ကျွန်ုပ်တို့သည် ‘နောက်ဆုံးကာလ’ တွင် အမှန်ပင်အသက်ရှင် နေပါသလော
ဖြစ်ရပ်နှစ်ခုက ‘နောက်ဆုံးကာလ’ ဟု သမ္မာကျမ်းစာခေါ်ဆိုရာကို ခွဲခြားသိမြင်စေပါသည်။ ဤ “ကပ်ကမ္ဘာကုန်”ချိန်အတွင်း ဖြစ်ပျက်မည့်ဖြစ်ရပ်များကို သမ္မာကျမ်းစာတွင် ကြိုဟောထားသည်။ (မဿဲ ၂၄:၃) ထို့ပြင် ‘နောက်ဆုံးကာလ’ တွင် လူတို့၏ စရိုက်သဘောထားများ ပြောင်းလဲမည်ဟုလည်း ကျမ်းစာက ဖော်ပြသည်။—၂ တိမောသေ ၃:၁။
ကမ္ဘာ့ဖြစ်ရပ်များနှင့် လူတို့၏ စရိုက်သဘောထားတို့က ကျွန်ုပ်တို့သည် နောက်ဆုံးကာလတွင် အသက်ရှင်နေကြောင်း၊ များမကြာမီ ဘုရားသခင့်နိုင်ငံတော်က ဘုရားသခင်အား ချစ်မြတ်နိုးသူတို့ကို ထာဝရကောင်းချီးများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း သက်သေထူပါသည်။ နောက်ဆုံးကာလကို မှတ်သားဖော်ပြသော ယေရှုမိန့်ဆိုခဲ့သည့် အသွင်အပြင်သုံးရပ်ကို ကျွန်ုပ်တို့ သုံးသပ်ကြမည်။
“ဆင်းရဲခြင်း၏အစအဦး”
“လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်” ဟူ၍ ယေရှုမိန့်ဆိုပြီးနောက် ဆက်၍ ‘ထိုအမှုအရာတို့သည် ဆင်းရဲခြင်း၏အစအဦးဖြစ်သတည်း’ ဟုဆို၏။ (မဿဲ ၂၄:၇၊ ၈) “ထိုအမှုအရာတို့” မှ တစ်ခုချင်းစီကို ဆန်းစစ်ကြည့်ကြပါစို့။
လွန်ခဲ့သောရာစုနှစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများနှင့် လူမျိုးစုပဋိပက္ခများတွင် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ကြသည်။ “ဤ [၂၀] ရာစုအတွင်း စစ်ကြောင့်သေဆုံးခဲ့သူဦးရေသည် အေဒီပထမရာစုနှစ်မှစ၍ ၁၈၉၉ ခုနှစ်အတွင်း စစ်ကြောင့်သေဆုံးခဲ့သူဦးရေထက် သုံးဆပိုများသည်” ဟု ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့မှ ပညာရှင်များ၏အစီရင်ခံစာတွင် ဖော်ပြသည်။ Humanity—A Moral History of the Twentieth Century (လူသားချင်းစာနာမှု—နှစ်ဆယ်ရာစု၏ ကိုယ်ကျင့်တရားသမိုင်း) ဟူသောစာအုပ်တွင် ဂျော်နသန်ဂလိုဗာက ဤသို့ဖော်ပြ၏– “၁၉၀၀ ပြည့်နှစ်မှ ၁၉၈၉ ခုနှစ်အတွင်း စစ်ပွဲကြောင့် ခန့်မှန်းခြေ လူ ၈၆ သန်း သေဆုံးခဲ့သည်။ . . . နှစ်ဆယ်ရာစုတစ်ခုလုံးအတွင်း စစ်ပွဲကြောင့် သေဆုံးသူအရေအတွက်မှာ များလွန်းလှရာ ခန့်မှန်း၍မရနိုင်ချေ။ ကမ္ဘာစစ်နှစ်ခုအတွင်း၌ပင် သုံးပုံနှစ်ပုံ (၅၈ သန်း) ခန့်သေဆုံးခဲ့သောကြောင့် သေဆုံးသူအရေအတွက်ကို ပျမ်းမျှတွက်ချက်ခြင်းသည် အဓိပ္ပာယ်မရှိပေ။ အကယ်၍ ပျမ်းမျှတွက်ကြည့်မည်ဆိုပါက စစ်ကြောင့် လူ ၂,၅၀၀ ခန့် နေ့စဉ်သေခဲ့မည်၊ ဆိုလိုသည်မှာ နှစ်ပေါင်းကိုးဆယ်အတွင်း တစ်နာရီလျှင် လူ ၁၀၀ ကျော် အဆက်မပြတ်သေခဲ့ခြင်းဖြစ်သည်။” ထိုသေဆုံးခဲ့သူများ၏ ဆွေမျိုးများနှင့် မိတ်ဆွေများ မည်မျှဝမ်းနည်းကြေကွဲကြရမည်ကို သင်မြင်ယောင်ကြည့်နိုင်သလော။
ကမ္ဘာပေါ်တွင် အစားအစာများစွာ ထုတ်လုပ်လျက်ရှိသော်လည်း နောက်ဆုံးကာလ၏ အသွင်အပြင်တစ်ရပ်မှာ အစာခေါင်းပါးခြင်းဖြစ်သည်။ လွန်ခဲ့သောအနှစ် ၃၀ အတွင်း အစားအစာထုတ်လုပ်မှုသည် လူဦးရေထက် ပို၍များပြားသည်ဟု သုတေသီများဆိုကြသည်။ သို့သော် လူများစွာတွင် စိုက်ပျိုးရန်မြေ သို့မဟုတ် အစားအစာဝယ်ယူရန်ငွေ အလုံအလောက်မရှိကြသောကြောင့် ကမ္ဘာ့ဒေသများစွာ၌ အစာခေါင်းပါးနေ၏။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူဦးရေ ၁.၂ ဘီလီယံခန့်သည် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ သို့မဟုတ် ထိုမျှပင်မရှိသောဝင်ငွေဖြင့် အသက်ရှင်နေကြရသည်။ ထိုသူတို့ထဲမှ သန်းပေါင်း ၇၈၀ ခန့်သည် ဆာလောင်မှုကို နှစ်ရှည်ခံစားကြရသည်။ နှစ်စဉ် ကလေးငယ် ငါးသန်းကျော်သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ အာဟာရချို့တဲ့သောကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုသည်။
ကြိုဟောထားသော မြေငလျင်လှုပ်ခြင်းနှင့်ပတ်သက်၍ကော။ အမေရိကန်ဘူမိဗေဒစစ်တမ်းအဆိုအရ ၁၉၉၀ ပြည့်နှစ်မှစ၍ အဆောက်အအုံများကိုပျက်စီးစေသော ငလျင်များ တစ်နှစ်လျှင် ပျမ်းမျှ ၁၇ ကြိမ်လှုပ်ခဲ့သည်။ ထို့ပြင် အဆောက်အအုံများကို လုံးလုံးပျက်စီးစေသည့် ငလျင်ကြီးများ ပျမ်းမျှအားဖြင့် နှစ်စဉ်တစ်ကြိမ်လှုပ်သည်။ နောက်ထပ်သတင်းရင်းမြစ်တစ်ခုက ဤသို့ဆို၏– “မြေငလျင်ကြီးများကြောင့် လွန်ခဲ့သောအနှစ် ၁၀၀ အတွင်း လူသိန်းနှင့်ချီ သေကျေပျက်စီးခဲ့သည်။” ထိုသို့ဖြစ်ရသည့် အကြောင်းရင်းတစ်ရပ်မှာ ၁၉၁၄ ခုနှစ်မှစ၍ မြေငလျင်ဇုန်တွင် လူနေမှုထူထပ်လာသောကြောင့်ဖြစ်သည်။
အခြားထူးခြားသောအဖြစ်အပျက်များ
ယေရှုက “အရပ်ရပ်တို့၌ . . . ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၂၁:၁၁) မျက်မှောက်ခေတ် ဆေးသိပ္ပံပညာသည် တစ်ခါနှင့်မျှမတူအောင် တိုးတက်လာခဲ့ပေပြီ။ သို့သော် ရောဂါဟောင်းများနှင့် ရောဂါအသစ်အဆန်းများသည် လူတို့ကို ဘေးသင့်စေတုန်းပင်။ အမေရိကန်အမျိုးသားထောက်လှမ်းရေးကောင်စီ၏ စာတမ်းက ဤသို့ဖော်ပြ၏– “တီဘီရောဂါ၊ ငှက်ဖျားနှင့် ကာလဝမ်းရောဂါအပါအဝင် လူသိများသောရောဂါအမျိုးပေါင်း ၂၀ သည် ၁၉၇၃ ခုနှစ်မှစ၍ ပြန်ပေါ်လာသည် သို့မဟုတ် ပို၍ပျံ့နှံ့လာပြီး ပိုပြင်းထန်ကာ ဆေးပြီးသည့်အခြေအနေဖြစ်နေသည်။ ၁၉၇၃ ခုနှစ်မှစ၍ အိပ်ချ်အိုင်ဗွီ၊ အီဘိုလာ၊ အသည်းရောင်ရောဂါ စီနှင့် နီဖာဗိုင်းရတ် အပါအဝင် ရောဂါအသစ်အဆန်း အနည်းဆုံးအမျိုး ၃၀ ခန့်ပေါ်ပေါက်ခဲ့ပြီး ကုသနည်းမရှိသေးပါ။” ကြက်ခြေနီအဖွဲ့၏ ၂၀၀၀၊ ဇွန် ၂၈ ရက် အစီရင်ခံစာအရ လွန်ခဲ့သောနှစ်အတွင်း ကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေသည် သဘာဝဘေးဒဏ်များကြောင့် သေဆုံးသူဦးရေထက် အဆပေါင်း ၁၆၀ ခန့်ပိုများသည်။
‘မတရားမှုများပြား’ လာခြင်းသည် နောက်ဆုံးကာလ၏ ထူးခြားသော နောက်အသွင်အပြင်တစ်ရပ်ဖြစ်သည်။ (မဿဲ ၂၄:၁၂) ယနေ့ ကမ္ဘာတစ်ဝန်းရှိ ဒေသများစွာတွင် လူတို့သည် အိမ်တံခါးများကို သော့ခတ်ထားကြသည်။ ညအချိန်တွင် လမ်းပေါ်မသွားရဲကြပေ။ ဥပဒေနှင့်ဆန့်ကျင်သောလုပ်ရပ်များကြောင့် လေထု၊ ရေထုနှင့် မြေဆီလွှာပျက်စီးမှုများကော အသို့နည်း။ ယင်းတို့သည်လည်း သမ္မာကျမ်းစာ ကြိုဟောထားသည့်အတိုင်း ပြည့်စုံချက်ဖြစ်သည်။ “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” ရန် ဘုရားသခင် အချိန်သတ်မှတ်ထားကြောင်း ဗျာ. ကျမ်းကဖော်ပြသည်။—ဗျာ. ၁၁:၁၈။
နောက်ဆုံးကာလရှိ လူတို့၏စရိုက်များ
သင့်ကျမ်းစာတွင် ၂ တိမောသေ ၃:၁-၅ ကို ဖွင့်ဖတ်ကြည့်ပါ။ တမန်တော်ပေါလု ဤသို့ရေး၏– “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။” ထို့နောက် ဘာသာတရားမဲ့သူတို့၏စရိုက် အမျိုးပေါင်း ၂၀ ကို သူဆက်ဖော်ပြသည်။ သင့်ရပ်ကွက်တွင် ထိုသို့သောစရိုက်ရှိသူများကို တွေ့နေရသလော။ ယနေ့ခေတ်ရှိ လူတို့နှင့်ပတ်သက်၍ မကြာသေးမီက မည်သို့ပြောဆိုခဲ့ကြောင်း သုံးသပ်ကြည့်ပါ။
“ကိုယ်ကိုကိုယ်ချစ်သောသူ။” (၂ တိမောသေ ၃:၂) “[လူတို့သည်] တစ်ခါနှင့်မျှမတူအောင် ကိုယ်လုပ်ချင်ရာကိုသာ တစ်ဇွတ်ထိုးလုပ်နေကြသည်။ [သူတို့သည်] ဘုရားများဖြစ်လာကြပြီး ထိုနည်းတူ ဆက်ဆံခံလိုကြသည်။”—ဖိုင်နန်ရှယ်တိုင်းမ်သတင်းစာ၊ အင်္ဂလန်။
“ငွေကိုတပ်မက်သူ။” (၂ တိမောသေ ၃:၂) “ယနေ့အချိန်တွင် ရုပ်ဝါဒနှင့်ပတ်သက်သော အတ္တစိတ်သည် ကျိုးနွံစိတ်ကို လွှမ်းမိုးသွားပေပြီ။ လူ့အဖွဲ့အစည်းတွင် ချမ်းသာသူတစ်ဦးအဖြစ် ယူမှတ်မခံရပါက သင့်ဘဝ တန်ဖိုးမရှိတော့။”—ဂျကာတာပို့စ်သတင်းစာ၊ အင်ဒိုနီးရှား။
“မိဘစကားကိုနားမထောင်သောသူ။” (၂ တိမောသေ ၃:၂) “၄ နှစ်အရွယ်ကလေးက မိဘများကို ဘုရင်တစ်ပါးသဖွယ် အမိန့်ပေးနေခြင်း သို့မဟုတ် ၈ နှစ်အရွယ်ကလေးက ‘ခင်ဗျားတို့ကိုမုန်းတယ်’ ဟု အော်ဟစ်နေခြင်းတို့ကို မိဘများ အံ့သြဖွယ်တွေ့နေရသည်။”—အမေရိကန်အယ်ဂျူကေတာမဂ္ဂဇင်း၊ အမေရိကန်ပြည်ထောင်စု။
“သစ္စာမရှိသောသူ။” (၂ တိမောသေ ၃:၂၊ ကဘ) “အိမ်ထောင်ဖက်နှင့် သားသမီးများကို စွန့်ပစ်လိုသောအမျိုးသားများ တိုးများလာခြင်းသည် [လွန်ခဲ့သောအနှစ် ၄၀ အတွင်း] ကျင့်ဝတ်စံနှုန်းများ အကြီးအကျယ်ပြောင်းလဲသွား၍ ဖြစ်ပေမည်။”—ဝေလ်စင်ကွာတာလီ မဂ္ဂဇင်း၊ အမေရိကန်ပြည်ထောင်စု။
“ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ။” (၂ တိမောသေ ၃:၃) “မိသားစုတွင်းအကြမ်းဖက်မှုသည် ကမ္ဘာတစ်ဝန်းရှိ လူ့အဖွဲ့အစည်း၏ နေ့စဉ်အသက်တာတွင် အဓိကအကြောင်းတစ်ခုဖြစ်နေသည်။”—အမေရိကန်ဆေးပညာအဖွဲ့၏ဂျာနယ်၊ အမေရိကန်ပြည်ထောင်စု။
“မချုပ်တည်းနိုင်သောသူ။” (၂ တိမောသေ ၃:၃) “နံနက်တိုင်း သတင်းစာခေါင်းကြီးပိုင်းတွင် တွေ့ရသော ဖြစ်ရပ်များစွာမှာ ချုပ်တည်းမှု၊ ကိုယ်ကျင့်တရားကြံ့ခိုင်မှု၊ လူလူချင်းနှင့် ကိုယ့်ကိုယ်ကိုပင် ထောက်ထားစာနာမှုကင်းမဲ့သော သဘောထားများကြောင့်ဖြစ်သည်။ . . . ဤပုံစံအတိုင်း ဆက်သွားနေပါက ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းသည် မကြာမီ ကိုယ်ကျင့်တရားလုံးလုံးကင်းမဲ့သည့် အခြေအနေသို့ ဆိုက်ရောက်သွားမည်။”—ဘန်ကောက်ပို့စ်သတင်းစာ၊ ထိုင်း။
“ပြင်းထန်သောသူ။” (၂ တိမောသေ ၃:၃) “အဆင်အခြင်မဲ့ဒေါသထွက်ခြင်းနှင့် အမျက်ခြောင်းခြောင်းထွက်ခြင်းတို့ကို လမ်းပေါ်တွင်၊ မိသားစုအတွင်း မတော်မတရားပြုရာတွင်၊ . . . ရာဇဝတ်မှုဒွန်တွဲပါလာသော အကြောင်းမဲ့သက်သက်အကြမ်းဖက်မှုတို့တွင် တွေ့ရသည်။ အကြမ်းဖက်မှုသည် အရမ်းကာရောဖြစ်ပြီး ကြိုတင်မခန့်မှန်းနိုင်ပါ။ လူတို့သည် ဘာသိဘာသာနေလာကြပြီး လုံခြုံသည်ဟုမခံစားရပေ။”—ဘစ်ဇ်နစ္စဒေးသတင်းစာ၊ တောင်အာဖရိက။
“ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ။” (၂ တိမောသေ ၃:၄) “လိင်ဆိုင်ရာလွတ်လပ်ခြင်းသည် ကိုယ်ကျင့်တရားစစ်ဆင်ရေးဖြစ်လာပြီး ခရစ်ယာန်ကိုယ်ကျင့်တရားသည် ရန်သူဖြစ်သည်။”—ဘောင်းလက်စ် အင်တာနက်မဂ္ဂဇင်း။
‘ဘုရားသခင်ဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ။’ (၂ တိမောသေ ၃:၄၊ ၅) “ဘာသာရေးအဖွဲ့အစည်းများသည် [ပြည့်တန်ဆာလုပ်ငန်း] တရားဝင်ဖြစ်ရေးကို အဓိကဆန့်ကျင်ကြောင်း [နယ်သာလန်နိုင်ငံမှ ပြည့်တန်ဆာဖြစ်ခဲ့ဖူးသူတစ်ဦးက] အသိအမှတ်ပြုသည်။ သို့သော် သူတစ်ချက်ပြုံးလိုက်ပြီး သူပြည့်တန်ဆာလုပ်ခဲ့စဉ်က သူ့ထံပုံမှန်လာသူများမှာ [ဘာသာရေး] ဓမ္မဆရာများဖြစ်သည်ဟု ပြောပြသည်။ ‘ပြည့်တန်ဆာတွေ အမြဲပြောကြတာက ဘာသာရေးအဖွဲ့အစည်းက လူတွေဟာ သူတို့ရဲ့ အကောင်းဆုံးဖောက်သည်တွေပဲ’ ဟု သူပြောပြခဲ့သည်။”—နေရှင်နယ်ကက်သလစ် ရီပိုတာသတင်းစာ၊ အမေရိကန်ပြည်ထောင်စု။
အနာဂတ်မည်သို့ရှိမည်နည်း
သမ္မာကျမ်းစာ ကြိုဟောထားသည့်အတိုင်း ယနေ့ ကမ္ဘာပေါ်တွင် ဆင်းရဲခက်ခဲမှုများ ပြည့်နှက်နေသည်။ သို့သော် ‘[ခရစ်တော်] သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောနိမိတ်’ နှင့်ပတ်သက်သော ပရောဖက်ပြုချက်တွင် အပြုသဘောဆောင်သည့်အသွင်တစ်ရပ် ပါရှိ၏။ ‘လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်’ ဟုယေရှုမိန့်ဆိုသည်။ (မဿဲ ၂၄:၃၊ ၁၄) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို နိုင်ငံပေါင်း ၂၃၀ ကျော်တွင် ဟောပြောနေကြပါသည်။ “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်” လာသူ ခြောက်သန်းကျော်တို့သည် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်ခြင်းလုပ်ငန်းတွင် တက်ကြွစွာပါဝင်နေကြသည်။ (ဗျာ. ၇:၉) သူတို့၏ ထက်သန်သောလုပ်ဆောင်မှုက အဘယ်အရာကို ပြီးမြောက်စေသနည်း။ ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အရာဖြစ်သည်၊ အဘယ်အရာ လုပ်ဆောင်မည်နှင့် ယင်း၏ကောင်းချီးများ မည်သို့ရရှိနိုင်သည်ဟူသော သတင်းကို ကမ္ဘာပေါ်ရှိ လူယောက်တိုင်းနီးပါးထံ ရောက်ရှိစေသည်။ မှန်ပါသည်၊ နောက်ဆုံးကာလတွင် “မှန်သောအသိပညာ တိုးပွား” နေ၏။—ဒံယေလ ၁၂:၄၊ ကဘ။
ထိုအသိပညာမှ သင်အကျိုးရယူသင့်သည်။ ယေဟောဝါ ကျေနပ်သည့်အထိ သတင်းကောင်းဟောပြောပြီးနောက် အဘယ်အရာဖြစ်ပျက်လာမည်ကို စဉ်းစားကြည့်ပါလေ။ ယေရှု ဤသို့ဆို၏– “သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) ယင်းသည် မြေကြီးပေါ်မှ ဆိုးသွမ်းမှုအားလုံးကို ဘုရားသခင် ဖယ်ရှားပစ်မည့်အချိန်ဖြစ်သည်။ နယပုံပြင် ၂:၂၂ က ဤသို့ဆိုသည်– ‘မတရားသောသူတို့မူကား ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။’ စာတန်နှင့် သူ၏နတ်ဆိုးများကော။ သူတို့ကို တွင်းနက်ထဲချပစ်မည်ဖြစ်ရာ လူများကို လှည့်ဖြားနိုင်တော့မည်မဟုတ်။ (ဗျာ. ၂၀:၁-၃) ထို့နောက် ‘ဖြောင့်မတ်သောသူနှင့် စုံလင်သောသူတို့သည်’ မြေကြီးပေါ်တွင် “နေရာကျကြလိမ့်မည်။” ကောင်းမြတ်လှသည့် ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများကို သူတို့အားလုံး ခံစားရပေလိမ့်မည်။—သု. ၂:၂၁; ဗျာ. ၂၁:၃-၅။
သင် အဘယ်အရာပြုလုပ်နိုင်သနည်း
ယင်းနှင့်ပတ်သက်၍ မသေမချာဖြစ်ဖို့မလိုပါ။ စာတန့်စနစ်၏ဆုံးခန်းသည် လက်တစ်ကမ်းသာလိုတော့သည်။ နောက်ဆုံးကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေကြောင်း ဖော်ပြသည့်အထောက်အထားများကို လျစ်လျူရှုသူများသည် အဆုံးရောက်လာသည့်အခါ သတိမဲ့နေကြလိမ့်မည်။ (မဿဲ ၂၄:၃၇-၃၉; ၁ သက်သာလောနိတ် ၅:၂) ထို့ကြောင့် ယေရှုက မိမိစကားကို နားထောင်သူများအား ဤသို့မိန့်ဆိုခဲ့၏– ‘သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထိုကြောင့် သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း အစဉ်ဆုတောင်းလျက် စောင့်နေကြလော့။’—လုကာ ၂၁:၃၄-၃၆။
လူသားဖြစ်သော ယေရှု၏ မျက်နှာသာရရှိသူများသာ ဤအစီအစဉ်စနစ်၏အဆုံးမှ ကယ်လွှတ်ခံရကြမည်။ ထို့ကြောင့် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်၏ မျက်နှာသာရရန် ကျန်ရှိနေသောအချိန်ကို အသုံးပြုဖို့ မည်မျှအရေးကြီးလှသည်တကား! ဘုရားသခင်ထံ ယေရှုဤသို့ဆုတောင်းခဲ့၏– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ထို့ကြောင့် သင့်အနေဖြင့် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့် တောင်းဆိုချက်များအကြောင်း ပိုမိုသင်ယူခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်သည်။ သင့်ဒေသရှိ ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာသွန်သင်ရာကို သင်နားလည်နိုင်ဖို့ ဝမ်းမြောက်စွာ ကူညီပေးလိုကြပါသည်။ သူတို့ကို ဆက်သွယ်ရန် သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးရန် သင့်ကိုလှိုက်လှဲစွာဖိတ်ခေါ်ပါသည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
နောက်ဆုံးကာလ၏ အသွင်အပြင်များ
အဓိကကြန်အင်လက္ခဏာများ–
▪ စစ်ပွဲများ။—မဿဲ ၂၄:၆၊ ၇။
▪ အစာခေါင်းပါးမှု။—မဿဲ ၂၄:၇။
▪ မြေငလျင်များ။—မဿဲ ၂၄:၇။
▪ ကာလနာများ။—လုကာ ၂၁:၁၁။
▪ မတရားမှုများပြားခြင်း။—မဿဲ ၂၄:၁၂။
▪ မြေကြီးကိုဖျက်ဆီးခြင်း။—ဗျာ. ၁၁:၁၈။
လူများ–
▪ ကိုယ်ကိုကိုယ်ချစ်သောသူ။ —၂ တိမောသေ ၃:၂။
▪ ငွေကိုတပ်မက်သောသူ။—၂ တိမောသေ ၃:၂။
▪ မာနထောင်လွှားသောသူ။ —၂ တိမောသေ ၃:၂။
▪ မိဘစကားကိုနားမထောင်သောသူ။ —၂ တိမောသေ ၃:၂။
▪ ကျေးဇူးမသိသောသူ။—၂ တိမောသေ ၃:၂။
▪ သစ္စာမရှိသောသူ။—၂ တိမောသေ ၃:၂၊ ကဘ။
▪ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ။—၂ တိမောသေ ၃:၃။
▪ မချုပ်တည်းနိုင်သောသူ။ —၂ တိမောသေ ၃:၃။
▪ ပြင်းထန်သောသူ။—၂ တိမောသေ ၃:၃။
▪ ကာမဂုဏ်ခံစားခြင်းကို နှစ်သက် သောသူ။—၂ တိမောသေ ၃:၄။
▪ ဘာသာရေးအရေခြုံသူ။ —၂ တိမောသေ ၃:၄၊ ၅။
စစ်မှန်သောဝတ်ပြုသူများ–
▪ အသိပညာတိုးပွားကြ။—ဒံယေလ ၁၂:၄။
▪ ကမ္ဘာတစ်ဝန်း သတင်းကောင်းဟောပြောကြ။—မဿဲ ၂၄:၁၄။
[Credit Line]
UNITED NATIONS/Photo by F. GRIFFING