ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kl အခန်း ၁၀ စာ. ၉၀-၉၇
  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ
  • ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရည် ရွယ်ချက်ရှိသော နိုင်ငံတော်
  • ဘုရားသခင့်နိုင်ငံတော်၏အရှိတရား
  • နိုင်ငံတော်အုပ်ချုပ်မှု—အဘယ်အချိန်နည်း
  • ဘုရားသခင့်နိုင်ငံတော်အဘက်ဘက်တွင် သာလွန်ကောင်းမွန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘုရားသခင့်အစိုးရ စတင်အုပ်စိုးခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ထာဝရအသက်ရစေသော အသိပညာအသိပညာ
kl အခန်း ၁၀ စာ. ၉၀-၉၇

အခန်း ၁၀

ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ

၁၊ ၂။ လူ့အစိုးရများသည် အရည်အချင်းမပြည့်ဝကြောင်း မည်သို့ထင်ရှားသနည်း။

ပစ္စည်းကိရိယာတစ်ခု ဝယ်ယူပြီးနောက် ထိုပစ္စည်း အလုပ်မလုပ်သည့်အဖြစ်မျိုး သင်ကြုံဖူးကောင်းကြုံဖူးမည်။ စက်ပြင်ဆရာတစ်ဦးကို သင်ခေါ်လိုက်သည်ဟုဆိုကြပါစို့။ သို့ရာတွင် ထိုပစ္စည်းသည် ပြုပြင်ပြီး၍မကြာမီမှာပင် ပျက်သွားပြန်လေသည်။ မည်မျှစိတ်ပျက်စရာ ကောင်းလိုက်လေခြင်း!

၂ လူ့အစိုးရများလည်း ဤနည်းနှင်နှင်ပင်ဖြစ်သည်။ လူသားတို့သည် ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်ချမ်းမြေ့မှုအတွက် အာမခံမည့်အစိုးရကို အစဉ်သဖြင့်လိုလားခဲ့ကြသည်။ သို့သော် လူ့အဖွဲ့အစည်းမှ ပျက်စီးယိုယွင်းမှုများကိုပြုပြင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့သမျှသည် စစ်မှန်သောအောင်မြင်မှု မရရှိခဲ့ချေ။ ငြိမ်းချမ်းရေးသဘောတူစာချုပ် အမြောက်အမြားချုပ်ဆိုခဲ့ကြသော်လည်း—၎င်းနောက် ဖောက်ဖျက်ခဲ့ကြသည်။ ထို့ ပြင် ဆင်းရဲမွဲတေမှု၊ ဘက်လိုက်မှု၊ ရာဇဝတ်မှု၊ ရောဂါဘယနှင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုတို့ကို မည်သည့်အစိုးရက ပပျောက်အောင်လုပ်နိုင်ခဲ့ပြီနည်း။ လူ့အုပ်ချုပ်မှုသည် ပြုပြင်၍မရတော့သည့်အခြေအနေ ဆိုက်နေပြီ။ ဣသရေလနိုင်ငံ၏ ပညာရှိရှင်ဘုရင် ရှောလမုန်ကပင် “လူသည် မိမိသွားရာလမ်းကို အဘယ်သို့နားလည်နိုင်သနည်း” ဟူ၍မေးခွန်းထုတ်ခဲ့သည်။—သု. ၂၀:၂၄၊ သမ္မာ။

၃။ (က) ယေရှုဟောပြောခြင်းလုပ်ငန်း၏ အဓိကခေါင်းစဉ်ကား အဘယ်နည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်ကို လူအသီးသီးတို့က မည်သို့သရုပ်ဖော်ကြသနည်း။

၃ လက်မှိုင်မချပါနှင့်! တည်ငြိမ်သောကမ္ဘာ့အစိုးရဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက်များ မဟုတ်ပါ။ ယင်းသည် ယေရှုဟောပြောခြင်း၏ အဓိကခေါင်းစဉ်ပင်ဖြစ်သည်။ ကိုယ်တော်က ယင်းကို “ဘုရားသခင့်နိုင်ငံတော်” ဟုခေါ်ဝေါ်ပြီး ယင်းအတွက်ဆုတောင်းရန် နောက်တော်လိုက်များကို သင်ကြားတော်မူခဲ့သည်။ (လုကာ ၁၁:၂; ၂၁:၃၁) ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဘာသာရေးအသိုင်းအဝိုင်းများ၌ ရံဖန်ရံခါပြောကြဆိုသည်မှာ မှန်ပါသည်။ အမှန်အားဖြင့် လူသန်းပေါင်းများစွာသည် သခင့်ပတ္ထနာတော် (ကျွန်ုပ်တို့၏အဘ သို့မဟုတ် စံပြပတ္ထနာတော်ဟုလည်းခေါ်သည်) ကို အထပ်ထပ်ရွတ်ဆိုကြသည့်အခါ၌ ဤနိုင်ငံတော်အတွက် နေ့စဉ်ဆုတောင်းနေကြခြင်းဖြစ်သည်။ သို့သော် “ဘုရားသခင့်နိုင်ငံတော်ဆိုတာဘာလဲ” ဟုမေးလိုက်သည့်အခါ လူတို့က အမျိုးမျိုးအဖြေပေးကြသည်။ အချို့က “ခင်ဗျားရဲ့နှလုံးထဲမှာပေါ့” ဟူ၍ဆိုကြသည်။ အချို့ကမူ ကောင်းကင်ဘုံဟုဆိုကြသည်။ ကျွန်ုပ်တို့တွေ့ရှိရမည့်အတိုင်း သမ္မာကျမ်းစာက ရှင်းလင်းသောအဖြေပေးထားသည်။

ရည် ရွယ်ချက်ရှိသော နိုင်ငံတော်

၄၊ ၅။ ယေဟောဝါသည် မိမိ၏ပိုင်သအုပ်စိုးမှုကို အသွင်သဏ္ဌာန်သစ်ဖြင့်ဖော်ပြရန် အဘယ်ကြောင့်ဆုံးဖြတ်တော်မူသနည်း။ ၎င်းသည် အဘယ်အရာကို အောင်မြင်ပြီးစီးစေမည်နည်း။

၄ ယေဟောဝါဘုရားသခင်သည် စကြဝဠာကိုပိုင်သအုပ်စိုးသည့်မင်း အစဉ်ဖြစ်တော်မူ၏။ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသည့်အချက်ကိုယ်နှိုက်က ကိုယ်တော်အား ထိုမြင့်မြတ်သောရာထူးသို့ တိုးမြှင့်ရောက်ရှိစေသည်။ (၁ ရာဇဝင်ချုပ် ၂၉:၁၁; ဆာလံ ၁၀၃:၁၉; တမန်တော် ၄:၂၄) သို့သော် ယေရှုဟောပြောသည့် နိုင်ငံတော်မှာ ဘုရားသခင့်စကြဝဠာပိုင်သအုပ်စိုးမှုအာဏာတော်၏ လက်အောက်ခံ၊ သို့မဟုတ် တစ်ဆင့်ခံသာဖြစ်သည်။ မေရှိယနိုင်ငံတော်၌ အထူးရည်ရွယ်ချက်တစ်ရပ်ရှိသည်။ ၎င်းကား အဘယ်နည်း။

၅ အခန်း ၆ တွင် ရှင်းပြခဲ့သည့်အတိုင်း ကနဦးလူသားမောင်နှံတို့သည် ဘုရားသခင့်အာဏာတော်ကို ဖီဆန်ခဲ့ကြသည်။ ပေါ်ပေါက်လာသည့်ပြဿနာများကြောင့် ယေဟောဝါသည် မိမိ၏အချုပ်အခြာအာဏာတော်ကို အသွင်သစ်သဏ္ဌာန်ဖြင့် ဖော်ပြရန်ဆုံးဖြတ်တော်မူ၏။ ဘုရားသခင်သည် မြွေတည်းဟူသောစာတန်ကို ချေမှုန်း၍ လူသားတို့၏မွေးရာပါ အပြစ်ဒုစရိုက်၏အကျိုးဆက်ကို ပယ်ရှားမည့် “အမျိုးအနွယ်” ကိုပေါ်ထွန်းစေမည့် မိမိ၏ရည်ရွယ်ချက်ကို မဆိုင်းမတွပင် ကြေညာတော်မူခဲ့သည်။ အဓိက “အမျိုးအနွယ်” မှာ ယေရှုခရစ်ဖြစ်ပြီး “ဘုရားသခင့်နိုင်ငံတော်” မှာစာတန်ကိုလုံးလုံးလျားလျား အောင်နိုင်မည့် အသုံးတော်ခံဖြစ်သည်။ ယေရှုခရစ်သည် ၎င်းနိုင်ငံတော်အားဖြင့် ယေဟောဝါ၏နာမတော်ကိုအမှီပြုကာ ကမ္ဘာ့အုပ်ချုပ်ရေးကို ပြန်လည်ထူထောင်၍ ဘုရားသခင်၏တရားသော ပိုင်သအုပ်စိုးမှုအာဏာတော် တော်တည့်ဖြောင့်မှန်ကြောင်း အစဉ်ထာဝရ ထင်ရှားဖော်ပြတော်မူမည်။—ကမ္ဘာဦး ၃:၁၅; ဆာလံ ၂:၂-၉။

၆၊ ၇။ (က) နိုင်ငံတော်သည် အဘယ်အရပ်တွင်ရှိသနည်း။ ရှင်ဘုရင်နှင့်တွဲဖက်မင်းများကား မည်သူတို့နည်း။ (ခ) နိုင်ငံတော်၏ လက်အောက်ခံပြည်သူတို့ကား မည်သူတို့နည်း။

၆ ဆိုးညစ်သောဖာရိရှဲတို့အား ယေရှုမိန့်တော်မူသည့်စကားကို ဘာသာပြန်ကျမ်းတစ်စောင်က “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်” ဟုပြန်ဆိုထားသည်။ (လုကာ ၁၇:၂၁၊ ယုဒသန်) ဖောက်ပြန်သောထိုသူတို့၏ ဆိုးညစ်သောနှလုံးအထဲ၌ နိုင်ငံတော်ရှိသည်ဟု ယေရှုဆိုလိုတော်မူသလော။ မဟုတ်ပါ။ မူရင်းဂရိဘာသာအတိုင်း ပိုမိုတိကျမှန်ကန်စွာပြန်ဆိုသည့် ကျမ်းတစ်စောင်တွင် “ဘုရားသခင့်နိုင်ငံတော်သည် သင်တို့၏အလယ်တွင်ရှိသည်” ဟူ၍ဖတ်ရသည်။ (ကမ္ဘာသစ်ဘာသာပြန်) ဤသို့ဖြင့် သူတို့အလယ်တွင်ရှိနေသည့်ယေရှုက မိမိကိုယ်ကို မင်းလောင်းအဖြစ် ဖော်ညွှန်းတော်မူခဲ့သည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်ဆိုသည်မှာ လူတစ်ဦး၏နှလုံးထဲ၌ရှိသောအရာ လုံးဝမဟုတ်ဘဲ အုပ်ချုပ်သည့်မင်းတစ်ပါးနှင့် လက်အောက်ခံပြည်သူများရှိသော လုပ်ငန်းဆောင်ရွက်နေသည့် အစိုးရအဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ယင်းကို “ကောင်းကင်နိုင်ငံတော်”၊ “ဘုရားသခင့်နိုင်ငံတော်” ဟူ၍နှစ်မျိုးခေါ်ဝေါ်ထားသောကြောင့် ယင်းသည် ကောင်းကင်အစိုးရဖြစ်သည်။ (မဿဲ ၁၃:၁၁; လုကာ ၈:၁၀) ရူပါရုံ၌ ပရောဖက်ဒံယေလက နိုင်ငံတော်အုပ်ချုပ်သည့်မင်းကို “လူသားနှင့်တူသောသူ” အဖြစ်လည်းကောင်း၊ ထိုသူကို အနန္တတန်ခိုးရှင် ဘုရားသခင်အထံတော်ပါးသို့သွင်း၍ “ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးဟူသမျှသည် အမှုတော်ကိုဆောင်စေခြင်းငှာ နိုင်ငံနှင့်တကွ အာဏာစက်၊ ဘုန်းတန်ခိုးတို့ကို” အပ်နှင်းသည်ကိုလည်းကောင်း တွေ့ မြင်ခဲ့သည်။ (ဒံယေလ ၇:၁၃၊ ၁၄၊ ကဘ) ဤမင်းကား မည်သူနည်း။ သမ္မာကျမ်းစာက ယေရှုခရစ်ကို “လူသား” ဟုခေါ်ဆိုထားသည်။ (မဿဲ ၁၂:၄၀; လုကာ ၁၇:၂၆) မှန်ပါ၏၊ ယေဟောဝါသည် သားတော်ယေရှုခရစ်တော်ကို မင်းအဖြစ်လျာထားတော်မူ၏။

၇ ယေရှုသည် တစ်ပါးတည်း အုပ်စိုးတော်မမူ။ ကိုယ်တော်နှင့်အတူ တွဲဖက်မင်းများနှင့် ယဇ်ပုရောဟိတ်များအဖြစ် “မြေကြီးမှရွေးနုတ်သောသူ” ၁၄၄,၀၀၀ ရှိသည်။ (ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁၊ ၃; လုကာ ၂၂:၂၈-၃၀) ဘုရားသခင့်နိုင်ငံတော်၏ လက်အောက်ခံပြည်သူတို့မှာ ခရစ်တော်၏ဦးဆောင်မှုကို ဝန်ခံကြသည့် ကမ္ဘာ့လူ့မိသားစုကြီးဖြစ်သည်။ (ဆာလံ ၇၂:၇၊ ၈) သို့ရာတွင် ၎င်းနိုင်ငံတော်သည် ဘုရားသခင့်ပိုင်သအုပ်စိုးမှုကို တော်တည့်ဖြောင့်မှန်ကြောင်းအမှန်ပင်ထင်ရှားစေပြီး ကမ္ဘာပေါ်တွင် ပရဒိသုအခြေအနေ ပြန်လည်ထူထောင်ပေးမည်ဟု မည်သို့အသေအချာ သိနိုင်သနည်း။

ဘုရားသခင့်နိုင်ငံတော်၏အရှိတရား

၈၊ ၉။ (က) ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော ကတိတော်များအပေါ်ယုံကြည်စိတ်ချနိုင်မှုကို မည်သို့သာဓကပေး၍ ရှင်းပြနိုင်သနည်း။ (ခ) နိုင်ငံတော်၏အရှိတရားကို အဘယ်ကြောင့် သေချာစိတ်ချနိုင်သနည်း။

၈ မီးလောင်မှုကြောင့် သင့်အိမ်ပြာကျသွားသည်ဟု မြင်ယောင်ကြည့်ပါ။ ငွေကြေးတတ်နိုင်သူ မိတ်ဆွေတစ်ဦးက သင့်အိမ်ကိုပြန်ဆောက်ပေးမည်၊ သင့်မိသားစုအတွက် ရိက္ခာထောက်ပံ့ပေးမည်ဟု ကတိပေးလာသည်။ ထိုမိတ်ဆွေသည် ရိုးသားသူဖြောင့်မတ်သူဖြစ်ပါက သူ့ကို သင်ယုံကြည်မည်မဟုတ်လော။ နောက်တစ်နေ့ အလုပ်မှသင်ပြန်လာသည့်အခါ အလုပ်သမားများက မီးလောင်ပြင်ကို ရှင်းလင်းနေကြပြီး သင့်မိသားစုအတွက်လည်း စားစရာများရောက်ရှိနေသည် ဆိုကြပါစို့။ အချိန်တန်လျှင် အရာရာသည် နဂိုအတိုင်းပြန်ဖြစ်လာရုံမက ယခင်ကထက်ပင် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သင်အကြွင်းမဲ့ယုံကြည်မည်မှာ ယုံမှားဖွယ်မရှိ။

၉ အလားတူပင် ယေဟောဝါသည် နိုင်ငံတော်၏အရှိတရားနှင့်ပတ်သက်၍ အာမခံချက်ပေးထား၏။ ဟေဗြဲသြဝါဒစာ၌ ဖော်ပြထားသည့်အတိုင်း ပညတ်တရား၏ လက္ခဏာရပ်အများသည် နိုင်ငံတော်အစီအစဉ်ကို ကြို၍ညွှန်ပြကြသည်။ (ဟေဗြဲ ၁၀:၁) ဘုရားသခင့်နိုင်ငံတော်၏ သွင်ပြင်လက္ခဏာများကို မြေကြီးဆိုင်ရာ ဣသရေလနိုင်ငံတွင်တွေ့မြင်ရသည်။ ဣသရေလနိုင်ငံသည် သာမန်အစိုးရမဟုတ်၊ အကြောင်းမှာ အုပ်ချုပ်သည့်မင်းများသည် “ယေဟောဝါ၏ ရာဇပလ္လင်ပေါ်မှာ” ထိုင်ကြသောကြောင့်တည်း။ (၁ ရာဇဝင်ချုပ် ၂၉:၂၃၊ ကဘ) ၎င်းပြင် “ရှိလောမရောက်မီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်” ဟူ၍လည်း ကြိုဟောထားသည်။ (ကမ္ဘာဦး ၄၉:၁၀)a မှန်ပါသည်၊ ဤယုဒမင်းမျိုးမင်းနွယ်ထဲမှ ဘုရားသခင့်နိုင်ငံတော်၏ တည်မြဲသောမင်းဖြစ်သူယေရှု မွေးဖွားလာမည်ဖြစ်ပါသည်။—လုကာ ၁:၃၂၊ ၃၃။

၁၀။ (က) ဘုရားသခင့် မေရှိယနိုင်ငံတော်၏အုတ်မြစ်ကို အဘယ်အချိန်တွင်ချခဲ့သနည်း။ (ခ) ယေရှုနှင့်ပူးတွဲအုပ်ချုပ်မည့် မင်းလောင်းများသည် မြေကြီးပေါ်တွင် အဘယ်အရေးကြီးသောလုပ်ငန်းကို ဦးစီးဆောင်ရွက်မည်နည်း။

၁၀ ယေရှု၏တမန်တော်များကို ရွေးချယ်ခြင်းအားဖြင့် ဘုရားသခင့် မေရှိယနိုင်ငံတော်၏အုတ်မြစ်ကို ချခဲ့သည်။ (ဧဖက် ၂:၁၉၊ ၂၀; ဗျာဒိတ် ၂၁:၁၄) ဤသူတို့ကား တွဲဖက်မင်းများအဖြစ် ယေရှုခရစ်နှင့်အတူ ကောင်းကင်ဘုံတွင်စိုးစံကြမည့် ၁၄၄,၀၀၀ အနက်မှ ကနဦးပုဂ္ဂိုလ်များဖြစ်ကြသည်။ ဤပူးတွဲအုပ်ချုပ်မည့်မင်းလောင်းများသည် ကမ္ဘာပေါ်တွင်ရှိစဉ် “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့” ဟူသောယေရှု၏အမိန့်တော်နှင့်အညီ သက်သေခံခြင်းလုပ်ငန်းစဉ်ကို ဦးဆောင်ကြမည်။—မဿဲ ၂၈:၁၉။

၁၁။ ယနေ့ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတော်ကို မည်သို့ဆောင်ရွက်နေသနည်း။ အဘယ်အရာကို အောင်မြင်ပြီးစီးစေသနည်း။

၁၁ တပည့်ဖြစ်စေလော့ဟူသောအမိန့်တော်ကို ယခုအခါတွင် မကြုံဖူးသည့်အတိုင်းအတာဖြင့် လိုက်နာဆောင်ရွက်လျက်ရှိသည်။ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား [“သတင်းကောင်း၊” ကဘ] ကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟူသော ယေရှု၏အနာဂတ္တိစကားတော်နှင့်အညီ ယေဟောဝါသက်သေများသည် နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ကြွေးကြော်လျက်ရှိကြသည်။ (မဿဲ ၂၄:၁၄) နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း၏ ကဏ္ဍတစ်ရပ်အနေနှင့် ကြီးမားသောပညာရေး အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်လျက်ရှိသည်။ ဘုရားသခင့်နိုင်ငံတော်၏ ဥပဒေများနှင့်အခြေခံမူများအတိုင်း လိုက်နာသူတို့သည် လူ့အစိုးရများ ဖန်တီးပေးနိုင်စွမ်းမရှိသော ငြိမ်းချမ်းမှုနှင့်စည်းလုံးမှုတို့ကို ယခုပင်ရရှိနေကြပြီ။ ဤအရာအားလုံးသည် ဘုရားသခင့်နိုင်ငံတော် တကယ်ရှိကြောင်းထင်ရှားစေသည့် ရှင်းလင်းသောသာဓကပင်ဖြစ်သည်။

၁၂။ (က) နိုင်ငံတော်ကြွေးကြော်သူများကို ယေဟောဝါသက်သေများဟူ၍ ခေါ်ဝေါ်ခြင်းသည် အဘယ်ကြောင့်သင့်လျော်သနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်သည် လူ့အစိုးရများနှင့် မည်သို့ကွာခြားသနည်း။

၁၂ ဣသရေလလူမျိုးကို ယေဟောဝါက “သင်တို့သည် . . . ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန် ဖြစ်ကြ၏” ဟူ၍မိန့်တော်မူခဲ့၏။ (ဟေရှာယ ၄၃:၁၀-၁၂) “သစ္စာစောင့်သောသက်သေခံ” ယေရှုသည် နိုင်ငံတော်သတင်းကောင်းကို စိတ်အားထက်သန်စွာ ကြွေးကြော်တော်မူခဲ့သည်။ (ဗျာဒိတ် ၁:၅; မဿဲ ၄:၁၇) ထို့ကြောင့် မျက်မှောက်ခေတ် နိုင်ငံတော်ကြွေးကြော်သူများက ယေဟောဝါသက်သေများဟူသော ဘုရားပေးအမည်ကိုခံယူကြခြင်းမှာ သင့်လျော်လှပေသည်။ သို့သော် သက်သေခံများသည် သူတစ်ပါးကို ဘုရားသခင့်နိုင်ငံတော်အကြောင်းပြောပြရန် အဘယ်ကြောင့် ဤမျှများပြားသည့် အချိန်နှင့်ခွန်အားတို့ကို စိုက်ထုတ်နေကြသနည်း။ နိုင်ငံတော်သည် လူသားတို့၏ တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်သောကြောင့်တည်း။ လူ့အစိုးရများသည် အနှေးနှင့်အမြန် ပျက်ပြားကြသော်လည်း ဘုရားသခင့်နိုင်ငံတော်မူကား မည်သည့်အခါမျှ ပျက်ပြားမည်မဟုတ်။ ဟေရှာယ ၉:၆၊ ၇ က ဘုရားသခင့်နိုင်ငံတော်ဘုရင်ယေရှုကို ‘ငြိမ်သက်ခြင်းမင်း’ ဟုခေါ်ဝေါ်ပြီး “အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်” ဟုထပ်၍ဆိုထားသည်။ ဘုရားသခင့်နိုင်ငံတော်သည် နေ့မြင်ညပျောက်တတ်သည့် လူ့အစိုးရများနှင့်မတူပေ။ ဒံယေလ ၂:၄၄၊ ၄၅ ၌ဤသို့အသေအချာဆိုထားသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို . . . ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့ မရောက်ရဘဲ . . . အစဉ်အမြဲတည်လိမ့်မည်။”

၁၃။ (က) ဘုရားသခင့်နိုင်ငံတော် အောင်မြင်စွာအရေးယူဆောင်ရွက်မည့် ပြဿနာအချို့ကား အဘယ်နည်း။ (ခ) ဘုရားသခင့်ကတိတော်များသည် ပြည့်စုံမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့် သေချာစိတ်ချနိုင်သနည်း။

၁၃ စစ်မှု၊ ရာဇဝတ်မှု၊ ဖျားနာမှု၊ ငတ်မွတ်မှုနှင့် အိုးအိမ်မဲ့မှုတို့ကို တိုက်ဖျက်နိုင်သော မည်သည့်လူသားဘုရင်ရှိသနည်း။ ထို့ပြင်၊ သေလွန်သူများကို ထမြောက်စေနိုင်သော မည်သည့်မြေကြီး ဘုရင်ရှိသနည်း။ ဘုရားသခင့်နိုင်ငံတော်နှင့် နိုင်ငံတော်ဘုရင်တို့သည် ဤကိစ္စများကို အရေးယူဆောင်ရွက်ကြမည်။ နိုင်ငံတော်သည် အမြဲမပြတ် ပြင်ဆင်ရသော ချွတ်ယွင်းနေသည့် ပစ္စည်းကိရိယာကဲ့သို့ အနာအဆာရှိမည်မဟုတ်။ သို့အစား၊ ဘုရားသခင့်နိုင်ငံတော်သည် မုချအထမြောက်အောင်မြင်မည်။ “ငါ၏နှုတ်ကပါဌ်စကားသည် . . . အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်” ဟူ၍ယေဟောဝါ ကတိတော်ရှိသောကြောင့်တည်း။ (ဟေရှာယ ၅၅:၁၁) ဘုရားသခင့်ရည်ရွယ်ချက်သည် အရေးနိမ့်မည်မဟုတ်ပေ။ သို့သော် နိုင်ငံတော်အုပ်ချုပ်မှု အဘယ်အချိန်တွင်စတင်သနည်း။

နိုင်ငံတော်အုပ်ချုပ်မှု—အဘယ်အချိန်နည်း

၁၄။ နိုင်ငံတော်နှင့်ပတ်သက်၍ ယေရှု၏တပည့်တော်များ အဘယ်လွဲမှားသောအမြင် ရှိခဲ့ကြသနည်း။ သို့သော် မိမိ၏အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ယေရှုဘာကိုသိထားတော်မူသနည်း။

၁၄ “သခင်ဘုရား၊ ယခုအခါ ကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကို ပြန်ပေးတော်မူမည်လော။” ယေရှု၏တပည့်တော်များ မေးလျှောက်သည့်ဤမေးခွန်းက ထိုအချိန်အထိ သူတို့သည် ဘုရားသခင့်နိုင်ငံတော်၏ရည်ရွယ်ချက်နှင့် နိုင်ငံတော်စတင်အုပ်ချုပ်ရန် ချိန်းချက်သောအချိန်တို့ကို မသိရှိသေးကြောင်းဖော်ပြသည်။ ဤကိစ္စအတွက် မှန်းဆခြင်းမပြုရန် သတိပေးသည့်အနေနှင့် ယေရှုက “ခမည်းတော်၏တန်ခိုးတော်အားဖြင့် စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ” ဟုမိန့်တော်မူ၏။ ကမ္ဘာကိုအုပ်ချုပ်ရမည့်အချိန်မှာ မိမိရှင်ပြန်ထမြောက်၍ ကောင်းကင်ဘုံသို့တက်ကြွပြီးနောက် ကြာမြင့်စွာသောအနာဂတ်ကာလ၌ ဖြစ်မည့်အကြောင်း ယေရှုသိတော်မူ၏။ (တမန်တော် ၁:၆-၁၁; လုကာ ၁၉:၁၁၊ ၁၂၊ ၁၅) သမ္မာကျမ်းစာက ဤအကြောင်းကို ကြိုဟောထားသည်။ အဘယ်သို့ဟောထားသနည်း။

၁၅။ ယေရှုအုပ်ချုပ်မည့်အချိန်နှင့်ပတ်သက်၍ ဆာလံ ၁၁၀:၁ ကမည်သို့ ထင်ထင်လင်းလင်း သိမြင်စေသနည်း။

၁၅ ယေရှုကို “သခင်” ဟူ၍ ပရောဖက်ပြုရည်ညွှန်းလျက် ဒါဝိဒ်မင်းက ဤသို့ဆိုထားသည်– “ထာဝရဘုရားက ‘သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ၊ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ထိုင်နေလော့’ ဟု ငါ၏သခင်အား မိန့်တော်မူ၏။” (ဆာလံ ၁၁၀:၁; တမန်တော် ၂:၃၄-၃၆ နှိုင်းယှဉ်။) ဤပရောဖက်ပြုချက်က ယေရှု၏အုပ်ချုပ်မှုသည် ကိုယ်တော်ကောင်းကင်ဘုံသို့တက်ကြွပြီးသည်နှင့် စတင်မည်မဟုတ်ကြောင်း ပြညွှန်သည်။ ယင်းအစား ကိုယ်တော်သည် ဘုရားသခင်၏လက်ယာတော်ဘက်တွင် စောင့်နေရမည်ဖြစ်သည်။ (ဟေဗြဲ ၁၀:၁၂၊ ၁၃) မည်မျှကြာကြာ စောင့်ရမည်နည်း။ ကိုယ်တော့်အုပ်ချုပ်ရေး မည်သည့်အချိန်တွင် စတင်မည်နည်း။ အဖြေရရန် သမ္မာကျမ်းစာက အကူအညီပေးထားသည်။

၁၆။ ဘီ.စီ.အီး. ၆၀၇ ခုတွင် ဘာဖြစ်ပျက်ခဲ့သနည်း။ ယင်းသည် ဘုရားသခင့်နိုင်ငံတော်နှင့် မည်သို့ဆက်စပ်မှုရှိသနည်း။

၁၆ သမ္မာကျမ်းစာအရ မြေကြီးတစ်ပြင်လုံးတွင် ယေဟောဝါ၏နာမတော်တည်ရာ တစ်ခုတည်းသောမြို့မှာ ယေရုရှလင်မြို့ဖြစ်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၁:၃၆) ယေရုရှလင်မြို့သည် ဘုရားသခင့် ကောင်းကင်နိုင်ငံတော်၏ပုံစံဖြစ်သော ဘုရားသခင်နှစ်သက်သည့် မြေကြီးဆိုင်ရာနိုင်ငံ၏မြို့တော်လည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ဘီ.စီ.အီး. ၆၀၇ ခုတွင် ဗာဗုလုန်လူမျိုး၏လက်ချက်ဖြင့် ယေရုရှလင်မြို့ပျက်စီးခဲ့ခြင်းသည် အလွန်အရေးပါလှသည်။ ၎င်းဖြစ်ရပ်သည် မြေကြီးပေါ်ရှိလူမျိုးတော်အပေါ် ဘုရားသခင် တိုက်ရိုက်အုပ်ချုပ်ရာကာလ ရှည်ကြာစွာပြတ်တောက်ခြင်း၏အစကို အမှတ်အသားပြုသည်။ ရာစုနှစ်ခြောက်ခုခန့်ကုန်လွန်ပြီးနောက် ယေရှုက အဆိုပါအုပ်ချုပ်မှုပြတ်တောက်သည့်ကာလ ဆက်လက်တည်ရှိနေကြောင်း ညွှန်းဆိုခဲ့သည်။ ကိုယ်တော်က “လူမျိုးခြားတို့သည် မိမိတို့အချိန်ကာလ ပြည့်စုံသည်တိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့်နင်းကြလိမ့်မည်” ဟုမိန့်တော်မူခဲ့သောကြောင့်တည်း။—လုကာ ၂၁:၂၄၊ သမ္မာ။

၁၇။ (က) ‘လူမျိုးခြားတို့အချိန်ကာလ’ ကားအဘယ်နည်း။ ထိုကာလ မည်မျှကြာရှည်သနည်း။ (ခ) ’လူမျိုးခြားတို့အချိန်ကာလ’ သည် မည်သည့်အချိန်တွင်စတင်၍ မည်သည့်အချိန်တွင် ကုန်ဆုံးသနည်း။

၁၇ ‘လူမျိုးခြားတို့အချိန်ကာလ’ အတွင်း လူ့အစိုးရများအား ဘုရားသခင်နှစ်သက်တော်မူသည့်အုပ်ချုပ်ရေးကို ကြားဖြတ်နှောင့်ယှက်ခွင့်ပြုထားသည်။ ထိုကာလသည် ဘီ.စီ.အီး. ၆၀၇ ခု၊ ယေရုရှလင်မြို့ပျက်စီးချိန်တွင် စတင်ခဲ့ပြီး “ကာလခုနစ်ခု” ကြာမည်ဟု ဒံယေလကဖော်ပြသည်။ (ဒံယေလ ၄:၂၃-၂၅၊ သမ) ထိုကာလခုနစ်ခုသည် မည်မျှတာရှည်သနည်း။ သမ္မာကျမ်းစာက သုံး “ကာလ” ခွဲသည် ရက်ပေါင်း ၁,၂၆၀ နှင့်ညီကြောင်း ဖော်ပြထားသည်။ (ဗျာဒိတ် ၁၂:၆၊ ၁၄) ထိုအချိန်အပိုင်းအခြား၏နှစ်ပြန်၊ သို့မဟုတ် ခုနစ်ကာလသည် ရက်ပေါင်း ၂,၅၂၀ ဖြစ်မည်။ သို့သော် တိုတောင်းသောထိုကာလကုန်ဆုံးချိန်တွင် ဘာမျှထူးထူးခြားခြား မဖြစ်ခဲ့ချေ။ ဒံယေလပရောဖက်ပြုချက်ကို “တစ်ရက်ကို တစ်နှစ်ထား၍” ဘီ.စီ.အီး. ၆၀၇ ခုမှစပြီး နှစ်ပေါင်း ၂,၅၂၀ ရေတွက်လိုက်သော် စီ.အီး. ၁၉၁၄ ခုသို့ရောက်ရှိလာသည်။—တောလည်ရာ ၁၄:၃၄; ယေဇကျေလ ၄:၆။

၁၈။ နိုင်ငံတော်အာဏာကို လက်ခံရယူပြီးလျှင်ပြီးချင်း ယေရှုဘာပြုလုပ်တော်မူသနည်း။ ၎င်းသည် မြေကြီးအပေါ် အဘယ်အကျိုးသက်ရောက်မှုရှိစေခဲ့သနည်း။

၁၈ ထိုအချိန်တွင် ကောင်းကင်ဘုံ၌ ယေရှုစတင်စိုးစံတော်မူခဲ့သလော။ စိုးစံတော်မူပြီဟုဆိုနိုင်သော သမ္မာကျမ်းစာအကြောင်းပြချက်များကို နောက်အခန်းတွင် ဆွေးနွေးပါမည်။ သို့သော် ယေရှုစတင်အုပ်ချုပ်ခြင်းကို ကမ္ဘာပေါ် ချက်ချင်းငြိမ်းချမ်းရေးရရှိခြင်းဖြင့် အမှတ်သင်္ကေတပြုမည်မဟုတ်ပါ။ ယေရှုသည် နိုင်ငံတော်ကို လက်ခံရယူပြီးလျှင်ပြီးချင်း စာတန်နှင့်နတ်ဆိုးတမန်များကို ကောင်းကင်ဘုံမှချပစ်တော်မူမည်ဟု ဗျာဒိတ် ၁၂:၇-၁၂ ကဖော်ပြသည်။ ဤကား မြေကြီးအဖို့ အမင်္ဂလာဖြစ်သော်ငြားလည်း မာရ်နတ်အဖို့ “ကာလတစ်ခဏ” သာကျန်ရှိတော့ကြောင်းဖတ်ရသဖြင့် အားတက်ဖွယ်ကောင်းလှသည်။ များမကြာမီ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်လာတော့မည်၊ မြေကြီးနှင့်တကွ နာခံသောလူသားများအဖို့ ကောင်းချီးမင်္ဂလာ ဆောင်ကြဉ်းပေးတော့မည်ဖြစ်သောကြောင့် ကျွန်ုပ်တို့ရွှင်လန်းနိုင်ပေသည်။ (ဆာလံ ၇၂:၇၊ ၈) များမကြာမီ ထိုသို့ ဖြစ်လာတော့မည်ဟု ကျွန်ုပ်တို့အဘယ်သို့သိရှိရသနည်း။

[အောက်ခြေမှတ်ချက်များ]

a  ရှိလောဟူသောအမည်သည် “ပိုင်ရှင်; ပိုင်သသောသူ” ဟူ၍အဓိပ္ပာယ်ရှိသည်။ အချိန်တန်သောအခါ “ရှိလော” သည် “ယုဒအမျိုးခြင်္သေ့” ဖြစ်သော ယေရှုခရစ်တော်ဖြစ်ကြောင်း ထင်ရှားလာသည်။ (ဗျာဒိတ် ၅:၅) ယုဒတာဂွမ်ကျမ်း (Targums) အချို့က “ရှိလော” ဟူသောစကားလုံးနေရာ၌ “မေရှိယမင်း” ဖြင့်ရိုးရိုးလေး အစားထိုးဖော်ပြကြသည်။

သင်၏အသိပညာကို စစ်ဆေးခြင်း

ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း။ အဘယ်အရပ်မှ အုပ်ချုပ်မည်နည်း။

နိုင်ငံတော်တွင် မည်သူအုပ်ချုပ်မည်နည်း။ လက်အောက်ခံပြည်သူများကား မည်သူတို့နည်း။

နိုင်ငံတော်သည် အမှန်တကယ်တည်ရှိသောအရာဖြစ်ကြောင်း ကျွန်ုပ်တို့အား ယေဟောဝါ အဘယ်သို့အာမခံတော်မူသနည်း။

‘လူမျိုးခြားတို့၏အချိန်ကာလ’ မည်သည့်အချိန်တွင်အစပြု၍ မည်သည့်အချိန်တွင် အဆုံးသတ်သနည်း။

[စာမျက်နှာ ၉၄ ပါ လေးထောင့်ကွက်]

ဘုရားသခင့်နိုင်ငံတော်နှင့်ဆက်နွှယ်သော အရေးကြီးသည့်ဖြစ်ရပ်အချို့

• မြွေတည်းဟူသောစာတန်မာရ်နတ်ကို ချေမှုန်းမည့် “အမျိုးအနွယ်” ကိုပေါ်ထွန်းစေမည့်ရည်ရွယ်ချက်ကို ယေဟောဝါကြေညာခြင်း။—ကမ္ဘာဦး ၃:၁၅။

• ဘီ.စီ.အီး. ၁၉၄၃ ခုတွင် ယေဟောဝါက ၎င်း “အမျိုးအနွယ်” သည် အာဗြဟံမှဆင်းသက်သော လူသားတစ်ဦးဖြစ်မည့်အကြောင်း ညွှန်ပြတော်မူခဲ့သည်။—ကမ္ဘာဦး ၁၂:၁-၃၊ ၇; ၂၂:၁၈။

• ဘီ.စီ.အီး. ၁၅၁၃ ခုတွင် ဣသရေလလူမျိုးအား ပေးခဲ့သည့်ပညတ်တရားက “သက်ရောက်လတ္တံ့သော ကောင်းကျိုးချမ်းသာများ၏ အရိပ်အရောင်” ကိုပြသသည်။—ထွက်မြောက်ရာ ၂၄:၆-၈; ဟေဗြဲ ၁၀:၁၊ သတင်းကောင်း။

• မြေကြီးဆိုင်ရာ ဣသရေလနိုင်ငံသည် ဘီ.စီ.အီး. ၁၁၁၇ ခုတွင် စတင်တည်ထောင်၍ နောက်ပိုင်းတွင် ဒါဝိဒ်မင်းမျိုးက ဆက်၍အုပ်ချုပ်သည်။—၁ ဓမ္မရာဇဝင် ၁၁:၁၅; ၂ ဓမ္မရာဇဝင် ၇:၈၊ ၁၆။

• ယေရုရှလင်မြို့သည် ဘီ.စီ.အီး. ၆၀၇ ခုတွင်ပျက်စီးပြီး ‘လူမျိုးခြားတို့၏အချိန်ကာလ’ စတင်သည်။—၄ ဓမ္မရာဇဝင် ၂၅:၈-၁၀၊ ၂၅၊ ၂၆; လုကာ ၂၁:၂၄။

• စီ.အီး. ၂၉ ခုတွင် ယေရှုသည် မင်းလောင်းအဖြစ် ဘိသိက်တော်ခံ၍ မြေကြီးဓမ္မအမှုတော်ကို ဆက်၍ဆောင်ရွက်တော်မူသည်။—မဿဲ ၃:၁၆၊ ၁၇; ၄:၁၇; ၂၁:၉-၁၁။

• စီ.အီး. ၃၃ ခုတွင် ယေရှုကောင်းကင်ဘုံသို့ တက်ကြွတော်မူသည်။ ထိုတွင် ဘုရားသခင်၏လက်ယာတော်ဘက်၌ စတင်အုပ်ချုပ်မည့်အချိန်တိုင်အောင် စောင့်နေတော်မူ၏။—တမန်တော် ၅:၃၀၊ ၃၁; ဟေဗြဲ ၁၀:၁၂၊ ၁၃။

• ‘လူမျိုးခြားတို့၏အချိန်ကာလ’ ကုန်ဆုံးသည့် စီ.အီး. ၁၉၁၄ ခုတွင် ယေရှုသည် ကောင်းကင်နိုင်ငံတော်တွင် နန်းတင်ခံရသည်။—ဗျာဒိတ် ၁၁:၁၅။

• စာတန်နှင့်သူ၏နတ်ဆိုးတို့သည် ကမ္ဘာမြေကြီးဝန်းကျင်သို့ ချပစ်ခံရပြီး လူသားများအတွက် အမင်္ဂလာတိုးပွားအောင် ဖန်တီးကြသည်။—ဗျာဒိတ် ၁၂:၉-၁၂။

• ကမ္ဘာတစ်ဝန်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းကို ယေရှုဦးစီးကြီးကြပ်တော်မူ၏။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ