“ကြီးစွာသောဒုက္ခ” မတိုင်မီ လုံခြုံရာသို့ ထွက်ပြေးလော့
“ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ . . . ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။”—လုကာ ၂၁:၂၀၊ ၂၁။
၁။ လောကအဝင်ဖြစ်နေသေးသူများအတွက် ထွက်ပြေးရန် အဘယ်ကြောင့်အရေးကြီးသနည်း။
စတန့်လောကအဝင်ဖြစ်နေသေးသည့် လူမျိုးအားလုံးအတွက် ထွက်ပြေးရန် အရေးကြီးသည်။ လက်ရှိအစီအစဉ်ကို ကမ္ဘာမြေပြင်မှသုတ်သင်ဖယ်ရှားပစ်သောအခါ ကယ်တင်ခံရရန် သူတို့သည် ယေဟောဝါရှင်ဘက်တွင် ခိုင်ခိုင်မြဲမြဲရပ်တည်ပြီး စာတန်အုပ်စိုးသည့် လောက၏အဝင်မဟုတ်တော့ကြောင်း ယုံကြည်စိတ်ချလောက်သော သာဓကကို တင်ပြရမည်။—ယာကုပ် ၄:၄; ၁ ယောဟန် ၂:၁၇။
၂၊ ၃။ မဿဲ ၂၄:၁၅-၂၂ တွင်မှတ်တမ်းတင်ထားသည့် ယေရှုစကားများနှင့် ဆက်စပ်သည့် အဘယ်မေးခွန်းများကို ကျွန်ုပ်တို့ဆွေးနွေးကြမည်နည်း။
၂ ဤအစီအစဉ်စနစ်၏နိဂုံးနှင့်ပတ်သက်သည့် မိမိ၏မဟာပရောဖက်ပြုချက်တွင် ယေရှုက ယင်းကဲ့သို့သော ထွက်ပြေးခြင်းမျိုး အရေးတကြီးလိုအပ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။ မဿဲ ၂၄:၄-၁၄ တွင်မှတ်တမ်းတင်ထားသည့်အရာကို ကျွန်ုပ်တို့အကြိမ်ကြိမ်ဆွေးနွေးကြသည်; သို့တိုင် နောက်ဆက်ဖြစ်လာမည့်အရာသည် ထပ်တူအရေးမကြီးဘဲမနေပါ။ ယခုပင် သင့်ကျမ်းစာအုပ်ကိုဖွင့်ကာ အခန်းငယ် ၁၅ မှ ၂၂ ထိဖတ်ဖို့ ကျွန်ုပ်တို့တိုက်တွန်းပါသည်။
၃ ထိုပရောဖက်ပြုချက်သည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ပထမရာစုတွင် “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာ” ကား အဘယ်နည်း။ ယင်းသည် “သန့်ရှင်းသောအရပ်ဌာန” တွင် ရောက်ရှိကြောင်း အဘယ်အရာက ပြသခဲ့သနည်း။ ယင်းသည် ကျွန်ုပ်တို့အတွက် မည်သည့်ထူးခြားသော အဓိပ္ပာယ်ရှိသနည်း။
“ဖတ်သောသူသည် နားလည်ပါစေ”
၄။ (က) ဂျူးများက မေရှိယကို ငြင်းပယ်ပြီးနောက် ဖြစ်လာမည့်အဘယ်အရာကို ဒံယေလ ၉:၂၇ ကဖော်ပြသနည်း။ (ခ) ယင်းကို ကိုးကားသောအခါတွင် “ဖတ်သောသူသည် နားလည်ပါစေ” ဟု ယေရှုအဘယ်ကြောင့် သာဓကဖြင့် မိန့်တော်မူသနည်း။
၄ မဿဲ ၂၄:၁၅၊ (သမ္မာ) တွင် ယေရှုက ဒံယေလကျမ်းတွင် ရေးသားခဲ့သည့်အရာကို ပြန်ရည်ညွှန်းခဲ့သည်ကို သတိပြုပါ။ ထိုကျမ်းစောင်၏ အခန်းကြီး ၉ တွင် လာလတ္တံ့သောမေရှိယအကြောင်းနှင့် ကိုယ်တော်ကိုငြင်းပယ်သည့်အတွက် ဂျူးလူမျိုးပေါ်တွင် ချမှတ်မည့်စီရင်ချက်အကြောင်းတို့ကို ကြိုပြောခဲ့သည့် ပရောဖက်ပြုချက်ပါဝင်သည်။ အခန်းငယ် ၂၇ ၏နောက်ဆုံးပိုင်းက ဤသို့ဆိုသည်– “ရွံရှာဖွယ်သောအရာ၏အထွတ်ပေါ်သို့ ဖျက်ဆီးသောသူသည် ရောက်” မည်။ အစောပိုင်း ဂျူးထုံးတမ်းစဉ်လာက ဒံယေလပရောဖက်ပြုချက်၏ ထိုအပိုင်းသည် ဘီ.စီ.အီး ဒုတိယရာစုတွင် အန်တီအုပ်ကပ် ၄ က ယေရုရှလင်ရှိ ယေဟောဝါ၏ဗိမာန်တော်ကို မလေးမခန့်ပြုမူခြင်းနှင့် သက်ဆိုင်ကြောင်းဖော်ပြခဲ့သည်။ သို့ရာတွင် ယေရှုက “ဖတ်သောသူသည် နားလည်ပါစေ” ဟု သတိပေးခဲ့သည်။ အန်တီအုပ်ကပ် ၄ ကဗိမာန်တော်ကို မလေးမခန့်ပြုခြင်းသည် ရွံရှာဖွယ်အမှန်ဖြစ်သော်လည်း ယေရုရှလင်အတွက်၊ ဗိမာန်တော် သို့မဟုတ် ဂျူးလူမျိုးတို့နှင့်ပတ်သက်သော ဖျက်ဆီးခြင်းမဖြစ်ခဲ့ပါ။ ထို့ကြောင့် ယေရှုက မိမိအားနားထောင်သူများကို ယင်း၏ပြည့်စုံချက်သည် အတိတ်ကမဟုတ်ဘဲ အနာဂတ်တွင်ဖြစ်ကြောင်း သိမြင်လာရန် အထောက်အထားဖြင့် သတိပေးနေခြင်းဖြစ်သည်။
၅။ (က) ပထမရာစုရှိ “ရွံရှာဖွယ်သောအရာ” ကို ခွဲခြားသိမြင်ရန် ခရစ်ဝင်ကျမ်းပြိုင်မှတ်တမ်းက ကျွန်ုပ်တို့အား မည်သို့ထောက်ကူသနည်း။ (ခ) စီ.အီး. ၆၆ ခုနှစ်တွင် စက်စ်ချပ်စ်ဂဲလပ်စ်က ရောမစစ်တပ်များကို ယေရုရှလင်သို့ အဘယ်ကြောင့် ချက်ချင်းချီတက်စေခဲ့သနည်း။
၅ သူတို့သတိထားရမည့် “ရွံရှာဖွယ်သောအရာ” ကားအဘယ်နည်း။ “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရသောအခါ” ဟုမဿဲမှတ်တမ်းက ဆိုထားသည်မှာ မှတ်သားစရာဖြစ်သည်။ သို့သော် လုကာ ၂၁:၂၀ တွင် အပြိုင်မှတ်တမ်း၌ “ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့” ဟုဖတ်ရပြန်သည်။ စီ.အီး. ၆၆ ခုနှစ်တွင် ယေရုရှလင်တွင်နေထိုင်သောခရစ်ယာန်များသည် ယေရှုတင်ကူးပြောခဲ့သည့်အရာကို တွေ့မြင်ခဲ့သည်။ ဂျူးများနှင့် ရောမအရာရှိများကြား ပတ်သက်နေသည့်ပဋိပက္ခများ ဆက်တိုက်ဖြစ်ခြင်းက ယေရုရှလင်မြို့အား ရောမကိုဆန့်ကျင်ပုန်ကန်မှုဖြစ်ပွားစေသည့် နေရာဖြစ်လာစေသည်။ ရလဒ်အနေနှင့် အကြမ်းဖက်ရမ်းကားမှုသည် ယုဒ၊ ရှမာရိ၊ ဂါလိလဲ၊ ဒေကာပေါလိနှင့် ဖိုနီးရှား၊ မြောက်ဘက်ဆီးရီးယားနှင့် တောင်ဘက်အီဂျစ်အထိ ရုတ်တရက်ပေါက်ကွဲခဲ့သည်။ ရောမအင်ပါယာ၏ ဤဒေသကို ငြိမ်သက်မှုအတော်အတန်ပြန်ရနိုင်ရန်အတွက် စက်စ်ချပ်စ်ဂဲလပ်စ်သည် စစ်တပ်များကို ဆီးရီးယားမှ “သန့်ရှင်းသောမြို့” ဟုဂျူးများကခေါ်သည့် ယေရုရှလင်အထိ ချက်ချင်းချီတက်စေသည်။—နေဟမိ ၁၁:၁; ဟေရှာယ ၅၂:၁။
၆။ “ရွံရှာဖွယ်အရာ” သည် “သန့်ရှင်းရာဌာနတွင် စိုက်နေ” သည့် ဖျက်ဆီးတတ်သည့်အရာဖြစ်ကြောင်း မည်သို့မှန်ကန်ခဲ့သနည်း။
၆ ရောမတို့က အထွတ်အမြတ်အဖြစ် ရှုမြင်သော်လည်း ဂျူးတို့က ရုပ်တုများအဖြစ် ရှုမြင်သော အလံများ သို့မဟုတ် အောင်လံများ သယ်လာကြခြင်းသည် ရောမဗိုလ်ခြေများအတွက် ထုံးစံဖြစ်သည်။ စိတ်ဝင်စားစရာကား ဒံယေလကျမ်းပါ “ရွံရှာဖွယ်သောအရာ” ဟုပြန်ဆိုထားသည့် ဟေဗြဲစကားလုံးကို အရုပ်များနှင့် အရုပ်ကိုးကွယ်ခြင်းအတွက် အဓိကအသုံးပြုခဲ့သည်။a (တရားဟောရာ ၂၉:၁၇) ဂျူးများကခုခံလင့်ကစား အရုပ်အောင်လံများသယ်ယူလာကြသည့် ရောမစစ်တပ်များသည် စီ.အီး. ၆၆ နိုဝင်ဘာတွင်ယေရုရှလင်မြို့တွင်းသို့ ချဉ်းနင်းဝင်ရောက်ပြီး ထိုမှတစ်ဖန် မြောက်ပိုင်းရှိ ဗိမာန်တော်တံတိုင်းကို အောက်ခြေမှစတင်တူးကြသည်။ ယေရုရှလင်မြို့ကို လုံးလုံးပျက်ပြုန်းစေနိုင်သည့် “ရွံရှာဖွယ်သောအရာ” သည် “သန့်ရှင်းရာဌာနတွင် စိုက်နေ” သည်မှာ သံသယဖြစ်စရာမရှိပေ! သို့သော် တစ်ဦးတစ်ယောက်သည် မည်သို့ထွက်ပြေးနိုင်သနည်း။
အဆောတလျင်ထွက်ပြေး!
၇။ ရောမစစ်တပ်သည် မမျှော်လင့်ဘဲ အဘယ်အရာပြုလုပ်ခဲ့သနည်း။
၇ လူ့ရှုထောင့်မှကြည့်လျှင် အကြောင်းရှိဟန်မတူဘဲ ယေရုရှလင်မြို့ကို အလွယ်တကူသိမ်းပိုက်နိုင်ပုံရှိသည့် အချိန်တွင် ရောမစစ်တပ်ကြီး တပ်ခေါက်သွားခဲ့သည်မှာ အံ့ဩစရာပင်။ အာဏာဖီဆန်သောဂျူးများသည် တပ်ခေါက်သွားသောရောမစစ်တပ်ကို ယေရုရှလင်မြို့မှ မိုင် ၃၀ ခန့်တွင်ရှိ အန္တိပတရိမြို့အထိသာ လိုက်လံတိုက်ခိုက်ခဲ့ကြသည်။ ထို့နောက်သူတို့ ပြန်လာခဲ့ကြသည်။ ယေရုရှလင်မြို့သို့ ပြန်အရောက်တွင် သူတို့သည် မိမိတို့၏သေနင်္ဂဗျူဟာကို အစီအစဉ်ဆွဲရန် ဗိမာန်တော်တွင် စုဝေးခဲ့ကြသည်။ လူငယ်လူရွယ်များအား ခံတပ်များကို ခိုင်ခံ့စေရန်နှင့် စစ်မှုထမ်းရန် တပ်သားသစ်များစုဆောင်းခဲ့သည်။ ခရစ်ယာန်များသည် ယင်းတွင် ပါဝင်မည်လော။ သူတို့သည် ယင်းတို့ကိုရှောင်ရှားလျှင်ပင် ရောမစစ်တပ်များပြန်လာသောအခါ အန္တရာယ်ဇုန်တွင် သူတို့ရှိနေဆဲဖြစ်မည်လော။
၈။ ခရစ်ယာန်များသည် ယေရှု၏ပရောဖက်ပြုစကားများကို နာခံစွာဖြင့် အဘယ်အဆောတလျင်လုပ်ဆောင်မှုကို ပြုခဲ့ကြသနည်း။
၈ ယေရုရှလင်နှင့် ယုဒနယ်တိုင်းတွင်ရှိ ခရစ်ယာန်များသည် ယေရှုခရစ်ပေးခဲ့သည့် ပရောဖက်ပြုသတိပေးချက်အတိုင်း ပြုမူကာ အန္တရာယ်ဇုန်မှ ထွက်ပြေးခဲ့ကြသည်။ အဆောတလျင် ထွက်ပြေးရသည်တကား! သူတို့သည် တောင်တန်းဒေသများသို့ ခရီးနှင်ခဲ့ကြပြီး အချို့တို့သည် ပေရိယတွင်ရှိ ပဲလ္လအရပ်တွင် အခြေချခဲ့ပုံရှိသည်။ ယေရှု၏သတိပေးချက်ကို နှလုံးသွင်းထားသူတို့သည် မိမိတို့၏ရုပ်ပစ္စည်းပိုင်ဆိုင်ရာများ မဆုံးပါးသွားရန် ကြိုးစားဖို့အတွက် မိုက်မဲစွာ နောက်ကြောင်းပြန်မလှည့်ခဲ့ကြပါ။ (လုကာ ၁၄:၃၃ နှိုင်းယှဉ်။) ဤအခြေအနေများကို ကျောခိုင်းစွန့်ခွာကာ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သားသည်မိခင်များ ခြေလျင်ခရီးနှင်ရခြင်းသည် အမှန်ပင်အခက်ကြုံခဲ့သည်။ ဥပုသ်နေ့၏ကန့်သတ်ချက်များကလည်း ထွက်ပြေးရန်အဟန့်အတားမဖြစ်ခဲ့ပါ။ ဆောင်းဥတုနီးနေပြီဖြစ်သော်လည်း မရောက်သေးချေ။ အဆောတလျင်ထွက်ပြေးဖို့ယေရှု၏သတိပေးချက်ကို လိုက်နာသောသူတို့သည် မကြာမီ ယေရုရှလင်နှင့်ယုဒနယ်အပြင်ဘက်တွင် ဘေးကင်းလုံခြုံစွာ ရှိနေကြသည်။ သူတို့၏အသက်များသည် ယင်းအပေါ်တွင် တည်မှီနေသည်။—ယာကုပ် ၃:၁၇ နှိုင်းယှဉ်။
၉။ မကြာမီ ရောမစစ်တပ်များ မည်သို့ပြန်လာခဲ့ပြီး အဘယ်ရလဒ်ဖြစ်ခဲ့သနည်း။
၉ နောက်နှစ်ဖြစ်သည့် စီ.အီး. ၆၇ ခုနှစ်တွင် ရောမတို့သည် ဂျူးများကို ပြန်လည်ထိုးစစ်ဆင်ခဲ့သည်။ ဦးဆုံး ဂါလိလဲကိုအောင်နိုင်သည်။ နောက်တစ်နှစ်တွင် ယုဒနယ်သည် ကစဉ့်ကလျားဖြစ်ခဲ့ရသည်။ စီ.အီး. ၇၀ အရောက်တွင် ရောမစစ်တပ်များသည် ယေရုရှလင်ကိုပင် ဝိုင်းရံခဲ့ကြသည်။ (လုကာ ၁၉:၄၃) အငတ်ဘေး အကြီးအကျယ်ဆိုက်ခဲ့သည်။ မြို့တွင်းရှိချောင်ပိတ်ခံနေရသောသူတို့သည် တစ်ယောက်နှင့်တစ်ယောက် ခိုက်ရန်ပြုခဲ့ကြသည်။ ထွက်ပြေးဖို့ကြိုးစားသူမည်သူမဆို အသတ်ခံခဲ့ရသည်။ သူတို့တွေ့ကြုံရသည့်အရာသည် ယေရှုပြောခဲ့သကဲ့သို့ “ကြီးစွာသောဒုက္ခ” ဖြစ်ခဲ့သည်။—မဿဲ ၂၄:၂၁။
၁၀။ ကျွန်ုပ်တို့သည် ပိုင်းခြားသိနားလည်မှုဖြင့် ဖတ်ရှုပါက အခြားအဘယ်အရာကိုလည်း သတိပြုရမည်နည်း။
၁၀ ယေရှုတင်ကူးခဲ့သည့်အရာသည် လုံးလုံးပြည့်စုံသွားခဲ့သလော။ မပြည့်စုံသေးပါ၊ နောက်ထပ်ဖြစ်ပျက်လာဖို့ရှိသည်။ ယေရှု မှာကြားခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည်ကျမ်းစောင်များကို ပိုင်းခြားသိနားလည်မှုဖြင့် ဖတ်ရှုပါက လာရန်ရှိသေးသည့် ပြည့်စုံချက်ကို သတိမပြုမိဘဲနေမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် မိမိတို့၏အသက်တာတွင် ယင်း၏ပတ်သက်ဆက်နွှယ်မှုအကြောင်းကိုလည်း လေးလေးနက်နက်စဉ်းစားမည်။
မျက်မှောက်ခေတ် “ရွံရှာဖွယ်အရာ”
၁၁။ အဘယ်ကျမ်းပိုဒ်နှစ်ခုတွင် ဒံယေလက “ရွံရှာဖွယ်အရာ” ကို ရည်ညွှန်းပြီး အဘယ်အချိန်ကာလအကြောင်း ဆွေးနွေးထားသနည်း။
၁၁ ဒံယေလ ၉:၂၇ တွင် ကျွန်ုပ်တို့မြင်တွေ့ခဲ့ရသည့်အရာအပြင် “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာ” ကိုထပ်မံရည်ညွှန်းချက်များရှိသည့် ဒံယေလ ၁၁:၃၁ နှင့် ၁၂:၁၁ ပါအချက်ကို သတိပြုမှတ်သားပါ။ ဤနောက်ပိုင်းအဖြစ်အပျက်များသည် ယေရုရှလင်ပျက်စီးခြင်းအကြောင်းဆွေးနွေးနေခြင်းမဟုတ်ပါ။ အမှန်တွင် “အမှုကုန်ရသည့်ကာလ” ကိုရည်ညွှန်းပြီးနောက် အခန်းငယ်နှစ်ခုလောက်တွင် ဒံယေလ ၁၂:၁၁ ၌ ပြောထားသည့်အရာကိုဖော်ပြထားသည်။ (ဒံယေလ ၁၂:၉) ကျွန်ုပ်တို့သည် ၁၉၁၄ ခုနှစ်ကတည်းက ထိုကဲ့သို့သောအချိန်ကာလတစ်ခုတွင် အသက်ရှင်နေခဲ့ကြပြီ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မျက်မှောက်ခေတ် “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာ” ကို ခွဲခြားသိမြင်ရန် နိုးကြားနေဖို့လိုအပ်ပြီး အန္တရာယ်ဇုန်မှ ထွက်နေကြောင်းသေချာစေနေရမည်။
၁၂၊ ၁၃။ နိုင်ငံပေါင်းချုပ်အသင်းကြီးကို မျက်မှောက်ခေတ် “ရွံရှာဖွယ်အရာ” အဖြစ် ဖော်ပြခြင်းသည် အဘယ်ကြောင့်လျော်ကန်သနည်း။
၁၂ ထိုမျက်မှောက်ခေတ် “ရွံရှာဖွယ်အရာ” ကားအဘယ်နည်း။ ဆုံးခန်းကာလသို့ ဤလောကရောက်ရှိပြီး များမကြာမီဖြစ်သည့် ၁၉၂၀ ပြည့်နှစ်တွင် အကောင်အထည်ပေါ်လာသော နိုင်ငံပေါင်းချုပ်အသင်းဖြစ်ကြောင်း သာဓကက ထောက်ပြသည်။ သို့သော် ယင်းသည် “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာ” မည်သို့ဖြစ်နိုင်သနည်း။
၁၃ “ရွံရှာဖွယ်အရာ” အတွက် ဟေဗြဲစကားလုံးကို ကျမ်းစာတွင် အဓိကအားဖြင့် အရုပ်များနှင့် အရုပ်ကိုးကွယ်မှုဆိုင်ရာအလေ့အထများကို ရည်ညွှန်းကာအသုံးပြုကြောင်း သတိရပါ။ ဤပေါင်းချုပ်အသင်းသည် အမှန်ပင်အရုပ်အလားကိုးကွယ်ခံနေရပါသလော။ အမှန်ပင်ကိုးကွယ်ခံနေရသည်! ဓမ္မဆရာများသည် ယင်းကို “သန့်ရှင်းသောအရပ်ဌာန” တွင်တင်ထားပြီး သူတို့၏နောက်လိုက်များသည် ယင်းကို အကြီးအကျယ်အရိုအသေဆက်၍ပေးခဲ့ကြသည်။ အမေရိကားရှိ ခရစ်တော်ချာ့ချ်များ၏ လွတ်လပ်သောကောင်စီက ဤပေါင်းချုပ်အသင်းသည် “ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးပေါ်ရှိ နိုင်ငံရေးသရုပ်သကန်” ဖြစ်မည်ဟုကြေညာခဲ့သည်။ အမေရိကန်နိုင်ငံဥပဒေပြုလွှတ်တော်သည် ဘာသာရေးအုပ်စုများထံမှ နိုင်ငံပေါင်းချုပ်အသင်းကြီး၏ ပဋိညာဉ်ပြုချက်ကို အတည်ပြုရန်တိုက်တွန်းသည့်ချောစာ စုပြုံ၍လက်ခံရရှိခဲ့သည်။ ဗြိတိန်တွင်ရှိ နှစ်ခြင်းအသင်း၊ အသင်းတော်များအသင်းနှင့် ပရက်စဘီတေးရီးယန်းအသင်းတို့၏ညွန့်ပေါင်းအဖွဲ့က ယင်းကို “မြေကြီးပေါ်တွင် ငြိမ်းချမ်းမှုရရှိရန်အတွက် တစ်ခုတည်းသောကိရိယာ” အဖြစ်ချီးကျူးခဲ့ကြသည်။—ဗျာဒိတ် ၁၃:၁၄၊ ၁၅ ရှု။
၁၄၊ ၁၅။ ပေါင်းချုပ်အသင်းနှင့် နောက်ပိုင်းတွင် ယူအဲန်တို့သည် “သန့်ရှင်းသောအရပ်ဌာန” တွင် မည်သည့်နည်းဖြင့် ရောက်လာသနည်း။
၁၄ ဘုရားသခင့်မေရှိယနိုင်ငံတော်သည် ကောင်းကင်တွင် ၁၉၁၄ ကတည်ထောင်ခဲ့ပြီးဖြစ်သော်လည်း နိုင်ငံများသည် မိမိတို့၏ကိုယ်ပိုင်အခွင့်အာဏာရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သည်။ (ဆာလံ ၂:၁-၆) နိုင်ငံပေါင်းချုပ်အသင်းကြီးကို အဆိုပြုလိုက်သောအခါ ပထမကမ္ဘာစစ်တွင် ယခုလေးတင်ပါဝင်တိုက်ခိုက်ခဲ့ကြသည့်နိုင်ငံများအပြင် ၎င်းတို့၏စစ်တပ်များကို ကောင်းချီးပေးခဲ့သော ဓမ္မဆရာများသည် ဘုရားသခင့်ပညတ်တော်ကို စွန့်လွှတ်ခဲ့ကြကြောင်း တင်ပြပြီးသားဖြစ်ခဲ့သည်။ သူတို့သည် ခရစ်တော်ကို ဘုရင်အဖြစ်မရှုမျှော်ကြပါ။ သို့ဖြစ်သောကြောင့် သူတို့သည် ဘုရားသခင့်နိုင်ငံတော်၏အခန်းကဏ္ဍကို လူအဖွဲ့အစည်းတစ်ခုအား ပေးအပ်ခဲ့ကြသည်; သူတို့သည် နိုင်ငံပေါင်းချုပ်အသင်းကြီးကို ယင်း၏နေရာမှန်မဟုတ်သော “သန့်ရှင်းသောအရပ်ဌာနတွင်” တင်ထားကြသည်။
၁၅ ဤပေါင်းချုပ်အသင်းကို ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် ယူအဲန်က ဆက်ခံခဲ့သည်။ နောက်ပိုင်း၌ ရောမရှိပုပ်ရဟန်းများက ယူအဲန်ကို “သင့်တင့်ညီညွတ်ခြင်းနှင့် ငြိမ်းချမ်းရေးအတွက် နောက်ဆုံးမျှော်လင့်ချက်” နှင့် “ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် တရားရုံးချုပ်” အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ မှန်ပါသည်၊ နိုင်ငံပေါင်းချုပ်အသင်းကြီးနှင့်တကွ ယင်းကိုဆက်ခံသည့် ယူအဲန်သည် ဘုရားသခင်နှင့်ကိုယ်တော့်လူမျိုးတော်၏အမြင်တွင် “ရွံရှာဖွယ်အရာ” အရုပ်တစ်ခု အမှန်ပင်ဖြစ်လာခဲ့သည်။
အဘယ်အရာမှ ထွက်ပြေးမည်နည်း
၁၆။ ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးသူများသည် ယနေ့အချိန်တွင် အဘယ်အရာမှ ထွက်ပြေးရန် လိုအပ်သနည်း။
၁၆ ယင်းကို ‘တွေ့မြင်ရ’ သောအခါ၊ ထိုအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းသည် အဘယ်အရာဖြစ်ကြောင်းနှင့် မည်သို့အရုပ်အလားကိုးကွယ်ခံရပုံတို့ကို သိမြင်လာသောအခါ ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးသူများသည် လုံခြုံရာသို့ထွက်ပြေးရန် လိုအပ်သည်။ အဘယ်အရာဆီမှ ထွက်ပြေးရမည်နည်း။ မျက်မှောက်ခေတ်ပုံဆောင် သစ္စာမဲ့ယေရုရှလင်၊ တစ်နည်းအားဖြင့် ခရစ်ယာန်ဘောင်နှင့် မဟာဗာဗုလုန်ဖြစ်သည့် ကမ္ဘာတစ်ခွင်ရှိ မှားယွင်းသောဘာသာရေးစနစ်ရှိရှိသမျှမှဖြစ်သည်။—ဗျာဒိတ် ၁၈:၄။
၁၇၊ ၁၈။ မျက်မှောက်ခေတ် “ရွံရှာဖွယ်အရာ” သည် အဘယ်ပျက်စီးမှုကို ဖြစ်စေမည်နည်း။
၁၇ ပထမရာစုတွင် ရောမစစ်တပ်သည် အရုပ်အလံများဖြစ်သော “ရွံရှာဖွယ်အရာ” နှင့်အတူ ဂျူးတို့၏သန့်ရှင်းသောမြို့ဖြစ်သည့် “သန့်ရှင်းရာအရပ်ဌာန” သို့ဝင်ရောက်ခဲ့သောအခါ ယေရုရှလင်မြို့နှင့် သူမ၏ဝတ်ပြုမှုစနစ်ကိုဖျက်ဆီးရန်ယင်းသည် ထိုအရပ်တွင်ရှိနေခြင်းဖြစ်ကြောင်းကိုလည်း သတိရပါ။ ကျွန်ုပ်တို့အချိန်တွင် ဖျက်ဆီးမှုသည် မြို့တစ်မြို့အပေါ်လောက်သာ သို့မဟုတ် ခရစ်ယာန်ဘောင်အပေါ်လောက်သာမဟုတ်ဘဲ ကမ္ဘာတစ်ခွင်ရှိမဟာဗာဗုလုန်စနစ်ပေါ်တွင် ကျရောက်တော့မည်ဖြစ်သည်။—ဗျာဒိတ် ၁၈:၅-၈။
၁၈ ဗျာဒိတ် ၁၇:၁၆ က ယူအဲန်ဖြစ်ကြောင်းထင်ရှားသည့် ဤပုံဆောင်ကြက်သွေးရောင်သားရဲသည် ပြည့်တန်ဆာမအလားဖြစ်သော မဟာဗာဗုလုန်ဘက်သို့ ခြေဦးလှည့်ကာ သူမကိုကြမ်းကြမ်းရမ်းရမ်း ဖျက်ဆီးမည်ဖြစ်ကြောင်း တင်ကူးပြောသည်။ ကွက်ကွက်ကွင်းကွင်းပေါ်လွင်သည့် အသုံးအနှုန်းကို သုံးကာ ဤသို့ဆိုသည်– “ယခုမြင်သော ချိုဆယ်ချောင်းနှင့်သားရဲသည် ပြည့်တန်ဆာကိုမုန်း၍ သူ၏စည်းစိမ်ကိုဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကိုကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။” ယင်းသည် အံ့သြမိန်းမောဖွယ်အာရုံစိုက်စရာအဓိပ္ပာယ်ဆောင်မည်ဖြစ်သည်။ယင်းသည် ဤမြေကမ္ဘာအရပ်ရပ်ရှိ မှားယွင်းသောဘာသာရေးအမျိုးမျိုးရှိသမျှ၏ ဆုံးခန်းဖြစ်မည်။ ယင်းက ကြီးစွာသောဒုက္ခစတင်ပြီဖြစ်ကြောင်း အမှန်ပင်ပြသမည်။
၁၉။ ယူအဲန်တည်ထောင်ကတည်းက အဘယ်အင်အားစုများသည် ယင်း၏အဖွဲ့ဝင်ဖြစ်နေကြပြီနည်း၊ ယင်းသည် အဘယ်ကြောင့်ထူးခြားသနည်း။
၁၉ ၁၉၄၅ ခုနှစ်တွင် ယူအဲန်စတင်အကောင်အထည်ဖော်ကတည်းက ဘုရားမဲ့ဘာသာရေးဆန့်ကျင်သော အင်အားစုများသည် ယင်း၏အဖွဲ့ဝင်များထဲတွင် အထင်ကရဖြစ်ခဲ့ကြသည်မှာ မှတ်သားစရာဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် အကြိမ်ပေါင်းများစွာ ဤကဲ့သို့သောအင်အားစုများသည် ဘာသာရေးဝတ်များ လုပ်ဆောင်ခြင်းကို ပြင်းပြင်းထန်ထန်ကန့်သတ်ချုပ်ချယ်ခြင်း သို့မဟုတ် လုံးဝပိတ်ပင်ခြင်း၌ အခရာဖြစ်ခဲ့သည်။ သို့တိုင် လွန်ခဲ့သည့်နှစ်အနည်းငယ်က ဘာသာရေးအုပ်စုများအပေါ် အစိုးရ၏ဖိနှိပ်မှုကို နေရာများစွာတွင် လျှော့ပေါ့ပစ်ခဲ့ပြီ။ အချို့သူများအတွက်မူ ဘာသာရေးအတွက်အန္တရာယ်မရှိတော့ပြီဟု ထင်မှတ်ပေမည်။
၂၀။ ဤလောကဘာသာတရားများသည် အဘယ်ဂုဏ်သတင်းမျိုးကို မိမိတို့ဘာသာထွက်စေခဲ့သနည်း။
၂၀ သို့ရာတွင် မဟာဗာဗုလုန်အဝင်ဘာသာရေးများသည် ကမ္ဘာတွင် ရမ်းရမ်းကားကားဖြင့် ဖရိုဖရဲဖြစ်စေနေသော အင်အားစုဖြစ်နေတုန်းပင်ဖြစ်သည်။ သတင်းခေါင်းကြီးပိုင်းများက သူတို့လက်ခံယူထားသည့်ဘာသာတရားအမည်တပ်ကာ လူရမ်းကားဂိုဏ်းများ၊ အကြမ်းဖက်အုပ်စုများကို မကြာခဏခွဲခြားဖော်ပြသည်။ ရုန်းရင်းခတ်မှုနှိမ်နင်းရေးရဲနှင့် စစ်သားများသည် ပြိုင်ဘက်များစပ်ကြားအကြမ်းဖက်မှုကို အဆုံးသတ်ရပ်စဲပေးရန် ဝတ်ပြုကျောင်းများထဲသို့ ချဉ်းနင်းဝင်ရောက်ခဲ့ကြရသည်။ ဘာသာရေးအဖွဲ့များသည် နိုင်ငံရေးလှုပ်ရှားမှုတွင် ငွေကြေးထောက်ပံ့ပေးခဲ့ကြသည်။ ဘာသာတရားဆိုင်ရာမုန်းတီးမှုက လူမျိုးစုအုပ်စုများကြား ဆက်ဆံရေးဆက်လက်တည်မြဲစေဖို့ ယူအဲန်၏ကြိုးပမ်းမှုများကို သဲထဲရေသွန်ဖြစ်စေခဲ့ပြီ။ ငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့်ပတ်သက်သော ပန်းတိုင်များကို အမီလိုက်ရေးတွင် ယူအဲန်အတွင်းရှိအင်အားစုများသည် မိမိတို့လမ်းကြောင်းတွင်ကန့်လန့်ခံနေသည့် ဘာသာရေးလွှမ်းမိုးမှုမှန်သမျှအား ဖယ်ရှားပစ်လိုက်ခြင်းကို တွေ့မြင်လိုကြသည်။
၂၁။ (က) မဟာဗာဗုလုန်ဖျက်ဆီးခံရမည့်အချိန်ကို မည်သူသတ်မှတ်မည်နည်း။ (ခ) ထိုအချိန်မတိုင်မီ အဘယ်အရာကို အဆောတလျင်လုပ်ရန်ဖြစ်သနည်း။
၂၁ သုံးသပ်စရာ အခြားအရေးပါသောအချက်တစ်ခုလည်း ရှိသည်။ ယူအဲန်အတွင်းမှလာသော စစ်ဘက်ဆိုင်ရာ ချိုများကို မဟာဗာဗုလုန်အား ဖျက်ဆီးရန် အသုံးပြုမည်ဖြစ်ပြီး ယင်းဖျက်ဆီးခြင်းသည် ဘုရားသခင့်တရားစီရင်ချက်၏သရုပ်သကန် အမှန်ပင်ဖြစ်မည်။ တရားစီရင်ချက်ချခြင်းသည် ဘုရားသခင်သတ်မှတ်ထားချိန်တွင် ဖြစ်လာမည်။ (ဗျာဒိတ် ၁၇:၁၇) ဤစပ်ကြားကာလတွင် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။ “သူ၏အထဲကထွက်ကြ”—မဟာဗာဗုလုန်ထဲက ထွက်ကြ—ဟုကျမ်းစာကအဖြေပေးထားသည်။—ဗျာဒိတ် ၁၈:၄။
၂၂၊ ၂၃။ အဆိုပါထွက်ပြေးမှုတွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။
၂၂ လုံခြုံရာသို့ အလွတ်ပြေးခြင်းသည် ဂျူးခရစ်ယာန်များ ယေရုရှလင်ကိုစွန့်ခွာသွားသောအခါကကဲ့သို့ မြေနေရာပြောင်းရွှေ့ရန်မဟုတ်ပါ။ ယင်းသည် ခရစ်ယာန်ဘောင်၏ဘာသာတရားများမှ အလွတ်ရုန်းထွက်ခြင်း၊ အမှန်မှာ မဟာဗာဗုလုန်၏မည်သည့်အစိတ်အပိုင်းမှမဆို နုတ်ထွက်လိုက်ခြင်းဖြစ်သည်။ ယင်းသည် မိမိကိုယ်ကို မှားယွင်းသောဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများမှလောက်သာမက သူတို့၏ထုံးစံဓလေ့များနှင့် သူလှုံ့ဆော်ပေးသော သဘောထားများမှလည်း လုံးဝတသီးတခြားနေခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ ယင်းသည် ယေဟောဝါရှင်၏သီအိုကရက်တစ် အဖွဲ့အစည်းအတွင်း လုံခြုံရာနေရာသို့ အလွတ်ပြေးခြင်းဖြစ်သည်။—ဧဖက် ၅:၇-၁၁။
၂၃ ပထမကမ္ဘာစစ်အပြီးတွင် ယေဟောဝါ၏ ဘိသိက်ခံကျေးကျွန်များက နိုင်ငံပေါင်းချုပ်အသင်းသည် ခေတ်သစ်ရွံရှာဖွယ်အရာဖြစ်ကြောင်း ဦးဆုံးအထင်အရှားဖော်ပြသောအခါ ထိုသက်သေခံများ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ သူတို့သည် ခရစ်ယာန်ဘောင်ချာ့ချ်များတွင် အသင်းသားဖြစ်နေခြင်းတို့ကို အဆက်ဖြတ်ပစ်ခဲ့ပြီးသားဖြစ်သည်။ သို့ရာတွင် သူတို့သည် လက်ဝါးကားတိုင်ကိုအသုံးပြုခြင်း၊ ခရစ္စမတ်နှင့် အခြားသောတိတ္ထိပွဲနေ့များကို ကျင်းပခြင်းကဲ့သို့သော ခရစ်ယာန်ဘောင်၏ဓလေ့ထုံးစံများနှင့် အကျင့်အကြံတချို့ကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း တဖြည်းဖြည်းသိမြင်လာသည်။ ဤကိစ္စများနှင့်ပတ်သက်၍ အမှန်တရားကို သူတို့သိနားလည်လာသောအခါ မဆိုင်းမတွပြုမူခဲ့ကြသည်။ သူတို့သည် ဟေရှာယ ၅၂:၁၁ ပါ ဤသြဝါဒကို နှလုံးသွင်းခဲ့ကြသည်– “ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှထွက်သွားကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုအရပ်ထဲမှ ထွက်သွားကြလော့။ ထာဝရဘုရား၏အဆောက်အဦတို့ကို ဆောင်ရွက်သောသူတို့ သန့်ရှင်းခြင်းရှိကြလော့။”
၂၄။ အထူးသဖြင့် ၁၉၃၅ ခုနှစ်ကတည်းကစ၍ ထိုထွက်ပြေးမှုတွင် မည်သူများပါဝင်ခဲ့ကြသနည်း။
၂၄ အထူးသဖြင့် ၁၉၃၅ ခုနှစ်မှစ၍ မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခွင့်အလားအလာကို လက်ခံယုံကြည်ကြသော အရေအတွက်တိုးပွားလျက်ရှိသည့် အခြားလူအုပ်တစ်အုပ်သည် ထပ်တူအပြုအမူမျိုးကို စတင်လုပ်ဆောင်ခဲ့ကြသည်။ သူတို့သည်လည်း ‘ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာနတွင် စိုက်နေသည်ကို တွေ့မြင်’ ခဲ့ကြပြီး ယင်း၏အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်ကြောင်း သိနားလည်ခဲ့ကြသည်။ ထွက်ပြေးဖို့ ဆုံးဖြတ်ချက်ချပြီးနောက် သူတို့သည် မိမိတို့အမည်များကို မဟာဗာဗုလုန်အဝင်ဖြစ်သည့် အဖွဲ့အစည်းများ၏အဖွဲ့ဝင်စာရင်းများမှ နုတ်ထွက်လိုက်ကြသည်။—၂ ကောရိန္သု ၆:၁၄-၁၇။
၂၅။ မဟာဗာဗုလုန်တွင် ရှိကောင်းရှိခဲ့မည့်သူတစ်ဦးသည် မည်သည့်အဆက်အသွယ်ကိုမဆို ဖြတ်တောက်ပစ်ခြင်းအပြင် အဘယ်အရာလိုအပ်သနည်း။
၂၅ သို့ရာတွင် မဟာဗာဗုလုန်မှ ထွက်ပြေးခြင်းသည် မှားယွင်းသောဘာသာတရားကို ကျောခိုင်းစွန့်ခွာလိုက်ခြင်းထက်မက ပို၍ပါဝင်ပတ်သက်သည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမရှိ အစည်းအဝေးအချို့တွင် တက်ရောက်ခြင်း သို့မဟုတ် လယ်ကွင်းလုပ်ငန်း၌ သတင်းကောင်းဟောပြောရာတွင် တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အမှုဆောင်ထွက်ခြင်းထက်မက ပါဝင်သည်။ လူတစ်ဦးသည် ခန္ဓာကိုယ်အရ မဟာဗာဗုလုန်၏အပြင်ဘက်တွင်ရှိနေပေမည်၊ သို့သော် သူသည် ယင်းကိုအမှန်တကယ် ကျောခိုင်းခဲ့ပြီလော။ သူသည် မဟာဗာဗုလုန်အဓိကအစိတ်အပိုင်းအဖြစ်ပါဝင်သည့် လောကမှ ကိုယ်တိုင် အဆက်ဖြတ်ခဲ့ပြီလော။ သူသည် မဟာဗာဗုလုန်၏သဘောထားဖြစ်သည့် ဘုရားသခင့်ဖြောင့်မှန်သောစံနှုန်းများကို မထီလေးစားပြုသည့်သဘောထားကို ဆုပ်ကိုင်ထားဆဲလော။ သူသည် လိင်စာရိတ္တရေးရာနှင့် အိမ်ထောင်ရေးသစ္စာတို့ကို ပေါ့ပေါ့တန်တန်ယူမှတ်နေသလော။ သူသည် ဝိညာဉ်ရေးအကျိုးစီးပွားထက် ကိုယ်ရေးကိုယ်တာနှင့် ရုပ်ပစ္စည်းအကျိုးစီးပွားကို ပို၍အလေးပေးသလော။ သူသည် မိမိကိုယ်ကို ဤအစီအစဉ်စနစ်၏ ပုံစံမျိုးချိုးခွင့်မပြုရပါ။—မဿဲ ၆:၂၄; ၁ ပေတရု ၄:၃၊ ၄။
သင်၏ထွက်ပြေးခြင်းကို အဘယ်အရာကမျှ မနှောင့်နှေးစေပါနှင့်!
၂၆။ ပြေးထွက်ခြင်းကို အစပြုရုံလောက်သာမကဘဲ လွတ်လွတ်ကျွတ်ကျွတ် အောင်အောင်မြင်မြင်ဖြစ်စေရန် ကျွန်ုပ်တို့ကို အဘယ်အရာက ထောက်ကူမည်နည်း။
၂၆ လုံခြုံရာသို့ ကျွန်ုပ်တို့ပြေးရာတွင် နောက်တွင်ချန်ထားခဲ့သည့်အရာတို့ကို တမ်းတမ်းတတ ပြန်မကြည့်ရဟူသည့် အမိန့်ကို မဖြစ်မနေနာခံရမည်ဖြစ်သည်။ (လုကာ ၉:၆၂) ကျွန်ုပ်တို့သည် မိမိတို့၏စိတ်နှင့်နှလုံးတို့ကို ဘုရားသခင့်နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားအပေါ်တွင် အခိုင်အမာဆက်၍စူးစိုက်ထားဖို့လိုသည်။ ယေဟောဝါရှင်သည် ဤကဲ့သို့နာခံမှုရှိသောလိုက်လျှောက်မှုကို ကောင်းချီးပေးမည်ဟူသည့် စိတ်ချယုံကြည်မှုနှင့်အတူ ယင်းတို့ကို ရှေးဦးရှာခြင်းဖြင့် ကျွန်ုပ်တို့၏သစ္စာရှိမှုကို တင်ပြရန်စိတ်ဆုံးဖြတ်ထားပါသလော။ (မဿဲ ၆:၃၁-၃၃) ကျွန်ုပ်တို့သည် ကမ္ဘာ့မြင်ကွင်းတွင် တင်ကူးပြောထားသော ထူးခြားသည့် ဖြစ်ပေါ်လာမှုများကို စိတ်ထက်သန်စွာစောင့်ဆိုင်းရင်း မိမိတို့၏ သမ္မာကျမ်းစာအပေါ် အခြေခံထားသည့်ယုံကြည်ချက်များသည် ထိုပန်းတိုင်အထိအရောက်လှမ်းရန် ကျွန်ုပ်တို့ကို လှုံ့ဆော်သင့်သည်။
၂၇။ ဤတွင်မေးထားသည့် မေးခွန်းများကို အလေးအနက်စဉ်းစားခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၂၇ မြင့်မြတ်သောတရားစီရင်ချက်ချခြင်းသည် မဟာဗာဗုလုန်၏ပျက်စီးခြင်းနှင့် အစပြုမည်။ ဤပြည့်တန်ဆာကဲ့သို့သော မှားယွင်းသည့်ဘာသာရေးအင်ပါယာသည် အမြစ်ပြတ်သုတ်သင်ရှင်းလင်းခံရမည်။ ထိုအခါသမယသည် အလွန်နီးကပ်နေပြီတကား! ထိုအရေးကြီးသောအခါသမယရောက်လာသောအခါ တစ်ဦးချင်းအနေနှင့် ကျွန်ုပ်တို့၏ရပ်တည်မှုကား မည်သို့ဖြစ်မည်နည်း။ ကြီးစွာသောဒုက္ခ၏အထွတ်အထိပ်၌ ကျန်ရှိနေသည့် စာတန့်ဆိုးသွမ်းသောစနစ် ဖျက်ဆီးခံရချိန်တွင် မည်သည့်ဘက်တွင် ကျွန်ုပ်တို့ကို တွေ့ရမည်နည်း။ ကျွန်ုပ်တို့သည် လိုအပ်သောအပြုအမူကို ယခုလုပ်ဆောင်ပါက ကျွန်ုပ်တို့၏လုံခြုံမှုသည် စိတ်ချရသည်။ ယေဟောဝါရှင်က ကျွန်ုပ်တို့အား ဤသို့မိန့်တော်မူသည်– “ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာနေ” ရမည်။ (သု. ၁:၃၃) ဤစနစ်၏ဆုံးခန်းအတွင်း ယေဟောဝါ၏အမှုတော်ကို သစ္စာရှိရှိရွှင်လန်းစွာ ဆက်၍အမှုဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါထံ ထာဝစဉ်အမှုဆောင်ရန် အရည်အချင်းပြည့်မီပေမည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း နယူးယောက်မြို့မှထုတ်ဝေသည့် ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း စာအုပ် အတွဲ ၁၊ စာမျက်နှာ ၆၃၄-၅ [လိပ်] တွင်ရှု။
သင်မှတ်မိသလော
◻ မျက်မှောက်ခေတ် “ရွံရှာဖွယ်အရာ” ကားအဘယ်နည်း။
◻ “ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန” ၌ အဘယ်သဘောဖြင့် ရှိနေသနည်း။
◻ ယခုပင် လုံခြုံရာသို့ ထွက်ပြေးခြင်းတွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။
◻ အဆိုပါအပြုအမူကို အဘယ်ကြောင့် အဆောတလျင်လုပ်ရသနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အသက်လွတ်ရန် ယေရှု၏နောက်တော်လိုက်များသည် မဆိုင်းမတွပြေးထွက်ခဲ့ရသည်