အခန်း ၁၁၁
နောက်ဆုံးသောကာလ၏ပုဗ္ဗနိမိတ်
ယခုအင်္ဂါနေ့မွန်းလွဲပိုင်းတွင် သံလွင်တောင်ပေါ်ယေရှုထိုင်၍ အောက်အရပ်ဗိမာန်တော်ကိုကြည့်နေစဉ်၊ ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့်ယောဟန်တို့သည် ကိုယ်တော်ထံလာကြသည်။ ဗိမာန်တော်သည် ကျောက်တစ်ခုပေါ်တစ်ခုမျှထပ်ဆင့်၍မကျန်ရစ်စေရဟု ယေရှုပြောပြီးရုံရှိသောကြောင့် သူတို့သည် ယင်းနှင့်ပတ်သက်၍စိုးရိမ်နေကြ၏။
သို့သော် သူတို့ယေရှုထံချဉ်းကပ်စဉ် ထိုထက်ပိုသိလိုပုံရှိသည်။ သီတင်းပတ်အနည်းငယ်က “လူသားပေါ်ထွန်း” မည့်အချိန်ဖြစ်သည့်မိမိ၏ “ရောက်ရှိခြင်း” အကြောင်းမိန့်ကြားခဲ့သည်။ ထိုထက်စောစောပိုင်းကလည်း “အစီအစဉ်စနစ်ကုန်ဆုံးချိန်” အကြောင်းသူတို့အားပြောခဲ့ပြီဖြစ်၍ တပည့်တို့သည် အလွန်အမင်း သိလိုကြသည်။
တမန်တော်တို့က “ထိုအမှုအရာ [ယေရုရှလင်နှင့်ဗိမာန်တော်ပျက်စီးခြင်း] တို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုဗ္ဗနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း မိန့်တော်မူပါ” ဟုလျှောက်ကြ၏။ သူတို့၏မေးခွန်းတွင် သုံးပိုင်းပါသည်။ ဦးဆုံးသိလိုကြသည်ကား၊ ယေရုရှလင်နှင့်ဗိမာန်တော်၏အဆုံးဖြစ်၍ ထိုနောက်နိုင်ငံတော်အာဏာနှင့်ယေရှုရောက်ရှိခြင်း၊ နောက်ဆုံးမှာ ဤအစီအစဉ်စနစ်တစ်ခုလုံး၏အဆုံးတို့ဖြစ်သည်။
ယေရှု၏ရှည်လျားသောအဖြေ၌ မေးခွန်းသုံးပိုင်းစလုံး၏အဖြေပါသည်။ ဂျူးစနစ်ကုန်ဆုံးမည့်အချိန်ကို ထင်ရှားစွာပြသည့်နိမိတ်ပေးပြီး ကိုယ်တော်ရောက်ရှိချိန်အတွင်းနှင့် စနစ်တစ်ခုလုံး၏ကုန်ဆုံးလုချိန်တွင်အသက်ရှင်နေကြောင်း ကိုယ်တော်၏အနာဂတ်တပည့်များ သိရှိနိုင်ရန်နိမိတ်ကိုလည်းပေးခဲ့သေးသည်။
နှစ်များကုန်လွန်ခဲ့သည်နှင့်အမျှ တမန်တော်တို့သည် ယေရှု၏ပရောဖက်ပြုချက်ပြည့်စုံလာကြောင်း မြင်ကြသည်။ ကိုယ်တော် ကြိုတင်ဟောခဲ့သည့်အရာတို့သည် သူတို့လက်ထက်တွင် စတင်ဖြစ်ပျက်လာသည်။ သို့ဖြင့် ၃၇ နှစ်ကြာပြီးနောက်၊ စီအီး ၇၀ တွင် အသက်ရှင်ခဲ့သောခရစ်ယာန်များသည် ဗိမာန်တော်နှင့် ဂျူးစနစ်ဖျက်ဆီးခြင်းခံရသောအခါ အမှတ်တမဲ့ ပါမသွားကြချေ။
သို့သော် စီအီး ၇၀ တွင် ယေရှုရောက်ရှိခြင်း မဖြစ်သေးချေ။ နိုင်ငံတော်တန်ခိုးနှင့် ကိုယ်တော်ရောက်ရှိခြင်းသည် နောက်ပိုင်းအတန်ကြာမှဖြစ်မည်။ မည်သည့်အခါနည်း။ ယေရှု၏ပရောဖက်ပြုချက်ကိုသုံးသပ်ခြင်းဖြင့် ယင်းကိုသိနိုင်သည်။
“စစ်ဖြစ်ဆဲနှင့်စစ်ဖြစ်မည့်သတင်းများ” (သမ ) အပြင် “လူတစ်မျိုးနှင့်တစ်မျိုး . . . ရန်ဘက်ပြု” ခြင်း၊ အစာခေါင်းပါးခြင်း၊ ငလျင်လှုပ်ခြင်းနှင့်ရောဂါများပြားလိမ့်မည်၊ တပည့်တို့သည် မုန်းတီးခြင်း၊ အသေသတ်ခြင်းကို ခံရလိမ့်မည်၊ မိစ္ဆာပရောဖက်များပေါ်လာပြီး အများအပြားကို လမ်းလွဲစေမည်၊ မတရားမှုများလာပြီး၊ မေတ္တာတရားခေါင်းပါးလာမည်၊ တစ်ချိန်တည်း၌ပင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူမျိုးအပေါင်းအားသက်သေအဖြစ်ဟောကြလိမ့်မည်ဟု ယေရှုကြိုတင်ဟောသည်။
ယေရှု၏ပရောဖက်ပြုချက်သည် စီအီး ၇၀ ယေရုရှလင် ဖျက်ဆီးခံရချိန်မတိုင်မီ အကန့်အသတ်နှင့်ပြည့်စုံခဲ့သော်လည်း ကိုယ်တော်ရောက်ရှိချိန်နှင့်အစီအစဉ်စနစ်အဆုံးတွင် အကြီးစားပြည့်စုံပါသည်။ ၁၉၁၄ ခုနှစ်မှစ၍ ကမ္ဘာ့ဖြစ်ရပ်များကို ဂရုစိုက်သုံးသပ်ခြင်းက ယေရှု၏အရေးပါသောပရောဖက်ပြုချက်သည် ထိုနှစ်မှစ၍ အကြီးစားပြည့်စုံနေကြောင်း ဖော်ပြသည်။
ယေရှုပေးသည့်နိမိတ်၏နောက်တစ်ပိုင်းမှာ “ဖျက်ဆီးတတ်သောရွံရှာဖွယ်” ပေါ်လာခြင်းဖြစ်သည်။ စီအီး ၆၆ တွင်ယေရုရှလင်ကိုဝိုင်းပြီး ဗိမာန်တော်မြို့ရိုးကိုဖျက်ဆီးသည့်ရောမ “ဗိုလ်ခြေ” အနေဖြင့် ရွံရှာဖွယ်ရာပေါ်လာသည်။ “ရွံရှာဖွယ်ရာ” သည်မနေသင့်သောအရပ်တွင် ရပ်တည်နေသည်။
အကြီးစားပြည့်စုံချက်တွင် ဤရွံရှာဖွယ်ရာသည် နိုင်ငံပေါင်းချုပ်အသင်းနှင့် ယင်းကိုဆက်ခံသည့် ကုလသမဂ္ဂဖြစ်သည်။ ဤကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ကို ဘုရားသခင့်နိုင်ငံတော်ကိုယ်စားအဖြစ် ခရစ်ယာန်ဘောင်ယူမှတ်သည်။ မည်မျှရွံရှာဖွယ်ရာပါတကား။ ထို့ကြောင့်အချိန်တန်လျှင် ယူအဲန်နှင့်ပေါင်းသောနိုင်ငံရေးအာဏာစက်တို့သည် ခရစ်ယာန်ဘောင် (ပုံဆောင်ယေရုရှလင်) ကိုရုတ်တရက်ဖျက်ဆီးလိမ့်မည်။
ထိုကြောင့် ယေရှုက “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဘူး၊ နောက်၌လည်း မဖြစ်လတ္တံ့သောကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်” ဟုကြိုဟောသည်။ လူတစ်သန်းကျော်အသတ်ခံရသည့် စီအီး ၇၀၊ ယေရုရှလင်ပျက်စီးခြင်းသည် ကြီးစွာသောဒုက္ခအမှန်ဖြစ်သည်။ ဤယေရှုပရောဖက်ပြုချက်အပိုင်း၏အကြီးစားပြည့်စုံချက်သည် ပိုမိုကြီးကျယ်ပါလိမ့်မည်။
နောက်ဆုံးကာလအတွင်းစိတ်ချမှု
နိသန်လ ၁၁ ရက်၊ အင်္ဂါနေ့ကုန်ခါနီးတွင် ယေရှုသည် နိုင်ငံတော်တန်ခိုးဖြင့်ရောက်ရှိခြင်း၊ အစီအစဉ်စနစ်ဆုံးခြင်းအကြောင်းဆက်ဆွေးနွေးသည်။ ခရစ်တော်ယောင်ဆောင်သူများ နောက်သို့မလိုက်မိရန် သတိပေးသည်။ ဖြစ်နိုင်လျှင် ‘ရွေးချယ်သောသူတို့ကိုပင် ကြိုးစားလှည့်ဖြား’ လိမ့်မည်ဟုယေရှုပြော၏။ သို့သော် အမြင်စူးရှသောရွှေလင်းတများကဲ့သို့ ဤရွေးချယ်သူများသည် စစ်မှန်သောဝိညာဏအစာရှိသည့် စစ်မှန်သောခရစ်တော်ထံ ကိုယ်တော်၏မျက်မြင်မရရောက်ရှိချိန်၌ စုဝေးကြလိမ့်မည်။ ခရစ်တော်ယောင်ဆောင်သူနောက်သို့လိုက်ရန် လှည့်ဖြားခံရမည်မဟုတ်ချေ။
ခရစ်တော်ယောင်ဆောင်သူများသည် မျက်မြင်ရအသွင်ဖြင့်သာထင်ရှားနိုင်သည်။ ယေရှု၏ရောက်ရှိခြင်းမူ မျက်မြင်မရဖြစ်မည်။ ကြီးစွာသောဒုက္ခစတင်ဖြစ်ပျက်ပြီးသည်နှင့် “နေသည်မိုက်လိမ့်မည်။ လသည်အရောင်ကိုမပေး” ဟုယေရှုဆိုသည်။ ထိုအချိန်သည် လူ့သမိုင်းတွင်အမှောင်မိုက်ဆုံးအချိန်ဖြစ်လိမ့်မည်။ ယင်းသည် နေ့အချိန်တွင် နေမိုက်သကဲ့သို့၊ ညအချိန်တွင် လသည် အလင်းမပေးသကဲ့သို့ဖြစ်လိမ့်မည်။
ယေရှုကဆက်လက်၍ “ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်လိမ့်မည်” ဟုပြောသည်။ သို့ဖြင့် ပကတိကောင်းကင်သည် နိမိတ်ပြသည့်အသွင်ဆောင်မည်ဟု ကိုယ်တော်ဖော်ပြသည်။ လူ့သမိုင်းတွင် မကြုံစဖူးထူးကဲသော ကြောက်ရွံ့မှုနှင့်အဓမ္မမှုဖြစ်လိမ့်မည်။
ထို့ကြောင့် “လူမျိုးအပေါင်းတို့သည် ပင်လယ်လှိုင်းတံပိုးမြည်ဟီးသံကြောင့် စိတ်ဒုက္ခရောက်ကြလိမ့်မည်။ လူတို့သည် ကမ္ဘာပေါ်တွင်ဆိုက်ရောက်လတ္တံ့သောဘေးများကိုမြော်မြင်၍ ကြောက်လန့်ကာစိတ်အားလျော့ကြလိမ့်မည်” (သက) ဟုယေရှုပြော၏။ လူ့သမိုင်းတွင် ဤအမှောင်မိုက်ဆုံးအချိန် ကုန်ဆုံးခါနီးလာသည်နှင့်အမျှ “လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ” လိမ့်မည်။
သို့သော်၊ စနစ်ဆိုးကိုဖျက်ဆီးရန် “ဘုန်းတန်ခိုးနှင့်လူသားကြွလာသောအခါ” လူတိုင်းမြည်တမ်းကြလိမ့်မည်မဟုတ်။ ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူအုပ်စိုးမည့် ၁၄၄,၀၀၀ သော “ရွေးချယ်သူများ” နှင့် အစောပိုင်းကမိမိ၏ “အခြားသိုး” ဟုယေရှုခေါ်ဆိုသောသူတို့၏အပေါင်းပါများသည် မြည်တမ်းကြလိမ့်မည်မဟုတ်။ လူ့သမိုင်းတွင် အမှောင်မိုက်ဆုံးအချိန်တွင်အသက်ရှင်ကြသော်လည်း “ထိုအမှုအရာတို့သည်ဖြစ်စရှိသောအခါ သင်တို့ကိုရွေးနုတ်သောအချိန်ကာလရောက်လုနီးသည်ကိုထောက်သဖြင့် မျှော်ကြည့်၍ခေါင်းကိုကြွကြလော့” ဟူသည့် ယေရှု၏အားပေးမှုကို သူတို့သည်တုံ့ပြန်ကြသည်။
အဆုံးနီးသည်ကို နောက်ဆုံးကာလတွင်အသက်ရှင်မည့်တပည့်များသိမြင်နိုင်ရန် ဤဥပမာကိုယေရှုပေးသည်– “သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကိုမှတ်ကြလော့။ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျာက်သိမြင်ကြ၏။ ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကိုမြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော်တည်လုနီးသည်ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်။”
သို့ဖြစ်၍တပည့်များသည် နိမိတ်၏အသွင်အမျိုးမျိုးပြည့်စုံနေခြင်းကိုမြင်ရသောအခါ စနစ်အဆုံးနီးကြောင်းနှင့် ဘုရားသခင့်နိုင်ငံတော်သည် ဆိုးယုတ်မှုကို မကြာခင်ဖျက်ဆီးတော့မည်အကြောင်းသိမှတ်သင့်သည်။ ယေရှုကြိုတင်ဟောသောအရာအားလုံးပြည့်စုံခြင်းကို တွေ့မြင်သည့်လူမျိုးဆက်အတွင်း အဆုံးဖြစ်ရမည်အမှန်။ အရေးပါသောနောက်ဆုံးနေ့ရက်များအတွင်း အသက်ရှင်မည့်တပည့်များကို ယေရှုဤသို့နှိုးဆော်သည်–
“သင်တို့သည် ကိုယ့်ကိုယ်ကိုသတိပြုကြလော့။ သို့မဟုတ်အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့်စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည်ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထိုကြောင့် သင်တို့သည်ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကိုခံထိုက်သူဖြစ်သည်ဟုမှတ်တော်မူမည်အကြောင်း အစဉ်ဆုတောင်းလျက်စောင့်နေကြလော့။”
ပညာရှိနှင့် ပညာမဲ့အပျိုကညာများ
ယေရှုသည် မိမိ၏တမန်တော်များတောင်းဆိုသည့် ကိုယ်တော်၏နိုင်ငံတော်အာဏာနှင့်ရောက်ရှိခြင်းနိမိတ်ကိုဖြေဆိုပေးလျက်ရှိသည်။ ယခု ယေရှုသည်ထပ်မံ၍ နိမိတ်နှင့်ပတ်သက်သောပုံဆောင်ချက်ပုံဥပမာသုံးခုပေးလေသည်။
ပုံဥပမာတစ်ခုစီ၏ပြည့်စုံချက်ကို ကိုယ်တော်ရောက်ရှိချိန်အတွင်းအသက်ရှင်သူများတွေ့မြင်နိုင်မည်။ ဤသို့နိဒါန်းပျိုးလိုက်သည်– “ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကိုခရီးဦးကြိုပြုအံ့သောငှာ မီးခွက်ကိုကိုင်ယူ၍ထွက်သွားသောသတို့သမီး [အပျိုကညာ] တစ်ကျိပ်နှင့်တူ၏။ ထိုသတို့သမီး [အပျိုကညာ] တို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။”
“ကောင်းကင်နိုင်ငံတော်သည် သတို့သမီး [အပျိုကညာ] တစ်ကျိပ်နှင့်တူလိမ့်မည်” ဟုယေရှုတင်စားခြင်းဖြင့် ကောင်းကင်နိုင်ငံတော်ကို အမွေခံမည့်သူတစ်ဝက်သည် ပညာရှိပြီး၊ တစ်ဝက်သည် မိုက်မဲမည်ဟု မဆိုလိုပါ။ ထိုသို့မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်နှင့်စပ်လျဉ်း၍ ဤသို့အလားတူ အပိုင်းများရှိသည်၊ သို့မဟုတ် ဆင်တူမည်ကို ကိုယ်တော်ဆိုလိုနေခြင်းဖြစ်သည်။
အပျိုကညာတစ်ကျိပ်သည် ကောင်းကင်နိုင်ငံတော်အမွေခံရမည့်၊ သို့မဟုတ်အမွေခံမည်ဟုဆိုသည့်ခရစ်ယာန်အားလုံးကို ပုံဆောင်သည်။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ထမြောက်ခဲ့သော ဘုန်းထင်ရှားသည့်သတို့သားယေရှုခရစ်နှင့် ခရစ်ယာန်အသင်းတော်ကို ထိမ်းမြားပေးရန်ကတိပြုခဲ့သည်။ သို့သော် ထိမ်းမြားမင်္ဂလာပွဲသည် အတိအကျမသိရသေးသောအနာဂတ်တစ်ချိန်ချိန်၌ ကောင်းကင်တွင်ဖြစ်လိမ့်မည်။
ပုံတင်ပြချက်၌ အပျိုကညာတစ်ကျိပ်သည် သတို့သားကိုကြိုဆိုသည့်အဖွဲ့တွင်ပါဝင်ရန် ထွက်လာကြ၍ သူရောက်လာသည့်အခါ သတို့သမီးအတွက် ပြင်ဆင်ထားသောအိမ်သို့ ခေါ်ဆောင်သွားရာလမ်းတစ်လျှောက်ကို မီးလင်းစေခြင်းဖြင့် သတို့သားအား ဂုဏ်ပြုကြမည်ဖြစ်သည်။ သို့သော် “မိုက်သောသူတို့သည် မီးခွက်ကိုသာယူ၍ ဆီကိုမယူကြ။ ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်းယူကြ၏။ မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ် ထိုသတို့သမီး [အပျိုကညာ] အပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏” ဟုယေရှုကဆက်ရှင်းပြသည်။
မင်္ဂလာဆောင်လုလင်၏နှောင့်နှေးခြင်းသည် ဘုရင်အဖြစ်အုပ်စိုးရန် ယေရှု၏ရောက်ရှိခြင်းမှာ ဝေးလံသေးကြောင်း တင်ပြခြင်းဖြစ်သည်။ နောက်ဆုံး ၁၉၁၄ ခုနှစ်တွင် ကိုယ်တော်ရောက်ရှိခဲ့သည်။ ထိုအချိန်မတိုင်မီ ရှည်လျားသောညတာကာလအတွင်း အပျိုကညာတို့သည်အိပ်ပျော်ကြသွားကြ၏။ ယင်းအတွက်သူတို့ကိုအပြစ်မတင်ချေ။ မိုက်သောအပျိုကညာတို့သည် သူတို့၏မီးခွက်အတွက်ဆီမပါသဖြင့် အပြစ်တင်ခံရ၏။ မင်္ဂလာဆောင်လုလင်မရောက်မီ အပျိုကညာတို့မည်သို့နိုးထလာကြကြောင်းယေရှုရှင်းပြသည်။ “သန်းခေါင်ယံ၌ ‘မင်္ဂလာဆောင်လုလင်လာပြီ၊ ခရီးဦးကြိုပြုခြင်းငှာထွက်သွားကုန်’ ဟုကြွေးကြော်လျှင် ထိုအပျိုကညာအပေါင်းတို့သည် ထ၍မီးခွက်များကိုပြင်ဆင်ကြ၏။ မိုက်သောအပျိုကညာတို့က ‘ငါတို့ဆီမီးသေပါပြီ၊ သင်တို့ဆီကို အနည်းငယ်ပေးပါ’ ဟုပညာရှိသောသူတို့အားတောင်းကြ၏။ ပညာရှိသောသူတို့ကလည်း ‘သင်တို့အဖို့နှင့်ငါတို့အဖို့ ဆီမလောက်။ ထိုကြောင့်ဆီရောင်းသောသူရှိရာသို့သွား၍ ကိုယ်သုံးဖို့ဝယ်လျှင်သာ၍ကောင်းသည်’ ဟုပြန်ပြောကြ၏။”
ဆီသည် ခရစ်ယာန်စစ်များအား အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေစေသည့်အရာကို ပုံဆောင်သည်။ ယင်းသည် မှုတ်သွင်းခံဘုရားသခင်နှုတ်ကပါဌ်တော်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူ ယင်းကိုခရစ်ယာန်များသည် စွဲမြဲစွာဆုပ်ကိုင်ထားပြီး၊ ထိုနှုတ်ကပါဌ်တော်ကိုသူတို့နားလည်ရန် ယင်းကကူညီပေးသည်။ ထိမ်းမြားစားသောက်ပွဲသို့သွားရာလမ်းတွင် လာနေသောမင်္ဂလာဆောင်လုလင်ကို ကြိုဆို၍ ဝိညာဏဆီသည် သတိရှိသောအပျိုကညာများအား ထွန်းလင်းနိုင်စေခဲ့သည်။ မိုက်သောအပျိုကညာအတန်းအစားမှာမူ မီးခွက်၌လိုအပ်သောဝိညာဏဆီမရှိချေ။ ထိုကြောင့် ယေရှုက အဖြစ်အပျက်ကို ဤသို့ဖော်ပြသည်–
“ထိုသူ [မိုက်သောအပျိုကညာ] တို့သည် ဆီဝယ်သွားသည့်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍ အသင့်ရှိသောသတို့သမီး [အပျိုကညာ] တို့သည် လုလင်နှင့်အတူပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။ ထိုနောက် ကြွင်းသောသတို့သမီး [အပျိုကညာ] တို့သည် လာ၍ ‘အရှင်၊ အရှင် ကျွန်မတို့အား တံခါးကိုဖွင့်ပါ’ ဟုတောင်းကြသော်၊ အရှင်ကလည်း ‘ငါအမှန်ဆိုသည်ကား၊ သင်တို့ကိုငါမသိ’ ဟုပြန်ပြောလေ၏။”
ကောင်းကင်နိုင်ငံတော်သို့ ခရစ်တော်ရောက်ရှိပြီးနောက် သတိရှိသောအပျိုကညာအတန်းအစား ဘိသိက်ခံခရစ်ယာန်စစ်တို့သည် ပြန်ကြွလာသောသတို့သားကိုချီးမွမ်းခြင်းငှာ ဤမှောင်မိုက်လောက၌ အလင်းဖြာခွင့်ကို နိုးကြားစွာဆောင်ရွက်သည်။ သို့သော် မိုက်သောအပျိုကညာပုံဆောင်သောသူများသည် ဤကြိုဆိုချီးမွမ်းခြင်းကိုပြုရန် အသင့်မရှိကြချေ။ ထိုကြောင့် အချိန်တန်သော် ခရစ်တော်သည် သူတို့အား ကောင်းကင်ထိမ်းမြားပွဲသို့ တံခါးကို မဖွင့်ပေးချေ။ အပြင်လောက၏အမှောင်မိုက်ဆုံးည၌ အခြားအဓမ္မလူများနှင့်အတူ သူတို့ပျက်စီးစေရန်ထားရစ်သည်။ “သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်အချိန်နာရီကို သင်တို့သည် မသိသောကြောင့် စောင့်နေကြလော့” ဟုယေရှုနိဂုံးချုပ်သည်။
ငွေနှင့်ပတ်သက်သောပုံဥပမာ
ယေရှုသည် တမန်တော်များအား ဒုတိယပုံဥပမာကို သံလွင်တောင်ပေါ်တွင် ဆက်ပြောပြသည်။ ရက်အနည်းငယ်ခန့်က ယေရိခေါတွင် ကိုယ်တော်ရှိစဉ် နိုင်ငံတော်သည် အတန်ကြာဦးမည်ဖြစ်ကြောင်းပြရန် မိုင်နာဥပမာကိုမိန့်ဆိုသည်။ ယခုကိုယ်တော်တင်ပြသောပုံဥပမာသည် အလားတူအပိုင်းများရှိသော်လည်း နိုင်ငံတော်တန်ခိုးနှင့်ခရစ်တော်ရောက်ရှိချိန်တွင် ပြည့်စုံရမည့်လုပ်ငန်းများကို ဖော်ပြသည်။ တပည့်များသည် မြေကြီးပေါ်တွင်ရှိစဉ် “မိမိဥစ္စာ” ကိုတိုးပွားရန်လုပ်ဆောင်ရမည်ဟု ယင်းကပုံတင်ပြသည်။
“ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့သွားမည်ဟုအကြံရှိလျက် မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကိုအပ်ပေး၏” ဟုယေရှုစပြောသည်။ ကောင်းကင်သို့မသွားမီ ကျေးကျွန်များဖြစ်သော ကောင်းကင်နိုင်ငံတော်ဝင်စားမည့်တပည့်များအား မိမိ၏ဥစ္စာများကိုအပ်ပေးခဲ့သူသည် ယေရှုဖြစ်သည်။ ဤဥစ္စာများသည် ရုပ်ပစ္စည်းများမဟုတ်ဘဲ တပည့်များတိုးပွားနိုင်သောလယ်ကွင်းကိုပုံဆောင်သည်။
ကောင်းကင်သို့မတက်မီ ဥစ္စာများကိုကျေးကျွန်များထံ ယေရှုအပ်ပေးသည်။ ယင်းကိုမည်သို့ပြုသနည်း။ မြေကြီးစွန်းတိုင်အောင် နိုင်ငံတော်သတင်းဟောပြောခြင်းဖြင့် လယ်ကွင်းတွင်အမှုဆောင်နေရန် သူတို့အားညွှန်ကြားခြင်းဖြင့်ဖြစ်သည်။ ယေရှုမိန့်ဆိုသည့်အတိုင်းပင် “သူတို့သည် အသီးအသီးအစွမ်းသတ္တိရှိသည်အတိုင်း တစ်ဦး၌ငွေအခွက်ငါးဆယ်၊ တစ်ဦး၌အခွက်နှစ်ဆယ်၊ တစ်ဦး၌အခွက်တစ်ဆယ်ကိုအပ်ပေးပြီးမှ ချက်ချင်းသွားလေ၏။”
သို့ဖြင့် ငွေအခွက်ရှစ်ဆယ်ဖြစ်သောခရစ်တော်၏ဥစ္စာများကို ကျေးကျွန်များ၏ဝိညာဏအစွမ်းနှင့်အညီဝေမျှပေးသည်။ ကျေးကျွန်တို့သည် တပည့်အတန်းအစားအသီးသီးကိုပုံဆောင်သည်။ ပထမရာစုတွင် အခွက် ၅၀ ရသည့်အတန်းအစား၌ တမန်တော်များပါဝင်ကြောင်းထင်ရှားသည်။ အခွက်ငါးဆယ်နှင့်အခွက်နှစ်ဆယ်ရရှိသူတို့သည် နိုင်ငံတော်သတင်းဟောပြောခြင်းနှင့်တပည့်ဖြစ်စေခြင်းလုပ်ငန်းကို နှစ်ဆတိုးပွားစေကြောင်း ယေရှုဖော်ပြသည်။ သို့သော် အခွက်တစ်ဆယ်ရသောကျွန်သည် ငွေကိုမြေကြီး၌ဝှက်ထားသည်။
“ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့၏အရှင်သည်လာ၍ သူတို့ကိုစာရင်းယူလေ၏” ဟုယေရှုမိန့်ဆိုသည်။ နှစ်ပေါင်း ၁၉၀၀ ကြာပြီးနောက် ၂၀ ရာစုအချိန်မှစာရင်းရှင်းရန်လာသဖြင့် “ကာလကြာမြင့်ပြီးမှ” လာသည်။ ဆက်လက်၍ယေရှုက၊
“အခွက်ငါးဆယ်ကိုခံသောသူသည် ချဉ်းကပ်၍ အခြားသောအခွက်ငါးဆယ်ကိုဆက်လျက် ‘သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်ငါးဆယ်ကိုအကျွန်ုပ်အမြတ်ရပါပြီ’ ဟုလျှောက်လေ၏။ အရှင်ကလည်း ‘[“ကောင်းလေစွ၊” ကဘ] သစ္စာရှိသောငယ်သားကောင်း၊ သင်သည်အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသောအမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူစည်းစိမ် [“ရွှင်လန်းမှု၊” ကဘ] ကိုဝင်စားလော့’” ဟုဆိုသည်။ အခွက်နှစ်ဆယ်ရသောကျွန်သည်လည်း ငွေကိုနှစ်ဆတိုးစေ၍ ချီးမွမ်းခြင်းနှင့်ဆုလာဘ်ရရှိသည်။
ဤသစ္စာရှိကျွန်များသည် သခင်၏ရွှင်လန်းမှုထဲသို့ မည်သို့ဝင်သနည်း။ ယင်းရွှင်လန်းမှုမှာ အခြားပြည်ဖြစ်သောကောင်းကင်ရှိမိမိ၏ခမည်းတော်ထံ ယေရှုသွားသောအခါ နိုင်ငံတော်ရခြင်းဖြစ်သည်။ မျက်မှောက်ခေတ်သစ္စာရှိကျေးကျွန်များအတွက်မူ ထပ်ဆင့်နိုင်ငံတော်တာဝန်များအပ်နှင်းခံရသောကြောင့် အထူးရွှင်လန်းကြသည်။ သူတို့၏မြေကြီးအသက်တာပြီးဆုံး၍ ကောင်းကင်နိုင်ငံတော်သို့ထမြောက်ကြသောအခါ အဆုံးစွန်ရွှင်လန်းမှုကိုရရှိကြမည်။ တတိယကျေးကျွန်ကော။
“ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်” ဟုဤကျွန်က အပြစ်တင်သည်။ “ [ကျွန်ုပ်သည်] ကြောက်သောကြောင့် အခြားသို့သွား၍ ကိုယ်တော်၏ငွေအခွက်တစ်ဆယ်ကို မြေ၌ဝှက်ထားပါပြီ။ ယခု ကိုယ်တော်၏ဥစ္စာ ရှိပါသည်။” ဤကျွန်သည် လယ်ကွင်းတွင် ဟောပြော၍တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ငြင်းဆန်သည်။ ထို့ကြောင့် သခင်သည်သူ့အား “ဆိုးညစ်ပျင်းရိသောငယ်သား” ဟုခေါ်ပြီး ဤသို့စီရင်သည်။ “အခွက်တစ်ဆယ်ကို ထိုသူ၏လက်မှနုတ်ကြ . . . အသုံးမရသောထိုငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ ပြင်အရပ်မှောင်မိုက်ထဲသို့နှင်ထုတ်ချလိုက်ကြ။” ပြင်ပတွင် စွန့်ပစ်ခံရသော ဤကျွန်ဆိုးအတန်းအစားအဝင်များသည် မည်သည့် ဝိညာဏရွှင်လန်းမှုမျှ မခံစားရချေ။
ယင်းသည် ခရစ်တော်၏နောက်လိုက်အားလုံး အတွက် အထူးမှတ်ကျုံးဖွယ်သင်ခန်းစာဖြစ်သည်။ ကိုယ်တော်၏ချီးမွမ်းခြင်းနှင့်၊ ဆုရရန် ပြင်ပမှောင်မိုက်သို့ စွန့်ပစ်ဖျက်ဆီးခံရခြင်းကို သူတို့ရှောင်ရှားရန် ဟောပြောခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ခြင်းဖြင့် ကောင်းကင်သခင်၏ဥစ္စာကို တိုးပွားစေရမည်။ ယင်းလုပ်ငန်း၌ သင်ဇွဲရှိသလော။
ခရစ်တော်သည် နိုင်ငံတော်တန်ခိုးနှင့်ကြွလာသောအခါ
ယေရှုသည် တမန်တော်များနှင့်သံလွင်တောင်ပေါ်တွင်ရှိနေဆဲဖြစ်သည်။ ကိုယ်တော်ရောက်ရှိခြင်းနှင့် စနစ်၏ဆုံးခန်းနိမိတ်ကိုဖြေကြားရာတွင် ယခုနောက်ဆုံးပုံဥပမာကိုပြောပြလေသည်။ “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များအခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်” မည်ဟု ယေရှုဆိုသည်။
အစီအစဉ်စနစ်၏ဆုံးခန်းအလွန်နီးသောအခါတွင် ရောက်ရှိသည်။ သို့သော် မည်သည့်ရည်ရွယ်ချက်အတွက်နည်း။ ယေရှုရှင်းပြသည်– “ရှေ့တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲ၍ သိုးတို့ကိုလက်ယာတော်ဘက်၊ ဆိတ်တို့ကိုလက်ဝဲတော်ဘက်၌ထားတော်မူလတ္တံ့။”
မျက်နှာသာခံရသူတို့အကြောင်း ယေရှုက “ထိုအခါ လက်ယာတော်ဘက်၌ရှိသောသူတို့ကို မင်းကြီးက ‘ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကိုခံသောသူတို့ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သောနိုင်ငံကို လာ၍အမွေခံကြလော့’ ” ဟုဆိုသည်။ ဤပုံဥပမာမှသိုးများသည် ယေရှုနှင့်အတူ ကောင်းကင်တွင် အုပ်စိုးမည်မဟုတ်ဘဲ မြေကြီးဆိုင်ရာလက်အောက်ခံများအဖြစ် နိုင်ငံတော်ကို အမွေခံကြမည်ဖြစ်သည်။ လူတို့ကိုရွေးနုတ်ရန် ဘုရားသခင့်ပြင်ဆင်ချက်မှ အကျိုးခံစားနိုင်မည့်ကလေးများကို အာဒံနှင့်ဧဝဦးဆုံးမွေးဖွားချိန်တွင် “ကမ္ဘာတည်သည်ကာလ” အစပြုခဲ့သည်။
သိုးတို့သည် မင်းကြီး၏မျက်နှာသာရလက်ယာဘက်သို့ အဘယ်ကြောင့် ခွဲခြားခံရသနည်း။ “အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဖို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုပြုကြ၏။ ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါသည်ထောင်ထဲမှာနေသောအခါ သင်တို့သည်ငါထံသို့လာကြ၏” ဟုမင်းကြီးကပြန်ဖြေသည်။
သိုးများသည် မြေကြီးပေါ်တွင်ရှိရာ မိမိတို့၏ကောင်းကင်ဘုရင်အား ထိုကောင်းမြတ်မှုများကို သူတို့မည်သို့ ပြုလုပ်နိုင်ခဲ့သည်ကို သိလိုကြ၏။ “သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ ကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို သောက်ဖို့ပေးပါသနည်း။ ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော်အား ပြုပါသနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း။ အနာစွဲတော်မူသည်ကိုလည်းကောင်း၊ ထောင်ထဲမှာနေတော်မူသည်ကိုလည်းကောင်း အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ အထံတော်သို့ရောက်ပါသနည်း” ဟုသူတို့မေးကြ၏။
မင်းကြီးက “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းသူဟူသောငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့သည် ငါ့အားပြုကြပြီ” ဟုဖြေသည်။ ကိုယ်တော်နှင့်အတူကောင်းကင်တွင် အုပ်စိုးမည့်သူ ၁၄၄,၀၀၀ မှကျန်ကြွင်းသူများသည် ခရစ်တော်၏ညီများဖြစ်သည်။ သူတို့ကိုကောင်းမှုပြုခြင်းသည် မိမိကိုပြုသည်နှင့်တူကြောင်း ယေရှုပြော၏။
ထိုနောက် မင်းကြီးသည် ဆိတ်တို့ကို တိုက်ရိုက်ပြောဆိုသည်။ “ကျိန်ခြင်းကိုခံရသောသူတို့ မာရ်နတ်နှင့်သူ၏တမန်တို့အဖို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှခွာသွားကြလော့။ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဖို့မပေး။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည်ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည်အနာရောဂါစွဲသောအခါ၌လည်းကောင်း၊ ထောင်ထဲမှာနေရသောအခါ၌လည်းကောင်း သင်တို့သည် မကြည့်ရှုမပြုစုကြ” ဟုမိန့်ဆို၏။
သို့သော်၊ ဆိတ်တို့က “သခင်၊ ကိုယ်တော်သည်မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့သည်အဘယ်အခါ၌မြင်၍ ကိုယ်တော်ကိုမပြုစုမလုပ်ကျွေးဘဲနေပါသနည်း” ဟုအပြစ်တင်ကြ၏။ သိုးများမျက်နှာသာရ ဆုံးဖြတ်ခံရသည့်အကြောင်းရင်းကိုပင်မူတည်၍ ဆိတ်များလည်းဆန့်ကျင်ဘက် ဆုံးဖြတ်ခံရကြသည်။ ယေရှုက “သင်တို့သည် ဤသူတို့ [ငါ့ညီများ] တွင်အငယ်ဆုံးသောသူတစ်ယောက်အားမပြုသမျှတို့ကို ငါ့အားမပြုကြပြီ” ဟုပြန်ဖြေသည်။
ထိုကြောင့် ကြီးစွာသောဒုက္ခအတွင်း ဤဆိုးယုတ်သောစနစ်အဆုံးမတိုင်ခင် နိုင်ငံတော်အာဏာဖြင့် ယေရှုကြွရောက်ချိန်သည် တရားစီရင်ရာအချိန် ပါဝင်မည်။ ဆိတ်တို့သည် “ထာဝရအပြစ်ဒဏ်ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သောသူ [သိုး] တို့မူကား ထာဝရအသက်ရှင်ရာသို့လည်းကောင်းသွားရကြလတ္တံ့။” မဿဲ ၂၄:၂-၂၅:၄၆၊ ၁၃:၄၀၊ ၄၉။ မာကု ၁၃:၃-၃၇။ လုကာ ၂၁:၇-၃၆၊ ၁၉:၄၃၊ ၄၄၊ ၁၇:၂၀-၃၀။ ၂ တိမောသေ ၃:၁-၅။ ယောဟန် ၁၀:၁၆။ ဗျာဒိတ် ၁၄:၁-၃။
▪ တမန်တော်များမေးခွန်းမေးရန် ဘာကလှုံ့ဆော်သနည်း။ သို့သော်သူတို့စိတ်ထဲတွင် အခြားအဘယ်အရာရှိသေးကြောင်း ထင်ရှားသနည်း။
▪ စီအီး ၇၀ တွင်ယေရှု၏ပရောဖက်ပြုချက်မှ မည်သည့်အပိုင်းပြည့်စုံသနည်း။ သို့သော် အဘယ်အရာ မဖြစ်ပျက်သေးသနည်း။
▪ ယေရှု၏ပရောဖက်ပြုချက်သည် မည်သည့်အချိန်၌ပထမပြည့်စုံခဲ့သနည်း။ သို့သော် အကြီးစားပြည့်စုံချက်သည် မည်သည့်အခါဖြစ်မည်နည်း။
▪ ယင်း၏ပထမနှင့်နောက်ဆုံးပြည့်စုံချက်တွင် ရွံရှာဖွယ်သောအရာသည် မည်သည့်အရာဖြစ်သနည်း။
▪ ယေရုရှလင်ပျက်စီးသည့်အခါ ကြီးစွာသောဒုက္ခသည် ယင်း၏နောက်ဆုံးပြည့်စုံချက် အဘယ်ကြောင့် မဖြစ်သနည်း။
▪ ယေရှု၏ရောက်ရှိခြင်းကို မည်သည့်ကမ္ဘာ့အခြေအနေများကဖော်ပြသနည်း။
▪ ဘယ်သောအခါ ‘မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းကြ’ ရမည်နည်း။ သို့သော် ခရစ်တော်၏နောက်လိုက်များသည် ဘာလုပ်နေကြမည်နည်း။
▪ မိမိ၏အနာဂတ်တပည့်များသည် အဆုံးနီးကြောင်းခွဲခြားသိမြင်နိုင်ရန်အကူအညီအဖြစ် ယေရှုအဘယ်ဥပမာပေးသနည်း။
▪ နောက်ဆုံးနေ့ရက်အတွင်း အသက်ရှင်ကြမည့် တပည့်များအတွက် အဘယ်သတိပေးချက်ကို ယေရှုပေးသနည်း။
▪ အပျိုကညာဆယ်ယောက်သည် မည်သူတို့ကိုပုံဆောင်သနည်း။
▪ မင်္ဂလာဆောင်လုလင်သည် ခရစ်ယာန်အသင်းတော်ကို ထိမ်းမြားရန်မည်သည့်အချိန်၌ ကတိပြုသနည်း။ သို့သော် မည်သည့်အချိန်တွင် မင်္ဂလာဆောင်လုလင်ရောက်ရှိ၍ သတို့သမီးကို ထိမ်းမြားရန်ခေါ်ဆောင်သွားသနည်း။
▪ ဆီသည်ဘာကိုပုံဆောင်သနည်း။ ယင်းကိုပိုင်ဆိုင်ခြင်းက ပညာရှိအပျိုကညာများအား ဘာကိုပြုလုပ်စေနိုင်သနည်း။
▪ ထိမ်းမြားပွဲကို မည်သည့်နေရာ၌ကျင်းပသနည်း။
▪ မည်သည့်ကောင်းမြတ်သောဆုကျေးဇူးကို မိုက်သောအပျိုကညာများလက်လွတ်သွားသနည်း။ သူတို့အဘယ်သို့ဖြစ်သွားနည်း။
▪ ငွေဥပမာသည် မည်သည့်သင်ခန်းစာပေးသနည်း။
▪ ကျွန်များကားမည်သူများနည်း။ သူတို့တွင်အပ်နှံထားသည့် ပိုင်ဆိုင်ရာများကား အဘယ်နည်း။
▪ သခင်သည်မည်သည့်အချိန်တွင်လာ၍ စာရင်းရှင်းသနည်း။ သူဘာတွေ့သနည်း။
▪ သစ္စာရှိကျေးကျွန်များခံစားရသောရွှင်လန်းမှုကား အဘယ်နည်း။ ဆိုးယုတ်သောတတိယကျွန် ဘာဖြစ်သွားသနည်း။
▪ ခရစ်တော်၏ရောက်ရှိချိန်အတွင်းတွင် ကိုယ်တော်မည်သည့်တရားစီရင်ခြင်းအလုပ် လုပ်သနည်း။
▪ မည်သို့သောသဘောဖြင့် သိုးများသည် နိုင်ငံတော်အမွေခံရသနည်း။
▪ ဘယ်သောအခါ “ကမ္ဘာတည်သည်ကာလ” စတင်သနည်း။
▪ မည်သည့်အခြေခံပေါ်မူတည်၍ လူများကို သိုး၊ သို့မဟုတ် ဆိတ်အဖြစ်စီရင်သနည်း။