ကြသော်လည်း ခရစ်ယာန်များမူကား ယင်းတို့ကိုနားထောင်ရုံပင်မပြုသင့်ပါ။ ယင်းအစား ဤမျှယုတ်ညံ့အောက်တန်းကျသည့်စကားများရှိရှိသမျှကို ပြောဆိုနေရာမှ ထွက်ခွာသွား၍ လုံးဝမပါဝင်သင့်ပါ။ ရှောင်ထွက်မသွားနိုင်သည့်အခြေအနေမျိုးတွင် ရောက်ရှိနေပါက ဤသို့သောစကားမျိုးကိုရွံမုန်းကြောင်း အနည်းဆုံးမျက်နှာထားဖြင့် ဖော်ပြသင့်သည်။ ဤကောင်းမြတ်သောသြဝါဒကို လိုက်နာရန်လိုသည်။ “ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲကမထွက်စေနှင့်။ ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းငှာ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာသုံးဆောင်ကြလော့။” (ဧဖက် ၄:၂၉) မစင်ကြယ်သောစကားကိုပြောဆိုခြင်း၊ သို့မဟုတ် နားထောင်ခြင်းအားဖြင့် မိမိကိုယ်ကိုမညစ်ညူးစေပါနှင့်။
၁၄။ စီးပွားရေးဆိုင်ရာအကျင့်၊ အလုပ်အကိုင်နှင့်ပတ်သက်၍ မတရားသောအမှုကိုမုန်းတီးခြင်းက ကျွန်ုပ်တို့အားမည်သို့ကာကွယ်ပေးမည်နည်း။
၁၄ မတရားသောအမှုကိုရွံမုန်းခြင်းတွင် ဒုစရိုက်အပြစ်အားလုံးကိုမုန်းခြင်းလည်းပါဝင်သင့်သည်။ မတရားသောအမှုကိုမုန်းခြင်းဖြင့် ဤကိစ္စတွင် လိုက်လျောခြင်းကျော့ကွင်းကိုရှောင်ကြဉ်ရန် အကူအညီရရှိလိမ့်မည်။ ခရစ်ယာန်စစ်များသည် ဒုစရိုက်အပြစ်ကိုမပြုကြပါ။ (၁ ယောဟန် ၅:၁၈ နှိုင်းယှဉ်။) ဥပမာ၊ မရိုးသားသောစီးပွားရေးဆိုင်ရာအကျင့်အားလုံးကို ကျွန်ုပ်တို့ရွံမုန်းရမည်။ ယနေ့ယေဟောဝါသက်သေများစွာတို့သည် သူတို့အလုပ်ရှင်များအတွက် မရိုးသားသောအမှုများကိုပြုလုပ်ပေးရန် အတင်းအကျပ်ခိုင်းစေခံခဲ့ရသော်လည်း ငြင်းဆိုခဲ့ကြပါသည်။ မိမိတို့၏ကျမ်းစာအခြေခံသောသြတ္တပ္ပစိတ်ကို ညစ်ညူးစေမည့်အစား ခရစ်ယာန်များသည် အလုပ်ပြုတ်ခံခဲ့ကြပါသည်။ ထို့ပြင် ယာဉ်ကြောစည်းကမ်းများကို မချိုးဖောက်ခြင်း၊ အခွန်အကောက်များပေးဆက်ရသည့်အခါ မလိမ်ညာခြင်းအားဖြင့် မတရားသောအမှုကိုမုန်းတီးကြောင်းကိုလည်း တင်ပြလိုကြပါသည်။—တမန်တော် ၂၃:၁။ ဟေဗြဲ ၁၃:၁၈။
လိင်စာရိတ္တမသန့်ရှင်းမှုကိုရွံမုန်းခြင်း
၁၅။ လူသားကိုဖိုမဆွဲငင်စိတ်ပြင်းပြရန် ဖန်ဆင်းထားခြင်းအားဖြင့် အဘယ်ကောင်းမြတ်သောရည်ရွယ်ချက်များဖြစ်မြောက်သနည်း။
၁၅ ခရစ်ယာန်များအနေနှင့် အထူးသဖြင့် သံဝါသပြုခြင်းကိစ္စအဝဝနှင့်သက်ဆိုင်သော မသန့်ရှင်းမှုအားလုံးကို ရွံမုန်းရမည်။ လူသားကိုဖိုမဆွဲငင်စိတ်ပြင်းပြစွာဖန်ဆင်းထားခြင်းအားဖြင့် ကောင်းမြတ်သောရည်ရွယ်ချက်နှစ်ခုကို ဘုရားသခင်ဖြစ်မြောက်စေသည်။ လူမျိုးဆက်မတုံးသွားရန်သေချာစေသည့်အပြင်၊ လူ့ပျော်ရွှင်ရေးအတွက် အမှန်ကရုဏာပါသောပြင်ဆင်ချက်ကိုပါ ပြုလုပ်ပေးတော်မူသည်။ ဆင်းရဲနွမ်းပါးသူ၊ စာမတတ်မြောက်သူ၊ အခြားနည်းတစ်နည်းဖြင့် ချို့ငဲ့သူများပင်လည်း အိမ်ထောင်ရေးဆက်ဆံမှု၌ သာယာရွှင်လန်းနိုင်ပါသည်။ သို့ရာတွင် ဤဆက်ဆံမှု၌ပျော်မွေ့ခြင်းငှာ ကန့်သတ်ချက်များကို ယေဟောဝါချမှတ်ပေးထားတော်မူသည်။ ဤမြင့်မြတ်သောကန့်သတ်ချက်တို့ကို လေးစားရကြမည်ဖြစ်သည်။—ကမ္ဘာဦး ၂:၂၄။ ဟေဗြဲ ၁၃:၄။
၁၆။ လိင်ဆိုင်ရာမသန့်ရှင်းသောပျော်ရွှင်မှုနှင့်အကျင့်များကို ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။
၁၆ မတရားသောအမှုကိုရွံမုန်းသည်ဆိုလျှင် လိင်ဆိုင်ရာမသန့်ရှင်းသောအကျင့်နှင့် စာရိတ္တပျက်ပြားသော ပျော်ရွှင်မှုအားလုံးကို ကြိုးစားအားထုတ်၍ ရှောင်ကြဉ်ကြမည်။ ထိုသို့အလိုငှာ စာရိတ္တဆိုင်ရာမသင်္ကာဖွယ်စာအုပ်များ၊ မဂ္ဂဇင်းများနှင့်သတင်းစာများကို လုံးလုံးရှောင်မည်။ ထိုနည်းတူ မတရားသောအမှုကိုရွံမုန်းမည်ဆိုလျှင် ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ သို့မဟုတ် ဇာတ်ခုံပေါ်ပင်ဖြစ်စေ မသန့်ရှင်းသောသရုပ်ဆောင်ပုံရှိရှိသမျှကို ကျွန်ုပ်တို့ရှုစားကြမည်မဟုတ်ပါ။ အစီအစဉ်တစ်ခုသည် စာရိတ္တယိုယွင်းနေကြောင်းသိရှိမည်ဆိုလျှင် ရုပ်မြင်သံကြားစက်ကို ချက်ချင်းပိတ်ပစ်ရန် သို့မဟုတ် ဇာတ်ရုံထဲမှထွက်သွားရန် သတ္တိရှိသင့်သည်။ ထိုနည်းတူ မတရားသောအမှုကိုရွံ့မုန်းမည်ဆိုလျှင် စာသားသော်လည်းကောင်း၊ တီးမှုတ်သံသော်လည်းကောင်း ရာဂစိတ်ကိုနှိုးဆွပေးမည်ဆိုလျှင် ထိုတေးသီချင်းမျိုးကိုရှောင်ကြဉ်ရန် သတိပြုစေမည်။ စာရိတ္တယိုယွင်းသောအရာများကိုသိလိုစိတ်ရှိမည်မဟုတ်ဘဲ ‘မတရားသောအမှုအရာ၌ နို့စို့သူငယ်ဖြစ်၍ ဉာဏ်အရာ၌ကား အသက်ကြီးသောသူဖြစ်ကြလိမ့်မည်။’—၁ ကောရိန္သု ၁၄:၂၀။
၁၇။ စာရိတ္တစင်ကြယ်စွာနေနိုင်ရန် ကောလောသဲ ၃:၅ ပါအဘယ်သြဝါဒက ကူညီပေးနိုင်သနည်း။
၁၇ အလွန်လျော်ကန်စွာ ကျွန်ုပ်တို့အားမှာကြားထားသည်ကား “မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း . . . တည်းဟူသော မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့” ဟုဖြစ်သည်။ (ကောလောသဲ ၃:၅) စာရိတ္တစင်ကြယ်စွာနေလိုလျှင် ကျွန်ုပ်တို့ အားထုတ်လုပ်ဆောင်စရာများရှိသည်ကား အမှန်။ ကောလောသဲ ၃:၅ ပါ “သေစေ” ဟုပြန်ဆိုသည့်ဂရိကြိယာနှင့်စပ်လျဉ်း၍ The Expositor’s Bible Commentary ကဤသို့ဆိုသည်။ “ယင်းက အကျင့်ဆိုးများ၊ သဘောထားဆိုးများကို ဖိနှိပ်ချိုးနှိမ်ရန်သာလုပ်ရမည်ကို ဆိုလိုနေခြင်းမဟုတ်။ အသက်တာဟောင်းလမ်းစဉ်ကို လုံးလုံး သုတ်သင်ရှင်းလင်းခြင်းဖြင့် ယင်းတို့ကိုဖယ်ရှားပစ်ရမည်ဖြစ်သည်။ ‘လုံးလုံးသေစေ’ ရန်ဖြစ်သည်။ . . . ကြိယာ၏အဓိပ္ပာယ်နှင့်ကာလကိုယ်နှိုက်က ကိုယ်တိုင်ဆုံးဖြတ်ချက်အရ ကြိုးပမ်းအားထုတ်အနစ်နာခံခြင်းကို သဘောပေါက်စေသည်။” ထိုကြောင့်ညစ်ညမ်းသောစာပေနှင့်ရုပ်ပုံကို ဘေးအန္တရာယ်ကြီးမားသော၊ အလွန်ကူးစက်လွယ်၍ သေစေနိုင်သောရောဂါတစ်ခုကဲ့သို့ ရှောင်ကြဉ်ကြရမည်။ အကြောင်းမူကား၊ ယင်းသည် စာရိတ္တရေးနှင့်ဝိညာဉ်ရေးဘက် ထိုသို့ပင်ဖြစ်ပေသည်။ လက်သော်လည်းကောင်း၊ ခြေသော်လည်းကောင်း၊ မျက်စိတစ်လုံးပင်လျှင် ကျွန်ုပ်တို့အားထိမိ၍လဲစေလျှင် ဖြတ်ပစ်ရမည်ဟုခရစ်တော်ဆိုခဲ့စဉ်က ထပ်တူသဘောထားမျိုးကိုတင်ပြနေခြင်းဖြစ်သည်။—မာကု ၉:၄၃-၄၈။
မဟာဗာဗုလုန်နှင့် အယူဖောက်ပြန်ခြင်းကို မုန်းတီးခြင်း
၁၈။ အရေခြုံဘာသာရေးမတရားမှုများကိုမုန်းတီးကြောင်း မည်သို့တင်ပြနိုင်သနည်း။
၁၈ ထို့နောက် မတရားသောအမှုကိုမုန်းတီးကြောင်း အရေခြုံဘာသာရေးမတရားမှုများကို ယေရှုဖော်ထုတ်သည်နည်းတူ ယနေ့ယေဟောဝါသက်သေများသည် အရေခြုံဘာသာရေးမတရားမှုရှိရှိသမျှကို မုန်းတီးကြောင်းတင်ပြနေကြပါသည်။ မည်သို့အားဖြင့်နည်း။ မဟာဗာဗုလုန်၏အဖြစ်မှန်ဖြစ်သည့် ဘာသာရေးဆိုင်ရာပြည့်တန်ဆာအဖြစ်ကို ထင်ရှားပေါ်လွင်စေသည့်ကျမ်းစာစာပေများကို ထုတ်ဝေဖြန့်ဖြူးခြင်းအားဖြင့်ဖြစ်သည်။ မတရားသောဘာသာရေးဆိုင်ရာအရေခြုံမှုကို ကျွန်ုပ်တို့အမှန်တကယ်ရွံမုန်းပါက မဟာဗာဗုလုန်ကိုဖော်ထုတ်ရာတွင် ပွင့်လင်းတည့်မတ်သင့်သည်။ ယင်းကြောင့်မျက်စိကန်း၍ ဝိညာဏအချုပ်အနှောင်အောက်ရောက်နေကြသော စိတ်နှလုံးရိုးသားသူများအကျိုးအလိုငှာ ထိုသို့ကျွန်ုပ်တို့ပြုလုပ်ကြမည်။ မဟာဗာဗုလုန်၏မတရားသောအမှုကို ကျွန်ုပ်တို့ရွံမုန်းသမျှ ထိုအတိုင်းအတာအထိ နိုင်ငံတော်ဓမ္မအမှု၏ကဏ္ဍအသီးသီးတွင် ဇွဲလုံ့လရှိရှိပါဝင်ကြပါလိမ့်မည်။—မဿဲ ၁၅:၁-၃၊ ၇-၉။ တိတု ၂:၁၃၊ ၁၄။ ဗျာဒိတ် ၁၈:၁-၅။
၁၉။ အယူဖောက်ပြန်သူများကို မည်သို့ယူမှတ်သင့်သနည်း။ အဘယ်ကြောင့်နည်း။
၁၉ မတရားသောအမှုကိုရွံမုန်းရန်တာဝန်တွင် အယူဖောက်ပြန်သူများ၏လုပ်ရပ်အားလုံးလည်းပါဝင်သည်။ အယူဖောက်ပြန်သူများအကြောင်း ဒါဝိဒ်ပြောဆိုခဲ့သည်အတိုင်း ကျွန်ုပ်တို့လည်းသဘောထားသင့်သည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်ကိုမုန်းသောသူတို့ကို အကျွန်ုပ်မုန်းပါသည်မဟုတ်လော။ အာဏာတော်ကိုဆန်သောသူတို့ကို အကျွန်ုပ်ရွံရှာပါသည်မဟုတ်လော။ ထိုသူတို့ကို စိတ်နှလုံးအကြွင်းမဲ့မုန်းပါ၏။ ကိုယ်ရန်သူကဲ့သို့မှတ်ပါ၏။” (ဆာလံ ၁၃၉:၂၁၊ ၂၂) မျက်မှောက်ခေတ်အယူဖောက်ပြန်သူများသည် “ဒုစရိုက်လူ” နှင့်ပူးပေါင်းဆောင်ရွက်နေကြသည်။ (၂ သက်သာလောနိတ် ၂:၃) ထိုကြောင့်ယေဟောဝါ၏သစ္စာရှိသက်သေခံများအဖြစ် ကျွန်ုပ်တို့သည်သူတို့နှင့်အခြားကြီးခြားပါသည်။ မစုံလင်သူများအနေနှင့် ညီအစ်ကိုတို့ကိုအပြစ်ရှာချင်စိတ် လွယ်ကူစွာပေါ်တတ်ပါသည်။ ပုဂ္ဂိုလ်ရေးအရ “သစ္စာသမာဓိရှိကျေးကျွန်” အဝင်တို့သည် မစုံလင်သောလူသားများဖြစ်ကြ၏။ (မဿဲ ၂၄:၄၅-၄၇) သို့သော် ဤအတန်းစားသည် သစ္စာရှိရုံမက အမြော်အမြင်လည်းရှိသည်။ အယူဖောက်ပြန်သူများသည် ဦးစီးဦးဆောင်သောညီအစ်ကိုများ၏အပြစ်များ၊ သို့မဟုတ် မှားယွင်းဟန်ရှိသည့်အပြစ်များကို ပုံကြီးချဲ့တတ်ကြသည်။ အယူဖောက်ပြန်သူတို့၏ဝါဒဖြန့်မှုမှာ အမှန်သော် အဆိပ်ရည်သာဖြစ်သည့်အတွက် ယင်းကိုရှောင်ကြဉ်ခြင်း၌ လုံခြုံမှုရှိပါသည်။—ရောမ ၁၆:၁၇၊ ၁၈။
၂၀၊ ၂၁။ မတရားသောအမှုများကိုမုန်းတီးရန်အကြောင်းများကို မည်သို့အကျဉ်းချုပ်ဖော်ပြမည်နည်း။
၂၀ လောကကြီးသည် အပြစ်နှင့်တစ်သဘောတည်းဖြစ်သည့် မတရားသောအမှုနှင့်ပြည့်နှက်နေကြောင်း ကျွန်ုပ်တို့တွေ့ရှိခဲ့ပြီ။ ဖြောင့်မတ်ခြင်းတရားကို မြတ်နိုးရုံမက မတရားသောအမှုကိုလည်း ကျွန်ုပ်တို့ရွံမုန်းရမည်။ ခရစ်ယာန်အသင်းတော်အတွင်းမှ နှင်ထုတ်ခံရသူအချို့သည် ဖြောင့်မတ်ခြင်းတရားကို မိမိတို့မြတ်နိုးသည်ဟုယူမှတ်ခဲ့ပေမည်။ သို့သော် သူတို့သည် မတရားသောအမှုကိုမုန်းတီးစိတ် အလုံအလောက်မရှိခဲ့ပါ။ မတရားသောအမှုကို အဘယ်ကြောင့်ရွံမုန်းသင့်ကြောင်းကိုလည်း ကျွန်ုပ်တို့သိနားလည်ခဲ့ပြီ။ ယင်းကိုမမုန်းပါက ကြည်လင်သောသြတ္တပ္ပစိတ်နှင့် ကိုယ်ကိုယ်ကိုတန်ဖိုးထားလေးစားသောသဘော မရှိနိုင်ပါ။ ထို့ပြင် မတရားသောအမှုသည် ယေဟောဝါဘုရားသခင်ကိုသစ္စာဖျက်ခြင်းဖြစ်သည်။ မတရားသောအမှုသည်လည်း ခါးသီးသောအသီးများဖြစ်သည့် စိတ်ဆင်းရဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်သေခြင်းကို ရိတ်သိမ်းစေသည်။
၂၁ မတရားသောအမှုကိုရွံမုန်းကြောင်း မည်သို့တင်ပြနိုင်သည်ကိုလည်း သတိပြုစေခဲ့ပြီ။ မရိုးသားမှု၊ စာရိတ္တယိုယွင်းမှု သို့မဟုတ် အယူဖောက်ပြန်မှုရှိရှိသမျှကို လုံးလုံးရှောင်ကြဉ်ခြင်းဖြင့် တင်ပြနိုင်၏။ ယေဟောဝါ၏နာမတော် သင်္ကာယနကင်းရှင်းရေး၌ပါဝင်လို၍ ကိုယ်တော့်နှလုံးကိုရွှင်မြူးစေလိုသည့်အတွက် ဖြောင့်မတ်ခြင်းတရားကို မြတ်နိုးပြီး၊ လုပ်ငန်းတော်တွင်အလုပ်များနေရုံသာမက ကျွန်ုပ်တို့၏ခေါင်းဆောင်နှင့်ဗိုလ်ချုပ်ကြီးယေရှုခရစ်နည်းတူ မတရားသောအမှုကိုလည်း ရွံမုန်းရမည်။
သင်မည်သို့ဖြေဆိုမည်နည်း
▫ “မုန်းတီးခြင်း” ဟူသောစကားလုံးကို ကျမ်းစာကမည်သို့အသုံးပြုထားသနည်း။
▫ မတရားသောအမှုကိုမုန်းတီးရန် အကြောင်းကောင်းအချို့ကားအဘယ်နည်း။
▫ မတရားသောအမှုကိုမုန်းတီးခဲ့သူတို့၏ အဘယ်ပုံသက်သေကောင်းများရှိသနည်း။
▫ မတရားသောအမှုကိုမုန်းတီးကြောင်း မည်သို့ပြသနိုင်သနည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ယေရှုသည် မတရားသောအမှုကိုရွံမုန်းသောကြောင့် ဗိမာန်တော်ကိုရှင်းလင်းခဲ့သည်