သင်ဆုတောင်းသောအခါ ဘုရားသခင်နားထောင်တော်မူသလော
တာဝန်ခံဦးစီးတစ်ယောက်သည် ကိစ္စတစ်ခုကိုအခြားသူအားလွှဲပြောင်းပေးအပ်မည် သို့မဟုတ် မိမိကိုယ်တိုင်ဖြေရှင်းမည်ကို ဆုံးဖြတ်ရသည်။ အလားတူစွာပင် စကြဝဠာပိုင်သအုပ်စိုးရှင်သည် ကိစ္စတစ်စုံတစ်ရာတွင် မိမိကိုယ်တိုင်မည်သည့်အတိုင်းအတာဖြင့်ပါဝင်ပတ်သက်မည်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ ကျမ်းစာက ကျွန်ုပ်တို့ဆုတောင်းခြင်းတွင် ဘုရားသခင်ကိုယ်တော်တိုင်ပါဝင်ပတ်သက်ရန်ရွေးချယ်တော်မူသဖြင့် ကိုယ်တော်ထံဆုတောင်းရန် ကျွန်ုပ်တို့အားသွန်သင်ထားသည်။—ဆာလံ ၆၆:၁၉။ ၆၉:၁၃။
ဤသို့ဘုရားသခင်ရွေးချယ်တော်မူခြင်းသည် ကိုယ်တော်၏လူသားကျေးကျွန်များဆုတောင်းခြင်းကို ကိုယ်တော်တိုင်စိတ်ဝင်စားတော်မူကြောင်းကိုတင်ပြသည်။ စိုးရိမ်ပူပန်မှုများဖြင့်ချဉ်းကပ်လာသည့်မိမိ၏လူများကို စိတ်အားငယ်စေမည့်အစား “မခြားမလပ်ဆုတောင်းပတ္ထနာပြုကြလော့” “ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလော့” “ထမ်းရွက်ရသောဝန်ကိုထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ၌ချထားလော့။” “သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို [ဘုရားသခင်] ၌အပ်နှံကြလော့” ဟူ၍ သူတို့အားကိုယ်တော်တိုက်တွန်းတော်မူသည်။—၁ သက်သာလောနိတ် ၅:၁၇။ ရောမ ၁၂:၁၂။ ဆာလံ ၅၅:၂၂။ ၁ ပေတရု ၅:၇။
မိမိကျေးကျွန်များ၏ဆုတောင်းခြင်းကိုဂရုမစိုက်လိုလျှင် ယင်းသို့ချဉ်းကပ်ရန်နည်းလမ်းကိုပေးပြီး လွတ်လပ်စွာအသုံးပြုရန်တိုက်တွန်းတော်မူမည်မဟုတ်ပေ။ မိမိလူများ မိမိကိုချဉ်းကပ်နိုင်ရန်ရွေးချယ်တော်မူခြင်းသည် ကိုယ်တော်အမှန်နားထောင်တော်မူကြောင်း ယုံကြည်စိတ်ချနိုင်သည့်အကြောင်းတစ်ရပ်ဖြစ်သည်။ မှန်ပါသည်။ ကျေးကျွန်တော်တို့၏ဆုတောင်းချက်တိုင်းကို ကိုယ်တော်အရေးစိုက်တော်မူပါသည်။
ဆုတောင်းခြင်းကို ဘုရားသခင်နားထောင်တော်မူကြောင်း သမ္မာကျမ်းစာရှင်းလင်းစွာဖော်ပြထားသည့်အချက်ကို ပေါ့ပေါ့တန်တန်သဘောမထားသင့်ပေ။ ဥပမာ၊ တမန်တော်ယောဟန်က “ငါတို့သည် ဘုရားသခင်အထံတော်၌ရဲရင့်ခြင်းအကြောင်းဟူမူကား ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် ဘုရားသခင်သည်နားထောင်တော်မူ၏” ဟုရေးသားထားသည်။ (၁ ယောဟန် ၅:၁၄) ဘုရင်ဒါဝိဒ်သည် “ပတ္ထနာစကားကိုနားထောင်တော်မူသော” ယေဟောဝါဘုရားသခင်ဟုရည်ညွှန်းထားပြီး “ငါ၏အသံကိုကြားတော်မူမည်” ဟု ယုံကြည်စိတ်ချစွာပြောခဲ့သည်။—ဆာလံ ၅၅:၁၇။ ၆၅:၂။
ထို့ကြောင့်သံသယကင်းစွာဆုတောင်းခြင်းကိုယ်နှိုက်က များစွာအကျိုးကျေးဇူးရှိပြီး ဖြောင့်မတ်သောသူတစ်ဦးဆုတောင်းသောအခါ ထိုထက်မကများစွာပါဝင်ပတ်သက်နေသည်။ တစ်စုံတစ်ယောက်နားထောင်နေပြီး ယင်းပုဂ္ဂိုလ်ကားဘုရားသခင်ပင်ဖြစ်သည်။—ယာကုပ် ၅:၁၆-၁၈။
နားထောင်ခံရသောဆုတောင်းခြင်းများ
ကျမ်းစာတွင် ဆုတောင်းခြင်းကိုဘုရားသခင်နားထောင်တော်မူပြီး ဖြေကြားခြင်းခံရသူတို့၏မှတ်တမ်းများစွာပါရှိသည်။ သူတို့ခံစားခဲ့ရသည့်ဆုတောင်းခြင်း၏အကျိုးကျေးဇူးများသည် မိမိတို့၏စိုးရိမ်ပူပန်မှုများကို စီစဉ်ပြီးတင်ပြလိုက်ခြင်းအားဖြင့် သက်သာရာရသွားခြင်းမျိုးထက် သာလွန်ကြောင်း ရှင်းလင်းခိုင်မာစေသည်။ မိမိ၏ဆုတောင်းခြင်းနှင့်အညီ လူတစ်ဦး၏ကြိုးစားအားထုတ်ခြင်းထက်လည်းသာလွန်သည်။
ဥပမာအားဖြင့်၊ ဣသရေလမင်းအာဏာကိုလုယူရန် အဗရှလုံ၏လျှို့ဝှက်ကြံစည်မှုကို ဘုရင်ဒါဝိဒ်ရင်ဆိုင်ရသောအခါ သူဤသို့ဆုတောင်းခဲ့သည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ]၊ အဟိသောဖေလ (အဗရှလုံကိုအကြံပေးသူ) ပေးသောအကြံကို မိုက်သောအကြံဖြစ်စေတော်မူပါ။” သေးသေးသောသောတောင်းဆိုချက်မဟုတ်ပါ။ အကြောင်းမှာ “အဟိသောဖေလပေးသောအကြံသည် ဘုရားသခင့်ထံတော်၌မေးလျှောက်၍ခံရသော ဗျာဒိတ်တော်ကဲ့သို့ဖြစ်၏။” ထိုနောက်ပိုင်းတွင် အဗရှလုံသည် အဟိသောဖေလပေးသည့် ဘုရင်ဒါဝိဒ်အားမှောက်လှန်မည့်အကြံအစည်များကို ငြင်းပယ်လေတော့သည်။ အဘယ့်ကြောင့်နည်း။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] သည် အဗရှလုံ၌ဘေးရောက်စေခြင်းငှာ အဟိသောဖေလပေးသောအကြံကောင်းကို ဖျက်စေမည်အကြောင်းစီရင်တော်မူ၏။” ဒါဝိဒ်၏ဆုတောင်းချက်နားထောင်ခြင်းခံရသည်မှာ ရှင်းနေပါသည်။—၂ ဓမ္မရာဇဝင် ၁၅:၃၁။ ၁၆:၂၃။ ၁၇:၁၄။
အလားတူစွာပင် ဘုရင်ဟေဇကိလည်း မိမိ၏အသည်းအသန်ဖျားနာမှုမှလွတ်မြောက်ရန် ဘုရားသခင်ကိုတောင်းပန်သောအခါ သူပြန်လည်ကျန်းမာလာခဲ့သည်။ ယင်းသည် ဟေဇကိဆုတောင်းလိုက်သည့်အတွက် စိတ်ဓာတ်ရေးရာအကျိုးသက်ရောက်မှုသက်သက်ကြောင့်လော။ မဟုတ်ပါ။ ပရောဖက်ဟေရှာယအားဖြင့် ဟေဇကိထံသို့ရောက်လာသော ယေဟောဝါ၏သတင်းစကားတော်မှာ “သင်၏ပတ္ထနာစကားကိုငါကြားပြီ။ သင်၏မျက်ရည်ကိုလည်းငါမြင်ပြီ။ သင်၏အနာကိုငါပျောက်စေ [ပြီ]” ဟူ၍ဖြစ်သည်။—၄ ဓမ္မရာဇဝင် ၂၀:၁-၆။
သူ၏ဆုတောင်းခြင်းကို သူမျှော်လင့်သည့်အချိန်ထက်နောက်ကျသောအခါမှ ဖြေကြားခြင်းခံရသောဒံယေလအား ယေဟောဝါ၏ကောင်းကင်တမန်က “သင်၏စကားကိုကြားတော်မူပြီ” ဟုအာမခံခဲ့သည်။ ဟန္န၊ ယေရှု၏တပည့်တော်များ၊ စစ်အရာရှိကော်နေလိစသည့် အခြားသောသူတို့၏ဆုတောင်းခြင်းတို့သည် လူသားအစွမ်းသတ္တိသက်သက်နှင့်မတတ်နိုင်သောနည်းများဖြင့် အဖြေပေးခြင်းခံခဲ့ရကြသည်။ ဘုရားသခင့်အလိုတော်နှင့်ညီသောဆုတောင်းခြင်းသည် ဘုရားသခင်၏လက်ခံကြားနာခြင်းခံရပြီး ဖြေကြားခြင်းခံရကြောင်း ကျမ်းစာကရှင်းလင်းစွာသွန်သင်ထားသည်။—ဒံယေလ ၁၀:၂-၁၄။ ၁ ဓမ္မရာဇဝင် ၁:၁-၂၀။ တမန်တော် ၄:၂၄-၃၁၊ ၁၀:၁-၇။
သို့သော် ယနေ့ဘုရားသခင်၏သစ္စာရှိကျေးကျွန်များကို ကိုယ်တော်မည်သို့ဖြေကြားတော်မူသနည်း။
ဆုတောင်းခြင်း၏အဖြေများ
အထက်ဖော်ပြပါဆုတောင်းခြင်းများသည် ထူးခြားအံ့သြဖွယ်နည်းများဖြင့် ဖြေကြားခြင်းခံခဲ့ကြရသည်။ ကျမ်းစာခေတ်ကပင် ဆုတောင်းခြင်းများ၏အဖြေအများစုကို သေချာစွာနားလည်သဘောပေါက်ရန် မလွယ်ကူကြောင်းစိတ်စွဲမှတ်ပါ။ အကြောင်းမှာ စိတ်ခွန်အားနှင့်လန်းဆန်းမှုကိုပေးပြီး ဘုရားသခင်၏ကျေးကျွန်များအား ဖြောင့်မတ်ခြင်းလမ်းစဉ်ကို လိုက်လျှောက်စေနိုင်သောကြောင့်ဖြစ်သည်။ အထူးသဖြင့်ခရစ်ယာန်များအတွက် ဆုတောင်းခြင်း၏အဖြေသည် အဓိကအနေနှင့်ဝိညာဏသဘောဖြစ်ပြီး မြင်နိုင်သော သို့မဟုတ် စွမ်းအားကြီးသောလုပ်ဆောင်မှုများအားဖြင့်မဟုတ်ပါ။—ကောလောသဲ ၁:၉။
ထို့ကြောင့် သင့်ဆုတောင်းခြင်းသည် သင်မျှော်လင့်နှစ်သက်သည့်နည်းဖြင့် အမြဲဖြေကြားခြင်းမခံရလျှင် စိတ်မပျက်ပါနှင့်။ ဥပမာအားဖြင့်၊ စုံစမ်းခြင်းကိုဖယ်ရှားပေးမည့်အစား ဘုရားသခင်သည် သင်ခံနိုင်ရန် “သာမန်ထက်ထူးကဲသောအစွမ်းတန်ခိုး” ကိုပေးဖို့ ရွေးချယ်တော်မူပေမည်။ (၂ ကောရိန္သု ၄:၇။ ၂ တိမောသေ ၄:၁၇) ကျွန်ုပ်တို့ဘယ်သောအခါမျှ ထိုအစွမ်းတန်ခိုး၏တန်ဖိုးကိုသေးသိမ်အောင်ပြုခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ဆုတောင်းခြင်းကို ယေဟောဝါမည်သည့်အခါမျှ မဖြေကြားဟုဆုံးဖြတ်ချက်ချခြင်းတို့ကိုမပြုသင့်ပါ။
ဘုရားသခင့်သားတော်ယေရှုခရစ်၏ကိစ္စတွင်သာကြည့်ပါ။ ဘုရားသခင်ကိုကဲ့ရဲ့ရှုတ်သူအဖြစ်နှင့်သေသူမဖြစ်ရလေအောင် ယေရှုဤသို့ဆုတောင်းခဲ့သည်။ “အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါ။” ဤဆုတောင်းခြင်းကို ဘုရားသခင်စိတ်တော်တွေ့ စွာကြားတော်မူခဲ့သလော။ မှန်ပါသည်။ ဟေဗြဲ ၅:၇ တွင်အတည်ပြုထားသည့်အတိုင်း နှက်တိုင်ပေါ်တွင် အသေခံရမည့်အစီအစဉ်မှမိမိသားတော်ကို ဘုရားသခင်မလွတ်မြောက်စေခဲ့ပါ။ ယင်းအစား “ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကိုအားပေးရ၏။”—လုကာ ၂၂:၄၂၊ ၄၃။
မယုံနိုင်စရာအံ့သြဖွယ်ဖြေကြားမှုလော။ ကျွန်ုပ်တို့အတွက်ဖြစ်ကောင်းဖြစ်မည်။ သို့သော် ထိုအစွမ်းတန်ခိုး၏ပင်ရင်းအမြစ်ဖြစ်တော်မူသောယေဟောဝါဘုရားသခင်အတွက် အံ့ဖွယ်အမှုမဟုတ်ပါ။ ယေရှုယခင်ကောင်းကင်အသက်တာတွင်ရှိခဲ့စဉ်က လူသားများထံကောင်းကင်တမန်ပေါ်ထွန်းခြင်းသည် ကိုယ်တော်နှင့်အကျွမ်းတဝင်ဖြစ်သည့်အမှုဖြစ်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်တမန်ပေါ်လာခြင်းသည် ကျွန်ုပ်တို့အတွက်အထူးအဆန်းဖြစ်နိုင်သော်လည်း ကိုယ်တော်အတွက်မူထိုသို့မဟုတ်ပါ။ မည်သို့ဆိုစေ လူသားမဖြစ်မီဘဝက ကိုယ်တော်သိကျွမ်းထားနှင့်သော ထိုကောင်းကင်တမန်များက ကိုယ်တော့်ရှေ့တွင်ရင်ဆိုင်ရမည့်စုံစမ်းခြင်းများအတွက် အားရှိစေရန်ကူညီပေးခဲ့ကြသည်။
မိမိ၏ယနေ့သစ္စာရှိကျေးကျွန်များ၏ဆုတောင်းခြင်းကို ဖြေကြားပေးတော်မူရာတွင် မကြာခဏဆိုသလို ယေဟောဝါသည် ခံရပ်နိုင်ရန်လိုအပ်သောခွန်အားကိုပေးတော်မူသည်။ ဤအကူအညီသည် ကျွန်ုပ်တို့နှင့်ဆက်ဆံပေါင်းသင်းနေသော ယုံကြည်သူချင်းများထံမှ အားပေးချက်အသွင်ဖြင့်ဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ကျေးကျွန်ချင်းတို့သည် ကျွန်ုပ်တို့ရင်ဆိုင်ရသောစုံစမ်းခြင်းမျိုးကိုမတွေ့ ကြုံရသဖြင့် ကျွန်ုပ်တို့ကိုအားပေးနိုင်သည့်အခြေအနေတွင်မရှိဟုဆုံးဖြတ်ကာ သူတို့၏အားပေးမှုကိုငြင်းပယ်မည်လော။ မိမိထံတွင်ပေါ်လာသောကောင်းကင်တမန်များအား ထိုအမြင်မျိုးဖြင့်ယေရှုမြင်နိုင်သည်။ သို့သော် မိမိဆုတောင်းခြင်းကို ယေဟောဝါ၏ဖြေကြားမှုအဖြစ် အားပေးမှုကိုလက်ခံခဲ့ပြီး ခမည်းတော်၏အလိုတော်ကို သစ္စာရှိစွာပြည့်စုံစေနိုင်ခဲ့သည်။ ကျွန်ုပ်တို့လည်း ဆုတောင်းခြင်း၏အဖြေအနေနှင့် ကိုယ်တော်ပေးတော်မူသောခွန်အားကို ကျေးဇူးတင်စွာလက်ခံယူလိုကြပေမည်။ သည်းခံ,ခံရပ်ရသည့်အချိန်ပိုင်းတို့၏နောက်တွင် မရေတွက်နိုင်သောကောင်းချီးတသီတတန်းကြီးရှိတတ်သည်ကို မမေ့ပါနှင့်။—ဒေသနာ ၁၁:၆။ ယာကုပ် ၅:၁၁။
ဘုရားသခင်နားထောင်တော်မူကြောင်းယုံကြည်စိတ်ချပါ
ချက်ချင်းအဖြေမရရှိသည့်တိုင် ဆုတောင်းခြင်း၏အကျိုးအာနိသင်ကိုယုံကြည်စိတ်ချမှုကင်းမဲ့မသွားပါနှင့်။ စိတ်ဓာတ်ကျဆင်းမှုများမှလွတ်မြောက်ရန် သို့မဟုတ် ဘုရားသခင်အား အမှုတော်ဆောင်ခြင်းတာဝန်ကိုတိုးချဲ့ရန် စသည့်ကိစ္စများတွင် အသင့်လျော်ဆုံးနှင့်အကောင်းဆုံးဟုဘုရားသခင်သတ်မှတ်သောအချိန်ကို စောင့်ဆိုင်းရန်လိုပေလိမ့်မည်။ (လုကာ ၁၈:၇၊ ၈။ ၁ ပေတရု ၅: ၆) လေးနက်သည့်ကိုယ်ရေးကိုယ်တာကိစ္စအတွက် သင်ဆုတောင်းနေသည်ဆိုလျှင် သင့်ဆန္ဒပြင်းပြကြောင်းနှင့် သင့်စိတ်ရင်းမှန်ကြောင်းကို ဘုရားသခင်အားစွဲစွဲမြဲမြဲတင်ပြပါ။ ယာကုပ်သည် ကောင်းကင်တမန်တစ်ပါးနှင့် အချိန်အတန်ကြာအကြိတ်အနယ်နပန်းလုံးပြီးနောက် ဤစိတ်သဘောမျိုးကိုတင်ပြခဲ့သည်။ “ကိုယ်တော်သည် ကျွန်ုပ်ကိုကောင်းချီးမပေးလျှင် မသွားရ” ဟုယာကုပ်ပြောခဲ့သည်။ (ကမ္ဘာဦး ၃၂:၂၄-၃၂) ကျွန်ုပ်တို့ဆက်၍သာတောင်းလျှောက်လျှင် အချိန်တန်သောအခါကောင်းချီးခံစားရမည်ကို အလားတူယုံကြည်စိတ်ချမှုမျိုးရှိရမည်။—လုကာ ၁၁:၉။
နောက်ဆုံးဂရုစိုက်စရာတစ်ခုမှာ စကြဝဠာပိုင်သအုပ်စိုးရှင်၏နားထောင်မှုကိုရယူနိုင်ခြင်းသည် အလွန်အဖိုးတန်သည့်အခွင့်ထူးတစ်ရပ်ဖြစ်သည်။ ဤအကြောင်းကြောင့် ကိုယ်တော်လိုလားတော်မူရာများကို နှုတ်ကပါဌ်တော်အားဖြင့်မိန့်တော်မူသောအခါ ကျွန်ုပ်တို့ဂရုတစိုက်နားထောင်ပါသလော။ ကျွန်ုပ်တို့၏ဆုတောင်းခြင်းများအားဖြင့် ကျွန်ုပ်တို့အား ဖန်ဆင်းရှင်နှင့်နီးသထက်နီးစေရာ ကျွန်ုပ်တို့အားကိုယ်တော်ပြောလိုသည့်အရာအားလုံးကို လေးလေးနက်နက်အာရုံစိုက်လိုကြပေမည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဘုရားသခင်သည်ဆုတောင်းခြင်းကိုနားညောင်း၏။ ကိုယ်တော်၏နှုတ်ကပါဌ်တော်အားဖြင့် ကိုယ်တော်ကိုကျွန်ုပ်တို့နားထောင်ပါသလော