ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁/၁ စာ. ၆-၈
  • တပည့်ဖြစ်ခြင်းဆိုင်ရာ တာဝန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တပည့်ဖြစ်ခြင်းဆိုင်ရာ တာဝန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • တပည့်ဖြစ်ခြင်းဆိုင်ရာ တာဝန်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • တပည့်ဖြစ်ခြင်း ကြီးလေးတဲ့တာ၀န်ဖြစ်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆား—အဖိုးတန် ကုန်ပစ္စည်းတစ်မျိုး
    နိုးလော့!—၂၀၀၃
  • ယေရှုရဲ့တပည့် ဖြစ်လာသူတွေ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁/၁ စာ. ၆-၈

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

တပည့်ဖြစ်ခြင်းဆိုင်ရာ တာဝန်

ဂျူးလွှတ်တော်အရာရှိဖြစ်ဟန်တူသော ထင်ရှားသည့် ဖါရိရှဲတစ်ဦး၏ နေအိမ်မှထွက်လာပြီးနောက် ယေရှုသည် ယေရုရှလင်မြို့သို့ ခရီးဆက်တော်မူ၏။ များစွာသောလူပရိသတ်သည် နောက်တော်သို့လိုက်ကြ၏။ သို့သော် အဘယ်ရည်ရွယ်ချက်ဖြင့် လိုက်ကြသနည်း။ တပည့်တော်အစစ်ဖြစ်ခြင်း၌ အဘယ်အရာများပါဝင်သနည်း။

ခရီးသွားနေစဉ် ယေရှုသည် ပရိသတ်ဘက်သို့လှည့်၍ “မည်သူမဆို ငါ့ထံရောက်လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊မောင်နှမများနှင့် ကိုယ့်အသက်ကို မမုန်းလျှင် ငါ့တပည့်မဖြစ်နိုင်” ဟု မိန့်တော်မူလိုက်ရာ လူပရိသတ်ထိတ်လန့်ကောင်း ထိတ်လန့်သွားကြမည်။

ယေရှုဘာကိုဆိုလိုသနည်း။ တပည့်တော်များ မိမိတို့၏ဆွေမျိုးများကို တကယ်တမ်းမုန်းရန်မဟုတ်ပါ။ ကိုယ်တော်ကို ချစ်သည်ထက် သူတို့ကိုလျော့၍ ချစ်ခြင်းဟူသောသဘောဖြင့် သူတို့ကို မုန်းရန်ဖြစ်သည်။ ယေရှု၏ ဘိုးဘေး ယာကုပ်သည် လေအာကို“မုန်း” ၍ ရာခေလကိုချစ်ကြောင်း ဆိုသည်။ လေအာသည် ညီမဖြစ်သူရာခေလလောက် အချစ်မခံရကြောင်းဆိုလိုသည်။

တပည့်တော်တစ်ဦးသည် ‘ကိုယ်အသက်ကိုပင်’ မုန်းရမည်ဟု ယေရှုမိန့်တော်မူကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ တပည့်တော်အစစ်တစ်ဦးအနေဖြင့် မိမိအသက်ထက် ကိုယ်တော်ကိုပို၍ ချစ်ရမည်ဟု ယေရှုရည်ညွှန်းနေခြင်းဖြစ်သည်။ ဤသို့အားဖြင့် မိမိတပည့်ဖြစ်ခြင်းဆိုသည်မှာ ကြီးလေးသောတာဝန်တစ်ရပ်ဖြစ်ကြောင်း ယေရှုအလေးအနက်ပြဆိုနေခြင်းဖြစ်သည်။ သေသေချာချာ စဉ်းစားသုံးသပ်ခြင်းမပြုဘဲ ပြုအပ်သောအမှုမဟုတ်။

ကိုယ်တော်ဆက်၍ တင်ပြသည့်အတိုင်း တပည့်တော်ဖြစ်ခြင်း၌ အခက်အခဲအကြပ်အတည်းနှင့် ညှဉ်းပန်းခြင်းပါဝင်ခဲ့သည်။ “မည်သူမဆို ကိုယ့်ညှဉ်းဆဲရာနှက်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်လျှင် ငါ့တပည့်မဖြစ်နိုင်။” သို့ဖြင့် တပည့်စစ်တစ်ဦး သည် ယေရှုသည်းခံခဲ့သော အပြစ်တင်ကဲ့ရဲ့ခြင်းဝန်ထုပ်ထမ်းရန် အသင့်ရှိကြရမည်။ ထိုဝန်ထုပ်၌ လိုအပ်ပါက ဘုရားသခင့်ရန်သူတို့၏လက်၌ အသေခံခြင်းပင်ပါဝင်နိုင်သည်။ မကြာမီယေရှု ထိုသို့ခံရတော့မည်။

ထိုကြောင့် ခရစ်တော်၏တပည့်တော်တစ်ဦးဖြစ်ခြင်းဆိုသည်မှာ နောက်တော်သို့လိုက်နေကြသော ပရိသတ်များ အသေအချာဆန်းစစ်ရမည့်ကိစ္စ ဖြစ်သည်။ ဤအချက်ကို ဥပမာတစ်ရပ်ဖြင့် ယေရှုအလေးအနက်ပြဆိုခဲ့သည်။ “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟု အကြံရှိလျှင် ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကို သိခြင်းငှာ ရှေ့ဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မချင့်တွက်ဘဲနေမည်လော။ သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကိုမပြီးနိုင်လျှင် တွေ့မြင်သောသူအပေါင်းတို့က ဤသူသည်တည်စပြု၍အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။”

ထိုကြောင့်ယေရှုက မိမိနောက်လိုက်နေကြသော ပရိသတ်အား မိမိတပည့်အဖြစ်မခံယူမီ မျှော်စင်တည်ဆောက်လိုသူတစ်ဦး အပြီးအစီးတည်ဆောက်နိုင်သော ဓနအင်အားရှိမရှိ လုပ်ငန်းမစမီ အသေအချာတွက်ချက်သည်နည်းတူ ဖြစ်လာသမျှရင်ဆိုင်နိုင်မည်ဟု အခိုင်အမာစိတ်ပိုင်းဖြတ်ထားသင့်ကြောင်း သိသာထင်ရှားစေသည်။ အခြားဥပမာတစ်ရပ်ဆောင်၍ အောက်ပါအတိုင်းဆက်၍မိန့်တော်မူသည်။

“တစ်နည်းကား တစ်စုံတစ်ယောက်သောရှင်ဘုရင်သည် စစ်ပြိုင်မည်ဟု အကြံရှိလျှင် လူနှစ်သောင်းနှင့်ချီလာသော ရှင်ဘုရင်ကို လူတစ်သောင်းနှင့် ခံနိုင်မည်မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲနေမည်လော။ မခံနိုင်သည်မှန်လျှင် အခြားသောရှင်ဘုရင် ဝေးသေးသောအခါ သံတမန်ကိုစေလွှတ်၍ စစ်ငြိမ်းမည်အကြောင်း တောင်းပန်တတ်သည်မဟုတ်လော။”

ထိုနောက် ဥပမာများ၏လိုရင်းချက်ကို ပဓာနပြု၍ ဤသို့ဆိုသည်။ “ထိုနည်းတူ သင်တို့တွင် အကြင်သူသည် မိမိ၌ ရှိသမျှကိုမစွန့်ဘဲနေ၏၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” ဤကား နောက်တော်လိုက်နေကြသော ပရိသတ်များသာမက ခရစ်တော်ထံနည်းခံသူတိုင်းပြုရန် အသင့်ရှိရကြမည်။ ကိုယ်တော်၏တပည့်ဖြစ်လာလျှင် မိမိတို့၏အသက်အပါဝင် ရှိသမျှကိုစွန့်လွှတ်ရန် အဆင်သင့်ရှိရကြမည်။ ထိုသို့ပြုရန် အသင့်ရှိသလော။

“ဆားမူကား ကောင်း၏” ဟုယေရှုဆက်၍ မိန့်တော်မူ၏။ တောင်ပေါ်ဒေသနာတော်တွင် မိမိ၏တပည့်တော်တို့သည် “ဤမြေကြီး၏ဆားဖြစ်၏” ဟုမိန့်တော်မူ၏။ ဆိုလိုသည်မှာ ပကတိဆားသည် မပုပ်မသိုးအောင် စီမံရာတွင် အသုံးပြုနိုင်သောပစ္စည်းဖြစ်သည့်နည်းတူ သူတို့သည် လူသားများအတွက် ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သော ဩဇာအာနိသင်ရှိသည်။ “သို့သော် အငန်ကုန်လျှင် အဘယ်အရာဖြင့် ငန်စေကြမည်နည်း။ ထိုဆားသည် မြေအဖို့မကောင်း၊ မြေသြဇာဖို့လည်းမကောင်း။ ပြင်သို့ပစ်လိုက်တတ်ကြ၏။ ကြားစရာနားရှိသူ ကြားနာစေ” ဟုယေရှုနိဂုံးချုပ်မိန့်တော်မူ၏

ထိုကြောင့် ယေရှုက အချိန်အတန်ကြာ မိမိတပည့်တော်ဖြစ်ပြီးသူများပင်လျှင် ရှေ့ဆက်သွားမည်ဟူသော သူတို့၏ သန္နိဌာန်စိတ်ဓာတ်ကို ပျော့ညံ့မသွားစေသင့်ကြောင်း ပြဆိုတော်မူ၏။ ပျော့ညံ့သွားသည်ရှိသော် အသုံးမဝင်သောအရာ၊ ပြောင်လှောင်စရာ၊ ဘုရားရှေ့တော်၌လည်း မသင့်တော်သောသူ ဖြစ်သွားမည်။ ဘုရားသခင့်ဂုဏ်တော်ညှိုးနွမ်းစေပေမည်။ သို့နှင့် အငန်ဓာတ်ကင်းသော မသန့်သောဆားသဖွယ် ပြင်သို့ပစ်လိုက်ခြင်းခံရမည်။ မှန်ပေသည်။ ဖျက်ဆီးခံရပေမည်။ လုကာ ၁၄:၂၅-၃၅။ ကမ္ဘာဦး ၂၉:၃၀-၃၃။ မဿဲ ၅:၁၃။

◆ မိမိဆွေမျိုးနှင့် မိမိကိုယ်ကို “မုန်း” ရန်ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။

◆ အဘယ်ဥပမာနှစ်ရပ် ယေရှုပေးသနည်း။ အဘယ်အဓိပ္ပာယ်ရှိသနည်း။

◆ ဆားနှင့်စပ်လျဉ်းသော ယေရှု၏နိဂုံးချုပ်မှတ်ချက်၏ ဆိုလိုရင်းကား အဘယ်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ