ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၃/၁၅ စာ. ၃-၉
  • ယေရှု၏လူ့ဘဝနောက်ဆုံးနေ့ရက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု၏လူ့ဘဝနောက်ဆုံးနေ့ရက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိသန် ၁၄၊ ကြာသပတေးနေ့မွန်းလွဲပိုင်း
  • အထူးပွဲတော်တစ်ခု
  • ဂေသရှေမန်ဥယျာဉ်ဝယ်
  • နိသန် ၁၄၊ သောကြာနေ့နံနက်ပိုင်း
  • ပြင်းစွာသောဝေဒနာဖြင့်သေဆုံးခြင်း
  • တစ်ဖန်ပြန်အသက်ရှင်ခြင်း!
  • သင့်ကိုမည်သို့အကျိုးသက်ရောက်ပုံ
  • ကမ္ဘာပေါ် ယေရှု၏နောက်ဆုံး နေ့ရက်များကို ပြန်လည်ခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယေရှု အသတ်ခံရတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • “အချိန်ရောက်လာပြီ!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေရှုခရစ် အသတ်ခံရ
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၃/၁၅ စာ. ၃-၉

ယေရှု၏လူ့ဘဝနောက်ဆုံးနေ့ရက်

စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက် သောကြာနေ့၊ ညနေစောင်းအချိန်ဖြစ်သည်။ လူတစ်စုသည် သူတို့ချစ်ခင်ရသောမိတ်ဆွေတစ်ဦးကို သင်္ဂြိုဟ်ကြတော့မည်။ သူတို့ထဲမှတစ်ဦးဖြစ်သူ နိကောဒင်သည် အလောင်းကိုပြင်ဆင်ရန် နံ့သာမျိုးကိုယူဆောင်ခဲ့သည်။ ယောသပ်အမည်ရှိသူတစ်ဦးက ညိုမဲအောင်ရိုက်နှက်ခံထားရသော အလောင်းတော်ကိုပတ်စည်းရန် စင်ကြယ်သောအဝတ်ကိုပေးသည်။

ဤသူတို့ကား မည်သူများဖြစ်၍ မည်သူ့ကိုသင်္ဂြိုဟ်နေကြသနည်း။ ယင်းတို့အားလုံးက သင့်ကိုအကျိုးသက်ရောက်သလော။ အဖြေရရှိရန် အဆိုပါထူးခြားသည့်နေ့ စတင်သည့်အချိန်ကို ပြန်သွားကြည့်ကြစို့။

နိသန် ၁၄၊ ကြာသပတေးနေ့မွန်းလွဲပိုင်း

ထိန်ထိန်သာသည့်လပြည့်ဝန်းသည် ယေရုရှလင်မြို့ပေါ်သို့ တဖြည်းဖြည်းထွက်ပေါ်လာသည်။ လူစည်ကားသောမြို့သည် အလုပ်များသည့်တစ်နေ့တာအပြီးတွင် ငြိမ်သက်စပြုနေသည်။ ဤညနေခင်းတွင် သိုးကင်နံ့သင်းပျံ့နေသည်။ မှန်ပါ၏၊ ထောင်ပေါင်းများစွာသောသူတို့သည် အထူးအခမ်းအနားတစ်ခုဖြစ်သည့် နှစ်စဉ်ကျင်းပနေကျ ပသခါပွဲကိုကျင်းပရန် ပြင်ဆင်လျက်နေကြသည်။

ဧည့်ခန်းကြီးတစ်ခုတွင် အသင့်ပြင်ထားသောစားပွဲပတ်လည်၌ ယေရှုနှင့် တမန်တော် ၁၂ ပါးတို့ကိုတွေ့ရသည်။ နားထောင်ပါလေ! ယေရှုစကားပြောနေသည်။ “ငါသည် အသေမခံမီ ဤပသခါပွဲကိုသင်တို့နှင့်အတူစားခြင်းငှာ အလွန်အလိုရှိလေပြီ” ဟုဆို၏။ (လုကာ ၂၂:၁၅) မိမိ၏ဘာသာရေးရန်သူများသည် မိမိအားသတ်ရန်ရည်ရွယ်ထားကြောင်း ယေရှုသိတော်မူ၏။ သို့သော် ထိုသို့မဖြစ်မီ ဤညနေပိုင်းတွင် အလွန်ထူးခြားသောအမှုတစ်ခုဖြစ်ရလိမ့်မည်။

ပသခါပွဲကျင်းပပြီးသည့်နောက် ယေရှုက “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်” ဟုအသိပေးလေသည်။ (မဿဲ ၂၆:၂၁) ယင်းက တမန်တော်များကိုစိတ်အနှောင့်အယှက်ဖြစ်စေ၏။ မည်သူဖြစ်နိုင်မည်နည်း။ အနည်းငယ်ဆွေးနွေးပြီးနောက် ယေရှုက “သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့” ဟုယုဒရှကာရုတ်အားဆို၏။ (ယောဟန် ၁၃:၂၇) အခြားသူတို့မသိကြသော်လည်း ယုဒသည်သစ္စာဖောက်တစ်ဦးဖြစ်သည်။ ယေရှုအားမကောင်းကြံကာ သူ၏ယုတ်မာသောအခန်းကဏ္ဍကို အကောင်အထည်ဖော်ရန် သူထွက်သွားလေသည်။

အထူးပွဲတော်တစ်ခု

ယခု ယေရှုသည် မိမိ၏သေခြင်းကိုအထိမ်းအမှတ်ဖြစ်စေမည့် မကျင်းပဖူးသေးသောပွဲတော်တစ်ခုကို စတင်ကျင်းပမည်ဖြစ်သည်။ ကိုယ်တော်သည် မုန့်တစ်လုံးကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ဝေလေသည်။ “ယူ၍စားကြလော့။ ဤမုန့်ကား သင်တို့အဖို့အလိုငှာစွန့်သော ငါ၏ကိုယ်ဖြစ်၏” ဟုကိုယ်တော်ညွှန်ကြားသည်။ မုန့်ကိုကိုယ်စီစားကြပြီးနောက် စပျစ်ရည်ခွက်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းလေ၏။ “သင်တို့ရှိသမျှသည် သောက်ကြလော့” ဟုပြောပြီး “ဤခွက်ကား သင်တို့အဖို့အလိုငှာသွန်းသော ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏” ဟုရှင်းပြသည်။ “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုကျန်သည့်သစ္စာရှိတမန်တော် ၁၁ ပါးကိုညွှန်ကြားသည်။—မဿဲ ၂၆:၂၆-၂၈; လုကာ ၂၂:၁၉၊ ၂၀; ၁ ကောရိန္သု ၁၁:၂၄၊ ၂၅။

ထိုညနေပိုင်းတွင် ယေရှုသည် မိမိ၏သစ္စာရှိတမန်တော်များ ရှေ့တွင်ကြုံတွေ့ကြရမည့်အရာအတွက် ကြင်နာစွာအသင့်ပြင်ပေးကာ သူတို့ကိုနှစ်နှစ်ကာကာချစ်ကြောင်း စိတ်ချစေသည်။ ကိုယ်တော်က “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။ သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏” ဟုရှင်းပြသည်။ (ယောဟန် ၁၅:၁၃-၁၅) မှန်ပါသည်၊ တမန်တော် ၁၁ ပါးသည် ယေရှုစမ်းသပ်ခံရချိန်တွင် ကိုယ်တော်အားမစွန့်ဘဲ တွယ်ကပ်နေခြင်းဖြင့် မိတ်ဆွေစစ်ဖြစ်ကြောင်းသက်သေထူခဲ့ကြသည်။

ညဉ့်နက်ပိုင်း—သန်းခေါင်ကျော်ဖြစ်ကောင်းဖြစ်မည့်—အချိန်တွင် ယေရှုသည် အမှတ်ရဖွယ်ဆုတောင်းချက်တစ်ခုကို တောင်းလျှောက်ပြီးနောက် ယေဟောဝါအားချီးမွမ်းသီချင်းဆိုကြသည်။ ထို့နောက် လပြည့်ဝန်း၏လင်းရောင်ခြည်အောက်ဝယ် မြို့ထဲမှထွက်ကာ ကေဒြုန်ချိုင့်ဝှမ်းကိုဖြတ်သွားကြသည်။—ယောဟန် ၁၇:၁–၁၈:၁။

ဂေသရှေမန်ဥယျာဉ်ဝယ်

ခဏကြာပြီးနောက် ယေရှုနှင့် တမန်တော်များသည် ဂေသရှေမန်ဥယျာဉ်သို့ရောက်သွားကြသည်။ ဥယျာဉ်အဝင်ဝအနီးတွင် တမန်တော်ရှစ်ပါးကိုထားရစ်ပြီးနောက် အနည်းငယ်လှမ်းသည့်သံလွင်ပင်များကြားသို့ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကိုခေါ်သွားသည်။ ထိုသူသုံးဦးကို ယေရှုက “ငါသည်သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌စောင့်နေကြလော့” ဟုမိန့်တော်မူ၏။—မာကု ၁၄:၃၃၊ ၃၄။

ဥယျာဉ်အတွင်းသို့ ယေရှုဝင်သွား၍ဆုတောင်းနေစဉ် တမန်တော်သုံးပါးတို့သည် စောင့်လျက်နေကြ၏။ ယေရှုက “အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါ” ဟုမျက်ရည်နှင့်တကွအသနားခံဆုတောင်းလေ၏။ ယေရှု၏တာဝန်မှာ အလွန်ကြီးမားပေသည်။ ယေဟောဝါ၏တစ်ပါးတည်းသောသားတော်သည် ရာဇဝတ်သားကဲ့သို့နှက်တိုင်တင်အသတ်ခံရသောအခါ ကိုယ်တော်၏ရန်သူများပြောမည့်စကားကိုတွေးပြီး ယေရှုအလွန်စိတ်ဆင်းရဲခဲ့မည်ဖြစ်ခြင်း! ယေရှုအတွက် ထိုထက်ခံရခက်သည်မှာ ပြင်းထန်သည့်ဤစမ်းသပ်မှုကို မအောင်မြင်ပါက မိမိချစ်မြတ်နိုးသော ကောင်းကင်ခမည်းတော် ရှုတ်ချခံရမည်ဟူသည့်အသိစိတ်ပင်ဖြစ်သည်။ ယေရှုသည် ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ဆုတောင်းရာ ချွေးတို့သည် သွေးစက်ကဲ့သို့ မြေပေါ်သို့ကျလေ၏။—လုကာ ၂၂:၄၂၊ ၄၄။

ယေရှုသည် တတိယအကြိမ်ဆုတောင်းပြီးခါစဖြစ်သည်။ မီးတုတ်၊ မီးခွက်များကိုင်ဆောင်လာသောလူတို့သည် ယခုချဉ်းကပ်လာသည်။ ယေရှုထံသို့တည့်တည့်လျှောက်လာသည့် ရှေ့ဆုံးမှသူကား ယုဒရှကာရုတ်ပင်ဖြစ်သည်။ “ရဗ္ဗိ၊ မင်္ဂလာရှိပါစေ!” ဟုဆိုလျက် ယေရှုကိုကြင်နာစွာနမ်းလေ၏။ ယေရှုက “ယုဒ၊ သင်သည်နမ်းခြင်းကိုပြုလျက် လူသားကိုအပ်သလော” ဟုမိန့်တော်မူ၏။—မဿဲ ၂၆:၄၉၊ ကဘ; လုကာ ၂၂:၄၇၊ ၄၈; ယောဟန် ၁၈:၃။

တမန်တော်များသည် မည်သို့ဖြစ်ပျက်နေကြောင်း ရုတ်တရက်သိသွားကြသည်။ သူတို့၏သခင်ဖြစ်သည့် ချစ်ရသောမိတ်ဆွေ အဖမ်းခံရတော့မည်! ထို့ကြောင့် ပေတရုသည် ဓားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်းကြီးကျွန်၏နားရွက်ကို ခုတ်လိုက်သည်။ “တန်စေ” ဟုယေရှုလျင်မြန်စွာဆိုပြီး ရှေ့သို့တိုး၍ ကျွန်၏အနာကိုပျောက်စေကာ “သင့်ဓားကိုသူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်” ဟုပေတရုအားမိန့်ဆို၏။ (လုကာ ၂၂:၅၀၊ ၅၁; မဿဲ ၂၆:၅၂) မင်းလုလင်တို့နှင့် စစ်သူရဲတို့သည် ယေရှုကိုဖမ်း၍ချည်နှောင်ကြ၏။ တမန်တော်တို့သည် ကြောက်ရွံ့၍ ကစဉ့်ကလျားဖြစ်ကာ ယေရှုကိုစွန့်ပြီးအမှောင်ထဲသို့ပြေးဝင်သွားကြ၏။—မဿဲ ၂၆:၅၆; ယောဟန် ၁၈:၁၂။

နိသန် ၁၄၊ သောကြာနေ့နံနက်ပိုင်း

သန်းခေါင်ကျော်၊ သောကြာနေ့အစောပိုင်းအချိန်တွင်ဖြစ်သည်။ ယေရှုကို ဩဇာအာဏာရှိနေဆဲဖြစ်သည့် ယခင်ယဇ်ပုရောဟိတ်မင်းကြီးအန္နအိမ်သို့ ဦးဆုံးခေါ်ဆောင်သွားကြသည်။ အန္နသည် ကိုယ်တော်အားမေးခွန်းများမေးပြီးနောက် လွှတ်တော်စုဝေးရာ ယဇ်ပုရောဟိတ်မင်းကယာဖအိမ်သို့ ခေါ်ဆောင်သွားသည်။

ယခု . . . ယေရှုကိုအမှုဖွင့်ရန် မဟုတ်မမှန်ထွက်ဆိုမည့်သက်သေများကိုကြိုးစားရှာဖွေကြ၏။ သို့ရာတွင် မမှန်သောသက်သေများပင် တညီတည်းမထွက်ဆိုနိုင်ကြချေ။ ထိုအချိန်တစ်လျှောက် ယေရှုသည်တိတ်ဆိတ်စွာနေတော်မူ၏။ ဉာဏ်ဆင်ထားချက်ကိုပြောင်းလဲကာ ကယာဖက “သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်မှန်သည်မမှန်သည်ကို ငါတို့အားပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကိုတိုင်တည်၍ သင့်ကိုကျိန်ဆိုစေ၏” ဟုဆိုသည်။ ယင်းသည် မငြင်းဆိုနိုင်သောအချက်ဖြစ်သောကြောင့် ယေရှုက ရဲရင့်စွာဖြင့် “မှန်၏။ နောင်ကာလ၌လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ထိုင်၍၊ မိုးတိမ်ကိုစီး၍ကြွလာသည်ကို သင်တို့သည်မြင်ရကြလတ္တံ့” ဟုမိန့်ဆို၏။—မဿဲ ၂၆:၆၃; မာကု ၁၄:၆၀-၆၂။

“ဤသူသည် ဘုရားကိုလွန်ကျူး၍ပြောပြီ။ အဘယ်သက်သေကိုလိုသေးသနည်း” ဟုကယာဖဆိုသည်။ ယခု အချို့တို့သည် ယေရှု၏မျက်နှာကိုပုတ်ကြပြီး တံတွေးဖြင့်ထွေးကြ၏။ အခြားသူတို့သည် ကိုယ်တော်အားလက်သီးဖြင့်ထိုးကာ အနိုင်ကျင့်ကြ၏။ (မဿဲ ၂၆:၆၅-၆၈; မာကု ၁၄:၆၃-၆၅) မကြာမီ သောကြာနေ့မိုးလင်းပြီးနောက်ပိုင်း မတရားသည့် ညအချိန်အမှုစစ်ဆေးခြင်းကို တရားဝင်သည့်အသွင်ပေါ်စေရန် လွှတ်တော်ကိုပြန်လည်စုဝေးစေသည်။ ယေရှုက မိမိသည် ဘုရားသခင့်သားတော်တည်းဟူသော ခရစ်တော်ဖြစ်ကြောင်း ရဲရင့်စွာဖော်ပြပြန်သည်။—လုကာ ၂၂:၆၆-၇၁။

ထို့နောက် ယဇ်ပုရောဟိတ်အကြီးများနှင့် အကြီးအကဲများတို့သည် ယုဒပြည်၏ရောမဘုရင်ခံ ပုန္တိပိလတ်မင်းထံ ယေရှုကို အစစ်ဆေးခံရန်အပ်လိုက်ကြသည်။ ယေရှုသည် ပြည်သူပြည်သားများကိုလှည့်ဖြားကြောင်း ကဲသာဘုရင်ထံအခွန်ဆက်ခြင်းကို တားမြစ်ကြောင်းနှင့် “မိမိသည်ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ်” သည်ဟုဆိုကြောင်း စွပ်စွဲကြသည်။ (လုကာ ၂၃:၂; မာကု ၁၂:၁၇ နှိုင်းယှဉ်။) ယေရှုအားမေးမြန်းပြီးနောက် ပိလတ်က “ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့” ဟုကြေညာလေသည်။ (လုကာ ၂၃:၄) ယေရှုသည်ဂါလိလဲနယ်သားဖြစ်ကြောင်း ပိလတ်ကြားသိသောအခါ ပသခါပွဲအတွက် ယေရုရှလင်မြို့သို့ရောက်နေသော ဂါလိလဲနယ်၏အုပ်စိုးရှင် ဟေရုဒ်အန္တိပထံပို့လိုက်သည်။ ဟေရုဒ်သည် တရားသဖြင့်ပြုသည်ကိုတွေ့လို၍မဟုတ်ပါ။ ယေရှုအံ့ဖွယ်အမှုပြုသည်ကို တွေ့မြင်လို၍သာဖြစ်သည်။ ယေရှုသည် သူ၏စူးစမ်းလိုမှုကိုမဖြည့်ဆည်းပေးသောကြောင့် ဟေရုဒ်နှင့် သူ၏စစ်သူရဲတို့သည် ကိုယ်တော်အားလှောင်ပြောင်ကြပြီး ပိလတ်ထံပြန်ပို့လိုက်သည်။

“ထိုသူသည် အဘယ်အပြစ်ကိုပြုဘိသနည်း” ဟုပိလတ်မေးပြန်သည်။ “သေထိုက်သောအပြစ်တစ်စုံတစ်ခုမျှ သူ၌ငါမတွေ့။ ထို့ကြောင့် သူ့ကိုငါဆုံးမ၍လွှတ်မည်” ဟုဆို၏။ (လုကာ ၂၃:၂၂) ထို့ကြောင့် ယေရှု၏ကျောပြင်ကို နာကျင်စွာစုတ်ပြဲစေသော ဆူးများစွာပါသည့်ကြာပွတ်နှင့် ရိုက်စေသည်။ ထို့နောက် စစ်သားများသည် ကိုယ်တော်၏ဦးခေါင်းပေါ်သို့ ဆူးဦးရစ်ကိုတင်ပေးကြ၏။ ကိုယ်တော်အားပြက်ရယ်ပြုကြပြီး ဆူးဦးရစ်ကိုကျူလုံးနှင့်ရိုက်ကြရာ ကိုယ်တော်၏ဦးရေခွံထဲစိုက်ဝင်လေသည်။ ယေရှုသည် ဤမျှခံရသည့်နာကျင်မှုနှင့် မတော်မတရားပြုမှုများကြားမှ ထူးခြားသောသမာဓိနှင့်အစွမ်းသတ္တိကို ဆက်တင်ပြသည်။

ရိုက်နှက်ခံထားရသော ယေရှု၏အခြေအနေက အချို့တို့ကိုသနားစေမည်အထင်နှင့် ပိလတ်သည် ယေရှုအားလူထုရှေ့ထုတ်ပြပြန်သည်။ ပိလတ်မင်းက “ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ၊ သူ့ကိုသင်တို့ရှိရာသို့ ငါထုတ်ပြသည်” ဟုဆို၏။ သို့သော် ယဇ်ပုရောဟိတ်အကြီးများက “ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါ” ဟုဟစ်ကြော်ကြ၏။ (ယောဟန် ၁၉:၄-၆) လူအုပ်သည် သာ၍အတင်းအကျပ်တောင်းဆိုလာသောကြောင့် ပိလတ်သည် အညံ့ခံပြီးယေရှုကို နှက်တိုင်တင်ရန်အပ်လိုက်သည်။

ပြင်းစွာသောဝေဒနာဖြင့်သေဆုံးခြင်း

ယခု နံနက်ပိုင်းဖြစ်၍ မွန်းတည့်ချိန်နီးပေပြီ။ ယေရုရှလင်မြို့ပြင် ဂေါလဂေါသအမည်ရှိသည့်အရပ်သို့ ယေရှုအားခေါ်ဆောင်သွားကြသည်။ သစ်တိုင်ပေါ်တွင် ယေရှု၏လက်တော်နှင့်ခြေတော်အတွင်းသို့ သံချောင်းကြီးများကိုရိုက်သွင်းကြသည်။ ထိုသစ်တိုင်ကိုထူလိုက်သည့်အခါ ကိုယ်ခန္ဓာအလေးချိန်က သံချက်ရာကိုစုတ်ပြဲစေသည့်အတွက် ဝေဒနာကိုစကားဖြင့်မဖော်ပြနိုင်ချေ။ ယေရှုအားကြည့်ရှုရန် လူအုပ်စုရုံးလာကြပြီး ရာဇဝတ်သားနှစ်ဦးကို နှက်တိုင်တင်ကြ၏။ များစွာသောသူတို့သည် ယေရှုအားသရော်ကြသည်။ ယဇ်ပုရောဟိတ်အကြီးများနှင့် အခြားသူတို့က “ဤသူသည် သူတစ်ပါးကိုကယ်တင်တတ်၏။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား” ဟုလှောင်ပြောင်ကြ၏။ စစ်သားများနှင့် နှက်တိုင်တင်ထားသည့်ရာဇဝတ်သားများကပင် ယေရှုအားပြက်ရယ်ပြုကြသည်။—မဿဲ ၂၇:၄၁-၄၄။

ယေရှုသစ်တိုင်ပေါ်ရောက်ပြီးခဏအကြာ၊ နေ့လယ်ချိန်တွင် ဘုရားသခင့်တန်ခိုးတော်ကြောင့် သုံးနာရီကြာအံ့ဖွယ်အမှောင်ထု ရုတ်တရက်ဖုံးလွှမ်းသွားသည်။a ဤဖြစ်ရပ်ကြောင့် လူဆိုးတစ်ဦးကို အခြားတစ်ဦးက အပြစ်တင်ပြောဆိုခဲ့ခြင်းဖြစ်ကောင်းဖြစ်ပေမည်။ ထို့နောက် ယေရှုဘက်သို့လှည့်၍ “သခင်၊ ကိုယ်တော်သည်နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ” ဟုအသနားခံ၏။ သေအံ့ဆဲဆဲအချိန်၌ပင် အံ့မခန်းဖွယ်ယုံကြည်ခြင်းပါတကား! ယေရှုကလည်း “သင့်အား ယနေ့ငါအမှန်ဆိုသည်ကား သင်သည်ငါနှင့်အတူပရဒိသု၌ရှိလိမ့်မည်” ဟုမိန့်ကြားတော်မူ၏။—လုကာ ၂၃:၃၉-၄၃၊ ကဘ။

မွန်းလွဲသုံးနာရီအချိန်ခန့်တွင် မိမိ၏အဆုံးနီးပြီဟု ယေရှုခံစားရသည်။ “ရေငတ်သည်” ဟု ကိုယ်တော်မိန့်တော်မူ၏။ ထို့နောက် “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟုကြီးသောအသံနှင့်ကြွေးကြော်၏။ မိမိ၏သမာဓိအဆုံးစွန် စမ်းသပ်ခံစေရန်၊ ခမည်းတော်၏ကာကွယ်မှုရုပ်သိမ်းထားဘိသကဲ့သို့ ယေရှုခံစားရနိုင်ပြီး ဒါဝိဒ်၏စကားများကိုကိုယ်တော်ကိုးကားခဲ့သည်။ လူတစ်ဦးသည် ရေမှိုတစ်ထွေးနှင့်ပုံးရည်စုပ်ယူလာပြီး ယေရှုအားသောက်ရန်ပေးလေ၏။ ထိုအခါ ပုံးရည်ကိုအနည်းငယ်သောက်ပြီးလျှင် “အမှုပြီးပြီ” ဟုမြွက်ဆိုသည်။ ထို့နောက် “အိုအဘ၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏” ဟုကြွေးကြော်လျက် ခေါင်းတော်ကိုငိုက်ဆိုက်ညွတ်၍ အသက်ထွက်လေသည်။—ယောဟန် ၁၉:၂၈-၃၀; မဿဲ ၂၇:၄၆; လုကာ ၂၃:၄၆; ဆာလံ ၂၂:၁။

မွန်းလွဲနှောင်းပိုင်းဖြစ်နေ၍ နေဝင်ချိန်တွင်စတင်သည့် ဥပုသ် (နိသန် ၁၅) မစတင်မီ ယေရှုအားသင်္ဂြိုဟ်ဖို့ အမြန်စီစဉ်ကြ၏။ ယေရှု၏လျှို့ဝှက်တပည့်တော်တစ်ဦးဖြစ်ခဲ့သူ၊ လွှတ်တော်၏လူသိများသောအဖွဲ့ဝင်တစ်ဦးဖြစ်သူ အရိမသဲမြို့သားယောသပ်သည် ကိုယ်တော်အားသင်္ဂြိုဟ်ခွင့်တောင်းသည်။ ယေရှုအားယုံကြည်ကြောင်း တိတ်တဆိတ်ဝန်ခံခဲ့သူ၊ လွှတ်တော်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် နိကောဒင်သည် အလေးချိန်ပေါင်တစ်ရာရှိ မုရန်နှင့်နံ့သာကိုပေးသည်။ ယေရှု၏ကိုယ်ခန္ဓာကို အနီးရှိသင်္ချိုင်းဂူအသစ်တစ်ခုတွင် ဂရုတစိုက်ချထားကြ၏။

တစ်ဖန်ပြန်အသက်ရှင်ခြင်း!

တနင်္ဂနွေနေ့နံနက်စောစော မိုးမလင်းမီ မာဂဒလမာရိနှင့် အခြားအမျိုးသမီးတို့သည် ယေရှု၏သင်္ချိုင်းဂူသို့ချဉ်းကပ်သွားကြသည်။ သို့သော် ကြည့်ပါ! သင်္ချိုင်းဂူရှေ့မှကျောက်တုံးကြီးကို လှိမ့်ထားနှင့်ပြီ။ သင်္ချိုင်းဂူဟင်းလင်းဖြစ်နေပါသည်တကား! မာဂဒလမာရိသည် ပေတရုနှင့် ယောဟန်ထံပြေးသွား၍ပြော၏။ (ယောဟန် ၂၀:၁၊ ၂) သူထွက်သွားပြီးမကြာမီ အခြားမိန်းမများထံ ကောင်းကင်တမန်တစ်ပါးပေါ်လာသည်။ ကောင်းကင်တမန်က “ကြောက်ရွံ့ခြင်းမရှိကြနှင့်” ဟုဆို၏။ “အလျင်အမြန်ပြန်သွား၍ သေခြင်းမှထမြောက်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့” ဟူ၍လည်းတိုက်တွန်းသည်။—မဿဲ ၂၈:၂-၇။

သုတ်ခြေတင်သွားနေကြစဉ် သူတို့တွေ့ခဲ့ရသူမှာ ယေရှုကိုယ်တော်တိုင်ပင်ဖြစ်ပါသည်တကား! ကိုယ်တော်က “သွားကြလော့။ ငါ့ညီတို့ . . . ကိုကြားပြောကြလော့” ဟုသူတို့ကိုမိန့်တော်မူ၏။ (မဿဲ ၂၈:၈-၁၀) နောက်ပိုင်းတွင် မာဂဒလမာရိသည် သင်္ချိုင်းဂူ၌ငိုကြွေးလျက်ရှိစဉ် ယေရှုကိုယ်ယောင်ထင်ရှားပြသည်။ သူသည်ဝမ်းသာလုံးဆို့လျက် အံ့သြဖွယ်သတင်းကို တပည့်တော်များအားပြောကြားရန် ပြေးသွားလေ၏။ (ယောဟန် ၂၀:၁၁-၁၈) အမှန်ဆိုလျှင် ရှင်ပြန်ထမြောက်တော်မူသောယေရှုသည် ထိုအမှတ်ရဖွယ်တနင်္ဂနွေနေ့တွင် တပည့်တော်အသီးသီးအား ငါးကြိမ်ကိုယ်ယောင်ထင်ရှားပြခြင်းဖြင့် တစ်ဖန်အသက်ရှင်နေကြောင်း ယုံလောက်သည့်သက်သေပြတော်မူခဲ့သည်!

သင့်ကိုမည်သို့အကျိုးသက်ရောက်ပုံ

လွန်ခဲ့သောအနှစ် ၁,၉၆၆ နှစ်မှအဖြစ်အပျက်သည် ၂၁ ရာစုအစပိုင်း၊ ယခုအချိန်တွင် သင့်ကိုမည်သို့အကျိုးသက်ရောက်နိုင်သနည်း။ ထိုအဖြစ်အပျက်များ၏ မျက်မြင်သက်သေတစ်ဦးဖြစ်သူက ဤသို့ရှင်းပြသည်– “သားတော်အားဖြင့် ငါတို့သည်အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်အရာ၌၊ ငါတို့ကိုချစ်တော်မူသောမေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။ ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည်ငါတို့ကိုချစ်၍ ငါတို့အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ၊ သားတော်ကိုစေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။”—၁ ယောဟန် ၄:၉၊ ၁၀။

ခရစ်တော်၏သေခြင်းက အဘယ်နည်းဖြင့် “အပြစ်ဖြေစရာအကြောင်း” ဖြစ်သနည်း။ ယင်းက ဘုရားသခင်နှင့်မျက်နှာသာရစေသည့်ဆက်ဆံရေးကို ရရှိစေနိုင်သောကြောင့် အပြစ်ဖြေစရာဖြစ်သည်။ ပထမလူသားအာဒံသည် ဘုရားသခင်အားဆန့်ကျင်ပုန်ကန်ခြင်းဖြင့် သူ၏သားစဉ်မြေးဆက်အပေါ် အပြစ်နှင့်သေခြင်းအမွေကို လက်ဆင့်ကမ်းခဲ့သည်။ အခြားတစ်ဖက်တွင်မူ ယေရှုသည် လူသားတို့၏အပြစ်နှင့်သေခြင်းအတွက် ရွေးနုတ်ဖိုးအဖြစ် မိမိ၏အသက်ကိုပေးခြင်းဖြင့် ဘုရားသခင့်ကရုဏာတော်နှင့် မျက်နှာသာတော်ရရှိဖို့ အခြေခံဖြစ်စေသည်။ (၁ တိမောသေ ၂:၅၊ ၆) ယေရှု၏အပြစ်ဖြေရာယဇ်ပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြခြင်းအားဖြင့် အပြစ်သားအာဒံထံမှ အမွေရရှိထားသောအပြစ်ဒဏ်မှ သင်လွတ်မြောက်နိုင်သည်။ (ရောမ ၅:၁၂; ၆:၂၃) ယင်းက တစ်ဖန် မေတ္တာရှင်ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးရရှိစေသည့် အံ့ဖွယ်အခွင့်အရေးလမ်းပွင့်စေသည်။ အချုပ်အားဖြင့် ယေရှု၏အမြတ်ဆုံးပူဇော်သကာသည် အဆုံးမရှိသည့်အသက်တာကိုရစေသည်။—ယောဟန် ၃:၁၆; ၁၇:၃။

ယင်းတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ဧပြီ ၁ ရက်၊ ကြာသပတေးနေ့ညနေပိုင်းတွင် ယေရှုခရစ်၏သေခြင်းကို သတိရအောက်မေ့ပွဲကျင်းပရန် လူသန်းပေါင်းများစွာစုရုံးရောက်ရှိလာမည့် ကမ္ဘာတစ်ဝန်းရှိ ထောင်ပေါင်းများစွာသောနေရာများ၌ ဆွေးနွေးတင်ပြသွားပါမည်။ ထိုပွဲကိုတက်ရောက်ရန် သင့်ကိုဖိတ်ခေါ်ပါသည်။ တက်ရောက်ရမည့်အချိန်နှင့်နေရာကို သင့်ဒေသရှိယေဟောဝါသက်သေများက သင့်အားဝမ်းသာစွာပြောပြပါလိမ့်မည်။ ယင်းကိုတက်ရောက်ခြင်းက ယေရှု၏လူ့ဘဝနောက်ဆုံးနေ့တွင် ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်နှင့် ကိုယ်တော့်ချစ်သားတော်တို့ ပြုတော်မူခဲ့ရာကို ကျေးဇူးတင်လေးမြတ်စိတ် တိုးပွားများပြားလာစေမည်မှာ သံသယရှိစရာမလိုပါ။

[အောက်ခြေမှတ်ချက်များ]

a လပြည့်ချိန်တွင် ယေရှုသေဆုံးခဲ့သောကြောင့် ဤအမှောင်ထုသည် နေကြတ်ခြင်းကြောင့်မဖြစ်နိုင်ပါ။ နေကြတ်ခြင်းသည် မိနစ်အနည်းငယ်သာကြာပြီး လဆန်းချိန်တွင် မြေကြီးနှင့်နေကြားသို့ လရောက်သွားချိန်၌သာဖြစ်တတ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ