အခန်း တစ်ဆယ့်ရှစ်
‘သူတို့သည် ဤလောကနှင့် မစပ်ဆိုင်ကြပါ’
၁။ (က) ယေရှုသည် မသေဆုံးမီက မိမိ၏ တပည့်တော်များအတွက် မည်သို့ ဆုတောင်းပေးခဲ့သနည်း။ (ခ) “ဤလောကနှင့် မစပ်ဆိုင်” ခြင်းသည် အဘယ်ကြောင့် အလွန် အရေးကြီးသနည်း။
ယေရှုသည် ကွပ်မျက်ခြင်း မခံရမီညတွင် တပည့်တော်များအတွက် ဆုတောင်းပေးတော်မူခဲ့၏။ စာတန်၏ အလွန်ပြင်းထန်သည့် ဖိစီးနှိပ်စက်မှုကို သူတို့ ခံရမည်ဖြစ်ကြောင်း သိရှိထားသဖြင့် ခမည်းတော်ထံ ဤသို့ တောင်းလျှောက်တော်မူ၏– “သူတို့ကို ဤလောကမှ ထုတ်ဆောင်တော်မူရန် မဟုတ်ပါ၊ သူယုတ်မာ၏ဘေးမှ ကင်းလွတ်မည့်အကြောင်း ကာကွယ်စောင့်ရှောက်တော်မူရန်သာ အကျွန်ုပ် တောင်းလျှောက်ပါ၏။ အကျွန်ုပ်သည် ဤလောကနှင့် မစပ်ဆိုင်သည့်နည်းတူ သူတို့လည်း ဤလောကနှင့် မစပ်ဆိုင်ကြပါ။” (ယောဟန် ၁၇:၁၅၊ ၁၆၊ ကဘ) ဤလောကနှင့် သီးခြားခွဲနေခြင်းသည် အဘယ်ကြောင့် ဤမျှအရေးကြီးသနည်း။ ဤလောက၏မင်းသည် စာတန် ဖြစ်နေသောကြောင့်ပင်။ ခရစ်ယာန်တို့သည် စာတန်၏ ချုပ်ကိုင်မှုအောက်တွင်ရှိသော လောကနှင့်စပ်ဆိုင်သူများ မဖြစ်လိုကြချေ။—လုကာ ၄:၅-၈; ယောဟန် ၁၄:၃၀; ၁ ယောဟန် ၅:၁၉။
၂။ ယေရှုသည် အဘယ်နည်းများဖြင့် “ဤလောကနှင့် မစပ်ဆိုင်” သနည်း။
၂ ဤလောကနှင့် မစပ်ဆိုင်ဟု ဆိုရာ၌ အခြားသူတို့အပေါ် ယေရှု မေတ္တာမဲ့သည့်သဘော မသက်ရောက်ပေ။ သို့ဖြစ်မည့်အစား ကိုယ်တော်သည် ဖျားနာသူတို့ကို ကုသပေးသည်၊ သေသူတို့ကို ထမြောက်စေသည်၊ လူတို့အား ဘုရားသခင့် နိုင်ငံတော်အကြောင်း သွန်သင်ပေးသည်။ လူသားများအတွက် မိမိအသက်ကိုပင် ပေးဆက်ခဲ့သည်။ စာတန့်လောက၏ စိတ်ဓာတ်မျိုး ထင်ဟပ်သူတို့၏ ဘုရားတရားမဲ့သည့် သဘောထားများနှင့် လုပ်ရပ်များကိုမူ ကိုယ်တော် မချစ်ခဲ့ချေ။ ယင်းကြောင့် အကျင့်ပျက်သော ရမ္မက်ဆန္ဒများ၊ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခြင်းကို အဓိကထားသည့် နေမှုထိုင်မှုနှင့် ထင်ပေါ်ကျော်စောခြင်းအတွက် အခွင့်အလမ်း မှန်သမျှကို အမိအရယူခြင်း ကဲ့သို့သောအရာများကို ကိုယ်တော် သတိပေးတော်မူခဲ့၏။ (မဿဲ ၅:၂၇၊ ၂၈; ၆:၁၉-၂၁; လုကာ ၂၀:၄၆၊ ၄၇) ထို့ကြောင့် ယေရှုသည် လောက၏ နိုင်ငံရေးနှင့်လည်း ကင်းကင်းရှင်းရှင်း နေတော်မူခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။ ကိုယ်တော်သည် ဂျူးတစ်ဦးပင် ဖြစ်သော်ငြားလည်း ရောမနှင့် ဂျူးတို့၏ နိုင်ငံရေး အငြင်းပွားမှုများတွင် ဘက်လိုက်ခြင်း မရှိခဲ့ချေ။
“ငါ၏နိုင်ငံသည် ဤလောကနှင့် မစပ်ဆိုင်”
၃။ (က) ဂျူးဘာသာရေး ခေါင်းဆောင်များသည် ယေရှုနှင့် ပတ်သက်၍ ပိလတ်မင်းထံ အဘယ်စွဲချက် တင်ကြသနည်း။ အဘယ်ကြောင့်နည်း။ (ခ) ယေရှုသည် လူသားရှင်ဘုရင် တစ်ပါးဖြစ်ရန် စိတ်မဝင်စားကြောင်း အဘယ်အချက်က ဖော်ပြသနည်း။
၃ ဂျူးဘာသာရေး ခေါင်းဆောင်များက ယေရှုကို ဖမ်းဆီး၍ ရောမ ဘုရင်ခံမင်း ပုန္တိပိလတ်ထံ ခေါ်ဆောင်သွားစဉ်က ဖြစ်ပျက်ခဲ့ရာများကို သုံးသပ်ဆင်ခြင်ကြည့်ပါ။ အမှန်အားဖြင့် ထိုခေါင်းဆောင်များသည် သူတို့၏ သီလကြောင်မှုကို ယေရှု ဖော်ထုတ်ခဲ့ခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။ ယေရှုအား ဘုရင်ခံ အရေးယူစေရန် သူတို့က “ဤသူသည် ကျွန်ုပ်တို့ လူမျိုးကို မှောက်မှားစေလျက်၊ ကဲသာမင်းအား အခွန်မဆက်ရဟု မြစ်တားလျက်၊ ကိုယ်တိုင် ခရစ်တော်တည်းဟူသော ဘုရင်မင်းဖြစ်ကြောင်း ဆိုလျက်နေသည်ကို ကျွန်ုပ်တို့ တွေ့ပါသည်” ဟုစွပ်စွဲကြ၏။ (လုကာ ၂၃:၂၊ သမ) လွန်ခဲ့သောတစ်နှစ်က လူတို့က ယေရှုအား မင်းမြှောက်လိုခဲ့ကြသော်လည်း ကိုယ်တော် ငြင်းဆန်ခဲ့သည်ကိုထောက်ခြင်းဖြင့် ဤစွပ်စွဲချက်သည် မုသားဖြစ်သည်မှာ ရှင်းနေပါသည်။ (ယောဟန် ၆:၁၅) မိမိသည် အနာဂတ်တွင် ကောင်းကင် ရှင်ဘုရင်တစ်ပါး ဖြစ်ရမည်ကို ကိုယ်တော် သိတော်မူ၏။ (လုကာ ၁၉:၁၁၊ ၁၂) ၎င်းပြင် ကိုယ်တော်ကို လူသားများက မဟုတ်ဘဲ ယေဟောဝါ ကိုယ်တော်တိုင်က နန်းတင်မည်ဖြစ်သည်။
၄။ အခွန် ပေးဆောင်ခြင်းအပေါ် ယေရှု၏ သဘောထား မည်သို့ရှိသနည်း။
၄ ယေရှု အဖမ်းမခံရမီ သုံးရက်အလို၌ ဖာရိရှဲတို့က ယေရှုအား အခွန်ပေးဆောင်ခြင်းကိစ္စနှင့် ပတ်သက်၍ အမှုတွင် ပါဝင်ပတ်သက်ကြောင်း ထွက်ဆိုချက်တစ်ရပ်ရပ် ပြောမိစေရန် အကွက်ဆင်ခဲ့သည်။ သို့သော် ကိုယ်တော်က “ဒေနာရိ [ရောမဒ င်္ဂါး] တစ်ပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာ ပါပါသနည်း” ဟု မေးတော်မူလျှင် သူတို့က “ကဲသာဘုရင်၏ပုံ၊ လိပ်စာ ပါပါသည်” ဟုလျှောက်ကြသော်၊ ကိုယ်တော်က “ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့” ဟု ဖြေကြားတော်မူ၏။—လုကာ ၂၀:၂၀-၃၅။
၅။ (က) ယေရှုသည် အဖမ်းခံရချိန်၌ တပည့်တော်များအား အဘယ်သင်ခန်းစာ သင်ကြားပေးခဲ့သနည်း။ (ခ) ယေရှုက မိမိ လုပ်ဆောင်ချက်များအတွက် မည်သို့ ရှင်းချက်ထုတ်ခဲ့သနည်း။ (ဂ) ထိုစစ်ဆေးစီရင်ခြင်း၏ ရလဒ်ကား အဘယ်နည်း။
၅ ယေရှုသည် လောကီအာဏာပိုင်များကို ပုန်ကန်ရန် သွန်သင်တော်မမူခဲ့ချေ။ စစ်သည်များနှင့် အခြားလူတို့က ယေရှုကို ဖမ်းဆီးရန် လာကြသောအခါ ပေတရုက ဓားကိုဆွဲထုတ်၍ လူတစ်ယောက်ကို ခုတ်လိုက်ရာ နားရွက်ပြတ်သွား၏။ သို့သော် ယေရှုက “သင့်ဓားကို သူ့နေရာ၌ ပြန်ထားလော့။ ဓားကိုကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ (မဿဲ ၂၆:၅၁၊ ၅၂) နောက်တစ်နေ့တွင် ယေရှုက မိမိ၏ လုပ်ရပ်များနှင့် ပတ်သက်၍ ဤသို့ မိန့်ဆိုရှင်းပြတော်မူ၏– “ငါ့နိုင်ငံသည် ဤလောကနှင့် မစပ်ဆိုင်၊ စပ်ဆိုင်ခဲ့မူ ငါသည် ယုဒလူမျိုးတို့လက်သို့ မရောက်စေခြင်းငှာ ငါ့ဘက်သားတို့ တိုက်လှန်ကြလေပြီ။” (ယောဟန် ၁၈:၃၆၊ သမ) ယေရှုအား စွပ်စွဲထားသည့် ‘စွဲချက်များအတွက် အခြေအမြစ်မရှိ’ ကြောင်း ပိလတ်မင်းက ဝန်ခံခဲ့သည်။ သို့သော် ပိလတ်မင်းသည် ဆူပူသောင်းကျန်းသော လူအုပ်၏ဖိအားကို မခံနိုင်သဖြင့် အလျှော့ပေး၍ ယေရှုကို တံကျင်လျှို၍ ကွပ်မျက်စေခဲ့သည်။—လုကာ ၂၃:၁၃-၁၅; ယောဟန် ၁၉:၁၂-၁၆။
တပည့်တော်များ ယေရှု၏ဦးဆောင်မှုနောက် လိုက်
၆။ ရှေးခရစ်ယာန်များသည် လောက၏ စိတ်ဓာတ်ကို ရှောင်ကြဉ်သော်လည်း လူတို့ကိုချစ်ကြောင်း မည်သို့ ပြသခဲ့ကြသနည်း။
၆ ဤနည်းဖြင့် ယေရှု၏ တပည့်တော်များသည် ဤလောကနှင့် မစပ်ဆိုင်ခြင်း ဆိုရာ၌ အဘယ်အရာ လိုအပ်ကြောင်း နားလည်ခဲ့ကြသည်။ ရောမတို့၏ ဆပ်ကပ်ပြပွဲနှင့် ဇာတ်သဘင်တို့မှ ကြမ်းကြုတ်သော၊ အကျင့်ပျက်သော ဖျော်ဖြေမှုများ အပါအဝင် ဤလောက၏ ဘုရားတရားမဲ့သော စိတ်ဓာတ်နှင့် လုပ်ရပ်များကို ရှောင်ကြဉ်ခြင်းကို ဆိုလိုသည်။ ယင်းအတွက်ကြောင့် ၎င်းတပည့်တော်များအား လူသတ္တဝါများကို မုန်းတီးသူများဟု ခေါ်ခဲ့ကြသည်။ သို့သော် သူတို့သည် လူသားချင်းကို မုန်းတီးဖို့ဝေးစွ၊ ကယ်တင်ခြင်းအတွက် ဘုရားသခင့် ပြင်ဆင်ပေးချက်များမှ အကျိုးခံစားနိုင်ရန် အခြားသူတို့ကို အစွမ်းကုန်ကြိုးစား၍ ကူညီပေးခဲ့ကြသည်။
၇။ (က) လောကနှင့် မစပ်ဆိုင်ခြင်းကြောင့် ကနဦး တပည့်တော်များ မည်သို့ တွေ့ကြုံခဲ့ရကြသနည်း။ (ခ) အစိုးရမင်းများနှင့် အခွန်ပေးဆောင်ခြင်းကို သူတို့ မည်သို့ သဘောထားခဲ့သနည်း။ အဘယ်ကြောင့်နည်း။
၇ ယေရှု၏ နောက်တော်လိုက်များသည် ကိုယ်တော်ကဲ့သို့ပင် နှိပ်စက်ညှဉ်းပန်းခြင်း ခံခဲ့ရကြသည်။ အများအားဖြင့် သတင်းမှား ပေးခံရသော အစိုးရ အရာရှိများ၏ လက်ချက်ဖြင့် နှိပ်စက်ခံရခြင်းဖြစ်သည်။ သို့ပင်ငြားလည်း စီ.အီး. ၅၆ ခုနှစ်ခန့်တွင် တမန်တော် ပေါလုက ရောမမြို့ရှိ ခရစ်ယာန်များထံ စာရေး၍ ဤသို့ တိုက်တွန်းခဲ့သည်– “အထက်အာဏာပိုင်တို့ [နိုင်ငံရေး အုပ်စိုးရှင်များ] ၏ လက်အောက်၌ . . . ဝန်ခံလျက်နေစေ။ အကြောင်းမူကား ဘုရားသခင့်အခွင့် မရှိလျှင် အဘယ်အာဏာပိုင်မျှ မရှိ။” လောကီ အစိုးရများကို ယေဟောဝါ တည်ထောင်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ မြေကြီးတစ်ပြင်လုံးကို ကိုယ်တော့်နိုင်ငံတော် တစ်ခုတည်းက အုပ်ချုပ်မည့် အချိန်တိုင်အောင် ၎င်းတို့ကို တည်ရှိခွင့် ပြုထားခြင်းသာဖြစ်သည်။ သင့်တော်လျောက်ပတ်စွာဖြင့် ပေါလုက လောကီအရာရှိများကို ရိုသေလေးစား၍ အခွန်အတုတ်များ ပေးဆောင်ကြရန် ခရစ်ယာန်များအား အကြံပေးတိုက်တွန်းခဲ့သည်။—ရောမ ၁၃:၁-၇၊ ကဘ; တိတု ၃:၁၊ ၂။
၈။ (က) ခရစ်ယာန်များသည် အထက်အာဏာပိုင်များ၏ အုပ်စိုးခြင်းကို အဘယ်အတိုင်းအတာအထိ ဝန်ခံရကြသနည်း။ (ခ) ကနဦး ခရစ်ယာန်များသည် ယေရှု၏ စံနမူနာကို မည်သို့ လိုက်လျှောက်ခဲ့ကြသနည်း။
၈ သို့ရာတွင်၊ နိုင်ငံရေး အုပ်စိုးရှင်များအား လက်အောက်ခံခြင်း ဆိုရာ၌ နှိုင်းယှဉ်ချက်အရ သာဖြစ်သည်၊ အကြွင်းမဲ့ မဟုတ်ပေ။ ယေဟောဝါ၏ ပညတ်ဥပဒေများနှင့် လူ့တရားဥပဒေများ ဆန့်ကျင်ဘက် ဖြစ်လာသည့်အခါ၌ ယေဟောဝါအား ဝတ်ပြုသူတို့သည် ကိုယ်တော်၏ ပညတ်ဥပဒေများကို လိုက်နာကြရမည်။ ယဉ်ကျေးမှုဆီသို့သွားရာ လမ်းမကြီးပေါ်ဝယ် စာအုပ်က ကနဦး ခရစ်ယာန်များအကြောင်း မည်သို့ဆိုသည်ကို သတိပြုပါ– “ခရစ်ယာန်များသည် ရောမ နိုင်ငံသားများ၏ တာဝန်ဝတ္တရားအချို့ကို ထမ်းဆောင်ရန် ငြင်းဆန်ကြသည်။ စစ်မှုထမ်းခြင်းသည် သူတို့၏ ယုံကြည်ခြင်းကို ချိုးဖောက်ရာရောက်သည်ဟု . . . ခရစ်ယာန်များ ယူဆကြသည်။ သူတို့သည် နိုင်ငံရေး ရာထူးဌာနန္တရကို လက်မခံကြချေ။ ဧကရာဇ်မင်းကိုလည်း မကိုးကွယ်ကြချေ။” တပည့်တော်များအား ဟောပြောခြင်းကို ရပ်တန့်ရန် ဂျူးလွှတ်တော်ချုပ်က “ကျပ်တည်းစွာ အမိန့်ပေး” သည့်အခါ သူတို့က “ငါတို့သည် လူထက် ဘုရားသခင်အား အုပ်စိုးရှင်အဖြစ် နာခံကြရမည်” ဟူ၍ ပြန်ဆိုကြ၏။—တမန်တော် ၅:၂၇-၂၉၊ ကဘ။
၉။ (က) ယေရုရှလင်မြို့ရှိ ခရစ်ယာန်တို့သည် စီ.အီး. ၆၆ ခုနှစ်က လုပ်ဆောင်ချက်မျိုးကို အဘယ်ကြောင့် လုပ်ဆောင်ခဲ့ကြသနည်း။ (ခ) ၎င်းသည် မည်သည့်နည်းဖြင့် အဖိုးတန်သော စံနမူနာတစ်ရပ် ဖြစ်သနည်း။
၉ နိုင်ငံရေးနှင့် စစ်ရေး အငြင်းပွားမှုများနှင့် ပတ်သက်၍ တပည့်တော်များသည် တိကျပြတ်သားစွာ ကြားနေခဲ့ကြသည်။ စီ.အီး. ၆၆ ခုနှစ်တွင် ယုဒပြည်ရှိ ဂျူးများက ကဲသာကို တော်လှန်ပုန်ကန်ကြ၏။ ရောမ စစ်တပ်သည် ယေရုရှလင်မြို့ကို အလျင်အမြန်ပင် ဝိုင်းရံပိတ်ဆို့လိုက်သည်။ ထိုအခါ မြို့တွင်းရှိ ခရစ်ယာန်များ မည်သို့ပြုလုပ်ကြသနည်း။ မြို့ထဲမှ ထွက်ပြေးကြဟူသော ယေရှု၏ ဩဝါဒစကားကို သူတို့ သတိရကြ၏။ ရောမလူများ ယာယီ ဆုတ်ခွာသွားသည့်အခါ ခရစ်ယာန်များသည် ယော်ဒန်မြစ်ကို ဖြတ်ကူး၍ ပဲလ္လနယ်ရှိ တောင်တန်းဒေသသို့ ထွက်ပြေးခဲ့ကြသည်။ (လုကာ ၂၁:၂၀-၂၄) သူတို့၏ ကြားနေခြင်းသည် နှောင်းခေတ်မှ သစ္စာရှိ ခရစ်ယာန်များအတွက် စံနမူနာဖြစ်ခဲ့သည်။
ဤနောက်ဆုံးနေ့ရက်များအတွင်းကြားနေသူ ခရစ်ယာန်များ
၁၀။ (က) ယေဟောဝါသက်သေများသည် အဘယ်လုပ်ငန်းတွင် အလုပ်များလျက် နေကြသနည်း။ အဘယ်ကြောင့်နည်း။ (ခ) သူတို့သည် အဘယ်အရာနှင့် ပတ်သက်၍ ကြားနေကြသနည်း။
၁၀ ဤနောက်ဆုံးနေ့ရက်များအတွင်း ရှေးခရစ်ယာန်များကို အတုယူကာ ပြတ်ပြတ်သားသား ကြားနေသည့် အုပ်စုတစ်စုရှိကြောင်း သမိုင်းမှတ်တမ်းက ဖော်ပြသလော။ ဖော်ပြသည်၊ ယေဟောဝါသက်သေများသည် ထိုသို့ပင် ပြုမူခဲ့ကြသည်။ ဤကာလ တစ်လျှောက်အတွင်း သူတို့သည် ဘုရားသခင့် နိုင်ငံတော်တစ်ခုတည်းသာလျှင် ဖြောင့်မတ်ခြင်းတရား ချစ်မြတ်နိုးသူတို့အဖို့ အဓွန့်ရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ပျော်ရွှင်ချမ်းမြေ့ရေးကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ဟောပြောလာခဲ့သည်။ (မဿဲ ၂၄:၁၄) သို့သော် တိုင်းနိုင်ငံများ၏ အငြင်းပွားမှုများတွင်မူ သူတို့သည် တိကျပြတ်သားစွာ ကြားနေခဲ့ကြသည်။
၁၁။ (က) သက်သေခံများ၏ ကြားနေခြင်းသည် ဘုန်းကြီးဓမ္မဆရာများ၏ အစဉ်အလာနှင့် မည်သို့ခြားနားသနည်း။ (ခ) နိုင်ငံရေးနှင့်ပတ်သက်၍ အခြားသူတို့၏ လုပ်ဆောင်ချက်အပေါ် ယေဟောဝါသက်သေများ အဘယ် အမြင်သဘောထား ရှိကြသနည်း။
၁၁ ဤလောက၏ ဘာသာတရားများမှ ဘုန်းကြီးဓမ္မဆရာများမူ သူတို့နှင့် လားလားကြီး ခြားနားလျက် နိုင်ငံရေးရာများတွင် နက်ရှိုင်းစွာ ပါဝင်စွက်ဖက်နေကြသည်။ တိုင်းပြည်အချို့တွင် ၎င်းတို့သည် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအား ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းအတွက် တက်ကြွစွာ စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။ ဘုန်းကြီးဓမ္မဆရာ အချို့တို့သည် နိုင်ငံရေး ရာထူးဌာနန္တရများကိုပင် လက်ခံထားကြသည်။ အချို့ကျပြန်လျှင် ဘုန်းကြီးဓမ္မဆရာများ နှစ်သက်သည့် အစီအစဉ်များကို ထောက်ခံရန် နိုင်ငံရေးသမားများအား ဖိအားပေးခဲ့ကြသည်။ ယေဟောဝါသက်သေများမူကား နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း လုံးဝ မပြုကြချေ။ အခြားသူများက နိုင်ငံရေးပါတီဝင်ခြင်း၊ နိုင်ငံရေးရာထူးအတွက် အရွေးခံခြင်း၊ ရွေးကောက်ပွဲများတွင် မဲဆန္ဒပေးခြင်း ကိစ္စများ၌လည်း သူတို့ ဝင်စွက်ခြင်း မပြုကြချေ။ မိမိ တပည့်တော်များသည် ဤလောကနှင့် မစပ်ဆိုင်ကြောင်း ယေရှု မိန့်ဆိုထားသောကြောင့် ယေဟောဝါသက်သေများသည် နိုင်ငံရေးတွင် မပါဝင်ကြချေ။
၁၂။ ဤလောက၏ ဘာသာတရားများသည် ကြားမနေခြင်းကြောင့် အဘယ်ရလဒ် ဖြစ်ထွန်းခဲ့သနည်း။
၁၂ ယေရှု ကြို၍ဟောခဲ့သည့်အတိုင်းပင် တိုင်းနိုင်ငံများသည် စစ်ပွဲများ အကြိမ်ကြိမ် ဆင်နွှဲခဲ့ကြပြီ။ ပြည်တွင်း အုပ်စုကွဲ၊ ဂိုဏ်းကွဲများကလည်း အချင်းချင်း တိုက်ခိုက်လျက်ရှိကြသည်။ (မဿဲ ၂၄:၃၊ ၆၊ ၇) ဘာသာရေး ခေါင်းဆောင်များသည် အမြဲတမ်း ဆိုရမလောက် နိုင်ငံတစ်ခု သို့မဟုတ် အုပ်စုတစ်ခုကို ထောက်ခံလျက် တစ်ခုကို ဆန့်ကျင်ကြသည့်ပြင် မိမိတို့၏ နောက်လိုက်များအားလည်း အလားတူပြုရန် တိုက်တွန်းအားပေးကြသည်။ ရလဒ်ကား အဘယ်နည်း။ နိုင်ငံသား သို့မဟုတ် လူမျိုး မတူရုံနှင့် ဘာသာတူ အချင်းချင်းတို့သည် တိုက်ပွဲများတွင် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြသည်။ ဤကား ဘုရားသခင့် အလိုတော်နှင့် ဆန့်ကျင်ပေသည်။—၁ ယောဟန် ၃:၁၀-၁၂; ၄:၈၊ ၂၀။
၁၃။ ဖြစ်ရပ်မှန်များက ယေဟောဝါသက်သေများ၏ ကြားနေခြင်းနှင့်ပတ်သက်၍ အဘယ်အရာကို ဖော်ပြသနည်း။
၁၃ သို့ရာတွင် ယေဟောဝါသက်သေများသည် အငြင်းပွားမှုအားလုံးတွင် တိကျပြတ်သားစွာ ကြားနေခဲ့ကြသည်။ ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်ထုက် ကင်းမျှော်စင် (လိပ်) တွင် ဤသို့ဆိုထား၏– “သခင်ဘုရားဘက်၌ ရှိသောသူ မှန်သမျှတို့သည် စစ်ခင်းနေကြသော နိုင်ငံများနှင့် ပတ်သက်လျှင် ကြားနေကြပေမည်။“ တိုင်းနိုင်ငံအားလုံးရှိ ယေဟောဝါသက်သေများသည် အခြေအနေအားလုံးတွင် ဤအနေအထားကို ဆက်လက်၍ စွဲကိုင်ထားကြသည်။ သူတို့၏ အပြည်ပြည်ဆိုင်ရာ ညီအစ်ကို တော်စပ်မှုကို ဤလောက၏ သဘောထားကွဲပြားသော နိုင်ငံရေးနှင့် စစ်ရေးများကြောင့် မပျက်ပြားစေပါ။ သူတို့သည် “ဓားလက်နက်များကို ထွန်သွား ဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ် ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြ” သည်။ ကြားနေသူများ ဖြစ်ကြသောကြောင့် စစ်အတတ်ကိုလည်း နောက်ထပ် မသင်ကြချေ။—ဟေရှာယ ၂:၃၊ ၄; ၂ ကောရိန္သု ၁၀:၃၊ ၄။
၁၄။ ယေဟောဝါသက်သေများသည် လောကနှင့် သီးခြားခွဲနေခြင်းကြောင့် အဘယ်အရာ တွေ့ကြုံခဲ့ရသနည်း။
၁၄ သူတို့ကြားနေခြင်း၏ ရလဒ်တစ်ခုကား အဘယ်နည်း။ “သင်တို့သည် ဤလောကနှင့် မစပ်ဆိုင်ကြသောကြောင့် ဤလောကသားတို့သည် သင်တို့ကို မုန်းကြ၏” ဟူ၍ ယေရှု မိန့်တော်မူ၏။ (ယောဟန် ၁၅:၁၉၊ ကဘ) ယေဟောဝါသက်သေအများသည် ဘုရားသခင့် အစေခံများ ဖြစ်ခြင်းကြောင့် ထောင်ချခံရကြသည်။ အချို့တို့သည် ပထမရာစု ခရစ်ယာန်များ တွေ့ကြုံခဲ့ရသကဲ့သို့ နှိပ်စက်ညှဉ်းပန်းခြင်းမက အသတ်ပင်ခံရကြသည်။ ဤသို့ဖြစ်ရသည်မှာ “ဤလောက၏ ဘုရား” ဖြစ်သော စာတန်သည် လောကနှင့် မစပ်ဆိုင်ကြသည့် ယေဟောဝါ၏ အစေခံများကို ဆန့်ကျင်သောကြောင့်ဖြစ်သည်။—၂ ကောရိန္သု ၄:၄; ဗျာဒိတ် ၁၂:၁၂။
၁၅။ (က) တိုင်းနိုင်ငံ ရှိသမျှတို့သည် အဘယ်ဆီသို့ ချီတက်လျက် ရှိကြသနည်း။ ယေဟောဝါသက်သေများသည် အဘယ်အရာကို အထူးဂရုပြု ရှောင်ရှားကြသနည်း။ (ခ) လောကနှင့် သီးခြားခွဲနေခြင်းသည် အဘယ်ကြောင့် အလွန့်အလွန် အရေးကြီးရသနည်း။
၁၅ ဤလောက၏ တိုင်းနိုင်ငံအားလုံးတို့သည် အာမဂေဒုန်၌ ၎င်းတို့၏ ဆုံးခန်းဆီသို့ ချီတက်လျက် ရှိကြသောကြောင့် ယေဟောဝါ၏ အစေခံများသည် ဤလောကနှင့် မစပ်ဆိုင်ခြင်းအတွက် ပျော်ရွှင်ကြ၏။ (ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၁၆:၁၄၊ ၁၅; ၁၉:၁၁-၂၁) ကျွန်ုပ်တို့သည် ဤလောကနှင့် သီးခြားနေခြင်းကြောင့် ယင်း၏ ကြမ္မာဆိုးကို ရှောင်လွှဲနိုင်ပေမည်။ ကမ္ဘာမြေ တစ်ခွင်တစ်ပြင်ရှိ စည်းလုံးသော လူမျိုးတစ်မျိုးအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင့် ကောင်းကင်နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာ စောင့်သိကြသည်။ မှန်ပါသည်၊ ဤလောကနှင့် မစပ်ဆိုင်ခြင်းကြောင့် လောက၏ လှောင်ပြောင်သရော်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းကို ကျွန်ုပ်တို့ ခံရကြသည်။ သို့သော် လှောင်ပြောင်နှိပ်စက်မှုများ များမကြာမီ ရပ်တန့်သွားတော့မည်၊ အဘယ်ကြောင့်ဆိုသော် စာတန့်လက်အောက်မှ လက်ရှိဆိုးယုတ်သော ဤလောကသည် ထာဝစဉ် ဖျက်ဆီးခြင်း ခံရမည်ဖြစ်သောကြောင့်တည်း။ အခြားတစ်ဖက်တွင်မူ ယေဟောဝါအား ဝတ်ပြုသူတို့သည် ဘုရားသခင့် နိုင်ငံတော်လက်အောက်ရှိ ကိုယ်တော်၏ဖြောင့်မတ်သော ကမ္ဘာသစ်တွင် ထာဝစဉ် အသက်ရှင်သွားရကြလတ္တံ့။—၂ ပေတရု ၃:၁၀-၁၃; ၁ ယောဟန် ၂:၁၅-၁၇။
ပြန်လည်သုံးသပ်ဆွေးနွေးခြင်း
• “ဤလောကနှင့် မစပ်ဆိုင်” ခြင်း၌ အဘယ်အရာများ ပါဝင်ကြောင်း ယေရှု မည်သို့ ဖော်ပြခဲ့သနည်း။
• (က) လောက၏စိတ်ဓာတ်၊ (ခ) လောကီ အစိုးရမင်းများနှင့် (ဂ) အခွန် ပေးဆောင်ခြင်းတို့အပေါ် ရှေးခရစ်ယာန်များ မည်သို့ သဘောထားခဲ့ကြသနည်း။
• မျက်မှောက်ခေတ်တွင် ယေဟောဝါသက်သေများသည် ခရစ်ယာန် ကြားနေခြင်းကို အဘယ်နည်းများဖြင့် သက်သေပြခဲ့ကြပြီနည်း။