အခန်း ၉၄
ဆုတောင်းခြင်းနှင့် နှိမ့်ချမှုလိုအပ်ပုံ
ယုဒနယ်တွင်ယေရှုရှိစဉ်က ဇွဲရှိရှိဆုတောင်းခြင်း၏အရေးကြီးမှုကို ပုံဥပမာပေး၍ပြောဆိုခဲ့သည်။ ယခုယေရုရှလင်သို့နောက်ဆုံးခရီးတွင် စွဲစွဲမြဲမြဲဆုတောင်းရန် ထပ်မံ၍အလေးအနက်သတိပေးသည်။ တပည့်များအား ဤထပ်ဆင့်ပုံပမာကိုမိန့်ဆိုစဉ် ယေရှုသည် ရှမာရိ သို့မဟုတ် ဂါလိလဲတွင်ရှိနေသေးဟန်တူသည်။
“မြို့တစ်မြို့၌ ဘုရားကိုမကြောက်ရွံ့၊ လူကိုအားမနာတတ်သော တရားသူကြီးတစ်ယောက်ရှိ၏။ ထိုမြို့၌ နေသောမုဆိုးမတစ်ယောက်သည် တရားသူကြီးထံသို့သွား၍ ‘ကျွန်မ၏ရန်ဘက်ကိုလက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ်စီရင်ပါ’ ဟုတောင်းပန်သော်လည်း တရားမစီရင်ဘဲကြာမြင့်စွာနေ၏။ ထိုနောက်တရားသူကြီးက ‘ငါသည်ဘုရားကိုမကြောက်ရွံ့ လူကိုအားမနာတတ်သူဖြစ်သော်လည်း ယခုဤမုဆိုးမသည် ငါ့ကိုနှောင့်ယှက်သောကြောင့် သူ့ဘက်၌တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ငါ့ကိုပင်ပန်းစေလိမ့်မည်’ ဟုစိတ်ထဲအကြံရှိ၏။”
ပုံပြင်၏သက်ဆိုင်ပုံကို ဤသို့ဖေါ်ပြသည်။ “မတရားသောထိုတရားသူကြီး၏ အကြံကိုမှတ်ကြလော့။ ဘုရားရွေးကောက်တော်မူသောသူတို့သည် နေ့ညမပြတ်အော်ဟစ်၍တောင်းလျှောက်လျှင် ဘုရားသည်သူတို့ဘက်၌ တရားမစီရင်ဘဲနေတော်မူမည်လော။ ကြာမြင့်စွာသည်းခံတော်မူမည်လော။”
ထိုမဖြောင့်မတ်သောတရားသူကြီးသည် ယေဟောဝါနှင့်တူသည်ဟုယေရှုဆိုလိုနေခြင်းမဟုတ်ဘဲ ထိုသို့သောတရားသူကြီးများပင် စွဲမြဲစွာတောင်းပန်သူကိုတုံ့ပြန်လျှင် ဖြောင့်မတ်ကောင်းမွန်သောဘုရားသခင်သည် စွဲစွဲမြဲမြဲဆုတောင်းသည့် “သူတို့ဘက်၌အလျင်အမြန် တရားစီရင်တော်မူမည်” ဟုယေရှုဆက်၍ဆိုသည်။
လူတို့သည်ဆင်းရဲနိမ့်ကျသူများအား မတရားသဖြင့်ပြုတတ်၍ ချမ်းသာသူတို့ကိုမူမျက်နှာသာပေးလေ့ရှိ၏။ ဘုရားသခင်မူကား လူဆိုးကိုတရားသဖြင့်ဒဏ်စီရင်မည်သာမက မိမိ၏ကျေးကျွန်များအားထာဝရအသက်ပေးခြင်းဖြင့် တရားမျှတစွာပြုတော်မူမည်။ ဤသို့တရားသဖြင့်အလျင်အမြန်စီရင်မည်ကို အခိုင်အမာယုံကြည်သူမည်မျှရှိသနည်း။
ဆုတောင်းခြင်းတန်ခိုးနှင့်ဆက်နွယ်သောယုံကြည်ခြင်းကိုအထူးရည်ညွှန်း၍ “လူသားသည်ကြွလာသောအခါ ယုံကြည်ခြင်းကိုမြေကြီးပေါ်မှာတွေ့မည်လော” ဟူသည့်မေးခွန်းကိုမဖြေဘဲထားခဲ့သော်လည်း နိုင်ငံတော်တန်ခိုးနှင့်ခရစ်တော်ရောက်ရှိလာချိန်၌ ဤကဲ့သို့သောယုံကြည်ခြင်းမျိုးရှားပါးမည်ဟု ယေရှုတင်ပြနေသည်။
ပရိသတ်ရှိသူအချို့က မိမိတို့ယုံကြည်ခြင်းခိုင်ခန့်သည်ဟု စိတ်ချနေသူများဖြစ်ပြီး ကိုယ်ကိုဖြောင့်မတ်သည်ဟုယူဆကာ သူတစ်ပါးကို အထင်သေးကြသည်။ ဤသူတို့တွင် ယေရှုတပည့်အချို့ပင် ပါဝင်ပေမည်။ ထိုကြောင့်အောက်ပါပုံဥပမာကို ထိုသို့သောသူများအားပြောဆိုသည်။
“လူနှစ်ယောက်တို့သည် ဆုတောင်းခြင်းငှာ ဗိမာန်တော်ပေါ်သို့တက်ကြ၏။ တစ်ယောက်ကားဖာရိရှဲဖြစ်၏။ တစ်ယောက်ကားအခွန်ခံဖြစ်၏။ ဖာရိရှဲသည်တစ်ယောက်တည်းရပ်လျက် ‘အိုဘုရားသခင်၊ သူတစ်ပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌ မရှိသည်သာမက ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးမားလှပေ၏။ အကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့လှူပါ၏’ ဟူ၍ဆုတောင်းပတ္ထနာပြု၏။”
ဖာရိရှဲတို့သည် အထင်ကြီးခံရရန် မိမိတို့ဖြောင့်မတ်ခြင်းကို လူသူရှေ့ပြတတ်ကြသည်။ သူတို့အစာရှောင်ရက်များမှာ တနင်္လာနှင့်ကြာသပတေးနေ့များဖြစ်သည်။ ဟင်းသီးဟင်းရွက်များကိုပင် သေချာစွာဆယ်ဖို့တစ်ဖို့ပေးလှူကြသည်။ လအနည်းငယ်ခန့်က တဲတော်ပွဲကျင်းပစဉ် သာမညလူများကို သူတို့ရွံရှာကြောင်းပြခဲ့သည်။ သူတို့က “တရားကိုမသိသော ဤလူများတို့သည် (ယင်းမှာဖာရိရှဲတို့၏ကောက်ချက်ဖြစ်သည်) ကျိန်ခြင်းကိုခံရသောသူဖြစ်သည်” ဟုဆိုကြ၏။
ဤသို့ “ကျိန်ခြင်းခံရသူ” နှင့်ပတ်သက်၍ ယေရှုဆက်ပြောသည့်ဥပမာကား “အခွန်ခံမူကားအဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ဘတ်ကိုခတ်လျက် ‘အိုဘုရားသခင်အပြစ်များသောအကျွန်ုပ်ကို သနားခြင်းကရုဏာစိတ်ရှိတော်မူပါ’ ဟုဆုတောင်းလေ၏။” အခွန်ခံသည်စိတ်နှိမ့်ချစွာ သူ၏အပြစ်များကိုဝန်ခံသောကြောင့် ယေရှုက “ထိုသူသည်အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကားအပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ့်ကိုယ်ကိုချီးမြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ့်ကိုယ်ကိုနှိမ့်ချသောသူမူကား ချီးမြှောက်ခြင်းသို့ရောက်လတံ့” ဟူ၍ဖြစ်သည်။
သို့ဖြစ်၍ယေရှုက နှိမ့်ချမှုလိုကြောင်း အလေးအနက်ထပ်မံတင်ပြသည်။ ကိုယ်ကိုဖြောင့်မတ်သည်ဟုယူဆသောဖာရိရှဲများအထူးလွှမ်းမိုး၍ အဆင့်အတန်းနှင့်ရာထူးကို အလေးပေးသည့် အသိုင်းအဝိုင်းတွင်ကြီးပြင်းလာသောကြောင့် ယေရှုတပည့်များပင် ထိုသြဇာသက်ရောက်ခဲ့ပေမည်။ သို့ဖြစ်၍ ကောင်းမြတ်လှသောစိတ်နှိမ့်ချခြင်းဆိုင်ရာသင်ခန်းစာများကို ယေရှုသင်ကြားပေးသည်တကား။ လုကာ ၁၈:၁-၁၄။ ယောဟန် ၇:၄၉။
▪ အဘယ်ကြောင့်မုဆိုးမ၏တောင်းပန်ချက်ကို မဖြောင့်မတ်သောတရားသူကြီး ပေးသနည်း။ ယေရှု၏ပုံဥပမာမှ အဘယ်သင်ခန်းစာရသနည်း။
▪ ယေရှုရောက်ရှိချိန်၌ အဘယ်ယုံကြည်ခြင်းမျိုးကို ကိုယ်တော်တွေ့လိုမည်နည်း။
▪ ဖာရိရှဲနှင့်အခွန်ခံ ပုံဥပမာကို အဘယ်သူများအားယေရှု ညွှန်ပြနေသနည်း။
▪ ဖာရိရှဲတို့၏ မည်သည့်သဘောထားမျိုးကိုရှောင်ရမည်နည်း။