ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ဆုတောင်းခြင်းနှင့် နှိမ့်ချမှုလိုအပ်ပုံ
စောစောပိုင်းက ယေရှုသည်ယုဒနယ်တွင်ရှိစဉ် ဆုတောင်းခြင်းနှင့်ပတ်သက်၍ လက်မလျှော့ရန်အရေးကြီးပုံကို ပုံဥပမာနှင့် မိန့်မြွက်ခဲ့သည်။ ယခုကိုယ်တော် ယေရုရှလင်သို့ နောက်ဆုံးအခေါက်သွားခိုက် ဆုတောင်းခြင်းကိုအလျှော့မပေးရန် ထပ်မံ၍အလေးအနက်သတိပေးထားပါသည်။ သူ၏တပည့်တော်များအား ဤထပ်ဆင့်ပုံပမာနှင့်တကွမိန့်မြွက်စဉ် ရှမာရိ သို့မဟုတ် ဂါလိလဲတွင်ဆက်လက်ရှိဟန်တူသည်။
“မြို့တစ်မြို့၌ ဘုရားကိုမကြောက်ရွံ့ လူကိုအားမနာတတ်သော တရားသူကြီးတစ်ယောက်ရှိ၏။ ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် တရားသူကြီးထံသို့သွား၍ ‘ကျွန်မရန်ဘက်ကိုလက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ်စီရင်ပါ’ ဟုတောင်းပန်သော်လည်း တရားမစီရင်ဘဲကြာမြင့်စွာနေ၏။ ထိုနောက်တရားသူကြီးက ‘ငါသည်ဘုရားကိုမကြောက်ရွံ့ လူကိုအားမနာတတ်သူဖြစ်သော်လည်း ယခုဤမုဆိုးမသည်ငါ့ကိုနှောင့်ယှက်သောကြောင့် သူ့ဘက်၌တရားစီရင်မည် သို့မဟုတ် အစဉ်လာ၍ငါ့ကိုပင်ပန်းစေလိမ့်မည်’ ဟုစိတ်ထဲအကြံရှိ၏။”
ယေရှုသည် မိမိ၏ပုံပြင်သက်ဆိုင်ပုံကို ဤသို့ဖေါ်ပြခဲ့သည်။ “မတရားသောထိုတရားသူကြီး၏ အကြံကိုမှတ်ကြလော့။ ဘုရားရွေးကောက်တော်မူသောသူတို့သည် နေ့ညမပြတ်အော်ဟစ်၍တောင်းလျှောက်လျှင် ဘုရားသည်သူတို့ဘက်၌ တရားမစီရင်ဘဲနေတော်မူမည်လော။ ကြာမြင့်စွာသည်းခံတော်မူမည်လော။”
ယေဟောဝါသည် ထိုမဖြောင့်မတ်သောတရားသူကြီးကဲ့သို့ တူသည်ဟုယေရှုဆိုလိုနေခြင်းမဟုတ်။ မဖြောင့်မတ်သောတရားသူကြီးများပင်လျှင် စွဲမြဲစွာတောင်းပန်သူများကို တုံ့ပြန်လျှင် လုံးလုံးလျားလျားဖြောင့်မတ်၍ ကောင်းမွန်သောဘုရားသည် မိမိ၏လူများလက်မလျှော့ဘဲဆုတောင်းလျှင် အဖြေပေးမည်မှာမလွဲချေ။ ယေရှုကဆက်၍ဆိုသည်။ “ငါဆိုသည်ကားသူတို့ဘက်၌အလျင်အမြန် [ဘုရား] တရားစီရင်တော်မူမည်။”
အများအားဖြင့် နိမ့်ကျ၍ ဆင်းရဲသောသူများအပေါ် တရားမမျှတကြဘဲ ဩဇာရှိသူနှင့်ချမ်းသာသူများကိုမျက်နှာသာပေးလေ့ရှိသည်။ ယေဟောဝါဘုရားမူ ဆိုးယုတ်သောသူတို့သည် တရားမျှတစွာ အပြစ်ဒဏ်ပေးခံရရုံမကဘဲ မိမိ၏ကျေးကျွန်များကို ထာဝရအသက်ပေးခြင်းဖြင့် သူတို့ကိုတရားမျှတစွာ ပြုကျင့်ခြင်းခံရရန်လည်း သေချာစွာကြည့်ရှုတော်မူ၏။ ဘုရားရှင်သည် တရားမျှတခြင်းကို အလျင်အမြန်ပြုလုပ်ဆောင်ရွက်လိမ့်မည်ဟု လူမည်မျှ အခိုင်အမာယုံကြည်သနည်း။
အထူးသဖြင့် ဆုတောင်းခြင်းတန်ခိုးနှင့်ဆက်နွယ်သော ယုံကြည်ခြင်းကိုရည်ညွှန်း၍ “လူသားသည်ကြွလာသောအခါ ယုံကြည်ခြင်းကိုမြေကြီးပေါ်မှာတွေ့မည်လော” ဟုမိန့်တော်မူ၏။ ဤမေးခွန်းကိုမဖြေဘဲထားခဲ့သော်လည်း ခရစ်တော်နိုင်ငံတော်တန်ခိုးနှင့်ရောက်ရှိချိန်၌ ဤကဲ့သို့သောယုံကြည်မှုအတော်များများကို တွေ့ရမည်မဟုတ်ကြောင်းတင်ပြနေသည်။ သို့သော် ဤသို့သောယုံကြည်ခြင်းမရှိနိုင်ဟု ကျွန်ုပ်တို့မဆိုနိုင်ပါ။ အသင်ကောထိုသို့သောယုံကြည်ခြင်းတင်ပြနေပါသလော။
ယေရှုကိုကြားနာနေသူများအထဲ၌ မိမိယုံကြည်ခြင်းကိုအတော်ပင် စိတ်ချသူများလည်းပါဝင်သည်။ မိမိတို့ကိုယ်ကိုဖြောင့်မတ်သည်ဟု ကိုးစားသည့်အပြင် သူတစ်ပါးအပေါ်၌ အထင်သေးကြသည်။ ဤသူများထဲတွင် ယေရှု၏တပည့်အချို့လည်း ပါဝင်ပေမည်။ ထိုကြောင့်အောက်ပါပုံဥပမာကို ထိုသို့သောသူများထံ ညွှန်ပြခဲ့သည်။
“လူနှစ်ယောက်တို့သည် ဆုတောင်းခြင်းငှာ ဗိမာန်တော်ပေါ်သို့တက်ကြ၏။ တစ်ယောက်ကားဖာရိရှဲဖြစ်၏။ တစ်ယောက်ကားအခွန်ခံဖြစ်၏။ ဖာရိရှဲသည်တစ်ယောက်တည်းရပ်လျက် ‘အိုဘုရားသခင်သူတစ်ပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌ မရှိသည်သာမက ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးမားလှပေ၏။ အကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တစ်ဘို့လှူပါ၏’ ဟူ၍ဆုတောင်းပတ္ထနာပြု၏။”
ဖာရိရှဲတို့သည် အခြားသူများအထင်ကြီးရန် မိမိတို့ဖြောင့်မတ်ခြင်းကို လူသူရှေ့ထင်ရှားပြခြင်း၌ ပေါ်လွင်သည်။ သူတို့၏ကိုယ်ပိုင်သတ်မှတ်သော အစာရှောင်ရက်များမှာ တနင်္လာနေ့နှင့်ကြာသပတေးနေ့များဖြစ်သည်။ လယ်ထွက်အသီးအနှံအသေးအမွှားများကိုပင် စေ့စပ်သေချာစွာ ဆယ်ဘို့တစ်ဘို့ပေးလှူသည်။ စောစောပိုင်းလအနည်းငယ်ခန့်က သာမန်လူများအပေါ်သူတို့၏ရွံရှာမှုကို တဲတော်ပွဲအတွင်းပြသခဲ့သည်။ သူတို့ဤသို့ပြောခဲ့သည်။ “တရားကိုမသိသောဤလူများတို့သည်(ယင်းမှာဖာရိရှဲတို့၏ ကောက်ချက်ဖြစ်သည်) ကျိန်ခြင်းကိုခံရသောသူဖြစ်သည်။”
ဤကဲ့သို့ “ကျိန်ခြင်းခံရသူ” နှင့်ပတ်သက်၍ ယေရှုကဆက်ပြောသည်။ “အခွန်ခံမူကားအဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက် ‘အိုဘုရားသခင်အပြစ်များသောအကျွန်ုပ်ကို သနားခြင်းကရုဏာစိတ်ရှိတော်မူပါ’ ဟုဆုတောင်းလေ၏။” အခွန်ခံသည်စိတ်နှိမ့်ချစွာ သူ၏လိုအပ်ရာများကိုဝန်ခံခဲ့သောကြောင့် ယေရှုက “ထိုသူသည်အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကားအပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ့်ကိုယ်ကိုချီးမြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ့်ကိုယ်ကိုနှိမ့်ချသောသူမူကား ချီးမြှောက်ခြင်းသို့ရောက်လတံ့” ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ယေရှုက နှိမ့်ချမှုလိုအပ်ကြောင်း ထပ်မံ၍အလေးအနက်တင်ပြသည်။ ကိုယ့်ဟာကိုယ်ဖြောင့်မတ်သည်ဟုယူဆသော ဖာရိရှဲများအထူးလွှမ်းမိုး၍ အဆင့်အတန်းနှင့်ရာထူးကို အစဉ်အလေးပေးသည့် အသိုင်းအဝိုင်းတွင်ကြီးပြင်းလာသောကြောင့် ယေရှုတပည့်တော်များကိုပင်ထိခိုက်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ချေ။ စိတ်နှိမ့်ချခြင်းတွင် ကောင်းမြတ်လှသောသင်ခန်းစာကို ယေရှုသင်ကြားပေးခဲ့ပါသည်တကား။ လုကာ ၁၈:၁-၁၄။ ယောဟန် ၇:၄၉။
◆ အဘယ်ကြောင့်မုဆိုးမ၏တောင်းပန်ချက်ကို မဖြောင့်မတ်သောတရားသူကြီး ပေးသနည်း။ ယေရှု၏ပုံပမာမှ အဘယ်သင်ခန်းစာရသနည်း။
◆ ယေရှုရောက်ရှိချိန်၌ အဘယ်ယုံကြည်ခြင်းမျိုးကို ကိုယ်တော်တွေ့လိုမည်နည်း။
◆ ဖာရိရှဲနှင့်အခွန်ခံ ပုံဥပမာကို အဘယ်သူများအားယေရှု ညွှန်ပြနေသနည်း။
◆ ဖာရိရှဲများ၏ မည်သည့်သဘောထားကိုရှောင်ရမည်နည်း။