ကြိုပြောထားသောငတ်မွတ်ခြင်း
ငတ်မွတ်ခေါင်းပါးမှုဘေးဆိုးကြီးသည် မကြာသေးမီနှစ်များက ကမ္ဘာ့သတင်းများတွင် နာကြည်းဖွယ်အကျွမ်းဝင်လာခဲ့သည်။ အီသီယိုးပီးယားမှစတင်၍ အခြားသောဒေသများသည် ဘေးဒုက္ခ၏မမေ့နိုင်ဖွယ်အသွင်အပြင်များဖြစ်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် မိုးခေါင်မှုနှင့်စစ်ပွဲကြောင့် အပြင်းအထန်ငတ်မွတ်ခေါင်းပါးဘေးဆိုက်ခဲ့ရသော ဆိုမာလီယာဒုက္ခသည်များအပေါ် ကမ္ဘာက စွဲစွဲမြဲမြဲအာရုံစူးစိုက်လာသည်။ အပြည်ပြည်ဆိုင်ရာသံတော်ဆင့်စင်မြင့် စာစောင်က ၁၉၉၂ ခု၊ စက်တင်ဘာလတွင် ဤသို့ပြန်ကြားသည်–“ဆိုမာလီမည်မျှသေဆုံးသည်ကို မည်သူမျှမသိသော်လည်း ကြက်ခြေနီက ၁၀၀,၀၀၀ ကျော်သည်ဟုစာရင်းပေးသည်။ နေ့စဉ် ထောင်ပေါင်းများစွာ၊ ရာပေါင်းများစွာ သေဆုံးနေကြသည်။”
ထိုအရေအတွက်သည် တစ်ဦးစီခံစားရသည့်ဆင်းရဲဒုက္ခနှင့်နာကျင်မှုကို အမှန်မပေါ်လွင်စေသေးပါ။ အပြည်ပြည်ဆိုင်ရာဒုက္ခသည်များအသင်း၏ ဥရောပကိုယ်စားလှယ်ဖြစ်သူ အီဗက်တ်ပြဲရ်ပါအိုလီဆိုသူက ဒုက္ခသည်များ အမည်ရှိယူအဲန်မဂ္ဂဇင်းတွင် ဤသို့ရေးသားခဲ့သည်– “နယူးယောက် သို့မဟုတ် ဂျီနီဗာတွင် ဒုက္ခသည်ဆိုင်ရာမေးခွန်းသည် အလွန်ရှင်းလင်းပြတ်သားသည်; ဂဏန်းများ၏နောက်တွင် ဆက်တွဲသောသုညအရေအတွက်ကို ခန့်မှန်းနိုင်ရန်ခက်လှသည်။ သို့သော် မိုင်ပေါင်းထောင်ချီဝေးသော နိုင်ငံ၏နယ်ခြားဒေသများတွင် မင်းမဲ့ဒေသကဲ့သို့ထိန်းမနိုင်သိမ်းမရတော့ဘဲ ပြင်းထန်သည့်စိတ်လှုပ်ရှားမှုကြောင့် လည်ချောင်းများတင်းကျပ်လာပြီး ခံစားရသည့်ဒုက္ခဝေဒနာကြောင့် အော်ဟစ်ပစ်လိုစိတ်ပေါက်လာပေမည်။”
ကြက်ခြေနီက ဆိုမာလီယာကိုကူညီထောက်ပံ့ရန် ယင်း၏ကြိုးစာအားထုတ်မှုများသည် လူ့အကျိုးပြုကယ်ဆယ်ရေးတကာတို့တွင် အကြီးမားဆုံးသောစီမံဆောင်ရွက်မှုကို ကိုယ်စားပြုသည်ဟုဆိုသော်လည်း အကဲခတ်သူများစွာတို့က ကူညီထောက်ပံ့မှုသည် မဆိုစလောက်သာဖြစ်ပြီးကြန့်ကြာသည်ဟု မြည်တမ်းကြသည်။ ပြဲရ်ပါအိုလီဤသို့ဝမ်းနည်းစွာပြောခဲ့သည်– “အကူအညီပေးသည့်နိုင်ငံများသည် ဆက်၍ကူညီထောက်ပံ့ရန် ဖင့်နွှဲနေကြပြီး အစိတ်စိတ်အမြွှာမြွှာကွဲပြားနေသောအာဖရိကနိုင်ငံများကို ထောက်ပံ့ရန်လက်ပန်းကျလာခဲ့သည်။ . . . သူတို့က အာဖရိကန်များအား သူတို့၏အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ ခေါင်းဆောင်များ၏အလိုရမ္မက်ကြီးမှု၊ အတောမသတ်တော့ဖွယ်ရှိသည့်တိုက်ပွဲဖြစ်မှုများအတွက် ပြစ်တင်ဝေဖန်ကြသည်။”
အစာခေါင်းပါးခြင်းသည် “အရပ်ရပ်တို့၌” ဖြစ်မည့်အချိန်တစ်ချိန်ကို သမ္မာကျမ်းစာကြိုပြောခဲ့သည်။ ဤအစာခေါင်းပါးခြင်းနှင့်အတူ စစ်ပွဲများ၊ မြေငလျင်လှုပ်ခြင်းများ၊ ကပ်ရောဂါများကဲ့သို့သော အခြားတိုးပွားမှုများက ဘုရားသခင်၏နိုင်ငံတော်နီးကြောင်းကို ညွှန်ပြသည်။ (လုကာ ၂၁:၁၁၊ ၃၁) ဤကောင်းမြတ်သည့်ဘုရားသခင့်နိုင်ငံတော်အောက်တွင် လူသားအားလုံးအတွက် အစားအသောက်ပေါကြွယ်ဝစွာရှိမည့်အကြောင်း သမ္မာကျမ်းစာက ထပ်ဆင့်ဖော်ပြထားသည်။ ဆာလံဆရာက “မြေကြီးပေါ်တွင် ကောက်ပဲသီးနှံများစွာရှိလာပြီး တောင်များထိပ်ပေါ်တွင် အလျှံပယ်ဖြစ်နေမည်” ဟုရေးသားခဲ့သည်။—ဆာလံ ၇၂:၁၆၊ ကဘ။