ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ယေရိခေါ၌ ယေရှုသွန်သင်တော်မူသည်
မ ကြာမီယေရှုနှင့်အတူ ခရီးနှင်လျက်ရှိကြသောလူအုပ်သည် ယေရုရှလင်မှတစ်ရက်ခရီးဝေးသော ယေရိခေါမြို့သို့ ရောက်ရှိကြသည်။ ယေရိခေါမြို့သည် မြို့နှစ်မြွှာဖြစ်ပြီး ဂျူးများနေထိုင်သောမြို့ဟောင်းသည် ရောမများနေထိုင်သောမြို့သစ်နှင့် တစ်မိုင်ခန့်ကွာဝေးသည်။ လူအုပ်သည်မြို့ဟောင်းမှထွက်၍ မြို့သစ်သို့ချဉ်းကပ်ဝင်ရောက်လာစဉ် မျက်မမြင်သူတောင်းစားနှစ်ယောက်သည် လူအုပ်၏အသံဗလံကို ကြားကြသည်။ တစ်ဦး၏အမည်မှာ ဗာတိမဲဖြစ်သည်။
ယေရှုဖြတ်လျှောက်သွားသည်ကို သတိပြုမိကြ၍ ဗာတိမဲနှင့်သူ့အဖော်တို့က “ဒါဝိဒ်၏သားတော် ကျွန်ုပ်တို့ကိုကယ်မသနားတော်မူပါ” ဟုစတင်အော်ဟစ်ကြ၏။ ထိုသူတို့ကိုတိတ်ဆိတ်စွာနေစေခြင်းငှာ လူများတို့သည်ငေါက်၍ ဆိုကြသော်လည်း “ဒါဝိဒ်၏သားတော်အရှင် ကျွန်ုပ်တို့ကိုကယ်မသနားတော်မူပါ” ဟုသာထပ်တလဲလဲပိုမိုကျယ်လောင်စွာ ဟစ်အော်ကြသည်။
ဆူညံသံများကိုကြား၍ ယေရှုရပ်တော်မူ၏။ အသံကုန်အော်ဟစ်နေကြသော သူတို့ကိုခေါ်လာရန် မိမိအပါး၌ရှိသောသူတို့ကို မိန့်တော်မူ၏။ သူတို့သည်မျက်မမြင် သူတောင်းစားများထံသို့သွား၍ ၄င်းတို့ထဲမှတစ်ဦးအား “သင့်ကိုခေါ်တော်မူသည်” ဟုဆိုကြ၏။ အဆိုပါလူကန်းသည် စိတ်လှုပ်ရှားမှုကြီးစွာဖြင့် မိမိဝတ်ရုံကိုခွာချလျက်ခုန်၍ ယေရှုထံတော်သို့သွား၏။
“သင်တို့၌အဘယ်သို့ ပြုစေလိုသနည်း” ဟုထိုသူနှစ်ဦးအား ယေရှုမေးတော်မူ၏။
“အရှင်၊ အကျွန်ုပ်တို့၏ မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါ” ဟုအသနားခံကြ၏။
သနားခြင်းစိတ်ရှိတော်မူ၍ သူတို့မျက်စိကိုတို့တော်မူ၏။ မာကု၏မှတ်တမ်းအရ လူကန်းတစ်ဦးကိုယေရှု ဤသို့မိန့်တော်မူသည်။ “သွားလော့၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီ။” ထိုခဏခြင်းတွင် လူကန်းများမျက်စိမြင်၍ ယင်းအတွက်နှစ်ဦးစလုံး ဘုရားသခင်ကိုချီးမွမ်းကြမည်မှာ သံသယရှိစရာမလိုပါ။ ဤဖြစ်ရပ်ကိုတွေ့မြင်သော လူအပေါင်းသည်လည်းဘုရားသခင်ကို ချီးမွမ်းကြ၏။ တုံ့ဆိုင်းခြင်းမရှိဘဲ ဗာတိမဲနှင့်သူ့အဖော်သည် ယေရှုနောက်တော်သို့ စတင်လိုက်ကြ၏။
ယေရိခေါမြို့ကိုယေရှုဖြတ်စဉ် လူအုပ်မှာအလွန်များပြားလျက်ရှိသည်။ လူကန်းများကိုကုသပေးခဲ့သောသူကို လူတိုင်းတွေ့လိုကြသည်။ လူများတို့သည်ယေရှုကို အဖက်ဖက်မှတိုးဝှေ့ကြသောကြောင့် တချို့ဆိုလျှင်ယေရှုကို အရိပ်အယောင်မျှပင် မမြင်နိုင်ချေ။ ထိုသူတို့အထဲတွင် ယေရိခေါနှင့်ပတ်ဝန်းကျင်ရှိအခွန်ခံတို့၏ခေါင်း ဇက္ခဲပါဝင်သည်။ သူ့အရပ်ပုလွန်းသောကြောင့် ဖြစ်ပျက်နေသည်များကို မမြင်နိုင်ချေ။
ထိုကြောင့်ဇက္ခဲသည်ပြေး၍ ကြွတော်မူမည့်လမ်းပေါ်ရှိ သဖန်းပင်ပေါ်သို့တက်၏။ အပေါ်စီးဖြစ်သောကြောင့် အရာတိုင်းကိုကောင်းစွာ သူမြင်နိုင်သည်။ လူအုပ်ချဉ်းကပ်လာစဉ်တွင် ယေရှုသည်အပင်ပေါ်မော့ကြည့်ပြီး “ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ငါတည်းနေမည်” ဟုမိန့်တော်မူ၏။
ဇက္ခဲသည် သူ၏ထင်ရှားသောဧည့်သည်အတွက် ပြင်ဆင်စရာရှိပြင်ဆင်ရန် သစ်ပင်ပေါ်မှ ဝမ်းမြောက်စွာဆင်းပြီးအိမ်သို့ အလျင်အမြန်သွားလေ၏။ ဖြစ်ပျက်နေသည်များကို လူအများတွေ့မြင်သောအခါ မကျေမချမ်းဖြစ်ကြသည်။ ထိုသို့သောလူတစ်ယောက်၏ ဧည့်သည်လုပ်ခြင်းသည် ယေရှုအတွက်မသင့်တော်ဟု ထင်မြင်ကြသည်။ သူ၏အခွန်ကောက်ခံသောလုပ်ငန်းတွင် မရိုးမသားမတရားတောင်းခြင်းဖြင့် ဇက္ခဲကြွယ်ဝလာသောကြောင့်ပင်ဖြစ်သည်။
လူအများလိုက်ပါလာကြပြီး ဇက္ခဲအိမ်သို့ယေရှုဝင်တော်မူသောအခါ သူတို့က “ဆိုးသောသူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကိုခံတော်မူသည်တကား” ဟုအပြစ်တင်ကြသည်။ သို့တစေယေရှုသည်ဇက္ခဲအား နောင်တရရန်အလားအလာရှိသူ တစ်ဦးအဖြစ်မြင်သည်။ ယေရှုစိတ်လည်းမပျက်ခဲ့ချေ။ အကြောင်းမှာ၊ ဇက္ခဲသည်မတ်တပ်ရပ်၍ “သခင်၊ အကျွန်ုပ်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အားပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို ကျွန်ုပ်ယူမိလျှင် လေးဆပြန်၍ပေးပါ၏” ဟုကြေညာသောကြောင့်ဖြစ်သည်။
မိမိပိုင်ဆိုင်ရာဥစ္စာထဲမှတစ်ဝက်ကို ဆင်းရဲသားတို့အား ဝေပေးခြင်းအားဖြင့်လည်းကောင်း၊ အခြားတစ်ဝက်ကို သူကလိန်ကျခဲ့သောသူတို့အား ပြန်လျော်ပေးခြင်းဖြင့်လည်းကောင်း၊ မိမိ၏နောင်တသည်စစ်မှန်ကြောင်း ဇက္ခဲသက်သေပြခဲ့သည်။ လူများအပေါ်သူမည်မျှ ကြွေးတင်နေသည်ကို သူ၏အခွန်မှတ်တမ်းများမှ သူတွက်ချက်နိုင်သည်။ “လူသည်သိုးနွားကို ခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတစ်ကောင်အတွက် နွားငါးကောင်ကိုလည်းကောင်း သိုးတစ်ကောင်အတွက် သိုးလေးကောင်ကိုလည်းကောင်း ပြန်ပေးရမည်” ဟူသောဘုရားပညတ်နှင့်အညီ လေးဆပြန်လျော်ပါသည်ဟု သူကျိန်ဆိုသည်။
ဇက္ခဲကသူ့ပစ္စည်းများကို ဝေငှပေးမည်ဟူသည့် ကတိပြုချက်ကို ယေရှုကျေနပ်၍ ဤသို့မိန့်ဆိုသည်။ “ဤသူသည်အာဗြဟံ၏ သားဖြစ်သည်နှင့်အလျောက် ယနေ့ပင်ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်ပေါ်မှာသက်ရောက်လေ၏။ လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်း။”
မကြာသေးမီကယေရှုသည် ‘ပျောက်သောသူ’ ၏အခြေအနေကို ဖြုန်းတီးသောသားပုံပြင်ဖြင့် ဥပမာဆောင်ပြောဆိုခဲ့သည်။ ယခုပြန်လည်တွေ့ရှိသော ပျောက်သောသူ၏တကယ့်ဖြစ်ရပ်ဥပမာ ကျွန်ုပ်တို့၌ရှိလေပြီ။ ဇက္ခဲကဲ့သို့သောသူများကို ယေရှုအာရုံစိုက်ခြင်းကို ဘာသာရေးခေါင်းဆောင်များနှင့် သူတို့နောက်လိုက်သူများသည် ငြီးငြူအပြစ်တင်ကြသော်လည်း ယေရှုသည်ဆက်လက်၍ အာဗြဟံ၏ဤပျောက်သောသိုးများကို ဆက်လက်ရှာဖွေ တည့်မတ်ပေးလေသည်။ မဿဲ ၂၀:၂၉-၃၄။ မာကု ၁၀:၄၆-၅၂။ လုကာ ၁၈:၃၅–၁၉:၁၀။ ထွက်မြောက်ရာ ၂၂:၁။
◆ မျက်မမြင်သူတောင်းစားများကိုယေရှု မည်သည့်နေရာတွင်တွေ့ရှိသနည်း။ သူတို့အတွက် ဘာလုပ်ပေးသနည်း။
◆ ဇက္ခဲကားအဘယ်သူနည်း။ အဘယ်ကြောင့်သူသစ်ပင်ပေါ် တက်သနည်း။
◆ သူ၏နောင်တကိုဇက္ခဲမည်သို့ ပြသခဲ့သနည်း။
◆ ဇက္ခဲအပေါ်ယေရှုဆက်ဆံပုံများမှကျွန်ုပ်တို့ မည်သည့်သင်ခန်းစာရရှိသနည်း။