နိုးနိုးကြားကြားနေရမည့်အချိန်
“ဧဝံဂေလိတရားကို ရှေးဦးစွာလူမျိုးအပေါင်းတို့အားဟောရလိမ့်မည်။ . . . အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည် [“ခံနိုင်ရည်ရှိ၊” ကဘ] ၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။”—မာကု ၁၃:၁၀၊ ၁၃။
၁ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ခံနိုင်ရည်နှင့် ရဲစွမ်းသတ္တိရှိသင့်သနည်း။
ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောလူမျိုးဆက် အလယ်တွင်—ကျွန်ုပ်တို့ ခံနိုင်ရည်ရှိရမည်ပါတကား! ၁၉၁၄ ခုနှစ်ကတည်းက လူသားလူမျိုးဆက်တစ်ခုသည် ယေရှုအချိန်ကကဲ့သို့ပင် ဖောက်ပြန်ယိုယွင်းလာခဲ့ပြီ။ ယနေ့အချိန်တွင် ဖောက်ပြန်ယိုယွင်းမှုသည် တစ်ကမ္ဘာလုံးပျံ့နှံ့နေသည်။ ဤ ‘နောက်ဆုံးသောနေ့ရက်များ’ တွင် တမန်တော်ပေါလုဖော်ပြသည့် “ခဲယဉ်းသောကာလ” သည် လူသားများကို ဒုက္ခပေးနေသည်။ ‘ဆိုးညစ်သောသူနှင့် လှည့်ဖြားသောသူတို့သည် ဆိုးညစ်ခြင်းတွင် တရွေ့ရွေ့တိုးပွားနေကြသည်။’ “ဤလောကတစ်ခုလုံးသည် မာရ်နတ်၏လက်အောက်၌ရှိ” နေသည်မှာ ရှင်းနေပါသည်။ ယခုအခါ သူသည် ဤကမ္ဘာကို ပျက်စီးယိုယွင်းရန် နောက်ဆုံးအားထုတ်လုပ်ဆောင်နေသည်။ သို့သော် ရဲစွမ်းသတ္တိရှိပါလေ! ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးသူအားလုံးအတွက် ထာဝရသက်သာမှုကိုဖြစ်စေမည့် နီးကပ်နေသည့် “ကြီးစွာသောဒုက္ခ” တစ်ခုရှိပါသည်။—၂ တိမောသေ ၃:၁-၅၊ ၁၃; ၁ ယောဟန် ၅:၁၉; ဗျာဒိတ် ၇:၁၄။
၂။ ၁၉၁၄ ခုနှစ်တွင် ပရောဖက်ပြုချက် မည်သို့ပြည့်စုံခဲ့သနည်း။
၂ ဝမ်းသာစရာမှာ ယခုအခါတွင် ယေဟောဝါသည် သခင်ယေရှုခရစ်ကို ကောင်းကင်တွင် နန်းတင်ထားပြီဖြစ်ရာ လူသားတို့ကိုနှိပ်စက်ကလူပြုသော ရန်သူများကို ဖယ်ရှားပစ်ရန် အသင့်ပြင်ထားပြီ။ (ဗျာဒိတ် ၁၁:၁၅) ပထမအကြိမ်မေရှိယပေါ်ထွန်းခဲ့သကဲ့သို့ ဒံယေလရေးသားခဲ့သည့် မှတ်သားဖွယ်ပရောဖက်ပြုချက်သည် ဤရာစုတွင်လည်း ပြည့်စုံခဲ့သည်။ ဒံယေလ ၄:၁၆၊ ၁၇၊ ၃၂ ၌ ကမ္ဘာပေါ်တွင် ဖြောင့်မှန်သောဘုရင့်အုပ်စိုးမှုကို ‘ခုနစ်ကာလ’ ကြာသော အချိန်ပိုင်းတစ်ခုအထိ ရပ်ဆိုင်းထားကြောင်း ကျွန်ုပ်တို့အားပြောထားသည်။ ယင်းတို့၏အကြီးစားပြည့်စုံမှုအနေနှင့် ခုနစ်ကာလသည် ၃၆၀ ရက်စီကြာသော ကျမ်းစာဆိုင်ရာနှစ် ခုနစ်နှစ် သို့မဟုတ် စုစုပေါင်းအနှစ် ၂,၅၂၀ ကြာရှည်သည်။a ဤနှစ်တို့သည် ဗာဗုလုန်က ဣသရေလနိုင်ငံကို စတင်၍ခြေဖြင့်နင်းသည့် ဘီ.စီ.အီး. ၆၀၇ ခုနှစ်မှ လူသားတို့၏ဖြောင့်မတ်သောဘုရင်အဖြစ် ကောင်းကင်တွင် ယေရှုနန်းတင်ခံရသည့် ၁၉၁၄ အထိကြာရှည်သည်။ ထို့နောက် ‘တစ်ပါးအမျိုးသားတို့၏ အချိန်ကာလ’ သည် အဆုံးတိုင်ခဲ့သည်။ (လုကာ ၂၁:၂၄) သို့သော် လူမျိုးများသည် ရောက်လာနေပြီဖြစ်သော မေရှိယနိုင်ငံတော်ကို လက်အောက်ခံရန် ငြင်းဆန်ခဲ့ကြသည်။—ဆာလံ ၂:၁-၆၊ ၁၀-၁၂; ၁၁၀:၁၊ ၂။
၃၊ ၄။ (က) ပထမရာစုအဖြစ်အပျက်များကို ကျွန်ုပ်တို့ခေတ်အဖြစ်အပျက်များနှင့် မည်သည့်နှိုင်းယှဉ်မှုပြုလုပ်နိုင်သနည်း။ (ခ) အဘယ်ချက်ကျသောမေးခွန်းများကို မေးနိုင်သနည်း။
၃ ၇၀ ခုမြောက်သီတင်းနှစ်များ (စီ.အီး. ၂၉-၃၆) ချဉ်းကပ်လာသောအခါနှင့် တစ်ဖန် ၁၉၁၄ ခုနှစ်နီးကပ်လာသောအခါတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့သောသူများသည် မေရှိယရောက်ရှိခြင်းကို မျှော်လင့်နေကြသည်။ ကိုယ်တော်ရောက်ရှိခဲ့သည်! သို့သော် အဖြစ်အပျက်တစ်ခုစီတွင် ကိုယ်တော်ပေါ်ထွန်းသည့်ပုံစံသည် မျှော်လင့်ထားသည်နှင့် ကွာခြားနေသည်။ အဖြစ်အပျက်တစ်ခုစီတွင်လည်း နှိုင်းစာကြည့်ပါက တိုတောင်းသောအချိန်ကာလပိုင်းတစ်ခုအကုန်တွင် ဆိုးညစ်သော ‘လူမျိုးဆက်’ တစ်ခုသည် နောက်ဆုံး၌ ဘုရားသခင့်ဒဏ်စီရင်ချက်အားဖြင့် ဖျက်ဆီးခြင်းခံရသည်။—မဿဲ ၂၄:၃၄။
၄ လွန်ခဲ့သည့်ဆောင်းပါးတွင် ယေရှုကိုသေစေလိုသည့် ဆိုးညစ်သောဂျူးလူမျိုးဆက်သည် မည်သို့အဆုံးရောက်ခဲ့ကြောင်းကို ကျွန်ုပ်တို့ သိရှိမှတ်သားခဲ့ရသည်။ သို့ဆိုလျှင် ယခုအချိန်၌ပင် ကိုယ်တော်ကို ဆန့်ကျင်သည့် သို့မဟုတ် လျစ်လျူရှုပစ်ပယ်သည့် ယိုယွင်းနေသောလူမျိုးဆက်နှင့် ပတ်သက်၍ကော အသို့နည်း။ ဤသစ္စာမရှိသောလူမျိုးဆက်အပေါ်သို့ အဘယ်အချိန်တွင် တရားစီရင်ချက် ချမှတ်မည်နည်း။
“သတိနှင့်စောင့်နေကြလော့!”
၅။ (က) အဘယ်ခိုင်လုံသောအကြောင်းကြောင့် ယေဟောဝါ၏ “အချိန်နာရီ” နှင့်ပတ်သက်သော အချိန်ကာလကို ကျွန်ုပ်တို့ သိဖို့မလိုသနည်း။ (ခ) မာကု၏အဆိုအရ၊ ယေရှုသည် အဘယ်ကျိုးကြောင်းဆီလျော်သည့်သြဝါဒနှင့် မိမိ၏ပရောဖက်ပြုချက်ကို နိဂုံးချုပ်ခဲ့သနည်း။
၅ “ကြီးစွာသောဒုက္ခ” ၏အချိန်ကာလသို့ ဦးတည်သည့် အဖြစ်အပျက်များကို ပရောဖက်ပြုပြီးနောက် ယေရှုဤသို့ ထပ်ဆင့်တော်မူသည်– “ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော်လည်းမသိ။” (မဿဲ ၂၄:၃-၃၆; မာကု ၁၃:၃-၃၂) ကျွန်ုပ်တို့သည် ဖြစ်ပျက်လာမည့်အချိန်ကို အတိအကျသိရန် မလိုအပ်ပါ။ ယင်းအစား ကျွန်ုပ်တို့သည် သတိနှင့်စောင့်နေခြင်း၊ ယုံကြည်ခြင်းကို ခိုင်မာအောင် ပြုစုပျိုးထောင်ပေးခြင်းနှင့် ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များနေခြင်းတို့အပေါ်တွင် အာရုံစိုက်နေရမည်—နေ့ရက်တွက်ချက်ခြင်းအပေါ်တွင်မဟုတ်။ ယေရှုက မိမိ၏မဟာပရောဖက်ပြုချက်ကို ဤသို့မိန့်တော်မူခြင်းဖြင့် နိဂုံးချုပ်ခဲ့သည်– “ထိုနေ့ရက်ကာလသည် အဘယ်အခါ ကျရောက်မည်ကိုသင်တို့မသိကြသဖြင့် သတိနှင့်စောင့်နေကြလော့။ နိုးနိုးကြားကြားရှိကြလော့။ . . . သတိနှင့်စောင့်နေကြလော့။ . . . သင်တို့အားသတိပေးသည့်အတိုင်း ခပ်သိမ်းသောသူတို့အားလည်း ငါသတိပေး၏။ သတိနှင့်စောင့်နေကြလော့။” (မာကု ၁၃:၃၃-၃၇၊ သတင်းကောင်း) အန္တရာယ်က ယနေ့လောက၏အမှောင်ရိပ်မှနေ၍ ချောင်းမြောင်းနေသည်။ ကျွန်ုပ်တို့ နိုးနိုးကြားကြားရှိကြရမည်!—ရောမ ၁၃:၁၁-၁၃။
၆။ (က) ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာပေါ်တွင် စွဲမြဲငြိတွယ်နေသင့်သနည်း။ (ခ) ကျွန်ုပ်တို့သည် မည်သို့အားဖြင့် မိမိတို့၏ “နေ့ရက်ကာလကို ရေတွက်” နိုင်သနည်း။ (ဂ) ‘လူမျိုးဆက်’ ဟု ဆိုရာတွင် အဓိကအားဖြင့် ယေရှု ဘာကိုရည်ညွှန်းသနည်း။
၆ ကျွန်ုပ်တို့သည် ဤဆိုးသွမ်းသောစနစ်၏နောက်ဆုံးနေ့ရက်များဆိုင်ရာ မှုတ်သွင်းခံပရောဖက်ပြုချက်များကိုသာ အာရုံစိုက်ရမည်မဟုတ်ဘဲ အဓိကအားဖြင့် အဖိုးတန်သော ခရစ်တော်ယေရှု၏ပူဇော်သကာနှင့် ယင်းတွင်အခြေပြုသည့် ဘုရားသခင့်အံ့ချီးဖွယ်ကတိတော်များပေါ်တွင် မိမိတို့၏ယုံကြည်ခြင်းကို စွဲမြဲငြိတွယ်နေစေရမည်။ (ဟေဗြဲ ၆:၁၇-၁၉; ၉:၁၄; ၁ ပေတရု ၁:၁၈၊ ၁၉; ၂ ပေတရု ၁:၁၆-၁၉) ဤဒုစရိုက်များသောစနစ်၏ ဆုံးခန်းကို တွေ့မြင်လိုစိတ်အားကြီးရကား ယေဟောဝါ၏လူမျိုးတော်သည် ရံဖန်ရံခါ “ကြီးစွာသောဒုက္ခ” ဖြစ်ပွားမည့်အချိန်ကို တွက်ချက်ကြပြီး ၁၉၁၄ ခုနှစ်ကစတင်သည့် လူမျိုးဆက်၏သက်တမ်းကို တွက်ချက်ထားချက်နှင့် ယင်းကို ဆက်စပ်ကြသည့်အထိပင်ပြုခဲ့ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် လူမျိုးဆက်တစ်ခု၏သက်တမ်းသည် နှစ်ပေါင်း သို့မဟုတ် ရက်ပေါင်းမည်မျှကြာသည်ကို တွက်ချက်ခြင်းအားဖြင့်မဟုတ်ဘဲ ယေဟောဝါအား ရွှင်ရွှင်လန်းလန်းချီးမွမ်းကြရေးတွင် “နေ့ရက်ကာလကို ရေတွက်” ပုံကို စဉ်းစားခြင်းအားဖြင့် “ပညာတရားကိုနှလုံးသွင်းမိ” ကြသည်။ (ဆာလံ ၉၀:၁၂) အချိန်ကာလအတိုင်းအတာ တွက်ချက်နည်းတစ်ခုကို ချမှတ်မည့်အစား ယေရှုအသုံးပြုခဲ့သော ‘လူမျိုးဆက်’ ဟူသောဝေါဟာရသည် အဓိကအားဖြင့် သူတို့၏ထူးခြားပေါ်လွင်မှုများဖြင့် ခွဲခြားသိမြင်စေသည့် တိကျသောသမိုင်းဝင်ကာလပိုင်းတစ်ခုမှ တစ်ခေတ်တည်းဖြစ်သောလူများကို ရည်ညွှန်းသည်။b
၇။ သမိုင်းဆိုင်ရာပါမောက္ခတစ်ဦးက “၁၉၁၄ ခုနှစ်၏ လူမျိုးဆက်” နှင့်ပတ်သက်ပြီး မည်သို့ရေးသားသနည်း၊ ယင်းသည် ယေရှု၏ပရောဖက်ပြုချက်နှင့် မည်သို့ဆက်စပ်သနည်း။
၇ အထက်ဖော်ပြချက်နှင့်အညီ သမိုင်းဆိုင်ရာပါမောက္ခ ရားဘတ်ဗိုးလ်က သူ၏စာအုပ်ဖြစ်သော ၁၉၁၄ ခုနှစ်၏လူမျိုးဆက် တွင် ဤသို့ရေးသားခဲ့သည်– “သမိုင်းဝင်လူမျိုးဆက်တစ်ခုကို ယင်းအတွက်မှတ်သားထားသော အချိန်ကာလအကန့်အသတ်များဖြင့် ပိုင်းခြားကန့်သတ်မထားပါ . . . ယင်းသည် နေ့ရက်အချိန်ကာလအပိုင်းအခြားတစ်ခုမဟုတ်။” တစ်ချိန်တည်းတွင် ပထမကမ္ဘာစစ်က “အတိတ်နှင့် တခြားစီဖြစ်သွားသည်ဟူသည့် ခံစားချက်လွှမ်းမိုး” ရန် ဖန်တီးခဲ့ကြောင်း ထောက်ပြကာ သူဤသို့ဖြည့်စွက်သည်– “ဤစစ်ကို ကပ်ကျော်အသက်ရှင်ခဲ့သူများသည် ၁၉၁၄ ခုနှစ် ဩဂုတ်လတွင် ကမ္ဘာတစ်ခုအဆုံးသတ်ပြီး နောက်ကမ္ဘာတစ်ခု အစပြုခဲ့သည်ဟူသောယုံကြည်ချက်ကို သူတို့စိတ်ထဲမှ ဘယ်တော့မျှထုတ်ပစ်နိုင်မည်မဟုတ်။” အလွန်မှန်လိုက်လေခြင်း! ယင်းက ကိစ္စ၏သော့ချက်ကို အာရုံစိုက်စေသည်။ ၁၉၁၄ ခုနှစ်မှစတင်သည့် ‘ဤလူမျိုးဆက်’ သည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အပြောင်းအလဲများကို တွေ့ကြုံခဲ့ကြရသည်။ ယင်းသည် သန်းနှင့်ချီသောသူတို့၏အသွေးဖြင့် လွှမ်းနေသည့်ကမ္ဘာကို မြင်တွေ့ခဲ့ရပြီ။ စစ်မက်၊ မျိုးဖြုတ်သတ်ဖြတ်မှု၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှုနှင့် မတရားမှုတို့သည် ကမ္ဘာတစ်လွှားတွင် ဖြစ်ပွားလာခဲ့ပြီ။ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယနှင့် စာရိတ္တယိုယွင်းမှုတို့သည် ကျွန်ုပ်တို့မြေဝသုန်ကို သောင်းကျန်းခြိမ်းခြောက်လျက်ရှိသည်။ ယေရှုဤသို့ပရောဖက်ပြုခဲ့သည်– “ထိုအကြောင်းအရာများဖြစ်သည်ကို [ကိုယ်တော်၏တပည့်တော်များ] မြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော်တည်လုနီးသည်ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား ယခုဖြစ်သောလူများ [“လူမျိုးဆက်၊” ကဘ] မကုန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။”—လုကာ ၂၁:၃၁၊ ၃၂။
၈။ ယေဟောဝါ၏ပရောဖက်များက နိုးနိုးကြားကြားနေရန် လိုအပ်ခြင်းကို မည်သို့အလေးပေးဖော်ပြကြသနည်း။
၈ မှန်ပါသည်၊ မေရှိယနိုင်ငံတော်၏ အပြီးသတ်အောင်ပွဲသည် အလွန်နီးကပ်လျက်ရှိသည်! နေ့စွဲရက်စွဲများကို မျှော်လင့်စောင့်စားခြင်းအားဖြင့်သော်လည်းကောင်း၊ “လူမျိုးဆက်” တစ်ခု၏ ပကတိသက်တမ်းကို မှန်းဆခြင်းဖြင့်သော်လည်းကောင်း အကျိုးတစ်ခုခုရှိမည်လော။ ဝေးလေစွ! ဟဗက္ကုတ် ၂:၃ ကဤသို့ရှင်းလင်းစွာ ဖော်ပြသည်– “ထိုရူပါရုံသည် ချိန်းချက်သောအချိန်နှင့်ဆိုင်၍ အမှုကုန်ရသော ကာလကိုဆိုလို၏။ မုသာနှင့်ကင်းလွတ်၏။ ဆိုင်းသော်လည်းမျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။” စာရင်းရှင်းမည့် ယေဟောဝါ၏နေ့ရက်တော်သည် ယခင်ကထက်သာ၍ အလျင်အမြန်ချဉ်းကပ်လာသည်။—ယေရမိ ၂၅:၃၁-၃၃; မာလခိ ၄:၁။
၉။ ၁၉၁၄ ခုနှစ်ကတည်းကစသည့် အဘယ်တိုးတက်ဖြစ်ပေါ်မှုများက အချိန်ကာလသည် တိုတောင်းကြောင်း ပြသနည်း။
၉ ခရစ်တော်၏နိုင်ငံတော်အုပ်ချုပ်ရေးသည် ၁၉၁၄ ခုနှစ်တွင် စတင်သောအခါ စာတန်သည် မြေကြီးပေါ်သို့ ပစ်ချခံရသည်။ ယင်း၏အဓိပ္ပာယ်ကား “မြေကြီး . . . သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။” (ဗျာဒိတ် ၁၂:၁၂) ထိုအချိန်ကာလသည် စာတန်အုပ်ချုပ်ခဲ့သည့် ထောင်နှင့်ချီသောနှစ်များနှင့် နှိုင်းစာလိုက်လျှင် အမှန်ပင်တိုတောင်းသည်။ ဘုရားသခင့်နိုင်ငံတော်သည် အလွန်နီးကပ်နေရကား ဤဆိုးညစ်သောလူမျိုးဆက်အပေါ် စီရင်ချက်ချမှတ်မည့် ယေဟောဝါ၏နေ့ရက်တော်နှင့် အချိန်နာရီသည်လည်း နီးကပ်နေပြီ!—သု. ၃:၂၅; ၁၀:၂၄၊ ၂၅။
ကုန်လွန်သွားသည့် ‘လူမျိုးဆက်’
၁၀။ ‘ဤလူမျိုးဆက်’ သည် နောဧခေတ်ကလူမျိုးဆက်နှင့် မည်သို့တူသနည်း။
၁၀ မဿဲ ၂၄:၃၄၊ ၃၅ ပါ ယေရှု၏ဤမိန့်မြွက်ချက်ကို သာ၍စေ့စေ့ဆန်းစစ်ကြည့်ကြစို့– ‘ငါအမှန်ဆိုသည်ကား ဤလူမျိုးဆက်မကုန်လွန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။’ ယေရှု၏နောက်စကားက ‘ထိုအချိန်နာရီကို အဘယ်သူမျှမသိ’ ကြောင်းပြသည်။ ပို၍အရေးကြီးသည်ကား ကျွန်ုပ်တို့သည် ဤလူမျိုးဆက်အတွင်း မိမိတို့ပတ်ပတ်လည်ရှိ ထောင်ချောက်များကို ရှောင်ရှားရမည်ဖြစ်ကြောင်း ကိုယ်တော်ပြသသည်။ ထို့ကြောင့် ယေရှုဤသို့ထပ်ဆင့်မိန့်တော်မူသည်– “လူသားကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အာင် သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။” (မဿဲ ၂၄:၃၆-၃၉) ဤတွင်ယေရှုက သူ့ခေတ်ရှိလူမျိုးဆက်နှင့် နောဧခေတ်ရှိလူမျိုးဆက်တို့ကို နှိုင်းယှဉ်ခဲ့သည်။—ကမ္ဘာဦး ၆:၅၊ ၉; အောက်ခြေမှတ်ချက်။
၁၁။ မဿဲ နှင့် လုကာတို့ မှတ်တမ်းတင်ထားသည့်အတိုင်း ‘လူမျိုးဆက်’ များနှင့်ပတ်သက်၍ အဘယ်နှိုင်းယှဉ်မှုကို ယေရှုပြုခဲ့သနည်း။
၁၁ ‘လူမျိုးဆက်’ နှင့်ပတ်သက်ပြီး ယေရှုနှိုင်းယှဉ်ပြသည်ကို တမန်တော်များကြားရခြင်းသည် ပထမအကြိမ်မဟုတ်ပါ၊ အကြောင်းမှာ အစောပိုင်း ရက်အနည်းငယ်ခန့်က ကိုယ်တော်သည် မိမိနှင့်ပတ်သက်၍ ဤသို့မိန့်တော်မူခဲ့သောကြောင့်ဖြစ်သည်– ‘လူသားသည် . . . များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဤလူမျိုးဆက်၏ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရလိမ့်မည်။ နောဧလက်ထက်ကဖြစ်သကဲ့သို့ လူသားလက်ထက်၌ဖြစ်လိမ့်မည်။’ (လုကာ ၁၇:၂၄-၂၆) ထို့ကြောင့် မဿဲ အခန်းကြီး ၂၄ နှင့် လုကာ အခန်းကြီး ၁၇ တို့သည် ထပ်တူနှိုင်းယှဉ်ချက်များဖြစ်သည်။ နောဧခေတ်တွင် “မြေကြီးပေါ်မှာလူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်ကြ” ပြီး ရေလွှမ်းမိုးဘေးတွင် ဖျက်ဆီးခံခဲ့ရသည့် လူများမှာ ‘ဤလူမျိုးဆက်’ ပင်ဖြစ်သည်။ ယေရှုခေတ်တွင် ယေရှုကိုငြင်းပယ်ခဲ့သည့် အယူဖောက်ပြန်သော ဂျူးလူမျိုးမှာ ‘ဤလူမျိုးဆက်’ ဖြစ်သည်။—ကမ္ဘာဦး ၆:၁၁၊ ၁၂; ၇:၁။
၁၂၊ ၁၃။ (က) ယနေ့ ကုန်လွန်သွားရမည့် ‘ဤလူမျိုးဆက်’ ကားအဘယ်နည်း။ (ခ) ယေဟောဝါ၏လူမျိုးတော်သည် ယခုအခါ ဤ “မဖြောင့်မမှန်၊ ဖောက်ပြန်သောလူမျိုး” ကို မည်သည့်နည်းဖြင့် ရင်ဆိုင်အောင်မြင်နေသနည်း။
၁၂ ထို့ကြောင့် ယနေ့အချိန် ယေရှုပရောဖက်ပြုချက်၏ နောက်ဆုံးပြည့်စုံချက်တွင် ‘ဤလူမျိုးဆက်’ သည် ခရစ်တော်ရောက်ရှိနေခြင်း၏နိမိတ်ကို တွေ့မြင်သော်လည်း မိမိတို့၏လမ်းစဉ်များကို ပြုပြင်ရန် ပျက်ကွက်ကြသည့် ကမ္ဘာ့လူသားများကို ရည်ညွှန်းကြောင်း ထင်ရှားသည်။ ဆန့်ကျင်ဘက်အနေနှင့် ယေရှု၏တပည့်တော်များဖြစ်သော ကျွန်ုပ်တို့မူ ‘ဤလူမျိုးဆက်’ ၏ဘဝပုံစံက ပုံသွင်းခြင်းခံရန် ငြင်းဆန်ကြသည်။ ကျွန်ုပ်တို့သည် ဤလောကတွင်နေကြသော်လည်း “ကာလအချိန်ရောက်လုနီးပြီဖြစ်” သောကြောင့် ယင်းနှင့်လုံးဝမပတ်သက်ကြရပါ။ (ဗျာဒိတ် ၁:၃; ယောဟန် ၁၇:၁၆) တမန်တော်ပေါလုက ကျွန်ုပ်တို့ကို ဤသို့သြဝါဒပေးသည်– “သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲပြုကြလော့။ သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှမပြစ်မှားဘဲနေ၍၊ မဖြောင့်မမှန်ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သားဖြစ်ကြလိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သောနှုတ်ကပါဌ်တရားတော်ကို ပြသ၍ စကြဝဠာ၌ နေ၊ လ၊ ကြယ်နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။”—ဖိလိပ္ပိ ၂:၁၄၊ ၁၅; ကောလောသဲ ၃:၅-၁၀; ၁ ယောဟန် ၂:၁၅-၁၇။
၁၃ ကျွန်ုပ်တို့၏ ‘နေ၊ လ၊ ကြယ်နက္ခတ်များကဲ့သို့ထွန်းလင်း’ ခြင်းတွင် စင်ကြယ်သောခရစ်ယာန်ဥပဓိရုပ်ကို တင်ပြခြင်းသာမကဘဲ အရေးအကြီးဆုံးကား ယေရှုပရောဖက်ပြုထားသော ဤတာဝန်ကို လုပ်ဆောင်ခြင်းလည်းပါဝင်သည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည့်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) ထိုအဆုံး အဘယ်အချိန်တွင်ရောက်မည်ကို မည်သူမျှမပြောနိုင်သော်လည်း “မြေကြီးစွန်းတိုင်အောင်” ဘုရားသခင်စိတ်ကျေနပ်သည့်အထိ သက်သေခံပြီးသည်နှင့်တစ်ပြိုင်နက် ဆိုးညစ်သောလူများဖြစ်သည့် ‘ဤလူမျိုးဆက်’ ၏အဆုံးသည် ရောက်လာမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိထားကြသည်။—တမန်တော် ၁:၈။
“ထိုအချိန်နာရီ”
၁၄။ ယေရှုနှင့် ပေါလုနှစ်ဦးစလုံးက “အချိန်နာရီ” နှင့်ပတ်သက်၍ မည်သည့်သြဝါဒကို ပေးခဲ့သနည်း၊ ကျွန်ုပ်တို့မည်သို့ တုံ့ပြန်သင့်သနည်း။
၁၄ ယေဟောဝါ၏ရည်ရွယ်တော်မူချက်များ ပြည့်မီသည့်အထိ ကမ္ဘာချီသက်သေခံခြင်း ပြီးမြောက်သွားသောအခါ ဤလောက၏စနစ်ကို သုတ်သင်ပယ်ရှင်းရန် ကိုယ်တော်၏ “အချိန်နာရီ” သည် ရောက်လာမည်။ ကျွန်ုပ်တို့သည် ဤနေ့ရက်အချိန်ကို ကြိုတင်သိရန်မလိုပါ။ ထို့ကြောင့် ယေရှုနည်းတူ တမန်တော်ပေါလုက ဤသို့သြဝါဒပေးခဲ့သည်– “ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အားရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည်ညဉ့်အခါလာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ဟုဆိုစဉ်တွင် ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့ သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရကြ။” ပေါလုအာရုံစိုက်စေသည့်အချက်ကို မှတ်သားပါ– ‘သူတို့ဆိုစဉ်တွင်။’ မှန်ပါသည်၊ “ငြိမ်ဝပ်ခြင်းရှိ၏။ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏” ဟုပြောသည့် မထင်မှတ်သောအချိန်တွင် ဘုရားသခင့်စီရင်ချက် ရုတ်တရက်ကျရောက်မည်။ ပေါလု၏ဤအကြံပေးချက်သည် အလွန်သင့်လျော်လှသည်– “သို့ဖြစ်၍ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့”!—၁ သက်သာလောနိတ် ၅:၁-၃၊ ၆; ၇-၁၁; တမန်တော် ၁:၇။
၁၅၊ ၁၆။ (က) အာမဂေဒုန်သည် ကျွန်ုပ်တို့ထင်မှတ်ထားသည့်အချိန်ထက် သာ၍ဝေးကွာနေသည်ဟု အဘယ်ကြောင့် မထင်သင့်သနည်း။ (ခ) ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုသည် မဝေးတော့သောအနာဂတ်တွင် မည်သို့ဂုဏ်ထင်ရှားခံရမည်နည်း။
၁၅ ‘ဤလူမျိုးဆက်’ နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ပိုမိုတိကျသော ရှုမြင်ပုံက အာမဂေဒုန်သည် ကျွန်ုပ်တို့တွေးထင်ထားသည်ထက် သာ၍ဝေးကွာနေသည်ဟု အဓိပ္ပာယ်သက်ရောက်စေသလော။ လုံးဝမဟုတ်ပါလေ! “အချိန်နာရီ” ကိုကျွန်ုပ်တို့ဘယ်တော့မျှ မသိခဲ့ဖူးသော်လည်း ယင်းကို ယေဟောဝါအမြဲသိထားတော်မူပြီး ကိုယ်တော်သည် ယင်းကိုမပြောင်းလဲလိုက်ပါ။ (မာလခိ ၃:၆) ရှင်းနေသည်မှာ လောကသည် ကမ်းကုန်အောင်ပျက်စီးယိုယွင်းမှုထဲတွင် နစ်သည်ထက်နစ်နေသည်။ နိုးနိုးကြားကြားနေရန် မည်သည့်အခါနှင့်မျှမတူအောင် အရေးတကြီးလိုအပ်နေသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကို “ကာလမကြာမမြင့်မီဖြစ်ရမည့်အမှုအရာများ” ဖွင့်ပြထားပြီဖြစ်ရာ ကျွန်ုပ်တို့သည် အရေးကြီးမှုကို အပြည့်အဝသတိပြုကာ တုံ့ပြန်သင့်သည်။—ဗျာဒိတ် ၁:၁; ၁၁:၁၈; ၁၆:၁၄၊ ၁၆။
၁၆ အချိန်ကာလနီးကပ်လာသည်နှင့်အမျှ ယေဟောဝါသည် စာတန့်စနစ်ရှိရှိသမျှကို ဘေးသင့်စေတော့မည်ဖြစ်သောကြောင့် နိုးနိုးကြားကြားနေပါလေ! (ယေရမိ ၂၅:၂၉-၃၁) ယေဟောဝါဤသို့မိန့်တော်မူသည်– “ငါသည် ကိုယ်ကိုချီးမြှောက်၍ ရိုသေဖွယ်သောဂုဏ်လက္ခဏာကိုပြလျက်၊ များစွာသောလူမျိုးတို့ရှေ့မှာ ထင်ရှားသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။” (ယေဇကျေလ ၃၈:၂၃) ထိုဆုံးဖြတ်သတ်မှတ်ထားသော “ထာဝရဘုရား၏နေ့ရက်” သည် နီးကပ်နေပြီ!—ယောလ ၁:၁၅; ၂:၁၊ ၂; အာမုတ် ၅:၁၈-၂၀; ဇေဖနိ ၂:၂၊ ၃။
ဖြောင့်မတ်သော “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်”
၁၇၊ ၁၈။ (က) ယေရှုနှင့် ပေတရုတို့၏ အဆိုအရ ‘ဤလူမျိုးဆက်’ သည် မည်သို့ ကုန်လွန်သွားမည်နည်း။ (ခ) ကျွန်ုပ်တို့သည် ဘုရားဝတ်၌မွေ့လျော်သည့် အကျင့်အကြံအပြုအမူများနှင့်ပတ်သက်၍ အဘယ်ကြောင့် သတိပြုနေသင့်သနည်း။
၁၇ ‘ဖြစ်ရမည့် ထိုအရာအလုံးစုံတို့’ နှင့်စပ်လျဉ်း၍ ယေရှုဤသို့မိန့်မြွက်ခဲ့သည်– “ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။” (မဿဲ ၂၄:၃၄၊ ၃၅) ယေရှုက ‘ဤလူမျိုးဆက်’ ၏ “ကောင်းကင်နှင့်မြေကြီး”—အုပ်ချုပ်သူများနှင့် အုပ်ချုပ်ခံများ—ကို ရည်မှတ်ပုံရှိသည်။ တမန်တော်ပေတရုက “တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပါဌ်တော်အားဖြင့် သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလိုငှာ” ထားသည့် “ယခုရှိသောမိုးကောင်းကင်နှင့် မြေကြီး” ကိုရည်ညွှန်းရာတွင် အလားတူစကားများကို အသုံးပြုခဲ့သည်။ ယိုယွင်းဖောက်ပြန်သောလူ့ဘောင် သို့မဟုတ် “မြေကြီး” နှင့် ယင်း၏အပြစ်ပါသောလုပ်ဆောင်မှုများနှင့်အတူ သူခိုးသည် ညအခါလာသကဲ့သို့ “ထာဝရဘုရား၏နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ [အုပ်ချုပ်မှုနှင့်ပတ်သက်သော] မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွပျောက်သွား” မည့်ပုံကို သူဆက်၍ဖော်ပြသည်။ ထို့နောက် တမန်တော်က “မိုးကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက် အရည်ကျိုခြင်းကို ခံရသောနေ့တည်းဟူသော ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း” ရှိရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ ယင်းသို့ဖြစ်ပြီးနောက် ဘာဆက်လာမည်နည်း။ ပေတရုက ‘ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်’ သို့ ကျွန်ုပ်တို့ကို အာရုံစိုက်စေသည်။—၂ ပေတရု ၃:၇၊ ၁၀၊ ၁၁-၁၃။c
၁၈ ဤ “ကောင်းကင်သစ်” ဖြစ်သော ခရစ်တော်ယေရှုနှင့် ကိုယ်တော့်တွဲဖက်ဘုရင်များအုပ်ချုပ်မည့် နိုင်ငံတော်သည် ဖြောင့်မတ်သည့် “မြေကြီးသစ်” ဖြစ်သော လူ့ဘောင်အဖွဲ့အစည်းကို ကောင်းချီးများ သွန်းလောင်းပေးမည်။ သင်သည် ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်လောင်းဖြစ်သလော။ ဖြစ်ပါက သိုမှီးထားသည့် အလွန်ကောင်းသောအနာဂတ်တွင် ပျော်ရွှင်မြူးထူးဖို့ သင်၌အကြောင်းရှိသည်တကား!—ဟေရှာယ ၆၅:၁၇-၁၉; ဗျာဒိတ် ၂၁:၁-၅။
၁၉။ အဘယ်အခွင့်ထူးကြီးကို ယခုကျွန်ုပ်တို့ ခံစားနိုင်ကြသနည်း။
၁၉ မှန်ပါသည်၊ ဖြောင့်မတ်သောလူသား ‘လူမျိုးဆက်’ တစ်ခုကို ယခုပင်စုသိမ်းနေပါသည်။ ယနေ့ ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ သည် ဆာလံ ၇၈:၁၊ ၄ ရှိစကားများနှင့်အညီ မြင့်မြတ်သောပညာကို စီမံပေးနေကြသည်– “ငါ၏လူများတို့၊ ငါ့တရားကို နားထောင်ကြလော့။ ငါမြွက်သောစကားကို နားထောင်ကြလော့။ . . . ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကိုလည်းကောင်း၊ ပြုတော်မူသောအံ့သြဖွယ်အမှုတို့ကိုလည်းကောင်း ဖြစ်လတ္တံ့သောသူတို့အားဖော်ပြကြမည်။” (မဿဲ ၂၄:၄၅-၄၇) ဤနှစ် ဧပြီ ၁၄ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း အသင်းတော်ပေါင်း ၇၅,၅၀၀ ကျော်နှင့် နိုင်ငံပေါင်း ၂၃၀ ခန့်တို့တွင် လူဦးရေ ၁၂,၀၀၀,၀၀၀ ကျော်သည် ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်ခဲ့ကြသည်။ သင်သည် သူတို့ထဲတွင် ပါခဲ့သလော။ သင်သည် ခရစ်တော်ယေရှုကို ယုံကြည်အားထားကာ ‘ကယ်တင်ခြင်းရရန် ယေဟောဝါ၏နာမတော်ကို ခေါ်နိုင်ပါစေ။’—ရောမ ၁၀:၁၀-၁၃။
၂၀။ “ကာလအချိန်တိုလာ” သောကြောင့် ကျွန်ုပ်တို့ မည်သို့နိုးနိုးကြားကြားနေရမည်နည်း။ အဘယ်ပီပြင်သည့် အနာဂတ်အလားအလာဖြင့်နည်း။
၂၀ “ကာလအချိန်တိုလာပြီ” ဟု တမန်တော်ပေါလု ဆိုခဲ့သည်။ ထို့ကြောင့် ဆိုးညစ်သော လူမျိုးဆက်က သက်ရောက်စေသည့် စုံစမ်းမှုနှင့် မုန်းတီးမှုများကို ကျွန်ုပ်တို့ခံရပ်လျက် အမြဲပင်နိုးနိုးကြားကြားနေပြီး ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များနေရမည့်အချိန်ဖြစ်သည်။’ (၁ ကောရိန္သု ၇:၂၉၊ သမ္မာ; မဿဲ ၁၀:၂၂; ၂၄:၁၃၊ ၁၄) သတိနှင့်စောင့်နေကာ ‘ဤလူမျိုးဆက်’ ပေါ်တွင် ကျရောက်လာမည့် ကျမ်းစာတွင်ကြိုပြောထားသော အရာအားလုံးကို အကဲခတ်နေကြစို့။ (လုကာ ၂၁:၃၁-၃၃) ဤအရာများကို လွတ်မြောက်ကာ လူသားရှေ့တွင် ဘုရားသခင့်မျက်နှာသာရအနေအထားဖြင့် ရပ်တည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် နောက်ဆုံးတွင် ထာဝရအသက်ဆုကို ရရှိနိုင်ကြမည်။
[အောက်ခြေမှတ်ချက်များ]
a “ခုနစ်ကာလ” နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များအတွက် နယူးယောက်မြို့ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသော “နိုင်ငံတော်လာပါစေ” စာအုပ် (လိပ်) စာမျက်နှာ ၁၂၇-၃၉၊ ၁၈၆-၉ တွင်ရှု။
b နယူးယောက်မြို့ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသော ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း (လိပ်) အတွဲ ၁၊ စာမျက်နှာ ၉၁၈ ကိုရှု။
c နယူးယောက်မြို့ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသည့် ကျွန်ုပ်တို့၏လာလတ္တံ့သော ကမ္ဘာ့အစိုးရ—ဘုရားသခင့်နိုင်ငံတော် (လိပ်) စာမျက်နှာ ၁၅၂-၆ နှင့် ၁၈၀-၁ လည်းရှု။
ပြန်လည်ဆွေးနွေးရန် မေးခွန်းများ
◻ ဒံယေလ ၄:၃၂ ၏ပြည့်စုံချက်ကို သတိပြုမှတ်သားကာ ကျွန်ုပ်တို့သည် မည်သို့ “သတိနှင့်စောင့်နေ” သင့်သနည်း။
◻ မဿဲ နှင့် လုကာခရစ်ဝင်ကျမ်းများက ‘ဤလူမျိုးဆက်’ ကို မည်သို့သဲကွဲသိသာစေသနည်း။
◻ ကျွန်ုပ်တို့သည် “ထိုအချိန်နာရီ” ကို စောင့်ဆိုင်းနေစဉ် အဘယ်အရာကို သတိပြုမိပြီး မည်သို့တုံ့ပြန်သင့်သနည်း။
◻ ဖြောင့်မတ်သော “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” အလားအလာက ကျွန်ုပ်တို့ကို အဘယ်အရာလုပ်ရန် အားပေးတိုက်တွန်းသနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဒုက္ခခံနေရသော လူသားများသည် ဤရမ်းကားဆိုးယုတ်သောလူမျိုးဆက် ကွယ်ပျောက်သွားသည့်အခါ လွတ်မြောက်မှုတွေ့ရမည်
[Credit Line]
Alexandra Boulat/Sipa Press
[Credit Line]
Left and below: Luc Delahaye/Sipa Press
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
လူမျိုးနွယ်ခပ်သိမ်းအတွက် ဘုန်းကျက်သရေရှိသော “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” သည် အလွန်နီးသည့် အနာဂတ်တွင်ရှိ