ဖြောင့်မတ်သောကမ္ဘာသစ်ထဲသို့ကယ်နုတ်ခံရခြင်း
“သူတို့မူကား . . . များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁။
၁၊ ၂။ (က) ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါ၏ကယ်နုတ်တော်မူခြင်းသည် ရှေးခေတ်က ကယ်နုတ်ခြင်းများနှင့် မည်သို့ကွာခြားမည်နည်း။ (ခ) ယေဟောဝါသည် မိမိ၏လူမျိုးကို အဘယ်ကမ္ဘာမျိုးထဲသို့ ပို့ဆောင်ပေးမည်နည်း။
ယေဟောဝါသည် ကယ်နုတ်တော်မူသော ဘုရားသခင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် ရှေးခေတ်က မိမိ၏လူမျိုးတော်ကို ကြိမ်ဖန်များစွာ ကယ်နုတ်တော်မူခဲ့သည်။ ထိုကယ်နုတ်ခြင်းတို့သည် ယာယီသာဖြစ်သည်။ အကြောင်းမှာ ယေဟောဝါသည် ထိုအချိန်အခါများတွင် စာတန်၏လောကကို အပြီးသတ်စီရင်တော်မမူခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် များမကြာမီ ကိုယ်တော်၏ကျေးကျွန်များကို အကြီးမားဆုံးနည်းဖြင့် ကယ်နုတ်တော်မူလိမ့်မည်။ ဤအကြိမ်တွင် ကမ္ဘာတစ်ဝန်းရှိ စာတန့်စနစ်၏အစအနရှိရှိသမျှကို ကိုယ်တော်ဖျက်ဆီးတော်မူပြီး အစဉ်တည်မည့်ဖြောင့်မတ်သောကမ္ဘာသစ်ထဲသို့ ကိုယ်တော့်ကျေးကျွန်များကို ပို့ဆောင်တော်မူလိမ့်မည်။—၂ ပေတရု ၂:၉; ၃:၁၀-၁၃။
၂ ယေဟောဝါက ဤသို့ကတိပြုတော်မူ၏– “ခဏကြာပြီးမှ၊ မတရားသောသူသည်မရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၁၀၊ ၁၁) မည်မျှကြာမည်နည်း။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉; မဿဲ ၅:၅) သို့ရာတွင် ထိုသို့မဖြစ်မီ ဤလောကသည် တစ်ခါမျှမဖြစ်ဖူးသော အကြီးမားဆုံးဒုက္ခကာလကို တွေ့ကြုံရမည်။
“ကြီးစွာသောဒုက္ခ”
၃။ ယေရှုသည် “ကြီးစွာသောဒုက္ခ” ကိုမည်သို့ဖော်ပြသနည်း။
၃ ၁၉၁၄ ခုနှစ်တွင်ဤလောက၏ “နောက်ဆုံးကာလ” စတင်ခဲ့သည်။ (၂ တိမောသေ ၃:၁-၅၊ ၁၃) ယခုကျွန်ုပ်တို့သည် ထိုကာလအတွင်း ၈၃ နှစ်တိုင်ဝင်နေပြီဖြစ်၍ ယေရှုကြိုတင်ဟောထားတော်မူသည့် အောက်ပါအမှုဖြစ်ပျက်မည့် အဆုံးတိုင်ချိန်နီးပြီ– “အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍မဖြစ်စဖူး နောင်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။” (မဿဲ ၂၄:၂၁) မှန်ပါ၏၊ လူပေါင်းသန်း ၅၀ ခန့်သေကျေခဲ့ရသော ပထမကမ္ဘာစစ်ထက်ပင် ပိုဆိုးရွားပါလိမ့်မည်။ ကမ္ဘာကိုတကယ်တုန်လှုပ်စေမည့်အချိန်သည် အလျင်အမြန်ချဉ်းကပ်လာနေပါသည်တကား!
၄။ ဘုရားသခင်၏တရားစီရင်ချက်သည် “မဟာဗာဗုလုန်” အပေါ်အဘယ်ကြောင့်သက်ရောက်ရသနည်း။
၄ “ကြီးစွာသောဒုက္ခ” သည် “တစ်နာရီချင်းတွင်” ရုတ်တရက် ရောက်လာပါလိမ့်မည်။ (ဗျာဒိတ် ၁၈:၁၀) ၎င်းစတင်ကြောင်းကို ဘုရားသခင့်နှုတ်ကပါဌ်စကားတော်က “မဟာဗာဗုလုန်” ဟုခေါ်သော ဘာသာတရားအားလုံးအပေါ် ဘုရားသခင့်တရားစီရင်ချက် ကျရောက်ခြင်းက မှတ်သားဖော်ပြလိမ့်မည်။ (ဗျာဒိတ် ၁၇:၁-၆၊ ၁၅) ရှေးဗာဗုလုန်၏ အဓိကလက္ခဏာသည် မှောက်မှားသောဘာသာဖြစ်သည်။ မျက်မှောက်ခေတ် ဗာဗုလုန်သည် သူမ၏ရှေးအလားတူအုပ်စုကဲ့သို့ဖြစ်ပြီး မှောက်မှားသောဘာသာရေး ကမ္ဘာ့အင်ပိုင်ယာကို ကိုယ်စားပြုပါသည်။ သူမသည် နိုင်ငံရေးအဖွဲ့များနှင့် အပေးအယူလုပ်ခြင်းအားဖြင့် ပြည့်တန်ဆာဖြစ်နေသည်။ သူမသည် ၎င်းတို့၏စစ်ပွဲများကို ထောက်ခံအားပေးပြီး ပြိုင်ဆိုင်တိုက်ခိုက်နေသောစစ်တပ်များကို ကောင်းချီးပေးခဲ့ရာ ရလဒ်ကား ဘာသာတူသူများအချင်းချင်း တစ်ဦးကိုတစ်ဦးသတ်ဖြတ်နေကြခြင်းဖြစ်သည်။ (မဿဲ ၂၆:၅၁၊ ၅၂; ၁ ယောဟန် ၄:၂၀၊ ၂၁) သူမသည် ၎င်း၏နောက်လိုက်များ၏ ယိုယွင်းပျက်ပြားသောအကျင့်များကို မသိကျိုးကျွန်ပြုပြီး စစ်မှန်သောခရစ်ယာန်များကို နှိပ်စက်ညှဉ်းဆဲလာခဲ့သည်။—ဗျာဒိတ် ၁၈:၅၊ ၂၄။
၅။ “ကြီးစွာသောဒုက္ခ” သည် မည်သို့စတင်သနည်း။
၅ နိုင်ငံရေးအဖွဲ့များက “မဟာဗာဗုလုန်” ကိုရုတ်တရက် လှည့်ပြီးတိုက်ခိုက်သည့်အခါ “ကြီးစွာသောဒုက္ခ” စတင်ပါသည်။ သူတို့သည် “ပြည့်တန်ဆာကိုမုန်း၍ သူ၏စည်းစိမ်ကိုဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကိုကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့ကြလိမ့်မည်။” (ဗျာဒိတ် ၁၇:၁၆၊ ၁၇) ထို့နောက် သူမကိုယခင်ကထောက်ခံခဲ့သူများသည် “သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။” (ဗျာဒိတ် ၁၈:၉-၁၉) သို့သော် ယေဟောဝါ၏ကျေးကျွန်များသည်ဤအမှုကိုကြိုတင်မျှော်လင့်ထားရာ သူတို့က ဤသို့ဟစ်အော်ကြလိမ့်မည်– “ဟာလေလုယ၊ . . . မိမိမတရားသောမေထုန်အားဖြင့် မြေကြီးကိုပုပ်ပျက်စေသောပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏အသွေးကို သူ၏လက်ဖြင့်သွန်းသောအပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီ။”—ဗျာဒိတ် ၁၉:၁၊ ၂။
ဘုရားသခင့်ကျေးကျွန်များ တိုက်ခိုက်ခံရ
၆၊ ၇။ “ကြီးစွာသောဒုက္ခ” အတွင်း တိုက်ခိုက်ခံရသည့်အခါ ယေဟောဝါ၏ကျေးကျွန်များသည် အဘယ်ကြောင့်စိတ်ချလက်ချရှိနိုင်သနည်း။
၆ ဗာဗုလုန်ဘာသာကို ဖျက်ဆီးခဲ့ပြီဖြစ်ရာ နိုင်ငံရေးအစိတ်အပိုင်းများသည် ယေဟောဝါ၏ကျေးကျွန်များကို တိုက်ခိုက်ဖို့ ကြံစည်လေသည်။ ပရောဖက်ပြုချက်ပါ မာဂေါဂပြည်က ဂေါဂ၊ စာတန်က ဤသို့ဆိုသည်– “ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား” မည်။ သူတို့ကိုအလွယ်တကူအနိုင်ရမည်ဟုအထင်ရှိပြီး သူတို့ထံ “အားကြီးသောစစ်သူရဲအပေါင်းတို့နှင့်တကွ . . . ပြည်ကိုမိုးအုံ့သကဲ့သို့” ဝင်တိုက်ခိုက်လေ၏။ (ယေဇကျေလ ၃၈:၂၊ ၁၀-၁၆) ယေဟောဝါ၏လူမျိုးသည် ကိုယ်တော်အား ယုံကြည်ကိုးစားကြသောကြောင့် ယင်းတိုက်ခိုက်မှုသည် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း သိကြပါသည်။
၇ ဖာရောနှင့် သူ၏စစ်သည်များက ဘုရားသခင့်ကျေးကျွန်များကို ပင်လယ်နီတွင် ပိတ်မိပြီဟုထင်မှတ်နေကြစဉ် ယေဟောဝါသည် မိမိ၏လူမျိုးကို အံ့ဖွယ်နည်းဖြင့်ကယ်နုတ်၍ အီဂျစ်စစ်တပ်ကို ဖျက်ဆီးတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၁၄:၂၆-၂၈) “ကြီးစွာသောဒုက္ခ” အတွင်း ယေဟောဝါ၏လူမျိုးကို ပိတ်မိပြီဟု တိုင်းနိုင်ငံများက ထင်မှတ်နေချိန်တွင် ကိုယ်တော်သည် အံ့ဖွယ်နည်းဖြင့် တစ်ဖန် ကယ်နုတ်တော်မူလိမ့်မည်– “ထိုကာလတွင် . . . ငါသည် ဒေါသအရှိန်ထ၍ အမျက်ထွက်လိမ့်မည်။ အကယ်စင်စစ် ထိုအခါ . . . ငါ၏ဒေါသမီးလောင်လျက် ငါပြောပြီ။” (ယေဇကျေလ ၃၈:၁၈၊ ၁၉) ထိုအခါ “ကြီးစွာသောဒုက္ခ” ၏အပြင်းထန်ဆုံးအချိန် သက်ရောက်လုဆဲဆဲဖြစ်လိမ့်မည်တကား!
၈။ လူဆိုးများကို ယေဟောဝါတရားမစီရင်မီ အဘယ်သဘာဝလွန်အဖြစ်အပျက်များ ဖြစ်သနည်း။ အဘယ်အကျိုးသက်ရောက်မှု ဖြစ်ပေါ်သနည်း။
၈ “ကြီးစွာသောဒုက္ခ” စတင်ပြီးချိန်နှင့် ဤလောကရှိ ကျန်ကြွင်းသူများကို ယေဟောဝါတရားမစီရင်မီ ကြားကာလအတွင်း တစ်ချိန်ချိန်တွင် သဘာဝလွန်အဖြစ်အပျက်များ ဖြစ်ပျက်လိမ့်မည်။ ၎င်းတို့၏သက်ရောက်မှုကို သတိပြုပါ။ “ထိုအခါ လူသား [ခရစ်တော်] ၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။” (မဿဲ ၂၄:၂၉၊ ၃၀) “ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုဗ္ဗနိမိတ်ထင်ရှားလိမ့်မည်။ . . . မြေကြီးပေါ်မှာဖြစ်လတ္တံ့သောဘေးများကိုမျှော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။”—လုကာ ၂၁:၂၅၊ ၂၆။
‘သင်တို့ကိုရွေးနုတ်သောအချိန်ကာလ ရောက်လုနီးပြီ’
၉။ သဘာဝလွန်အဖြစ်အပျက်များ ဖြစ်သည့်အခါ ယေဟောဝါ၏ကျေးကျွန်များသည် အဘယ်ကြောင့် ‘မျှော်ကြည့်၍ခေါင်းကိုကြွ’ နိုင်ကြသနည်း။
၉ လုကာ ၂၁:၂၈ ပါပရောဖက်ပြုချက်သည် ထိုအချိန်အခါနှင့်သက်ဆိုင်ပါသည်။ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “ထိုအမှုအရာတို့သည်ဖြစ်စရှိသောအခါ၊ သင်တို့ကိုရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကိုထောက်သဖြင့်၊ မျှော်ကြည့်၍ခေါင်းကိုကြွကြလော့။” ဖြစ်ပျက်နေသော သဘာဝလွန်ဖြစ်ရပ်များသည် ယေဟောဝါထံတော်မှသက်ရောက်လာနေကြောင်း ဘုရားသခင့်ရန်သူများက သိရှိကြသောကြောင့် ဘုရားသခင့်ရန်သူများသည် ကြောက်ရွံ့တုန်လှုပ်နေကြလိမ့်မည်။ သို့သော် ယေဟောဝါ၏ကျေးကျွန်များမူကား မိမိတို့၏ကယ်နုတ်ချိန်နီးပြီဟူ၍ သိရှိကြမည်ဖြစ်သောကြောင့် ရွှင်လန်းကြလိမ့်မည်။
၁၀။ ဘုရားသခင့်နှုတ်ကပါဌ်စကားတော်က “ကြီးစွာသောဒုက္ခ” ၏အထွတ်အထိပ်ကို မည်သို့ဖော်ပြသနည်း။
၁၀ ထိုအခါ ယေဟောဝါသည် စာတန်၏စနစ်ကို ဇာတ်သိမ်းမည့်စီရင်ချက်ကို မိန့်မြွက်တော်မူသည်– “ငါသည် ကာလနာဘေး၊ အသေသတ်ခြင်းဘေးအားဖြင့် သူ့ [ဂေါဂ] ကိုဒဏ်ပေးမည်။ သူနှင့်သူ၌ပါသောတပ်များ၊ အလုံးအရင်းများအပေါ်မှာ လွှမ်းသောမိုးရေ၊ ကြီးသောမိုးသီး၊ ကန့်နှင့်ရောသောမီးမိုးကိုရွာစေမည်။ . . . ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။” (ယေဇကျေလ ၃၈:၂၂၊ ၂၃) စာတန့်စနစ်၏ အစအနရှိရှိသမျှ ပျက်စီးသွားလေပြီ။ ဘုရားသခင်အားဥပေက္ခာပြုသူ လူ့အဖွဲ့အစည်းကြီးကို လုံးဝဥဿုံဖျက်ဆီးချေမှုန်းပစ်လေပြီ။ ၎င်းကား “ကြီးစွာသောဒုက္ခ” ၏အထွတ်အထိပ် အာမဂေဒုန်ပင်ဖြစ်သည်။—ယေရမိ ၂၅:၃၁-၃၃; ၂ သက်သာလောနိတ် ၁:၆-၈; ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၁၉:၁၁-၂၁။
၁၁။ ယေဟောဝါ၏ကျေးကျွန်များသည် “ကြီးစွာသောဒုက္ခ” မှ အဘယ်ကြောင့်ကယ်နုတ်ခံရကြသနည်း။
၁၁ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါအားဝတ်ပြုသူ သန်းပေါင်းများစွာတို့သည် “ကြီးစွာသောဒုက္ခ” မှကယ်နုတ်ခံရကြလိမ့်မည်။ ဤသူတို့သည် “အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်” လာသော ‘လူအုပ်ကြီး’ ဖြစ်သည်။ သူတို့သည် ဤမျှစိုးရွံ့ထိတ်လန့်ဖွယ်နည်းဖြင့် အဘယ်ကြောင့်ကယ်နုတ်ခံခဲ့ကြရသနည်း။သူတို့သည် “ဘုရားဝတ်ကို နေ့ညဉ့်မပြတ်ပြုကြ” သောကြောင့်ဖြစ်သည်။ ယင်းကြောင့် ဤကမ္ဘာကုန်ဆုံးချိန်ကို သူတို့ကပ်ကျော်ကြပြီး ဖြောင့်မတ်သောကမ္ဘာသစ်ထဲသို့ ပို့ဆောင်ခြင်းခံခဲ့ကြရသည်။ (ဗျာဒိတ် ၇:၉-၁၅) သို့ဖြစ်၍ ယေဟောဝါ၏ ဤကတိတော် ပြည့်စုံလာခြင်းကို သူတို့တွေ့မြင်ခဲ့ကြရသည်– “ထာဝရဘုရားကိုမျှော်လင့်၍၊ လမ်းတော်ကိုလျှောက်သွားလော့။ ပြည်တော်ကိုအမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ဆုံးရှုံးခြင်းကို သင်သည်ကြည့်မြင်ရလိမ့်မည်။”—ဆာလံ ၃၇:၃၄။
ကမ္ဘာသစ်
၁၂။ အာမဂေဒုန်ကပ်ကျော်သူများသည် အဘယ်အရာကို စောင့်မျှော်နိုင်သနည်း။
၁၂ ဆိုးသွမ်းမိုက်မဲမှု ပယ်ရှားခံရပြီး လူ့သမိုင်းတစ်လျှောက် အသာယာဆုံးခေတ် စတင်လာချိန်သည် အမှန်တကယ်ပီတိဖြစ်ကြရမည့်အချိန်ပါတကား! (ဗျာဒိတ် ၂၀:၁-၄) ဘုရားသခင်စီမံတော်မူသော သာယာပျော်ရွှင်၊ သန့်ရှင်းစင်ကြယ်သည့် ယဉ်ကျေးမှုရှိကမ္ဘာသစ်ဖြစ်သော ပရဒိသုအဖြစ်သို့ ပြောင်းလဲလာမည့်မြေကြီးပေါ် ဝင်ရောက်နေကြရသူ အာမဂေဒုန်ကပ်ကျော်သူများသည် ယေဟောဝါကို မည်မျှကျေးဇူးတင်လိုက်မည်ဖြစ်ခြင်း! (လုကာ ၂၃:၄၃) ထို့ပြင် သူတို့သေရကြတော့မည်မဟုတ်ပါတကား! (ယောဟန် ၁၁:၂၆) ထိုအချိန်မှစ၍ ယေဟောဝါအသက်တော်ရှင်သည်ကာလပတ်လုံး သူတို့ပါအသက်ရှင်ခွင့်ရှိသည့် ထူးဆန်းအံ့ဩဖွယ်မျှော်လင့်ချက်ရှိကြမည်တည်း!
၁၃။ ယေရှုကမ္ဘာပေါ်ရှိစဉ်ကစတင်ခဲ့သော ကုသပေးမှုလုပ်ငန်းကို မည်သို့ပြန်လည်ပြုလုပ်တော်မူမည်နည်း။
၁၃ ကောင်းကင်ဘုရင်အဖြစ် ယေဟောဝါခန့်အပ်ထားတော်မူသော ယေရှုသည် ကယ်နုတ်ခံရသူများ ပျော်မွေ့မည့် အံ့ဖွယ်ရာ ကောင်းချီးများကို ကြီးကြပ်စီမံပေးတော်မူမည်။ ကိုယ်တော်သည် ကမ္ဘာပေါ်ရှိစဉ်က မျက်စိမမြင်သောသူများကို မြင်စေပြီး၊ နားပင်းသူများကို ကြားစေရုံမက “လူများခံရသော အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေ” တော်မူခဲ့သည်။ (မဿဲ ၉:၃၅; ၁၅:၃၀၊ ၃၁) ကိုယ်တော်သည် ကမ္ဘာသစ်တွင် ထိုသို့ အကြီးအကျယ်ကုသပေးမှုလုပ်ငန်းကို ကမ္ဘာတစ်ဝန်းလုံးတွင်ပြန်လည်ပြုလုပ်တော်မူလိမ့်မည်။ ဘုရားသခင်၏ကိုယ်စားလှယ်တော်အဖြစ် ဤကတိတော်ကို ပြည့်စုံစေပါလိမ့်မည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ် ၂၁:၄) နောက်တစ်ဖန် ဆရာဝန်များ သို့မဟုတ် သုဘရာဇာများ လိုအပ်တော့မည်မဟုတ်ပါတကား!—ဟေရှာယ ၂၅:၈; ၃၃:၂၄။
၁၄။ ကွယ်လွန်ပြီးနှင့်သော ယေဟောဝါ၏ကျေးကျွန်များအတွက် အဘယ်ကယ်နုတ်ခြင်းရှိမည်နည်း။
၁၄ ကယ်နုတ်ခံရသောသူတို့တွင် ကွယ်လွန်ခဲ့သူ ဘုရားသခင်၏သစ္စာရှိကျေးကျွန်အားလုံးလည်း ပါဝင်မည်။ ကမ္ဘာသစ်တွင် သူတို့သည် သင်္ချိုင်းတွင်းမှ ထွက်မြောက်လာကြလိမ့်မည်။ ယေဟောဝါက ဤသို့အာမခံသည်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်။”(တမန်တော် ၂၄:၁၅) “ဖြောင့်မတ်သောသူ” များသည် ဦးဦးဖျားဖျား ရှင်ပြန်ထမြောက်ခံရပြီး ပရဒိသုကို တဖြည်းဖြည်းတိုးချဲ့ရန် ပါဝင်ကူညီခွင့်ရပေလိမ့်မည်။ ပြန်အသက်ရှင်လာကြသော ရှေးခေတ်က သစ္စာရှိကွယ်လွန်သူများ၏တွေ့ကြုံမှုများကို အာမဂေဒုန်ကပ်ကျော်သူများ ကြားနာရခြင်းသည် မည်မျှစိတ်ဝင်စားစရာကောင်းလိမ့်မည်တကား!—ယောဟန် ၅:၂၈၊ ၂၉။
၁၅။ ကမ္ဘာသစ်တွင် ခံစားရကြမည့် အခြေအနေအချို့ကို ဖော်ပြပါ။
၁၅ ထိုအခါ အသက်ရှင်သူများသည် ယေဟောဝါနှင့်စပ်လျဉ်း၍ ဆာလံဆရာပြောသော ဤစကားများ၏ပြည့်စုံခြင်းကို ခံစားရကြလိမ့်မည်– “လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။” (ဆာလံ ၁၄၅:၁၆) နောက်တစ်ဖန် မငတ်ပြတ်ရကြ– ကမ္ဘာမြေကြီးသည် ဝန်းကျင်မျှတမှုအခြေအနေရှိပြီး စားစရာများ အလျှံပယ်ထွက်စေပါလိမ့်မည်။ (ဆာလံ ၇၂:၁၆) အိုးအိမ်မဲ့သူများ မရှိတော့– “သူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။” “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။” (ဟေရှာယ ၆၅:၂၁၊ ၂၂; မိက္ခာ ၄:၄) ကြောက်ရွံ့ခြင်းမရှိတော့– စစ်မှု၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှုတို့ မရှိတော့ပါ။ (ဆာလံ ၄၆:၈၊ ၉; သု. ၂:၂၂) “မြေတစ်ပြင်လုံးသည် ငြိမ်ဝပ်ခြင်းရှိ၏။ ရွှင်လန်းစွာသီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏။”—ဟေရှာယ ၁၄:၇။
၁၆။ ကမ္ဘာသစ်တွင် ဖြောင့်မတ်ခြင်းတရား အဘယ်ကြောင့်ပျံ့နှံ့မည်နည်း။
၁၆ ကမ္ဘာသစ်တွင် စာတန်၏ဝါဒဖြန့်နည်းလမ်းများ ရှိတော့မည်မဟုတ်ပါ။ ၎င်းအစား “လောကီသားတို့သည် တရားကိုသင်ကြ” လိမ့်မည်။ (ဟေရှာယ ၂၆:၉; ၅၄:၁၃) တစ်နှစ်ပြီးတစ်နှစ် ကောင်းမွန်သော ဝိညာဏသွန်သင်မှုကို ခံယူနေကြရာ “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၉) လူသားတို့တွင် တည်ဆောက်မှုပေးသော အကြံအစည်များနှင့် အပြုအမူများ ပြည့်တင်းနေမည်။ (ဖိလိပ္ပိ ၄:၈) စဉ်းစားကြည့်ပါ၊ ရာဇဝတ်မှုပြုခြင်း၊ ဘဝင်ကိုင်ခြင်း၊ မနာလိုဖြစ်ခြင်းကင်းမဲ့သော ကမ္ဘာချီလူ့အဖွဲ့အစည်းတစ်ခု၊ ဘုရားသခင်၏ဝိညာဉ်အသီးကို အားလုံးသီးကြသော အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုများအသင်းအပင်းဖြစ်သည်။ အမှန်မှာ ယခုပင်လျှင် လူအုပ်ကြီးသည် ထိုအရည်အချင်းများကို မွေးမြူနေပါသည်။—ဂလာတိ ၅:၂၂၊ ၂၃။
အဘယ်ကြောင့်ဤမျှကြာရှည်ရသနည်း
၁၇။ ယေဟောဝါသည် ဆိုးသွမ်းမိုက်မဲမှုကို ဖယ်ရှားရန် အဘယ်ကြောင့်ဤမျှကြာမြင့်စွာ စောင့်ဆိုင်းတော်မူခဲ့ရသနည်း။
၁၇ သို့ရာတွင် ယေဟောဝါသည် ဆိုးသွမ်းမိုက်မဲမှုကိုဖယ်ရှားပြီး ကမ္ဘာသစ်ထဲသို့ မိမိ၏လူမျိုးကို ပို့ဆောင်ပေးရန် အဘယ်ကြောင့်ဤမျှကြာမြင့်စွာ စောင့်ဆိုင်းနေတော်မူခဲ့ရသနည်း။ ပြီးမြောက်ရမည့်အရာကို သုံးသပ်ကြည့်ပါ။ အရေးအကြီးဆုံးကား ယေဟောဝါ၏အုပ်ချုပ်ပိုင်ခွင့်၊ ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သင်္ကာယနကင်းရှင်းရေးဖြစ်သည်။ ကိုယ်တော်သည် အချိန်အလုံအလောက် ပေးထားခြင်းအားဖြင့် မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့် ကင်းလွတ်သော လူ့အုပ်ချုပ်မှုသည် အကြီးအကျယ်ရှုံးနိမ့်မှုဖြစ်ကြောင်း အခိုင်အမာသက်သေပြတော်မူခဲ့ပြီ။ (ယေရမိ ၁၀:၂၃) ထို့ကြောင့် ယေဟောဝါသည် လူ့အုပ်ချုပ်မှုနေရာတွင် ခရစ်တော်လက်အောက်ရှိ ကိုယ်တော်၏ကောင်းကင်နိုင်ငံတော်အုပ်ချုပ်မှုဖြင့် အစားထိုးခွင့်အပြည့်အဝရှိတော်မူသည်။—ဒံယေလ ၂:၄၄; မဿဲ ၆:၉၊ ၁၀။
၁၈။ အာဗြဟံ၏မျိုးစဉ်မျိုးဆက်သည် ခါနာန်ပြည်ကို အဘယ်အခါအမွေခံကြမည်နည်း။
၁၈ ဤရာစုနှစ်များတစ်လျှောက် ဖြစ်ပျက်ခဲ့သမျှသည် အာဗြဟံခေတ်ကအဖြစ်အပျက်နှင့် ဆင်တူယိုးမှားဖြစ်ပါသည်။ အာဗြဟံ၏မျိုးစဉ်မျိုးဆက်သည် ခါနာန်ပြည်ကို အမွေခံရကြမည်၊ သို့သော် “အာမောရိအမျိုးသားတို့၏ ဒုစရိုက်အပြစ်သည်မစုံလင်သေး” သောကြောင့် အနှစ်လေးရာပတ်လုံး စောင့်နေရဦးမည်ဟု အာဗြဟံကို ယေဟောဝါမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁၂:၁-၅; ၁၅:၁၃-၁၆) ဤတွင် “အာမောရိအမျိုးသားတို့” (ထင်ရှားသောအနွယ်တစ်နွယ်) ဟူသောစကားလုံးသည် ခါနာန်လူမျိုးတစ်မျိုးလုံးကို ကိုယ်စားပြုခြင်းဖြစ်နိုင်သည်။ ယင်းကြောင့် ယေဟောဝါသည် ခါနာန်ပြည်ကို မိမိ၏လူမျိုးအား သိမ်းပိုက်ခွင့်မပြုမီ လေးရာစုနှစ်ခန့် ကုန်လွန်မည်ဖြစ်သည်။ ဤအတောအတွင်း ယေဟောဝါသည် ခါနာန်လူမျိုးတို့အား သူတို့၏ လူ့ဘောင်အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးပွားစေရန် ခွင့်ပြုထားတော်မူသည်။ အဘယ်ရလဒ်ဖြစ်ထွန်းသနည်း။
၁၉၊ ၂၀။ ခါနာန်လူမျိုးတို့သည် အဘယ်လူ့ဘောင်အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးပွားစေခဲ့သနည်း။
၁၉ မေဂိဒ္ဒေါမြို့တွင် ရှေးဟောင်းသုတေသနပညာရှင်များသည် ဗာလဘုရား၏ဘုရားမ-ဇနီး အာရှတရက်၏ ဝတ်ပြုရာဗိမာန်အပျက်အယွင်းများကို တွေ့ရှိခဲ့ကြောင်း ဟင်နရီအိပ်ချ်ဟေလီ၏ ကျမ်းစာလက်စွဲစာအုပ်က ဖော်ပြထားသည်။ သူက ဤသို့ရေးသားခဲ့သည်– “ဤဗိမာန်မှ ခြေလှမ်းအနည်းငယ်တွင် သင်္ချိုင်းတစ်ခုရှိသည်။ ထိုတွင် ၎င်းဗိမာန်၌ပူဇော်ခဲ့သော နို့စို့သူငယ်များ၏ရုပ်ကြွင်းကိုထည့်ထားသော စဉ့်အိုးများစွာ တွေ့ရှိခဲ့သည်။ . . . ဗာလနှင့်အာရှတရက်တို့၏ ပရောဖက်များသည် ကလေးငယ်များကို တရားဝင်သတ်ဖြတ်သောသူများဖြစ်ကြသည်။” “အခြားထိတ်လန့်တုန်လှုပ်ဖွယ်အကျင့်တစ်ခုမှာ သူတို့ခေါ်ဆိုကြသည့် ‘အုတ်မြစ်ချယဇ်များ’ဖြစ်သည်။ အိမ်တစ်လုံးဆောက်တော့မည်ဆိုလျှင် ကလေးတစ်ဦးကို ပူဇော်ကြပြီး ယင်းကလေးငယ်၏အလောင်းကို နံရံအထဲတွင် ရောဆောက်တတ်ကြသည်။”
၂၀ ဟေလီက ဤသို့ပြောပြသည်– “ဗာလ၊ အာရှတရက်နှင့် အခြားအခြားခါနာန်ဘုရားများကို ဝတ်ပြုကိုးကွယ်မှုတွင် တရားလွန်သောက်စားမြူးထူး ပျော်ပါးခြင်းများပါဝင်သည်; သူတို့၏ဘုံဗိမာန်များသည် ဖောက်ပြန်သောအကျင့်ဆိုးများ ပြုကျင့်ရာဌာနများဖြစ်သည်။ . . . ခါနာန်လူမျိုးသည် ကာမဂုဏ်လိုက်စားခြင်း . . . သားဦးများကို ထိုဘုရားများအား ပူဇော်ခြင်းဖြင့် ကိုးကွယ်ဝတ်ပြုကြသည်။ ခါနာန်တစ်ပြည်လုံးသည် အကြီးစားသောဒုံနှင့် ဂေါမောရဖြစ်နေပုံရှိသည်။ . . . ဤမျှစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့်အထိ ညစ်ညမ်းကြမ်းကြုတ်သည့် ယဉ်ကျေးမှုသည် ဆက်တည်ရှိခွင့် ရှိနိုင်ဦးမည်လော။ . . . ခါနာန်တို့၏အပျက်အယွင်းများကိုတူးဖော်သည့် ရှေးဟောင်းသုတေသနပညာရှင်များက သူတို့ကို ဘုရားသခင်ဖျက်ဆီးချိန်သည် လိုပါသေးသည်ဟု ယူမှတ်ကြ၏။”—၃ ဓမ္မရာဇဝင် ၂၁:၂၅၊ ၂၆ နှိုင်းယှဉ်။
၂၁။ ခါနာန်လူမျိုးတို့၏အခြေအနေနှင့် ကျွန်ုပ်တို့ခေတ်သည် အဘယ်ဆင်တူယိုးမှားချက်များရှိသနည်း။
၂၁ အာမောရိအမျိုးသားတို့၏ ဒုစရိုက်အပြစ်သည် ‘စုံလင်လာပေပြီ’။ ထို့ကြောင့် ယေဟောဝါသည် သူတို့ကို တရားသဖြင့် ယခုဖျက်ဆီးပိုင်ခွင့်ရှိသည်။ ယနေ့လည်း ထပ်တူပင်ဖြစ်သည်။ ဤလောကကြီးတွင် အကြမ်းဖက်မှု၊ စာရိတ္တယိုယွင်းမှုနှင့် ဘုရားသခင့်ပညတ်ဥပဒေများကို မထီမဲ့မြင်ပြုမှုတို့ဖြင့် ပြည့်နှက်နေပါသည်။ ရှေးခါနာန်ပြည်တွင် ကလေးများကို ပူဇော်သည့်ရက်စက်မှုများကြောင့် ကျွန်ုပ်တို့အထိတ်တလန့်ဖြစ်ခဲ့ပြီဆိုလျှင် ခါနာန်ပြည်ထက် ပိုဆိုးရွားသော ဤလောက၏စစ်ပွဲများတွင် ပူဇော်ခံခဲ့ရသည့်လူငယ် သန်းပေါင်းများစွာတို့နှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ ယေဟောဝါသည် ဤစနစ်ကို ယခုအဆုံးစီရင်ရန် အပြည့်အဝလုပ်ပိုင်ခွင့် အမှန်ရှိတော်မူသည်။
အခြားအရာတစ်ခုကို ဖြစ်မြောက်အောင်မြင်စေခြင်း
၂၂။ ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါတင်ပြသော စိတ်ရှည်မှုက အဘယ်အမှုကို ဖြစ်မြောက်အောင်မြင်စေသနည်း။
၂၂ ဤနောက်ဆုံးကာလတွင် ယေဟောဝါတင်ပြနေတော်မူသော စိတ်ရှည်မှုကြောင့် အခြားအရာတစ်ခု ဖြစ်မြောက်အောင်မြင်နေသည်။ ကိုယ်တော်သည် ငါးသန်းကျော်မကရှိနေပြီဖြစ်သော လူအုပ်ကြီးကို စုသိမ်း၍ပညာပေးရန် အချိန်ပေးနေတော်မူသည်။ ဤသူတို့သည် ယေဟောဝါ၏ညွှန်ကြားမှုအောက်တွင် ရှေ့သို့တိုးတက်နေသောအဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာလေပြီ။ ယောက်ျား၊ မိန်းမနှင့် လူငယ်များသည် အခြားသူများအား ကျမ်းစာသမ္မာတရားသွန်သင်ပေးရန် လေ့ကျင့်ခံနေကြရသည်။ သူတို့၏အစည်းအဝေးများနှင့် ကျမ်းစာစာပေစာတမ်းများအားဖြင့် ဘုရားသခင်၏ ချစ်ခင်ကြင်နာမှုကို သင်ယူတတ်သိလာကြသည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ကောလောသဲ ၃:၁၄; ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့ပြင် “သတင်းကောင်း” ဟောပြောခြင်းကို ထောက်ပံ့ကူညီရန် ဆောက်လုပ်ရေးပညာ၊ အီလက်ထရွန်နစ်ပညာ၊ ပုံနှိပ်ခြင်းပညာနှင့် အခြားအတတ်ပညာများတွင် ကျွမ်းကျင်မှုရှိလာစေရန် ကြိုးစားအားထုတ်နေကြပါသည်။ (မဿဲ ၂၄:၁၄) ဤသွန်သင်ခြင်းနှင့် ဆောက်လုပ်ခြင်းဆိုင်ရာ အတတ်ပညာများကို ကမ္ဘာသစ်တွင် အနှံ့အပြားအသုံးချနိုင်ပေမည်။
၂၃။ ဤအချိန်တွင် အသက်ရှင်ရခြင်းသည် အဘယ်ကြောင့်အခွင့်ထူးဖြစ်သနည်း။
၂၃ မှန်ပါ၏၊ ယနေ့ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား “ကြီးစွာသောဒုက္ခ” ကိုကျော်ပြီး ဖြောင့်မတ်သောကမ္ဘာသစ်ထဲ ရောက်စေနိုင်ရန် အသင့်ပြင်ဆင်ပေးနေတော်မူသည်။ ထိုအခါ ကျွန်ုပ်တို့ရင်ဆိုင်တွန်းလှန်နေရသည့် စာတန်နှင့် သူ၏စနစ်ဆိုး၊ ဖျားနာခြင်း၊ ဝမ်းနည်းခြင်းနှင့် သေခြင်းတို့ရှိတော့မည်မဟုတ်ပါ။ ဘုရားသခင်၏လူမျိုးသည် နေ့စဉ် “ပျော်မွေ့” စရာဖြစ်လိမ့်မည့် ပရဒိသုကို ပြန်လည်တည်ဆောက်ကြရသည့် ပျော်ရွှင်စရာလုပ်ငန်း၌ အားရဝမ်းသာစွာပါဝင်လုပ်ဆောင်ကြမည်ဖြစ်သည်။ ခေတ်ကာလတို့၏နိဂုံးတွင် ကျွန်ုပ်တို့အသက်ရှင်ခွင့်ရခြင်း၊ ယေဟောဝါအားသိကျွမ်း၍ ကိုယ်တော့်အမှုတော်ထမ်းခွင့်ရခြင်း၊ ‘ကျွန်ုပ်တို့ကိုရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကိုထောက်ပြီး မျှော်ကြည့်၍ခေါင်းကိုကြွ’ ရတော့မည့်အချိန် ရောက်လုပြီဖြစ်ကြောင်း သိထားရခြင်းသည် တကယ်အခွင့်ထူးပါသည်တကား!—လုကာ ၂၁:၂၈; ဆာလံ ၁၄၆:၅။
ပြန်လည်စစ်ဆေးရန် မေးခွန်းများ
◻ “ကြီးစွာသောဒုက္ခ” ကားအဘယ်နည်း။ မည်သို့စတင်ပါသနည်း။
◻ ယေဟောဝါ၏ကျေးကျွန်များကို ဂေါဂတိုက်ခိုက်သော်လည်း အဘယ်ကြောင့်မအောင်မြင်ရသနည်း။
◻ “ကြီးစွာသောဒုက္ခ” သည်မည်သို့အဆုံးတိုင်မည်နည်း။
◻ ကမ္ဘာသစ်တွင် အဘယ်အံ့ချီးဖွယ်အကျိုးကျေးဇူးများကို ခံစားရမည်နည်း။
◻ ယေဟောဝါသည် ဤစနစ်ကို အဆုံးတိုင်ဖို့ရန် အဘယ်ကြောင့်ဤမျှကြာမြင့်စွာ စောင့်ဆိုင်းတော်မူခဲ့ရသနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ကမ္ဘာတစ်ခွင်လုံး ပရဒိသုအဖြစ်သို့ ပြောင်းလဲခံရမည်