ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၁၃၅-စာ. ၁၄၃
  • နောက်ဆုံးကာလ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နောက်ဆုံးကာလ
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—
  • “ကပ်ကမ္ဘာကုန်” ခြင်း နီးပြီ!
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားသခင့်သတိပေးချက်ကို သင်ဂရုပြုမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို ဘယ်အချိန်မှာ အုပ်ချုပ်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၁၃၅-စာ. ၁၄၃

နောက်ဆုံးကာလ

အဓိပ္ပာယ်သတ်မှတ်ချက်– ဘုရားသခင့်အမိန့်ဖြင့် စီရင်ကွပ်မျက်ခြင်းနှင့်အတူ၊ စနစ်တစ်ခု အဆုံးတိုင်ခြင်းသို့ ဦးတည်သော နိဂုံးချုပ်အချိန်ပိုင်းကိုရည်ညွှန်းလျက် ကျမ်းစာက “နောက်ဆုံးကာလ” ဟူသောအသုံးအနှုန်းကို သုံးစွဲသည်။ ဂျူးစနစ်သည် ယေရုရှလင်မြို့ရှိ ဗိမာန်တော်ဆိုင်ရာဝတ်ပြုရေးနှင့်တကွ စီ.အီး ၇၀ တွင် ပျက်စီးခြင်းအထွတ်အထိပ်သို့ ရွေ့ရှားနေစဉ် နောက်ဆုံးကာလနှင့်ကြုံကြိုက်ခဲ့သည်။ ထိုအချိန်ကအဖြစ်အပျက်များသည် ကမ္ဘာချီဖြစ်ပျက်မည့် ထို့ထက်ကြီးကျယ်သော အခြင်းအရာများကိုပုံခိုင်း၏။ ထိုအခါ လူမျိုးအားလုံး ဘုရားသခင့်တရားစီရင်ချက်နှင့် ရင်ဆိုင်ရကြလိမ့်မည်။ ကမ္ဘာတစ်ဝန်းပျံ့နှံ့သောလက်ရှိစနစ်ဆိုးသည် ၁၉၁၄ ခု၌ နောက်ဆုံးကာလအတွင်းသို့ဝင်ရောက်လေပြီ။ ထိုအချိန်၌အသက်ရှင်သော လူမျိုးဆက်ထဲကလူအချို့တို့သည် “ကြီးစွာသောဒုက္ခ” အတွင်း ၎င်း၏ဇာတ်သိမ်းခန်းကိုပါ မျက်ဝါးထင်ထင် တွေ့မြင်ကြရဦးမည်။

ယနေ့ကျွန်ုပ်တို့ “နောက်ဆုံးကာလ” အတွင်းရောက်နေကြောင်း ဘာကအရိပ်ပြသနည်း

ကျမ်းစာက ဤထူးခြားသောသမယကိုသတ်မှတ်သော အခြင်းအရာနှင့်အခြေအနေများအကြောင်း ဖော်ပြပေသည်။ “ပုဗ္ဗနိမိတ်” သည် စုပေါင်းနိမိတ်တစ်ခုဖြစ်၍ သာဓကများစွာပါဝင်သည်။ ထို့ကြောင့်၊ လူမျိုးတစ်ဆက်အတွင်း ၎င်းနိမိတ်၏အစိတ်အပိုင်းအားလုံး ပေါ်လွင်ထင်ရှားနေဖို့လိုသည်။ ထိုနိမိတ်၏အစိတ်အပိုင်းအသီးသီးကို မဿဲ အခန်းကြီး ၂၄၊ ၂၅၊ မာကု ၁၃ နှင့် လုကာ ၂၁ တို့တွင် မှတ်တမ်းတင်ထားသည်။ ၂ တိမောသေ ၃:၁-၅၊ ၂ ပေတရု ၃:၃၊ ၄ နှင့် ဗျာဒိတ် ၆:၁-၈ တို့၌လည်း ဖြည့်စွက်ထားသည်။ နိမိတ်၏ပေါ်လွင်ထင်ရှားသောအချို့အပိုင်းများကို ဥပမာအဖြစ်ဖြင့် ကျွန်ုပ်တို့သုံးသပ်မည်။

“လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်” (မ. ၂၄:၇)

အနှစ်ထောင်ပေါင်းများစွာအတွင်း စစ်ကြောင့် ကမ္ဘာ့သက်ရှိများ ပျက်စီးခဲ့ရကြသည်။ နိုင်ငံတကာစစ်များ၊ နိုင်ငံအချင်းချင်းဖြစ်သောစစ်များ ဆင်နွှဲခဲ့ကြသည်။ သို့သော် ၁၉၁၄ ခုမှစ၍ ပထမ ကမ္ဘာ စစ် ဖြစ်ခဲ့သည်။ စစ်တပ်နှစ်ဖွဲ့ စစ်တလင်း၌တိုက်သောတိုက်ပွဲတစ်ခုမျှသာမဟုတ်။ ပထမအကြိမ်အနေနှင့် နိုင်ငံကြီးအားလုံး တိုက်ခိုက်ကြခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး​—အရပ်သားများပါ​—အင်အားစုစည်း၍ ပါဝင်ဆင်နွှဲခဲ့သည်။ စစ်ပွဲအဆုံး၌ ကမ္ဘာ့လူဦးရေ ၉၃ ရာခိုင်နှုန်း ပါဝင်ကြောင်း ခန့်မှန်းရသည်။ (၁၉၁၄ ခုနှစ်၏သမိုင်းဆိုင်ရာထူးခြားချက်နှင့်ပတ်သက်၍ စာမျက်နှာ ၁၄၀၊ ၁၄၁ ကိုရှု။)

ဗျာဒိတ် ၆:၄ ၌ ကြိုဟောသည့်အတိုင်း ‘ငြိမ်းချမ်းရေးသည် ကမ္ဘာပေါ်မှရုပ်သိမ်းခံခဲ့ရ၏။’ ထို့ကြောင့် ကမ္ဘာသည် ၁၉၁၄ ခုမှစ၍ ယနေ့တိုင် မငြိမ်မသက်ဖြစ်လျက်ရှိသည်။ ၁၉၃၉ မှ ၁၉၄၅ အတွင်း ဒုတိယကမ္ဘာစစ် ဖြစ်ခဲ့သည်။ အငြိမ်းစားရေတပ်ဗိုလ်ချုပ် ဂျင်းလားရော့အဆိုအရ၊ ၁၉၄၅ ခုမှ ၁၉၈၂ ခုအထိ စစ်ပွဲနောက်ထပ် ၂၇၀ ဖြစ်ခဲ့သည်။ ဤရာစုနှစ်အတွင်း လူ သန်း ၁၀၀ မက သတ်ဖြတ်ခံရသည်။ ထို့ပြင်၊ ၁၉၈၂ ခုနှစ်ထုတ် ကမ္ဘာ့စစ်ရေးနှင့် လူမှုရေးကုန်ကျစရိတ် စာစောင်အရ ၎င်းနှစ်အတွင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ စစ်ရေး၌ပါဝင်သူလူသန်းပေါင်း ၁၀၀ ရှိသည်။

ပရောဖက်ပြုချက်၏ဤအပိုင်းကိုပြည့်စုံစေရန် နောက်ထပ်ဘာလိုသေးသနည်း။ ချက်ချင်းအသုံးပြုနိုင်သောနျူကလီးယားလက်နက် သောင်းနှင့်ချီ၍တပ်ဆင်ထား၏။ ထိပ်သီးသိပ္ပံပညာရှင်များက နိုင်ငံများသည် မိမိတို့လက်ဝယ်ရှိ နျူကလီးယားလက်နက်တိုက် အနည်းငယ်ကိုသုံးရုံနှင့် လူ့ယဉ်ကျေးမှုနှင့် လူသားတစ်မျိုးလုံး ပျက်သုဉ်းသွားနိုင်သည်ဟုဆိုကြသည်။ သို့သော် ဤသို့ဖြစ်လာမည်ဟု ကျမ်းစာပရောဖက်ပြုချက်ကမဆိုချေ။

“အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း . . . ဖြစ်ကြလိမ့်မည်” (မ. ၂၄:၇)

လူ့သမိုင်းတစ်လျှောက် အစာခေါင်းပါးမှုရှိခဲ့သည်။ ၂၀ ရာစုနှစ်သည် အစာခေါင်းပါးမှုဒဏ်ကို မည်မျှအထိခံရသနည်း။ ပထမကမ္ဘာစစ်ကြောင့် ဥရောပနှင့်အာရှတစ်ခွင် ငတ်ပြတ်ခဲ့သည်။ အာဖရိကတိုက်သည် မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာအကြီးအကျယ်ရှားပါးလာခဲ့သည်။ ၁၉၈၀ ခုနှောင်းပိုင်း၌ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့က လူသန်းပေါင်း ၄၅၀ သည် ငတ်ပြတ်သည့်အထိ ဆာလောင်မွတ်သိပ်ကြကြောင်း၊ သန်းပေါင်းတစ်ထောင်မှာ မလောက်မင စားရကြောင်း ခန့်မှန်း၏။ ၎င်းတို့အနက် နှစ်စဉ် သန်း ၄၀ —အချို့နှစ်များအတွင်းဆိုလျှင် သန်း ၅၀ ပင် သေဆုံးရသည်။

ဤအစာခေါင်းပါးမှုများ၌ ထူးခြားချက်ရှိသလော။ ဗျာဒိတ် ၆:၆ က ဂျုံနှင့်မုယောကဲ့သို့သော အဓိကစားကုန်အနည်းငယ်ရဖို့ တစ်နေ့လုပ်ခ (ဒေနာရိတစ်ပြား; မဿဲ ၂၀:၂ ကိုရှု။) ပင် ပေးရမည်ဟုဆိုသည့်ပြင် သံလွင်ဆီနှင့်စပျစ်ဝိုင်ကိုကုန်အောင် အမြန်မသုံးစွဲနှင့်ဟူ၍လည်း သတိပေးသည်။ ထိုခေတ် အရှေ့အလယ်ဒေသ၌ ယင်းကုန်စည်များကို မရှိမဖြစ်သောစားသုံးကုန်အဖြစ် ရှုမြင်ကြသည်။ ထို့ကြောင့် ပြင်းထန်သော အစာရှားပါးမှုဖြစ်မည်ကို ကြိုပြောနေခြင်းဖြစ်သည်။ ဤအခြေအနေသည် ဒေသအလိုက်သာမက ကမ္ဘာချီ ဖြစ်လျက်ရှိ၏။ ၁၉၈၁ ခု၌ နယူးယောက်တိုင်းက ဤသို့သတင်းပေး၏– “နေထိုင်မှုအဆင့်မြင့်မားလာမှုနှင့် ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာတိုး၍လိုအပ်မှုကြောင့် ကုန်ဈေးနှုန်းမြင့်မားလျက်ရှိရကား အဆင်းရဲဆုံးနိုင်ငံများသည် လိုအပ်သောရိက္ခာတင်သွင်းရန် ခက်သည်ထက်ခက်လာသည်။” နိုင်ငံများစွာတို့၌ ရိက္ခာထုတ်လုပ်မှုသည် ခေတ်သစ်သိပ္ပံ၏အထောက်အကူပါလျက်နှင့်ပင် လူဦးရေတိုးပွားမှု၏အရှိန်အဟုန်ကိုမမီနိုင်ဘဲ ရှိချေသည်။ ခေတ်မီရိက္ခာပါရဂူများအနေနှင့် ပြဿနာအဖြေကို ရှာ၍မတွေ့ကြချေ။

“ကြီးစွာသောမြေလှုပ်ခြင်း” (လု. ၂၁:၁၁)

လွန်ခဲ့သောရာစုနှစ်များအတွင်း ငလျင်ကြီးများလှုပ်ခဲ့သည်မှန်၏။ သိပ္ပံပညာရှင်များကလည်း ထက်မြက်သောကိရိယာများဖြင့် နှစ်စဉ် ငလျင်ပေါင်းတစ်သန်းမက စူးစမ်းသိရှိကြရ၏။ သို့ရာတွင် ကြီးမားသော ငလျင်လှုပ်စဉ် အထူးကိရိယာများရှိမှသိနိုင်သည်မဟုတ်။

၁၉၁၄ ခုမှစ၍ ငလျင်ကြီးများအရေအတွက် သိသာစွာတိုးများလာသလော။ ကော်လိုရာဒိုပြည်နယ် ဘိုးလ်ဒါးမြို့ရှိ အမျိုးသားဘူမိရူပဗေဒစာရင်းကိန်းစုဗဟိုမှရသော စာရင်းကိန်းစုအပြင် စံမီကိုးကားစာအုပ်များကိုမှီငြမ်း၍ ၁၉၈၄ ခုတွင် တွက်ချက်မှုတစ်ရပ်ပြုခဲ့၏။ ယင်းတွက်ချက်မှု၌ ရစ်ချ်တာစကေး ၇.၅ နှင့်၎င်းအထက်ရှိငလျင်များ၊ အမေရိကန်ဒေါ်လာ ငါးသန်းနှင့်အထက် အိုးအိမ်ပျက်စီးဆုံးရှုံးမှုကိုဖြစ်စေသောငလျင်များ၊ လူ ၁၀၀ နှင့်အထက် သေစေသောငလျင်များကိုသာ ထည့်တွက်သည်။ ၁၉၁၄ ခုအရင် အနှစ် ၂,၀၀၀ အတွင်း ထိုသို့သောငလျင်ပေါင်း ၈၅၆ ရှိခဲ့ကြောင်း တွက်ချက်ရရှိသည်။ ၁၉၁၄ ခုနောက်ပိုင်း ၆၉ နှစ် မျှအတွင်း ထိုသို့သောငလျင်ပေါင်း ၆၀၅ ရှိသည်ကိုတွေ့ရသည်။ သို့ဖြစ်၍ ၁၉၁၄ ခုနောက်ပိုင်း နှစ်စဉ်ပျမ်းမျှငလျင်သည် လွန်ခဲ့သောအနှစ် ၂,၀၀၀ ကာလအတွင်း လှုပ်ခဲ့သောငလျင်၏အဆ ၂၀ ပင်ရှိ၏။

“အရပ်ရပ်တို့၌ . .  ကာလနာများပြားခြင်း” (လု. ၂၁:၁၁)

ပထမကမ္ဘာစစ်အပြီး စပိန်တုတ်ကွေးသည် ကမ္ဘာတစ်လွှားသို့ကူးစက်သွားရာ သန်းပေါင်း ၂၀ သေကျေခဲ့ပြီး သေနှုန်းလည်း ရောဂါသမိုင်းတွင် ပြိုင်ဘက်မရှိ မြန်ဆန်လှ၏။ ဆေးသိပ္ပံတိုးတက်လျက်နှင့် ကင်ဆာ၊ နှလုံးရောဂါ၊ ကာလသားရောဂါအမျိုးမျိုး၊ နာတာရှည် နဗ်ကြောဖွဲ့ရောဂါ၊ ငှက်ဖျား၊ အွန်ကိုဆာကာသန်စွဲနာနှင့် ရှာဂါရောဂါတို့ကြောင့် နှစ်စဉ်သေဆုံးသူ ဒုနှင့်ဒေး။

‘မတရားမှုတိုးပွားလာသည်နှင့်အမျှ အများတကာမေတ္တာခေါင်းပါးလာခြင်း’ (မ. ၂၄:၁၁၊ ၁၂)

ထိပ်သီးပြစ်မှုဗေဒပညာရှင်တစ်ဦးက ဤသို့ဆို၏– “ကမ္ဘာတစ်ခုလုံးကိုခြုံပြီး ပြစ်မှုကိုကြည့်လိုက်စဉ် သတိမပြုမိဘဲမရှိသောအချက်မှာ ပြစ်မှုသည် အဆက်မပြတ် ပျံ့နှံတိုးပွားနေသည့်အဖြစ်ပင်တည်း။ ခြွင်းချက်ရှိသော်လည်း သိသိသာသာရှားပါးလှပြီး ပြစ်မှု၏တက်ဒီရေအောက် ပျောက်ကွယ်သွားမည်သာ။” (ပြစ်မှုတိုးပွား နယူးယောက်၊ ၁၉၇၇၊ ဆာ လီယွန်ရဒ်ဇင်နိုဝစ်နှင့် ဂျိုအင်းကင်း၊ စစ. ၄၊ ၅) ပြစ်မှုဧကန်တိုးလာသည်; သတင်းအပေးကောင်းလာ၍သာမဟုတ်။ ယခင်လူမျိုးဆက်များအတွင်းမှာလည်း ရာဇဝတ်ကောင်များ ရှိခဲ့သည်မှန်၏။ သို့သော် တစ်ခါကမျှ ယခုလိုနှံ့ပြားခြင်းမရှိ။ အရွယ်ကြီးရင့်သူများ ကိုယ်တွေ့ဖြစ်သည်။

ပရောဖက်ပြုချက်ပါမတရားမှု၌ အများသိ ဘုရားပညတ်များကိုရွံရှာခြင်း၊ ဘဝတွင် ဘုရားသခင်အစား၊ မိမိကိုယ်ကို ပဓာနထားခြင်း ပါဝင်သည်။ ဤစိတ်ထားကြောင့် လင်မယားကွာရှင်းနှုန်းသည် တစ်ဟုန်ထိုးတိုးများနေသည်။ အိမ်ထောင်ဖက်မဟုတ်သူနှင့်ဆက်ဆံမှုနှင့် လိင်တူဆက်ဆံမှုကိုလည်း အများတကာ လက်ခံလာကြသည်။ နှစ်စဉ် ကုဋေနှင့်ချီ၍ ကိုယ်ဝန်ဖျက်ချကြသည်။ ဤမတရားမှုကို (မဿဲ ၂၄:၁၁၊ ၁၂) ၌ ပရောဖက်အတုအယောင်များ၏သြဇာနှင့်ဆက်စပ်ထားသည်။ ထိုပရောဖက်တုတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုပယ်၍ မိမိတို့အယူကို ပို့ချကြသည်။ ကျမ်းစာကိုကိုင်စွဲမည့်အစား၊ သူတို့၏အတွေးအခေါ်များကိုလိုက်နာခြင်းသည်လည်း မေတ္တာမဲ့ကမ္ဘာ ဖြစ်ရသည့်အကြောင်းရင်းတစ်ခုပင်။ (၁ ယော. ၄:၈) ၂ တိမောသေ ၃:၁-၅ ပါဖော်ပြချက်ကိုဖတ်ပါ။

“ကြောက်မက်ဖွယ်သောအရာများ . . . ပေါ်ထွန်းကြလိမ့်မည်” (လု. ၂၁:၁၁၊ သက)

U.S. News & World Report (ယူအက်စ်သတင်းနှင့်ကမ္ဘာ့ပြန်တမ်း) က “ယနေ့ ကျွန်ုပ်တို့၏ဘဝကိုစိုးမိုးသော တစ်ခုတည်းအကြီးမားဆုံးသောစိတ်လှုပ်ရှားမှုကား ဧကန်ပင် ကြောက်စိတ်ဖြစ်၏” ဟုဆိုသည်။ (၁၉၆၅၊ အောက်တိုဘာ ၁၁၊ စ. ၁၄၄) “ဂျာမန်မဂ္ဂဇင်း Hörzu က “လူသားတို့သည် ဘယ်အခါကမျှ ယခုလောက် ကြောက်လန့်ခဲ့ခြင်းမရှိ” ဟုဆိုသည်။​—၁၉၈၀၊ ဇွန် ၂၀၊ အမှတ် ၂၅၊ စ. ၂၂။

တစ်ကမ္ဘာလုံး ယခုလိုကြောက်လန့်ရခြင်းအကြောင်းရင်းများစွာရှိ၏။ အကြမ်းဖက်ပြစ်မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ နိုင်ငံများစွာကြွေးလည်နစ်သဖြင့် စီးပွားရေးမတည်မငြိမ်ဖြစ်မှု၊ ကမ္ဘာတစ်ဝန်း ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ခိုင်မာသောမိသားစုမေတ္တာနှောင်ကြိုးကင်းမဲ့မှု၊ နျူကလီးယားကပ်၏နှုတ်ခမ်းသားပေါ် လျှောက်နေရသည်ဟူသော ခံစားချက်၏စိုးမိုးမှုတို့ဖြစ်ကြ၏။ လုကာ ၂၁:၂၅ က လူမျိုးတို့၏သောကအကြောင်းကို ‘နေ၊ လ၊ ကြယ်တို့၌ နိမိတ်ထင်ခြင်း၊ ပင်လယ်မြည်ဟီးခြင်း’ အကြောင်းတို့နှင့်ဆက်စပ်၍ တင်ပြသည်။ နေထွက်စဉ် လူတို့သည် ရှေ့ရေးမျှော်၍မပျော်၊ ဒီကနေ့ဘာဖြစ်မည်ကိုသာ တွေးကြောက်ကြရသည်။ လနှင့်ကြယ်ထွန်းတောက်စဉ် ပြစ်မှုကိုကြောက်၍ အိမ်တံခါးသော့ခတ်လျက် အောင်းနေရ၏။ ယခင်နှင့်မတူ၊ ၂၀ ရာစု၌ လေယာဉ်နှင့်ဒုံးပျံတို့ကိုသုံး၍ ကောင်းကင်မှ သေမိုးကို အရှိန်အဟုန်ဖြင့်ရွာသွန်းစေကြလေပြီ။ သေမင်းလက်နက်အပြည့်တင်ဆောင်သော ရေငုပ်သင်္ဘောများလည်း ပင်လယ်တွင်း ချောင်းမြောင်းသွားလာလျက်နေသည်။ တစ်စင်းတည်းဖြင့် မြို့ပေါင်း ၁၆၀ ဖျက်ဆီးနိုင်သည်။ တိုင်းနိုင်ငံများ ပရိဒေဝမီး တောက်နေကြသည်မှာ အံ့ဩစရာမဟုတ်။

‘ခရစ်တော်၏နောက်လိုက်စစ်များ ခရစ်တော်နာမကြောင့် လူမျိုးအပေါင်း၏မုန်းတီးမှုကိုခံရ၏’ (မ. ၂၄:၉)

ယေရှု၏နောက်တော်လိုက်များ ဤသို့ ညှဉ်းဆဲခံရသည်မှာ နိုင်ငံရေးစွက်ဖက်မှုကြောင့်မဟုတ်၊ ‘ယေရှုခရစ်၏နာမတော်ကြောင့်၊’ ကိုယ်တော်အား ယေဟောဝါ၏မေရှိယဘုရင်အဖြစ် ဆည်းကပ်သောကြောင့်၊ အဘယ်မြေကြီးသားအုပ်စိုးရှင်ထက်မဆို ခရစ်တော်ကိုနာခံကြသောကြောင့်၊ လူ့အစိုးရများအရေးတွင်ပါဝင်စွက်ဖက်မည့်အစား၊ ယေရှု၏နိုင်ငံတော်အပေါ် သစ္စာစောင့်သောကြောင့်တည်း။ ခေတ်သစ်သမိုင်းသက်သေပြသည့်အတိုင်း၊ ကမ္ဘာ့အစိတ်အပိုင်းအားလုံး၌ ယေဟောဝါသက်သေများ ထိုသို့သောအဖြစ်ကိုကြုံရကြသည်။

‘နိုင်ငံတော်ဆိုင်ရာဤသတင်းကောင်းကို လူနေထိုင်ရာတစ်ကမ္ဘာလုံး၌ သက်သေအဖြစ် ဟောပြော၏’ (မ. ၂၄:၁၄)

ဟောရမည့်သတင်းမှာ၊ ယေရှုခရစ်လက်တော်ရှိ ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်၌ စတင်အုပ်စိုးပြီ၊ မကြာမီ စနစ်ဆိုးတစ်ခုလုံးကို အဆုံးသတ်တော့မည်၊ ၎င်း၏အုပ်စိုးမှုအောက်၌ လူသားတို့သည် စုံလင်ခြင်းအဖြစ်သို့ရောက်ပြီး ကမ္ဘာသည် ပရဒိသုဖြစ်လာမည်ဟူ၍တည်း။ ထိုသတင်းကောင်းကို ယနေ့ ဒေသနှင့်ကျွန်းစုပေါင်း ၂၀၀ ကျော်၊ မြေကြီးစွန်းတိုင်အောင် ဟောပြောလျက်ရှိပြီ။ ယေဟောဝါသက်သေများသည် ဤလုပ်ငန်းအတွက် နှစ်စဉ် အချိန်နာရီသန်းပေါင်းရာနှင့်ချီ၍ အသုံးပြုသည့်ပြင် ထပ်ခါတလဲ တစ်အိမ်မှတစ်အိမ် သွားရောက်လည်ပတ်ခြင်းဖြင့် ကြားနိုင်သည့်လူတိုင်း ကြားခွင့်ရစေပါသည်။

“နောက်ဆုံးကာလ” ၏ဤအခြင်းအရာအားလုံးက ဘာကိုပြသနည်း

လု. ၂၁:၃၁၊ ၃၂၊ သက– “ထိုနည်းတူစွာ ဖော်ပြခဲ့သည့်အမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကို တွေ့မြင်ရသောအခါ ထာဝရဘုရား၏နိုင်ငံတော်တည်ချိန် [လက်ရှိလောကဆိုးကိုဖျက်သိမ်း၍ ကမ္ဘာ့ရေးရာကို သိမ်းကျုံးကိုင်တွယ်မည့်အချိန်] နီးပြီဟု သိမှတ်ကြလော့။ အမှန်ဆိုသည်ကား၊ ဤအမှုအရာအလုံးစုံတို့ မဖြစ်မပျက်မီ ယခုအသက်ရှင်နေသူတို့ [“ယခုလူမျိုးဆက်၊” ကဘ] သေလွန်ရလိမ့်မည်မဟုတ်။” (နိမိတ်စတင်ပြည့်စုံရာ ၁၉၁၄ ခု၌ အသက်ရှင်သော “လူမျိုးဆက်” သည် အသက်ကြီးရင့်လေပြီ။ ကျန်ကြွင်းသောအချိန် အလွန်တိုပေမည်။ ထိုသို့ဖြစ်ကြောင်း ကမ္ဘာ့အခြေအနေများကလည်း အဘက်ဘက်မှသာဓကပြနေ၏။)

“နောက်ဆုံးကာလ” သည် ၁၉၁၄ ခုမှစသည်ဟု ယေဟောဝါသက်သေများ အဘယ်ကြောင့်ဆိုကြသနည်း

၁၉၁၄ ခုကို ကျမ်းစာပရောဖက်ပြုချက်က မှတ်သားခဲ့သည်။ သမ္မာကျမ်းစာသက္ကရာဇ်စဉ်နှင့်ပတ်သက်သော အသေးစိတ်အကြောင်းကို “သက္ကရာဇ်နေ့စွဲများ” ဟူသောအဓိကခေါင်းစဉ်အောက် စာမျက်နှာ ၃၃၇-၃၃၉ ကိုကြည့်ပါ။ ထိုသက္ကရာဇ်ကိုသတ်မှတ်သော ကြိုဟောထားသည့်ကမ္ဘာ့အခြေအနေများသည် ၁၉၁၄ ခုမှစ၍ ကြိုဟောသည့်အတိုင်း အတိအကျ ဖြစ်ပေါ်လာရကား ထိုသက္ကရာဇ်မှန်ကန်ကြောင်း သက်သေပြ၏။ အထက်ပါဖြစ်ရပ်မှန်များကလည်း ဤအချက်ကို ရှင်းလင်းတင်ပြသည်။

လောကီသမိုင်းသုတေသီများ ၁၉၁၄ ခုကို မည်သို့ ရှုမှတ်ကြသနည်း

“ပစ္စုပ္ပန်၏တစ်ပန်းသာမြင်ကွင်းဖြင့် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ပထမကမ္ဘာစစ်ပေါက်ကွဲမှုသည် နှစ်ဆယ်ရာစု ‘ဒုက္ခကာလ’​—ဗြိတိသျှအမျိုးသား သမိုင်းသုတေသီ ထွိုင်းဘီး၏ အဓိပ္ပာယ်လေးနက်သည့်အသုံးအနှုန်း​—ကို ဆောင်သွင်းခဲ့ကြောင်း ယနေ့ကျွန်ုပ်တို့ ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပေပြီ။ ကျွန်ုပ်တို့၏လူ့ယဉ်ကျေးမှုသည် ထိုသမယထဲမှ လုံးဝထွက်မလာနိုင်သေးချေ။ လွန်ခဲ့သောရာစုနှစ်ထက်ဝက်အတွင်း ဖြစ်သမျှတုန်ခါမှုသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ၁၉၁၄ ခုမှပေါက်ဖွားလာသည်။”​—မင်းဆက်များ၏ကျဆုံးခြင်း; အစီအစဉ်ဟောင်း၏ပြိုကွဲမှု၊ (နယူးယောက်၊ ၁၉၆၃) အက်မွန် တေလာ၊ စ. ၁၆။

“ဒုတိယကမ္ဘာစစ်ကလူ၊ ကျွန်တော်၏လူမျိုးဆက်က မိမိတို့ခေတ်၏ပဋိပက္ခကို ကြီးကျယ်သော ခေတ်ပြောင်းခေတ်လဲအဖြစ် အမြဲယူမှတ်ကြလိမ့်မည်။ . . . ကျွန်ုပ်တို့ကိုယ်တိုင် သမိုင်းမှတ်တိုင်တစ်တိုင် စိုက်ထူခဲ့သည်ဆိုကာ ပလွှားလိုလျှင် ပလွှားစရာပင်။ သို့ရာတွင် လူနေမှုရေးရာအရဆိုလျှင် ပို၍အရေးပါသောအပြောင်းအလဲသည် ပထမကမ္ဘာစစ်နှင့်အတူ လိုက်ပါလာသည်။ ထိုသမယ၌ ရာစုနှစ်ပေါင်းများစွာဆောက်တည်လာသော နိုင်ငံရေးနှင့်လူနေမှုစနစ်တို့သည် ပြိုကွဲသွားသည်။​—တစ်ခါတစ်ရံ ရက်သတ္တပတ်အနည်းငယ်အတွင်းဖြစ်ပျက်၏။ အခြားအရာများလည်း ထာဝစဉ်ပြောင်းလဲသွားသည်။ ခေတ်အဆက်ဆက်က သေချာမှုတရားများ ပျောက်ပျက်သွားသည်မှာလည်း ပထမကမ္ဘာစစ်၌ဖြစ်၏။ . . . ဒုတိယကမ္ဘာစစ်က ယင်းပြောင်းလဲမှုကို ရှည်လျား ကြီးမား၍အတည်ဖြစ်စေသည်။ လူနေမှုရေးရာအရဆိုလျှင် ဒုတိယကမ္ဘာစစ်သည် ပထမကမ္ဘာစစ်၏နောက်ဆုံးတိုက်ပွဲပင်။”​—မသေချာမရေရာသောခေတ် (ဘော့စတွန်၊ ၁၉၇၇)၊ ဂျွန် ကေ. ဂေါလ်ဘရိုက်၊ စ. ၁၃၃။

“ရာစုနှစ်တစ်ဝက်ကျိုးခဲ့ပြီ။ တိုင်းနိုင်ငံတို့၏ကိုယ်စိတ်နှစ်ဖြာ၌ မဟာစစ်ကြီး [၁၉၁၄ ခုတွင်စခဲ့သည့်ပထမကမ္ဘာစစ်ကြီး] ဖန်တီးခဲ့သည့်ပူဆွေးကြေကွဲမှုမှာမူ မပြယ်ပျောက်သေးပါ။ . . . ရုပ်နှင့်စိတ်ပိုင်းတွင် မည်မျှကြီးမားသောဝေဒနာဖြစ်စေခဲ့သနည်းဟူမူ၊ ယခင်က ဘာအစအနမျှ မကျန်ရစ်ခဲ့တော့။ အစိုးရစနစ်၊ နိုင်ငံများနယ်နိမိတ်၊ ဥပဒေ၊ စစ်တပ်၊ နိုင်ငံချင်းဆက်ဆံရေးသာမက၊ ဝါဒစနစ်၊ အိမ်ထောင်ဘဝ၊ ဥစ္စာဓန၊ ရာထူး၊ လူချင်းဆက်ဆံမှုမှစ၍ လူ့ဘောင်တစ်ခုလုံး၊ အထက်မှအောက်တိုင် ပြောင်းလဲခဲ့သည်။ . . . လူသားထုသည် ဟန်ချက်ပျောက်ခဲ့လေပြီ။ ယနေ့တိုင်ပြန်မရတော့။”​—ဗိုလ်ချုပ်ကြီး ချားလ်စ် ဒီဂေါ၏ ၁၉၆၈ ခု မိန့်ခွန်း (Le Monde, ၁၉၆၈၊ နိုဝင်ဘာ ၁၂၊ စ. ၉)

လက်ရှိလောကစနစ်ကုန်ဆုံးသည့်နောက်၌ အသက်ရှင်ကျန်ရစ်သူတစ်စုံတစ်ယောက်ရှိမည်လော

မုချရှိမည်။ လက်ရှိကမ္ဘာ့စနစ် ဆုံးခန်းသည် နျူကလီးယားစစ်၌ အရမ်းကာရော သတ်ဖြတ်မှုကြောင့်မဟုတ်၊ ‘အနန္တတန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးစစ်ပွဲ’ ပါဝင်သည့် ကြီးစွာသောဒုက္ခ၌ ဖြစ်လိမ့်မည်။ (ဗျာ. ၁၆:၁၄၊ ၁၅) ထိုစစ်သည် မြေကြီးကိုဖျက်ဆီးမည်မဟုတ်။ လူသားအားလုံးကို သုတ်သင်ပစ်မည်လည်းမဟုတ်။

မ. ၂၄:၂၁၊ ၂၂– “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလိုငှာ ထိုကာလသည် တိုလိမ့်မည်။ (အချို့ “သူ၊” လူသားအချို့ ကပ်ကျော်မည်။)

သု. ၂:၂၁၊ ၂၂၊ သမ္မာ– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ၌နေ၍၊ စုံလင်သူတို့သည် ကျန်ကြွင်းကြလိမ့်မည်။ ဆိုးသောသူတို့မူကား၊ ပြည်တော် [“မြေကြီး၊” ကဘ] မှပယ်ရှင်းခြင်း၊ သစ္စာဖျက်သောသူတို့လည်း နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။”

ဆာ. ၃၇:၂၉၊ ၃၄– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။ ထာဝရဘုရားကိုမျှော်လင့်၍ လမ်းတော်ကိုလျှောက်သွားလော့။ ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။”

လူဆိုးတို့ကိုမဖျက်ဆီးမီ အဘယ်ကြောင့် ဤမျှကြာမြင့်စွာ အချိန်ပေးတော်မူသနည်း

၂ ပေ. ၃:၉၊ သက– “လူအချို့တို့ထင်မှတ်သကဲ့သို့ ဘုရားသခင်သည် မိမိ၏ကတိတော်ကို အကောင်အထည်ဖော်ရန် နှောင့်နှေးလျက်နေတော်မူသည်မဟုတ်။ သင်တို့တစ်စုံတစ်ယောက်မျှ ပျက်စီးဆုံးပါးစေရန် အလိုတော်မရှိ။ လူတိုင်းနောင်တရစေရန် အလိုတော်ရှိပေသည်။ ထိုကြောင့် ကိုယ်တော်သည် သင်တို့အား သည်းခံလျက်နေတော်မူပါ၏။”

မာ. ၁၃:၁၀– “ဧဝံဂေလိတရားကို ရှေ့ ဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။”

မ. ၂၅:၃၁၊ ၃၂၊ ၄၆– “လူသား [ယေရှုခရစ်] သည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များအခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့၊ လူအပေါင်းတို့ကို အသီးအခြားခွဲ [လတ္တံ့။] [ခရစ်တော်၏ဝိညာဏညီတော်များအား ဘုရင့်ကိုယ်စားလှယ်တော်များအဖြစ် အသိအမှတ်မပြုသော] ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာ [“ထာဝရဖြတ်တောက်ခြင်း၊” ကဘ] သို့လည်းကောင်း၊ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားရကြလတ္တံ့။”

စာမျက်နှာ ၈၄ နှင့် ၁၀၂-၁၀၄ တို့ကိုလည်းရှု။

တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—

‘ခုခေတ်အခြေအနေ ဆိုးမလာပါဘူး; စစ်မက်၊ အစာခေါင်းပါးမှု၊ မြေငလျင်၊ ရာဇဝတ်မှုဆိုတာ အရင်ကတည်းကရှိလာတာပဲ’

ဤသို့ပြန်ပြောနိုင်သည်– ‘မိတ်ဆွေဘာကြောင့်ခုလိုပြောသလဲဆိုတာ ကျွန်တော်နားလည်နိုင်ပါတယ်။ ကျွန်တော်တို့မွေးလာကတည်းက ဒီလောကကြီးမှာ နေ့စဉ်နေ့တိုင်း ဒီလိုသတင်းတွေကြားနေရတာကိုး။ ဒါပေမဲ့ သမိုင်းသုတေသီတွေက ၂၀ ရာစုဟာ ထူးကိုထူးတယ်ဆိုပြီးရှင်းလင်းတင်ပြကြတယ်။ (စာမျက်နှာ ၁၄၀၊ ၁၄၁ ပါ အကိုးအကားများကို ဖတ်ပြပါ။)

သို့မဟုတ် ဤသို့ပြောနိုင်သည်– ‘စစ်မက်၊ အစာရှားပါးမှု၊ မြေငလျင်နဲ့ ရာဇဝတ်မှုဖြစ်ပွားလို့ ထူးတယ်လို့ပြောတာမဟုတ်ပါဘူး။ ယေရှုပေးတဲ့နိမိတ်ဟာ စုပေါင်းနိမိတ်တစ်ခုဖြစ်တယ်ဆိုတာ သတိထားမိသလား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘အခြင်းအရာတစ်ခုကိုမြင်တာနဲ့ကို “နောက်ဆုံးကာလ” ရောက်ပြီလို့ ယေရှုမပြောပါဘူး။ ဒါပေမဲ့ နိမိတ်တစ်ခုလုံးထင်ရှားလာလို့ရှိရင်တော့ တကယ်ထူးခြားပြီ။​—အထူးသဖြင့် သမ္မာကျမ်းစာသက္ကရာဇ်စဉ်သတ်မှတ်တဲ့နှစ်ကစ တစ်ကမ္ဘာလုံး ဖြစ်ပျက်လာတဲ့အခါမှာပေါ့။’ (စာမျက်နှာ ၁၃၅-၁၄၀ နှင့် ၃၃၇-၃၃၉ တို့ကိုရှု။)

‘နောင်လူမျိုးတစ်ဆက်က ခုလူမျိုးဆက်ထက် ပရောဖက်ပြုချက်နဲ့ပိုပြီး အံမဝင်ဘူးလို့ ခင်ဗျားပြောနိုင်မလား’

ဤသို့ ပြန်ပြောနိုင်သည်– ‘ဒါဟာစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းပါပဲ။ အဖြေကလည်း ကျွန်တော်တို့တကယ်ပဲ “နောက်ဆုံးကာလ” ထဲရောက်နေပြီဆိုတဲ့အချက်ကို ပေါ်လွင်စေတယ်။ ဘယ်လိုပေါ်လွင်စေသလဲ။ ဒီလိုပါ။ ယေရှုပေးတဲ့နိမိတ်ရဲ့အစိတ်အပိုင်းတစ်ခုက လူမျိုးနဲ့နိုင်ငံတွေချင်း စစ်ဖြစ်တဲ့ကိစ္စပဲ။ တကယ်လို့ ကျွန်တော်တို့က အင်အားကြီးနိုင်ငံတွေချင်း နောက်ထပ်စစ်ပွဲတစ်ပွဲ အားသွန်မာန်မှောက် တိုက်တော့မှ ပရောဖက်ပြုချက်ပြည့်စုံလာမယ်လို့ဆိုလို့ရှိရင် ဘယ်လိုဖြစ်ကုန်ကြမလဲ။ အသက်ရှင်ကျန်ရစ်မယ့်လူ မရှိသလောက်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ကပ်ကျော်မယ့်လူရှိမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကိုထောက်ပြီး ကျွန်တော်တို့ဟာ ခုစနစ်ဟောင်းရဲ့အဆုံးနဲ့ အင်မတန်နီးကပ်နေပြီဆိုတာ သိနိုင်ပါတယ်။’

သို့မဟုတ် ဤသို့ပြောနိုင်သည်– ‘ကမ္ဘာ့အခြင်းအရာတွေကို ဒီပရောဖက်ပြုချက်နှင့်ကိုက်မကိုက် ယှဉ်ကြည့်တဲ့ကိစ္စဟာ လက်ဗွေတစ်ခုကို ပိုင်ရှင်ရဲ့လက်ဗွေဟုတ်မဟုတ် တိုက်ကြည့်သလိုပါပဲ။ လက်ဗွေရာချင်း ချွတ်စွပ်တူတဲ့လူ နောက်တစ်ယောက်မရှိနိုင်ပါဘူး။ ထိုနည်းတူ၊ ၁၉၁၄ ခုကစခဲ့တဲ့အခြင်းအရာပုံစံဟာ နောင်လူမျိုးဆက်တစ်ဆက်အတွင်း ထပ်ဖြစ်မှာမဟုတ်တော့ဘူး။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘နိမိတ်ရဲ့အစိတ်အပိုင်းတိုင်း သိသာပေါ်လွင်နေပါတယ်။’ (၂) ‘ကျွန်တော်တို့တစ်ယောက်မှ နောဧလက်ထက်ကလူတွေလို ဖြစ်ချင်မှာမဟုတ်ဘူး။ (မ. ၂၄:၃၇-၃၉)’

‘ကျွန်တော်တို့ခေတ်မှာ ဆုံးခန်းကို မြင်ရမှာမဟုတ်ဘူး’

ဤသို့ ပြန်ပြောနိုင်သည်– ‘ဘုရားသခင် တစ်ချိန်ချိန်မှာ ကြားဝင်လိမ့်မယ်ဆိုတာကို မိတ်ဆွေယုံကြည်တယ်မဟုတ်လား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘‘ဘယ်အချိန်လဲဆိုတာကိုသိဖို့ နည်းတစ်ခုပဲရှိတယ်။ ဘုရားသခင် ကျွန်တော်တို့ကို အသိပေးဖို့ပါပဲ။ ဘယ်သူမှ အဲဒီနေ့၊ အဲဒီအချိန်ကိုမသိဘူးလို့ယေရှုအတိအလင်းပြောခဲ့တယ်။ ဒါပေမဲ့ ဖြစ်တဲ့လူမျိုးဆက်အတွင်းမှာ ဘာတွေဖြစ်ပျက်မယ်ဆိုတာကိုတော့ ယေရှုအသေးစိတ် တင်ပြခဲ့တယ်။’ (၂) ‘သူ့ရဲ့ဖော်ပြချက်တွေဟာ မိတ်ဆွေကိုယ်တိုင် အကျွမ်းဝင်တဲ့အခြင်းအရာတွေနဲ့ပတ်သက်နေပါတယ်။ (ဖြစ်နိုင်လျှင် လွန်ခဲ့သောစာမျက်နှာများပါ အချက်အလက်များကိုသုံးလျက် နိမိတ်၏အသေးစိတ်အကြောင်းကို ဆွေးနွေးပါ။)’

‘ဒါတွေအတွက် ကျွန်တော်မပူပါဘူး; ကျွန်တော် ပစ္စုပ္ပန်ကာလအတွက်ပဲအသက်ရှင်တယ်’

ဤသို့ ပြန်ပြောနိုင်သည်– ‘နောင်ရေးအတွက်အပူမလွန်တာတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ကိုယ်နဲ့ကိုယ်မြတ်နိုးတဲ့လူတွေကိုကာကွယ်တဲ့အနေနဲ့ နောင်ရေးအတွက် အစီအစဉ်ဆွဲကြတာချည်းပဲ။ အဖြစ်မှန်အတိုင်း စီမံကိန်းချတာဟာ လက်တွေ့ကျပါတယ်။ ကျမ်းစာက အင်မတန်ထူးမြတ်တဲ့အနာဂတ်ရှိတယ်လို့ပြောပါတယ်။ ဒီအကျိုးကျေးဇူးတွေခံစားနိုင်ဖို့ စီမံကိန်းချလို့ရှိရင် ပညာရှိရာရောက်ပါတယ်။ (သု. ၁:၃၃; ၂ ပေ. ၃:၁၃)’

‘ဒီလိုအခြေအနေဆိုးတွေကို ကျွန်တော်တွေးပြီးမနေပါဘူး; အနာဂတ်ကို အကောင်းမြင်တဲ့စိတ်နဲ့ ကျွန်တော်ကြည့်တယ်’

ဤသို့ ပြန်ပြောနိုင်သည်– ‘စိတ်ဝင်စားစရာကတော့၊ ယေရှုက ကျွန်တော်တို့ခေတ်မှာ သူ့ရဲ့နောက်တော်လိုက်တွေ အကောင်းမြင်သဘောပိုက်နိုင်တယ်ဆိုပြီးပြောခဲ့တယ်။ (လု. ၂၁:၂၈၊ ၃၁)’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ဒါပေမဲ့ ကမ္ဘာ့အခြင်းအရာကိုမျက်နှာလွှဲထားပြီး ပျော်နေရမယ်လို့ ယေရှုမပြောပါဘူး။ သူတို့ရဲ့အကောင်းမြင်စိတ်ဟာ အခြေအမြစ်ရှိမယ်လို့ ပြောနေတာပါ။ သူတို့ဟာ ကမ္ဘာ့အခြေအနေရဲ့အဓိပ္ပာယ်ကိုနားလည်ပြီး ဘာဖြစ်မယ်ဆိုတာကိုသိလို့ပါပဲ။’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ