အခန်း၇
သမ္မာကျမ်းစာသည် အတွင်းသဘောချင်း ဆန့်ကျင်သလော
သမ္မာကျမ်းစာသည် အတွင်းသဘောချင်း ဆန့်ကျင်သည်ဟု စွပ်စွဲခံရလေ့ရှိသည်။ များသောအားဖြင့် ဤသို့စွပ်စွဲသူများမှာ သမ္မာကျမ်းစာကို ကိုယ်တိုင်ဖတ်ဖူးသူများ မဟုတ်ကြပေ; ထိုသူတို့သည် သံယောင်လိုက်၍ ပြောကြခြင်းသာဖြစ်သည်။ သို့သော် အချို့သူများမူ အတွင်းသဘောချင်း အမှန်ဆန့်ကျင်နေပုံရသည့်အချက်များကို တွေ့ရှိပြီး ၎င်းတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြသည်။
၁၊ ၂။ (နိဒါန်းအပါအဝင်။) (က) သမ္မာကျမ်းစာကို အဘယ်သို့ စွပ်စွဲလေ့ရှိသနည်း။ (ခ) ကွဲပြားသည့်ကျမ်းပိုဒ်များကို နှိုင်းယှဉ်ကြည့်ရာ၌ အဘယ်အချက်ကို သတိရသင့်သနည်း။ (ဂ) အဖြစ်အပျက်တစ်ခုတည်းကို ကျမ်းရေးသူနှစ်ဦး ရေးသားပုံတွင် တစ်ခါတစ်ရံ ကွဲပြားမှုရှိရသည့်အကြောင်းရင်းအချို့ကား အဘယ်နည်း။
သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက်စကားတော် အမှန်ဖြစ်လျှင် အတွင်းသဘောချင်း ဆန့်ကျင်မှုမရှိဘဲ ညီညွတ်သင့်သည်။ သို့ဆိုလျှင် ကျမ်းပိုဒ်အချို့သည် အခြားကျမ်းပိုဒ်များနှင့် အဘယ်ကြောင့် အတွင်းသဘောချင်းဆန့်ကျင်နေပုံရသနည်း။ ဤမေးခွန်းကို ဖြေဆိုရန်အတွက် သတိရဖို့လိုသည့်အချက်မှာ သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်သော်လည်း ၎င်းကို ရာစုနှစ်များစွာ ကာလအတွင်း လူများစွာက ရေးသားခဲ့သည်ဆိုသည့်အချက်ဖြစ်သည်။ ဤကျမ်းရေးသူများသည် ဘဝနောက်ခံချင်း၊ ရေးဟန်ချင်း၊ အစွမ်းအစချင်းမတူကြရာ သူတို့၏အရေးအသားတွင် ဤကွဲပြားမှုများ ထင်ဟပ်နေသည်။
၂ ထို့အပြင် အဖြစ်အပျက်တစ်ခုတည်းကို ကျမ်းရေးသူနှစ်ဦး၊ သို့မဟုတ် နှစ်ဦးထက်မက ဆွေးနွေးတင်ပြသည်ဆိုလျှင် တစ်ဦးချန်လှပ်ခဲ့ရာများကို တစ်ဦးက အသေးစိတ် ထည့်သွင်းရေးသားနိုင်သည်။ ထို့အပြင် ကျမ်းရေးသူတစ်ဦးစီက ထိုအကြောင်းအရာကိစ္စရပ်ကို ခြားနားသည့်နည်းများဖြင့် တင်ပြကြသည်။ တစ်ဦးက သက္ကရာဇ်စဉ်အလိုက် ရေးသားဖွယ်ရှိသော်လည်း နောက်တစ်ဦးက အခြားအစီအစဉ်ဖြင့်ရေးနိုင်သည်။ ဤအခန်း၌ သမ္မာကျမ်းစာတွင် အတွင်းသဘောချင်း ဆန့်ကျင်သည်ဟုဆိုသော အချက်အချို့ကိုတင်ပြပြီး အထက်ပါ ဆင်ခြင်သုံးသပ်ချက်များကို ထည့်သွင်းစဉ်းစားကာ ၎င်းတို့ကို မည်သို့ညီညွတ်အောင် စေ့စပ်နိုင်သည်ကို သုံးသပ်ကြမည်။
သီးခြားလွတ်လပ်သော သက်သေများ
၃၊ ၄။ ဖျားနာနေသောငယ်သား၏ တပ်မှူးနှင့်ပတ်သက်၍ မဿဲ၏မှတ်တမ်းနှင့် လုကာ၏မှတ်တမ်းတို့တွင် အဘယ်အချက်သည် ကွဲလွဲဟန်ရှိသနည်း၊ ဤအချက်တို့ကို အဘယ်သို့ ညီညွတ်အောင်စေ့စပ်နိုင်သနည်း။
၃ အဖြစ်အပျက်တစ်ခုတည်းနှင့်ဆိုင်သော မှတ်တမ်းနှစ်ခု သို့မဟုတ် ထို့ထက်မက ရှိသည့်အခါ “အတွင်းသဘောချင်းဆန့်ကျင်မှု” အချို့ပေါ်လာတတ်သည်။ ဥပမာ၊ မဿဲ ၈:၅ တွင် ကပေရနောင်မြို့သို့ ယေရှုကြွဝင်တော်မူသည့်အခါ “တပ်မှူးတစ်ယောက်သည် အထံတော်သို့လာ၍” သူ၏ငယ်သားကို ရောဂါကုသပေးရန် “တောင်းပန်” ကြောင်းကျွန်ုပ်တို့ဖတ်ရသည်။ သို့သော် လုကာ ၇:၃ တွင်မူ ၎င်းတပ်မှူးက “ယုဒအမျိုးအကြီးအကဲတို့ကို အထံတော်သို့စေလွှတ်သဖြင့်၊ ကိုယ်တော်[ယေရှု]သည်ကြွ၍ ထိုကျွန်ကို ချမ်းသာပေးတော်မူမည်အကြောင်း တောင်းပန်လေ၏” ဟုဖတ်ရပြန်သည်။ ထိုတပ်မှူးကိုယ်တိုင် ယေရှုထံ လာရောက်တောင်းပန်ခဲ့သလော၊ သို့တည်းမဟုတ် အကြီးအကဲတို့ကို ကိုယ်စားစေလွှတ်ခဲ့သလော။
၄ အဖြေမှာ ထိုသူသည် ယုဒလူမျိုးအကြီးအကဲတို့ကို စေလွှတ်သည်မှာ ရှင်းနေပါသည်။ သို့ဆိုလျှင် မဿဲက ထိုသူကိုယ်တိုင် ယေရှုထံ လာရောက်တောင်းပန်သည်ဟု အဘယ်ကြောင့်ဆိုရသနည်း။ အမှန်အတိုင်းဆိုရလျှင် ထိုသူသည် ယုဒလူမျိုးအကြီးအကဲများမှတစ်ဆင့် ယေရှုထံ တောင်းခံခဲ့၍ဖြစ်သည်။ ထိုအကြီးအကဲများသည် သူ၏ပြောရေးဆိုခွင့်ရှိသူအနေဖြင့် ဆောင်ရွက်ခဲ့ကြသည်။
၅။ ဆောက်လုပ်ရေးလုပ်ငန်းကို အခြားသူများ လုပ်ဆောင်ကြောင်း သိသာထင်ရှားသော်လည်း ဗိမာန်တော်ကို ရှောလမုန်တည်ဆောက်သည်ဟု သမ္မာကျမ်းစာက အဘယ်ကြောင့်ဆိုရသနည်း။
၅ နမူနာအဖြစ် ၂ ရာဇဝင်ချုပ် ၃:၂ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ရှောလမုန်သည် . . . ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။” နောက်ပိုင်းတွင် ဤသို့ဖတ်ရပြန်သည်– “ဤသို့ဖြင့် ရှောလမုန်သည် ယေဟောဝါ၏အိမ်တော်ကို လက်စသတ်တော်မူ၏။” (၂ ရာဇဝင်ချုပ် ၇:၁၁၊ ကဘ) ရှောလမုန်သည် ဗိမာန်တော်ကို အစအဆုံး ကိုယ်တိုင်ဆောက်ခဲ့သလော။ မဆောက်ခဲ့ပါ။ တကယ့်ဆောက်လုပ်ရေးလုပ်ငန်းများကို များပြားလှသော လက်မှုပညာသည်များနှင့် လုပ်သားများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရှောလမုန်သည် လုပ်ငန်းစည်းရုံးရေးမှူး၊ တာဝန်ခံဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာက အိမ်တော်ကို သူတည်ဆောက်သည်ဟု ဆိုခြင်းဖြစ်သည်။ ဤနည်းအတိုင်းပင် မဿဲခရစ်ဝင်ကျမ်းက တပ်မှူးသည် ယေရှုထံ ချဉ်းကပ်အကူအညီတောင်းသည်ဟု ဖော်ပြထားသည်။ သို့သော် လုကာက သူသည် ကိုယ်တော်ထံ ယုဒလူမျိုးအကြီးအကဲတို့မှ တစ်ဆင့် ချဉ်းကပ်ခဲ့သည်ဟူသော အသေးစိတ်အချက်ကို ဖြည့်စွက်ထားသည်။
၆၊ ၇။ ဇေဗေဒဲသားတို့၏ တောင်းခံချက်ဆိုင်ရာ ခရစ်ဝင်ကျမ်းမှတ်တမ်းနှစ်ခုကို မည်သို့ညီညွတ်အောင် စေ့စပ်နိုင်သနည်း။
၆ ဤတွင် အလားတူ ဥပမာတစ်ခုရှိသည်။ မဿဲ ၂၀:၂၀၊ ၂၁ တွင် “ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်အတူ [ယေရှု] အထံတော်သို့ချဉ်းကပ်ပျပ်ဝပ်လျက် ဆုကျေးဇူးကို တောင်းပန်လေ၏” ဟုကျွန်ုပ်တို့ဖတ်ရသည်။ သူတောင်းဆိုသည့်အရာမှာ ယေရှု နိုင်ငံတော်အမွေခံရသည့်အခါ မိမိ၏သားများကို အကောင်းဆုံးရာထူး ပေးရန်ဖြစ်သည်။ ဤအဖြစ်အပျက်ကိုပင် မာကုမှတ်တမ်း၌ “ထိုအခါဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်သည် [ယေရှု] အထံတော်သို့ချဉ်းကပ်၍၊ ‘အရှင်ဘုရား၊ အကျွန်ုပ်တို့တောင်းသောဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်’ ဟုလျှောက်လေ၏” ဟုကျွန်ုပ်တို့ဖတ်ရသည်။ (မာကု ၁၀:၃၅-၃၇) ယေရှုထံတောင်းဆိုသူမှာ ဇေဗေဒဲ၏သားနှစ်ယောက်လော၊ သို့တည်းမဟုတ် သူတို့၏မိခင်လော။
၇ တောင်းဆိုသူမှာ မာကုဖော်ပြသကဲ့သို့ ဇေဗေဒဲ၏သားနှစ်ယောက်ဖြစ်ကြောင်း ရှင်းနေပါသည်။ သို့သော် သူတို့၏မိခင်မှ တစ်ဆင့် တောင်းခံကြခြင်းဖြစ်သည်။ မိခင်ဖြစ်သူသည် သူတို့၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ ဤအချက်ကို မဿဲ၏မှတ်တမ်းက ထောက်ခံသည်။ အကြောင်းမှာ ဇေဗေဒဲသားတို့၏အမိဖြစ်သူ၏လုပ်ရပ်ကို အခြားတမန်တော်များကြားသိသောအခါ မိခင်ဖြစ်သူကို အမျက်မထွက်ဘဲ “ထိုညီအစ်ကိုနှစ်ယောက်တို့ကို” အမျက်ထွက်ကြ၍ဖြစ်သည်။—မဿဲ ၂၀:၂၄။
၈။ အဖြစ်အပျက်တစ်ခုတည်းနှင့်ဆိုင်သော သီးခြားမှတ်တမ်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားသော်လည်း နှစ်ခုစလုံးသည် အမှန်ချည်း မည်သို့ဖြစ်နိုင်သနည်း။
၈ အဖြစ်အပျက်တစ်ခုကို မြင်တွေ့ခဲ့ရသူနှစ်ဦး ပြန်လည်ပြောပြသည်ကို သင်ကြားဖူးသလော။ သို့ဖြစ်လျှင် တစ်ဦးစီသည် မိမိတို့စိတ်ထဲစွဲမှတ်ခဲ့သည့် အသေးစိတ်အချက်အလက်များကို အလေးပေးပြောဆိုတတ်ကြောင်း သင်သတိပြုမိသလော။ တစ်ယောက်ထည့်ပြောသည့်အကြောင်းကို တစ်ယောက်က ချန်လှပ်ထားခဲ့ပေမည်။ သို့သော် နှစ်ဦးစလုံးသည် အမှန်ကိုပြောနေကြခြင်းဖြစ်သည်။ ယေရှု၏ဓမ္မအမှုတော်ဆိုင်ရာ ခရစ်ဝင်ကျမ်းလေးကျမ်းအပြင် ကျမ်းရေးသူတစ်ဦးထက်မက မှတ်တမ်းတင်ခဲ့သည့် အခြားသမိုင်းအဖြစ်အပျက်များလည်း ထပ်တူပင်ဖြစ်သည်။ တစ်ဦးချန်လှပ်ထားသည့် အသေးစိတ်အချက်အလက်ကို တစ်ဦးကထည့်သွင်းထားသည့်တိုင်အောင် ကျမ်းရေးသူတစ်ဦးစီသည် တိကျမှန်ကန်သောအချက်အလက်များကို ရေးသားခဲ့ခြင်းဖြစ်သည်။ မှတ်တမ်းအားလုံးကို သုံးသပ်ကြည့်ခြင်းဖြင့် ဖြစ်ပျက်ခဲ့သည့်အရာကို ပို၍ပြည့်ပြည့်စုံစုံ နားလည်လာနိုင်သည်။ ဤကဲ့သို့သောခြားနားချက်များက သမ္မာကျမ်းစာမှတ်တမ်းများသည် မှီငြမ်းမထားသည့် သီးခြားမှတ်တမ်းများဖြစ်ကြောင်း သက်သေထူသည်။ အနှစ်သာရအားဖြင့် ဆီလျော်ညီညွတ်မှုရှိခြင်းကလည်း ၎င်းတို့သည် မှန်ကန်ကြောင်း သက်သေထင်ရှားသည်။
စကားစပ်များကို ဖတ်ပါ
၉၊ ၁၀။ ကာဣန အဘယ်မှ မိန်းမရကြောင်းကိုသိရှိရန် စကားစပ်များက အဘယ်နည်းဖြင့် ထောက်ကူပေးသနည်း။
၉ စကားစပ်များကို လိုက်ကြည့်မည်ဆိုလျှင် ရှေ့နောက်မညီဟု ထင်ရသည့်အကြောင်းများသည် များသောအားဖြင့် ရှင်းလင်းသွားတတ်သည်။ ဥပမာ၊ ကာဣန၏မိန်းမနှင့်ပတ်သက်၍ မကြာခဏ ပေါ်ပေါက်လေ့ရှိသည့်ပြဿနာကို သုံးသပ်ကြည့်ပါ။ ကမ္ဘာဦး ၄:၁၊ ၂ တွင် ဤသို့ဖတ်ရသည်– “ဧဝသည်ပဋိသန္ဓေစွဲယူ၍၊ ကာဣနကိုဖွားမြင်လျှင်၊ ထာဝရဘုရား၏လူကို ငါရပြီဟုဆိုလေ၏။ တစ်ဖန် သူ့ညီအာဗေလကိုဖွားမြင်လေ၏။” အားလုံးသိကြသည့်အတိုင်း ကာဣနသည် အာဗေလကို သတ်လိုက်သည်; သို့သော် ၎င်းနောက်ပိုင်းတွင် ကာဣနသည် သားနှင့်မယားနှင့်ဖြစ်နေကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ (ကမ္ဘာဦး ၄:၁၇) အာဒံနှင့်ဧဝတွင် သားနှစ်ယောက်တည်းသာရှိခဲ့လျှင် ကာဣနသည် အဘယ်မှ မိန်းမကို ရရှိသနည်း။
၁၀ အဖြေမှာ အာဒံနှင့်ဧဝတို့တွင် ကလေးနှစ်ယောက်ထက်မကရှိသည် ဟူသည့်အချက်ပေါ် မူတည်နေသည်။ စကားစပ်အရ သူတို့တွင် မိသားစုကြီးရှိသည်။ ကမ္ဘာဦး ၅:၃ တွင် အာဒံသည် ရှေသအမည်ရှိ သားနောက်တစ်ယောက်ကို ရကြောင်း၊ ၎င်းနောက် နောက်အခန်းငယ်တွင် သူသည် “သားသမီးများကိုမြင်လေ၏” ဟုဖတ်ရသည်။ (ကမ္ဘာဦး ၅:၄) ထို့ကြောင့် ကာဣနသည် နှမဖြစ်သူတစ်ယောက်ယောက် သို့မဟုတ် တူမဖြစ်သူတစ်ယောက်ယောက်ကိုပင် ယူခဲ့နိုင်သည်။ လူ့သမိုင်းဦးကာလတွင် စုံလင်မှုနှင့် အလွန်နီးကပ်လျက်ရှိသဖြင့် ဤကဲ့သို့သော သွေးသားနီးစပ်သူချင်း အိမ်ထောင်ပြုခြင်းမှ ရရှိသည့်သားသမီးများသည် ယခုခေတ်မှာကဲ့သို့ အန္တရာယ်မရှိနိုင်ချေ။
၁၁။ ယာကုပ်နှင့် တမန်တော်ပေါလုတို့ သဘောထားချင်း ကွဲလွဲသည်ဟုဆိုသည့် အဘယ်အချက်ကို အချို့သူများက ထောက်ပြကြနည်း။
၁၁ စကားစပ်များကို သုံးသပ်ကြည့်ခြင်းဖြင့် တမန်တော်ပေါလုနှင့်ယာကုပ် သဘောချင်းကွဲလွဲသည်ဟု အချို့သူများပြောကြသည့်အချက်ကို နားလည်ရန်လည်း ထောက်ကူပေးသည်။ ဧဖက် ၂:၈၊ ၉ (သမ) တွင် ပေါလုက ခရစ်ယာန်များသည် အကျင့်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရသည်ဟုဆိုသည်။ ‘သင်တို့သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ရာသို့ရောက်ခဲ့ကြသည်မှာ ကိုယ့်အကျင့်ကြောင့်မဟုတ်’ ဟုသူကဆို၏။ သို့သော် ယာကုပ်က အကျင့်ရှိဖို့ အရေးကြီးကြောင်း အခိုင်အမာပြောသည်။ သူဤသို့ရေးသားခဲ့သည်– “ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်ကဲ့သို့၊ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။” (ယာကုပ် ၂:၂၆) ဤဖော်ပြချက်နှစ်ရပ်ကို ညီညွတ်အောင် မည်သို့စေ့စပ်နိုင်သနည်း။
၁၂၊ ၁၃။ ယာကုပ်၏စကားများသည် တမန်တော်ပေါလု၏စကားများနှင့် မဆန့်ကျင်သည့်အပြင် အဘယ်သို့ အပြန်အလှန် ဖြည့်စွက်ပေးသနည်း။
၁၂ ပေါလု၏စကားများမှ စကားစပ်ကိုသုံးသပ်ကြည့်ခြင်းဖြင့် အထက်ပါ ဖော်ပြချက်တစ်ရပ်သည် နောက်ဖော်ပြချက်တစ်ရပ်ကို ဖြည့်စွက်ပေးကြောင်းတွေ့ရသည်။ တမန်တော်ပေါလုက မောရှေပညတ်ကိုစောင့်ရှောက်ရန် ဂျူးများ၏အားထုတ်မှုကို ရည်ညွှန်းပြောနေခြင်းဖြစ်သည်။ သူတို့က ပညတ်တရား၏ အသေးစိတ်အချက်အားလုံးကို စောင့်ရှောက်နိုင်လျှင် ဖြောင့်မတ်သူများဖြစ်လာမည်ဟု ယုံကြည်ကြသည်။ ပေါလုက ထိုသို့မဖြစ်နိုင်ကြောင်း ထောက်ပြသည်။ ကျွန်ုပ်တို့သည် အပြစ်တရားကို အမွေခံလာရသည့်အတွက် မိမိတို့၏အကျင့်အားဖြင့် ဘယ်တော့မျှ ဖြောင့်မတ်သူ—ဤသို့ဖြင့် ကယ်တင်ခြင်းရထိုက်သူ—မဖြစ်နိုင်ပါ။ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ခြင်းဖြင့်သာလျှင် ကယ်တင်ခြင်းရနိုင်သည်။—ရောမ ၅:၁၈။
၁၃ သို့သော် ယာကုပ်က ယုံကြည်ခြင်းကို လုပ်ရပ်များဖြင့် သက်သေမပြလျှင် တန်ဖိုးမရှိဟူသော အရေးကြီးသည့်အချက်ကို ဖြည့်စွက်ထားသည်။ ယေရှုကို ယုံကြည်သည်ဟုဆိုသူတစ်ဦးသည် ယုံကြည်ကြောင်း လုပ်ဆောင်ချက်ဖြင့် ပြသရမည်။ လုပ်ဆောင်မှုမရှိသောယုံကြည်ခြင်းသည် အသေဖြစ်သဖြင့် ကယ်တင်ခြင်းမရစေနိုင်ပါ။
၁၄။ ပေါလုက ရှင်သန်သောယုံကြည်ခြင်းကို အကျင့်ဖြင့်ပြသရမည်ဟူသည့်မူနှင့် အပြည့်အဝ သဘောတူကြောင်း အဘယ်ကျမ်းပိုဒ်များတွင် ဖော်ပြသနည်း။
၁၄ တမန်တော်ပေါလုသည် ဤအချက်နှင့် အပြည့်အဝ သဘောတူညီသည်၊ ခရစ်ယာန်များ မိမိတို့၏ယုံကြည်ခြင်းကိုတင်ပြရန် လုပ်သင့်သည့်အလုပ်မျိုးကို သူ မကြာခဏ ဖော်ပြသည်။ ဥပမာ၊ ရောမမြို့သားများထံ သူဤသို့ရေးသားလိုက်သည်– “ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့်ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ [“လူသိရှင်ကြား ကြေညာခြင်းပြုရ၊” ကဘ] ၏။” “လူသိရှင်ကြား ကြေညာခြင်း”—မိမိတို့၏ယုံကြည်ခြင်းကို အခြားသူများအား ဝေမျှပေးခြင်း—သည် ကယ်တင်ခြင်းရရေးအတွက် အရေးပါသည်။ (ရောမ ၁၀:၁၀၊ ၁၁; ၁ ကောရိန္သု ၁၅:၅၈; ဧဖက် ၅:၁၅၊ ၂၁-၃၃; ၆:၁၅; ၁ တိမောသေ ၄:၁၆; ၂ တိမောသေ ၄:၅; ဟေဗြဲ ၁၀:၂၃-၂၅ လည်းရှု။) သို့ရာတွင် ခရစ်ယာန်တစ်ဦးသည် မည်သည့်အကျင့်ပင်ကျင့်ကျင့် ထာဝရအသက်ရှင်ခွင့် ရသင့်ရထိုက်သူ ဖြစ်လာမည်ကားမဟုတ်ပါ။ မောရှေ၏ပညတ်တရားနှင့်အညီ ကြိုးပမ်းအားထုတ်မှုဆိုလျှင် သာ၍ပင်ဝေးပေမည်။ ထာဝရအသက်ဆိုသည်မှာ ယုံကြည်ခြင်းကျင့်သုံးသူများအတွက် “ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်” ဖြစ်သည်။—ရောမ ၆:၂၃; ယောဟန် ၃:၁၆။
ခြားနားသောရှုထောင့်များ
၁၅၊ ၁၆။ မောရှေနှင့်ယောရှုတို့နှစ်ဦးတွင် တစ်ဦးက ယော်ဒန်မြစ်၏အရှေ့ဘက်ကို “ဤဘက်” ဟုပြောသော်လည်း နောက်တစ်ဦးက “အခြားတစ်ဖက်” ဟုပြောရာ၌ နှစ်ဦးစလုံး မည်သို့မှန်နိုင်သနည်း။
၁၅ တစ်ခါတစ်ရံ ကျမ်းရေးသူများသည် အဖြစ်အပျက်တစ်ခုတည်းကို ခြားနားသောရှုထောင့်များမှ ရေးသားကြသည်၊ သို့မဟုတ် သူတို့၏မှတ်တမ်းများကို ခြားနားသည့်နည်းများဖြင့် တင်ပြကြသည်။ ဤခြားနားမှုများကို ထည့်သွင်းသုံးသပ်လိုက်သည့်အခါ အတွင်းသဘောချင်း ဆန့်ကျင်သည်ဟုထင်ရသည့် အခြားအခြားသော အကြောင်းအရာများကို အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။ ယင်းနှင့်ပတ်သက်သည့် နမူနာတစ်ရပ်အနေနှင့် တောလည်ရာ ၃၅:၁၄ (ကဘ) တွင် ယော်ဒန်မြစ်၏ အရှေ့ဘက်နယ်မြေကို “ယော်ဒန်မြစ်၏ ဤဘက်” ဟုမောရှေကဆိုသည်။ သို့သော် ယောရှုက ယော်ဒန်မြစ်၏ အရှေ့ဘက်နယ်မြေကို “ယော်ဒန်မြစ်တစ်ဖက်” ဟုဆိုသည်။ (ယောရှု ၂၂:၄) မည်သည့်စကား မှန်သနည်း။
၁၆ အမှန်ဆိုလျှင် နှစ်ခုစလုံးမှန်သည်။ တောလည်ရာကျမ်းမှတ်တမ်းအရ ဣသရေလလူမျိုးများသည် ကတိထားရာပြည်တော်ထဲသို့ဝင်ရန် ယော်ဒန်မြစ်ကို မဖြတ်ကူးရသေးသဖြင့် ယော်ဒန်မြစ်၏ အရှေ့ဘက်ကမ်းသည် “ဤဘက်” ဖြစ်သည်။ သို့သော် ယောရှုသည် ယော်ဒန်မြစ်ကို ဖြစ်ကူးပြီးဖြစ်သည်။ ယခု သူသည် ပကတိစင်စစ်အရ မြစ်၏အနောက်ဘက်ခြမ်းဖြစ်သည့် ခါနာန်ပြည်တွင် ရောက်ရှိနေသည်။ ထို့ကြောင့် ယော်ဒန်မြစ်၏အရှေ့ဘက်သည် သူ့အတွက် “တစ်ဖက်” တွင်ရှိသည်။
၁၇။ (က) ကမ္ဘာဦးကျမ်း၏ ဦးဆုံးအခန်းကြီးနှစ်ခုတွင် ရှေ့နောက်မညီဟုဆိုသည့် အဘယ်အချက်ကို အချို့သူများက ထောက်ပြကြသနည်း။ (ခ) ကွဲလွဲသည်ဟုထင်ရစေသည့် အခြေခံအကြောင်းရင်းကား အဘယ်နည်း။
၁၇ ထို့အပြင် ဇာတ်လမ်းတစ်ပုဒ်၏ တည်ဆောက်ပုံကလည်း အတွင်းသဘောချင်း ဆန့်ကျင်ပုံပေါက်နိုင်သည်။ ကမ္ဘာဦး ၁:၂၄-၂၆ တွင် တိရစ္ဆာန်များကို လူ့အလျင် ဖန်ဆင်းကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ သို့သော် ကမ္ဘာဦး ၂:၇၊ ၁၉၊ ၂၀ တွင်မူ လူကို တိရစ္ဆာန်များအလျင် ဖန်ဆင်းသည်ဟုဆိုနေပုံ ထင်ရသည်။ အဘယ်ကြောင့်ကွဲလွဲနေရသနည်း။ အကြောင်းမှာ ဤဖန်ဆင်းခြင်းဆိုင်ရာမှတ်တမ်းနှစ်ခုက ခြားနားသောရှုထောင့်နှစ်မျိုးမှ ဆွေးနွေးတင်ပြသောကြောင့်ဖြစ်သည်။ ပထမမှတ်တမ်းက ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်း ဖန်ဆင်းသည့်အကြောင်းကို ဖော်ပြသည်။ (ကမ္ဘာဦး ၁:၁–၂:၄) ဒုတိယမှတ်တမ်းက လူသားမျိုးနွယ်ကို ဖန်ဆင်းသည့်အကြောင်းနှင့် ယင်းမျိုးနွယ် အပြစ်တရားထဲသို့ သက်ဆင်းပုံအကြောင်းကို အာရုံစိုက်ဖော်ပြသည်။—ကမ္ဘာဦး ၂:၅–၄:၂၆။
၁၈။ ကမ္ဘာဦးကျမ်း၏ ရှေ့ဆုံးအခန်းကြီးများမှ ကွဲလွဲနေပုံရသော ဖန်ဆင်းခြင်းမှတ်တမ်းများကို မည်သို့ညီညွတ်အောင် စေ့စပ်နိုင်သနည်း။
၁၈ ပထမမှတ်တမ်းကို အချိန်ကာလဖြစ်စဉ်အတိုင်း ပြုစုထားပြီး အစဉ်အလိုက်ဖြစ်သည့် “နေ့ရက်” ခြောက်ရက်အဖြစ် ပိုင်းခြားထားသည်။ ဒုတိယမှတ်တမ်းကိုမူ ရေပန်းစားသည့်အကြောင်းအရာ၏ အရေးပါမှုအစီအစဉ်အတိုင်း ရေးသားထားသည်။ ပဏာမနိဒါန်းတိုလေးပျိုးပြီးနောက် အာဒံဖန်ဆင်းခံရခြင်းအကြောင်းကို ကျိုးကြောင်းညီညွတ်စွာ တိုက်ရိုက်ဖော်ပြသည်၊ အကြောင်းမှာ သူနှင့်သူ့မိသားစုသည် ဆက်လက်ဖော်ပြမည့် အကြောင်းအရာ၏ အဓိကအချက်ဖြစ်သောကြောင့်တည်း။ (ကမ္ဘာဦး ၂:၇) ထို့နောက် အခြားအချက်အလက်များကိုလည်း လိုအပ်သလို ထည့်သွင်းဖော်ပြသည်။ အာဒံသည် ဖန်ဆင်းခံရပြီးနောက် ဧဒင်ဥယျာဉ်တွင် နေထိုင်ရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရသည်။ ထို့ကြောင့် ဧဒင်ဥယျာဉ် တည်ထောင်စိုက်ပျိုးခြင်းအကြောင်းကို ယခုဖော်ပြသည်။ (ကမ္ဘာဦး ၂:၈၊ ၉၊ ၁၅) ယေဟောဝါက အာဒံအား “မြေတိရစ္ဆာန်တို့နှင့်၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကို” နာမည်ပေးရန် မိန့်တော်မူ၏။ သို့နှင့် အာဒံမဖြစ်ပေါ်မီ ကြာမြင့်စွာကတည်းက ဤသတ္တဝါအားလုံးကို ဖန်ဆင်းခဲ့ပြီးဖြစ်သော်လည်း ယခုကျမှ ယင်းတို့ကို ယေဟောဝါဘုရားသခင်က “မြေဖြင့်ဖန်ဆင်းတော်မူ” သည့်အကြောင်း ဖော်ပြရမည့်အချိန် ရောက်လာသည်။—ကမ္ဘာဦး ၂:၁၉; ၁:၂၀၊ ၂၄၊ ၂၆။
မှတ်တမ်းကို ဂရုတစိုက်ဖတ်ပါ
၁၉။ ယေရုရှလင်မြို့ သိမ်းပိုက်ခြင်းဆိုင်ရာ သမ္မာကျမ်းစာမှတ်တမ်းတွင် ရှုပ်ထွေးသည်ဟုထင်ရသည့် အဘယ်အချက်ရှိသနည်း။
၁၉ တစ်ခါတစ်ရံ အတွင်းသဘောချင်း ဆန့်ကျင်ဟန်ရှိသည့်အချက်များကို ဖြေရှင်းရန်အတွက် မှတ်တမ်းကို ဂရုတစိုက်ဖတ်ကာ ဖော်ပြထားသည့် အချက်အလက်များနှင့်အညီ ကျိုးကြောင်းဆင်ခြင်ရန်သာလိုအပ်သည်။ ယေရုရှလင်မြို့ကို ဣသရေလလူမျိုး အောင်နိုင်ခြင်းအကြောင်း သုံးသပ်ကြည့်သည့်အခါ ဤသို့ပင်ပြုရသည်။ ယေရုရှလင်မြို့သည် ဗင်ယာမိန်အနွယ် အမွေရရှိသည့်စာရင်းတွင် ပါဝင်သော်လည်း ဗင်ယာမိန်အနွယ်သည် ယင်းမြို့ကို မသိမ်းပိုက်နိုင်ခဲ့ကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ (ယောရှု ၁၈:၂၈; တရားသူကြီး ၁:၂၁) ယုဒအနွယ်လည်း ၎င်းတို့ရရှိသည့်အမွေထဲတွင် ယေရုရှလင်မြို့ပါရှိသည့်အလား တိုက်ခိုက်ခဲ့သော်လည်း ထိုမြို့ကို မသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖတ်ရပြန်သည်။ နောက်ဆုံးတွင် ယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့ကို အောင်နိုင်ပြီး မီးရှို့ပစ်လိုက်သည်။ (ယောရှု ၁၅:၆၃; တရားသူကြီး ၁:၈) သို့သော် နှစ်ပေါင်းရာနှင့်ချီ၍ကြာပြီးနောက် ဒါဝိဒ်လည်း ယေရုရှလင်မြို့ကို အောင်နိုင်ခဲ့ကြောင်း မှတ်တမ်းတင်ထားပြန်သည်။—၂ ဓမ္မရာဇဝင် ၅:၅-၉။
၂၀၊ ၂၁။ သက်ဆိုင်ရာ အသေးစိတ်အချက်အလက်အားလုံးကို ဂရုတစိုက်ဆန်းစစ်ကြည့်ခြင်းဖြင့် ယေရုရှလင်မြို့ကို ဟေဗြဲလူမျိုး သိမ်းပိုက်သည့်သမိုင်းနှင့်စပ်လျဉ်း၍ အဘယ်အရာ ပေါ်ထွက်လာသနည်း။
၂၀ ဗြုန်းကနဲကြည့်လျှင် ဤမှတ်တမ်းအားလုံးသည် လုံးထွေးနေပုံရသော်လည်း အမှန်တွင်မူ အတွင်းသဘောချင်းဆန့်ကျင်ခြင်းမရှိပါ။ အမှန်မှာ ဗင်ယာမိန်အမျိုး အမွေရသည့်နယ်မြေနှင့် ယုဒအမျိုး အမွေရသည့်နယ်မြေချင်းထိစပ်ရာ နယ်နိမိတ်သည် ဟိန္နုန်ချိုင့်ဝှမ်းအတိုင်း ရှေးယေရုရှလင်မြို့ဟောင်းကို ဖြတ်သန်းသွားသည်။ နောက်ပိုင်းတွင် ဒါဝိဒ်မြို့ဟုအမည်တွင်လာသည့်အရပ်သည် ယောရှု ၁၈:၂၈ တွင်ဆိုသကဲ့သို့ ဗင်ယာမိန်နယ်ထဲတွင် အမှန်ပင် ကျရောက်သည်။ သို့သော် ယေဗုသိလူမျိုးနေထိုင်ရာ ယေရုရှလင်မြို့သည် ဟိန္နုန်ချိုင့်ကိုကျော်ဖြတ်၍ ယုဒနယ်ထဲ ကျော်လွန်ရောက်ရှိခဲ့သဖြင့် ယုဒအမျိုးသားတို့ကလည်း မြို့တွင်းနေထိုင်ကြသော ခါနာန်လူမျိုးတို့နှင့် စစ်တိုက်ခဲ့ရခြင်းဖြစ်နိုင်သည်။
၂၁ ဗင်ယာမိန်အမျိုးသည် ထိုမြို့ကို သိမ်းပိုက်နိုင်စွမ်း မရှိခဲ့ချေ။ တစ်ချိန်တစ်ခါတွင် ယုဒအမျိုးသည် ယေရုရှလင်မြို့ကို အောင်နိုင်၍ မီးရှို့ပစ်လိုက်သည်။ (တရားသူကြီး ၁:၈၊ ၉) သို့သော် ယုဒစစ်တပ်သည် ဆက်လက်ချီတက်သွားသဖြင့် မူလနေထိုင်သူအချို့က ထိုမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ပုံရသည်။ နောက်ပိုင်းတွင် ထိုသူတို့သည် ခုခံရေးခါးပိုက်ဆောင်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သဖြင့် ယင်းတို့ကို ယုဒအမျိုးမဖယ်ရှားနိုင်သကဲ့သို့ ဗင်ယာမိန်အမျိုးလည်း မဖယ်ရှားနိုင်ခဲ့ချေ။ သို့နှင့် ယေဗုသိလူမျိုးသည် ယေရုရှလင်မြို့ကို ဒါဝိဒ်သိမ်းပိုက်သည့်အချိန်အထိ နှစ်ပေါင်းရာနှင့်ချီ၍ ထိုမြို့တွင် ဆက်လက်နေထိုင်ခဲ့ကြသည်။
၂၂၊ ၂၃။ လူသတ်ကုန်းသို့ ယေရှု၏ ညှဉ်းဆဲရာနှက်တိုင်ကို မည်သူထမ်းသွားသနည်း။
၂၂ ခရစ်ဝင်ကျမ်းများတွင် ဒုတိယနမူနာကို တွေ့ရသည်။ ယေရှုအားသတ်ရန် ခေါ်ဆောင်သွားခြင်းနှင့်စပ်လျဉ်း၍ ယောဟန်၏ခရစ်ဝင်ကျမ်းတွင် ဤသို့ဖတ်ရသည်– “ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျက် . . . ထွက်တော်မူ၏။” (ယောဟန် ၁၉:၁၇) သို့သော် လုကာကျမ်းတွင်မူ ဤသို့ဖတ်ရသည်– “ကိုယ်တော်ကိုထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည် တောရွာမှလာသည်ကို သူတို့သည်တွေ့လျှင်၊ ဖမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။” (လုကာ ၂၃:၂၆) ယေရှုသည် မိမိကိုသတ်သည့်နှက်တိုင်ကို ကိုယ်တိုင်ထမ်းသွားသလော၊ သို့တည်းမဟုတ် ကိုယ်တော့်ကိုယ်စား ရှိမုန်က ထမ်းသွားပေးသလော။
၂၃ ယောဟန်ထောက်ပြသကဲ့သို့ အစပိုင်းတွင် ယေရှုသည် မိမိ၏ညှဉ်းဆဲရာနှက်တိုင်ကို ကိုယ်တိုင်ထမ်းသွားသည်မှာ ထင်ရှားသည်။ သို့သော် နောက်ပိုင်းတွင် မဿဲ၊ မာကုနှင့်လုကာတို့ သက်သေခံသည့်အတိုင်း လူသတ်ကုန်းသို့သွားရာ ကျန်ခရီးကို ကိုယ်တော်အတွက် ကုရေနေပြည်သားရှိမုန်အား အတင်းအကျပ် ထမ်းစေခဲ့ခြင်းဖြစ်သည်။
သီးခြားလွတ်လပ်ခြင်း သက်သေအထောက်အထား
၂၄။ သမ္မာကျမ်းစာတွင် ရှေ့နောက်မညီဟန်ရှိသည့် အချက်အချို့ကို တွေ့ရခြင်းသည် အဘယ်ကြောင့် အံ့အားသင့်စရာမဟုတ်သနည်း၊ သို့သော် ယင်းအချက်မှ မည်သို့ကောက်ချက် မချသင့်သနည်း။
၂၄ သမ္မာကျမ်းစာတွင် ညီညွတ်အောင် စေ့စပ်ဖို့မလွယ်ကူသော ရှေ့နောက်မညီဟန်ရှိသည့် အချက်အချို့ရှိသည်မှာ မှန်ပါသည်။ သို့သော် ၎င်းတို့သည် အမှန်ပင် အတွင်းသဘောချင်းဆန့်ကျင်သည်ဟု မယူမှတ်သင့်ပါ။ များသောအားဖြင့် အကြောင်းအချက် ပြည့်ပြည့်စုံစုံ မသိရှိခြင်းကြောင့်သာ ဖြစ်တတ်ပါသည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းရန် အသိပညာဗဟုသုတ အလုံအလောက်ပေးထားသည်။ သို့သော် ဖော်ပြသည့် အဖြစ်အပျက်တိုင်း၏ အသေးစိတ်အချက်အလက်တိုင်းကို ဖော်ပြရမည်ဆိုလျှင် သမ္မာကျမ်းစာသည် ယနေ့ ကျွန်ုပ်တို့လက်ဝယ်ရှိ အသုံးဝင်၍ သယ်ဆောင်ရလွယ်ကူသော စာအုပ်ပုံစံမျိုးဖြစ်မည့်အစား ကိုင်ရတွယ်ရခက်ခဲသည့် ဧရာမ စာပေကျမ်းဂန်စုကြီး ဖြစ်သွားပေမည်။
၂၅။ ယေရှု၏ ဓမ္မအမှုတော်မှတ်တမ်းအကြောင်း ယောဟန် အဘယ်သို့ဆိုသနည်း၊ ဤအချက်က သမ္မာကျမ်းစာတွင် အဖြစ်အပျက်တိုင်း၏ အသေးစိတ်အချက်တိုင်းကို အဘယ်ကြောင့် မဖော်ပြသည့်အကြောင်းရင်းကို နားလည်စေရန် မည်သို့ထောက်ကူသနည်း။
၂၅ ယေရှု၏ ဓမ္မအမှုတော်အကြောင်းပြောရာတွင် တမန်တော်ယောဟန်က လက်ခံလောက်သော ပုံကြီးချဲ့စကားဖြင့် ဤသို့ရေးသားခဲ့သည်– “ယေရှုပြုတော်မူသော အခြားအမှုအရာအများရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ယောဟန် ၂၁:၂၅) ရှေးဘိုးဘေးများခေတ်မှသည် ပထမရာစု ခရစ်ယာန်အသင်းတော်ခေတ်အထိ ဘုရားသခင့်လူမျိုးတော်၏ ရှည်လျားလှသောသမိုင်းကြောင်းကို အသေးစိတ်မှအစ မှတ်တမ်းတင်ဖို့ဆိုသည်မှာ သာ၍ပင်မဖြစ်နိုင်ပေ!
၂၆။ အဘယ်အရေးကြီးသောအချက်ကို ကျွန်ုပ်တို့ သေချာစွာသိမြင်စေရန် သမ္မာကျမ်းစာတွင် အကြောင်းအချက် အလုံအလောက် ပါရှိသနည်း။
၂၆ အမှန်မှာ သမ္မာကျမ်းစာသည် အနှစ်ချုပ်ထားသည့် အံ့ဖွယ်တစ်ပါးဖြစ်သည်။ ဤစာအုပ်သည် လူ့စာပေလက်ရာမျှသာမဟုတ်ကြောင်း သိရှိနိုင်ရန် အကြောင်းအချက် အလုံအလောက်ပါရှိသည်။ ပါရှိသောကွဲလွဲချက်အချို့က ကျမ်းရေးသူများသည် အမှန်ပင် မှီငြမ်းမပြောဆိုသောသက်သေများဖြစ်ကြောင်း သက်သေထူသည်။ တစ်ဖက်တွင်မူ နောက်အခန်းတစ်ခန်းတွင် ပို၍အသေးစိတ်ကျကျဆွေးနွေးမည့် သမ္မာကျမ်းစာ၏ ထူးခြားသောညီညွတ်မှုက ကျမ်းစာသည် ဘုရားသခင်ထံတော်မှ သက်ရောက်ရာဖြစ်ကြောင်း သံသယကင်းစွာ သက်သေထူသည်။ ယင်းသည် ဘုရားသခင်၏နှုတ်မြွက်စကားတော်ဖြစ်သည်၊ လူ့နှုတ်ထွက်စကားမဟုတ်ပါ။
[စာမျက်နှာ ၈၉ ပါ အကျဉ်းဖော်ပြချက်]
သမ္မာကျမ်းစာတွင် ကွဲလွဲဟန်ရှိသည့်အချက်များက ကျမ်းရေးသူများသည် အမှန်ပင် မှီငြမ်းမှုကင်းသော သက်သေများဖြစ်ကြောင်း သက်သေထူသည်
[စာမျက်နှာ ၉၁ ပါ အကျဉ်းဖော်ပြချက်]
တစ်ခါတစ်ရံတွင် အတွင်းသဘောချင်းဆန့်ကျင်သည်ဟု ဆိုသည့်အချက်များကိုဖြေရှင်းဖို့ စကားစပ်များကို ဂရုတစိုက်သုံးသပ်ကြည့်ရုံသာလိုသည်
[စာမျက်နှာ ၉၃ ပါ လေးထောင့်ကွက်]
“ကွဲလွဲချက်များ” သည် ဆန့်ကျင်ချက်များ ဖြစ်ရန်မလိုပါ
အဖြစ်အပျက်တစ်ခုတည်း၏ မှတ်တမ်းနှစ်ခုတို့သည် ဆန့်ကျင်ဟန်ရှိတတ်သော်လည်း နှစ်ခုစလုံးသည် အမှန်ချည်းဖြစ်ပုံကို ကျမ်းပညာရှင်တစ်ဦးဖြစ်သူ ကဲင်းနက် အက်စ်. ကန့်ဇာက တစ်ချိန်က ဥပမာပေး၍ ရှင်းလင်းခဲ့ဖူးသည်။ သူဤသို့ရေးသားသည်– “များမကြာမီက ကျွန်ုပ်တို့၏ ရင်းနှီးသောမိတ်ဆွေတစ်ဦး၏မိခင် သေဆုံးသွားသည်။ သူသေဆုံးသည့်သတင်းကို အပြန်အလှန် ယုံကြည်စိတ်ချရသော မိတ်ဆွေတစ်ဦးထံမှ ကျွန်ုပ်တို့ ဦးဆုံးကြားသိရသည်၊ ထိုသူ၏ပြောပြချက်အရ ကျွန်ုပ်တို့မိတ်ဆွေ၏မိခင်သည် လမ်းထောင့်တွင်ရပ်ကာ ဘတ်စကားစောင့်နေစဉ် ဖြတ်မောင်းသွားသည့် ဘတ်စကားနောက်တစ်စီးကဝင်တိုက်ရာ အပြင်းအထန်ဒဏ်ရာရကာ မိနစ်အနည်းငယ်အကြာတွင် သေဆုံးသွားသည်။”
များမကြာမီတွင် လုံးလုံးကွဲပြားသည့်သတင်းကို သူကြားရပြန်သည်။ သူဤသို့ဆိုသည်– “သေဆုံးသူအမျိုးသမီး၏ မြေးဖြစ်သူထံမှ ကျွန်ုပ်တို့ကြားသိရသည်မှာ သူမသည် ယာဉ်တိုက်မှုတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့ပြီး စီးလာသည့်ကားထဲမှ လွင့်စင်ထွက်သွားရာ ပွဲချင်းပြီးသေဆုံးသွားသည်။ ဤအတိုင်း အမှန်ဖြစ်ပျက်ခဲ့ကြောင်း ထိုသူငယ်လေးက အသေအချာဆိုသည်။
“အတန်ကြာပြီးနောက် . . . ဖြစ်ရပ်မှန်ဖော်ထုတ်ရေးအတွက် ကျွန်ုပ်တို့ စူးစမ်းမှုပြုကြသည်။ အဘွားဖြစ်သူသည် ဘတ်စကားစောင့်နေစဉ် အခြားဘတ်စကားတစ်စီးကဝင်တိုက်ရာ အပြင်းအထန်ဒဏ်ရာရခဲ့သည်။ ဖြတ်သွားသည့်ကားတစ်စီးက သူ့အားတင်ဆောင်ကာ ဆေးရုံသို့ အမြန်မောင်းသွားသည်၊ သို့သော် ဆေးရုံသို့သူ့အား အလျင်အမြန် တင်မောင်းသွားသောကားသည် အခြားကားတစ်စီးနှင့် တိုက်မိလေသည်။ သူသည် ထိုကားထဲမှ လွင့်စင်ကျကာ ပွဲချင်းပြီးသေဆုံးသွားသည်။”
အဖြစ်အပျက်တစ်ခုတည်း၏ မှတ်တမ်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ညီညွတ်ပုံမပေါက်သော်လည်း နှစ်ခုစလုံးသည် အမှန်ချည်းဖြစ်သည်။ သမ္မာကျမ်းစာလည်း တစ်ခါတစ်ရံ ဤသို့ဖြစ်တတ်သည်။ မှီငြမ်းခြင်းမရှိသော သက်သေတို့သည် အဖြစ်အပျက်တစ်ခုတည်းနှင့်ပတ်သက်ပြီး ခြားနားသော အသေးစိတ်အချက်အလက်များကို ဖော်ပြကြပေမည်။ သို့သော် သူတို့၏ရေးသားချက်များသည် အတွင်းသဘောချင်း ဆန့်ကျင်မှုမရှိသည့်အပြင် အပြန်အလှန် ဖြည့်စွက်ချက်များပင်ဖြစ်သည်၊ မှတ်တမ်းအားလုံးကို ဆင်ခြင်သုံးသပ်ကြည့်မည်ဆိုလျှင် ဖြစ်ပျက်ခဲ့ရာကို ပို၍ရှင်းလင်းစွာ နားလည်မည်ဖြစ်သည်။