အခန်း ၉၆
ယေရှုနှင့် ကြွယ်ဝသောလူငယ်အရာရှိတစ်ဦး
ယေရှုသည် ပေရိယနယ်ကိုဖြတ်၍ ယေရုရှလင်မြို့သို့သွားစဉ် လူငယ်တစ်ဦးပြေးလာပြီး ရှေ့တော်၌ဒူးထောက်လေ၏။ ထိုသူအား အရာရှိဟုဆိုသဖြင့် သူသည်တရားဇရပ်၌ ရာထူးရထားသူ၊ သို့မဟုတ်လွှတ်အရာရှိတစ်ဦးဖြစ်ပေမည်။ ကြွယ်ဝချမ်းသာသူလည်းဖြစ်သည်။ “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း” ဟုမေး၏။
ယေရှုက “ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏” ဟုမိန့်ဆို၏။ ထိုလူငယ်က “ကောင်းမြတ်သော” ဟူသည့်စကားကို ဂုဏ်ပုဒ်အဖြစ်သုံးသဖြင့် ထိုဂုဏ်ပုဒ်ကိုဘုရားသခင်တစ်ပါးတည်းသာပိုင်တော်မူကြောင်း သူ့အားယေရှုသိစေ၏။
ယေရှုက “အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့” ဟုဆက်ဆို၏။
“အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်း” ဟုထိုသူမေး၏။
ယေရှုက ပညတ်တော်ဆယ်ပါးမှ ငါးပါးကိုရည်ညွှန်းကာ “လူအသက်ကိုမသတ်နှင့်၊ သူ့အိမ်ရာကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ မိဘကိုရိုသေစွာပြုလော့” ဟုမိန့်ဆို၏။ ပိုမိုအရေးကြီးသောပညတ်ကိုထပ်ဆင့်၍ ယေရှုက “ကိုယ်နှင့်စပ်ဆိုင်သောသူချင်းကို ကိုယ်နှင့်အမျှချစ်လော့” ဟုဆို၏။
လူငယ်ကလည်း “ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ်အကျင့်လိုသေးသနည်း” ဟုစိတ်ရင်းမှန်ဖြင့်လျှောက်လေ၏။
ထိုသူ၏စိတ်ထက်သန်သောတောင်းဆိုချက်ကိုကြားရသော် ယေရှုသည် သူ့အားကရုဏာသက်တော်မူ၏။ သို့သော် စည်းစိမ်စွဲလန်းစိတ်သူ၌ရှိကြောင်း သိမြင်တော်မူသဖြင့် သူ့လိုအပ်ချက်ကို ဤသို့ထောက်ပြ၏။ “သင်သည် တစ်ခုလိုသေး၏။ ကိုယ်ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အားပေးဝေလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့။”
ထိုသူသည်အလွန်စိတ်ဆင်းရဲစွာပြန်သွားသည်ကို ယေရှုမြင်ပြီးသနားပေမည်။ စည်းစိမ်သည် စစ်မှန်သောရတနာ၏တန်ဖိုးကို သူ့အားမမြင်စေပါ။ ယေရှုက “ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့အလွန်ဝင်ခဲလှ၏” ဟုမိန့်ဆို၏။
ယေရှု၏စကားသည် တပည့်များကို အလွန်အံ့အားသင့်စေသည်။ သို့သော် ယေဘုယျစည်းမျဉ်းတစ်ရပ်ကို ကိုယ်တော်ဆက်၍ မိန့်ဆိုလိုက်သောအခါ သူတို့ပို၍ အံ့သြကြရသည်။ “ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားနိုင်ငံတော်သို့ဝင်ခဲသည်။”
“အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ရောက်နိုင်မည်နည်း” ဟုတပည့်များသိလိုကြသည်။
သူတို့ကိုကြည့်၍ “ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုကို တတ်နိုင်တော်မူသည်” ဟုမိန့်တော်မူ၏။
မိမိတို့ရွေးချယ်သောလမ်းစဉ်သည် သူဌေးငယ်နှင့်မတူကြောင်း ပေတရုသတိပြုမိသဖြင့် “အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီ။ အဘယ်အကျိုးကို ရကြပါမည်နည်း” ဟုမေး၏။
ယေရှုက “အသစ်ပြုပြင်ရာကာလ၌ လူသားသည် ဘုန်းရှိသောပလ္လင်ပေါ်မှာထိုင်တော်မူသောအခါ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တစ်ဆယ်နှစ်ခုသောပလ္လင်ပေါ်မှာထိုင်လျက် ဣသရေလလူတစ်ဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့” ဟုကတိပေး၏။ မှန်ပါသည်။ ကမ္ဘာပေါ်တွင် အခြေအနေအသစ်ပြုပြင်ရာကာလရောက်လာမည်။ ထိုအခါ ဧဒင်ဥယျာဉ်၌ကဲ့သို့ဖြစ်လာမည်ဟုယေရှုဖော်ပြ၏။ ပေတရုနှင့်အခြားတပည့်များလည်း ကမ္ဘာချီပရဒိသုကိုခရစ်တော်နှင့်အတူစိုးစံခွင့်ရရှိကြပေမည်။ ဤကြီးမြတ်လှသောဆုကျေးဇူးရရှိရေးအတွက် မည်သည့်အရာကိုမဆို စွန့်လွှတ်ထိုက်ပေသည်။
သို့သော်ယေရှုအခိုင်အမာပြောသည်အတိုင်း ယခုပင်ဆုကျေးဇူးခံစားနေရကြသည်။ “အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာသောအကျိုးတည်းဟူသော ယခုကာလ၌ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်းခံရလတံ့။”
ယေရှုကတိပေးသည့်အတိုင်း တပည့်များသည် မည်သည့်နေရာသို့ရောက်စေကာမူ သွေးရင်းသားရင်းမိသားစုဝင်တို့ထက်ပင် ခရစ်ယာန်ရောင်းရင်းတို့နှင့် ပို၍ချစ်ခင်ရင်းနှီးကြသည်။ ကြွယ်ဝသောအရာရှိငယ်သည် ဤဆုကျေးဇူးနှင့်ဘုရားသခင့်နိုင်ငံတော်တွင် ထာဝရအသက်ရရှိခြင်းဆုကျေးဇူးနှစ်ရပ်စလုံးကို လက်လွှတ်ခဲ့သည်။
၄င်းနောက်ယေရှုက “နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်” ဟုထပ်၍မိန့်ဆို၏။ ဘာကိုဆိုလိုသနည်း။
ကြွယ်ဝသောအရာရှိငယ်ကဲ့သို့ ဘာသာရေးအခွင့်အရေးများကို “အရင်” ခံစားရကြသောသူအများသည် နိုင်ငံတော်သို့ဝင်ကြမည်မဟုတ်ကြောင်းဆိုလိုသည်။ သူတို့ “နောက်ကျ” ကြလိမ့်မည်။ သို့သော် ကိုယ့်ကိုယ်ကိုဖြောင့်မတ်သူဟူ၍ ထင်မှတ်သောဖာရိရှဲများက “နောက်ကျသောသူ” မြေကြီးသား၊ အမ်ဟာအရက်စ် အဖြစ် အထင်သေးသောယေရှု၏စိတ်နှိမ့်ချမှုရှိတပည့်များအပါအဝင် လူများစွာတို့သည် “အရင်ကျကြ” လိမ့်မည်။ “အရင်ကျ” သည်ဆိုရာမှာ နိုင်ငံတော်တွင်ခရစ်တော်နှင့်အတူ ပူးတွဲအုပ်ချုပ်ရသောမင်းများဖြစ်ခြင်းအခွင့်အရေးရရှိမည်ဟုဆိုလိုသည်။ မာကု ၁၀:၁၇-၃၁။ မဿဲ ၁၉:၁၆-၃၀။ လုကာ ၁၈:၁၈-၃၀။
▪ ကြွယ်ဝသော ထိုလူငယ်သည် အဘယ်သို့သောအရာရှိဖြစ်ကြောင်းထင်ရှားသနည်း။
▪ ကောင်းမြတ်သောသူဟူ၍အခေါ်ခံရခြင်းကို ယေရှုအဘယ်ကြောင့်ငြင်းဆိုသနည်း။
▪ ထိုအရာရှိငယ်၏အဖြစ်အပျက်က ကြွယ်ဝချမ်းသာခြင်း၏အန္တရာယ်ကို အဘယ်သို့ကွက်ကွက်ကွင်းကွင်းမြင်သာစေသနည်း။
▪ တပည့်တော်တို့အား အဘယ်ဆုကျေးဇူးကိုယေရှုကတိပေးသနည်း။
▪ အရင်ကျသောသူသည် မည်သို့အားဖြင့်နောက်ကျ၍ နောက်ကျသောသူသည် အရင်ကျသနည်း။