ယေရှု၏ ဘဝနှင့် ဓမ္မအမှု
လက်သို့အပ်၍ထုတ်သွားကြ၏
ပိ လတ်သည်ညှဉ်းဆဲခံ ယေရှု၏တည်ငြိမ်သော ဂုဏ်သိက္ခာကြောင့် စိတ်ထိခိုက်ကာ ကိုယ်တော်အားလွှတ်ရန်ထပ်မံကြိုးစားသောအခါ ယဇ်ပုရောဟိတ်ကြီးများသည် ပို၍ပင်ဒေါသထွက်လာခဲ့ကြသည်။ သူတို့၏ဆိုးယုတ်သောရည်ရွယ်ချက်တွင် ဘာကိုမျှဝင်မစွက်စေရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထို့ကြောင့် တစ်ဖန်အော်ဟစ်ပြန်သည်။ “လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါ။”
“သူ့ကိုယူ၍လက်ဝါးကပ်တိုင်မှာရိုက်ထားကြ” ဟုပိလတ်စိတ်ပျက်လျက်ပြန်ပြောသည်။ သူတို့စောစောပိုင်းကဆိုခဲ့သည်နှင့်ဆန့်ကျင်လျက် ဂျူးများသည် လုံလောက်သောအတိုင်းအတာရှိသည့် ဘာသာရေးပြစ်မှုများရှိသည့် ရာဇဝတ်ကောင်များကို သတ်ပိုင်ခွင့်ရှိနိုင်သည်။ သို့နှင့်ပဉ္စမအကြိမ်ပိလတ်က “ငါသည်သူ၌အပြစ်ကိုမတွေ့” ဟုဆိုလျက် ယေရှု၏အပြစ်မဲ့ခြင်းကိုကြေညာသည်။
ဂျူးများသည်သူတို့၏နိုင်ငံရေးစွဲချက်များမှာ အရာမရောက်ကြောင်းတွေ့ကြသောအခါ စောစောပိုင်းကလွှတ်တော်ရှေ့တွင် ယေရှုအားရုံးတင်ရာတွင်အသုံးပြုခဲ့သော ဘာသာရေးစွဲချက်ဖြစ်သော ရှုတ်ချခြင်းသို့ ပြန်ဦးလှည့်ကြ၏။ သူတို့က “သူသည်ဘုရားသခင်၏သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ရှိသောဓမ္မသတ်အတိုင်း သေထိုက်ပါသည်” ဟုဆိုကြ၏။
ဤစွဲချက်သည်ပိလတ်အတွက် အသစ်အဆန်းဖြစ်ပြီး၊ သူ့အားပိုကြောက်ရွံ့လာစေသည်။ သူ၏ဇနီးအိပ်မက်နှင့် ယေရှု၏မှတ်သားလောက်သော ဥပဓိရုပ်အရည်အသွေးတင်ပြသည့်အတိုင်း ယေရှုသည်သာမန်လူမဟုတ်ကြောင်း ယခုလောက်တွင်ပိလတ်သိမြင်လာသည်။ သို့သော် “ဘုရားသားတော်လော” ယေရှုသည်ဂါလိလဲမှဖြစ်ကြောင်း ပိလတ်သိလေသည်။ သို့သော်လည်း၊ ယခင်ကသူအသက်ရှင်ခဲ့ဖူးပြီလော။ နန်းတော်သို့သူ့အားတစ်ဖန် ပြန်လည်ခေါ်ဆောင်သွားကာပိလတ်က “သင်အဘယ်ကဖြစ်သနည်း” ဟုမေးသည်။
ယေရှုသည်တိတ်ဆိတ်စွာနေလေ၏။ စောစောပိုင်းကကိုယ်တော်သည်ပိလတ်အား မိမိသည်ဘုရင်ဖြစ်ကြောင်း၊ မိမိ၏နိုင်ငံတော်သည် ဤလောကနှင့်မဆိုင်ကြောင်း ပြောခဲ့သည်။ ယခုဆက်လက်ရှင်းပြလျှင်လည်း အကျိုးရှိမည်မဟုတ်ချေ။ သို့သော်အဖြေမပေးသောကြောင့် ပိလတ်၏မာနကိုထိခိုက်ပြီး၊ ဤသို့သောစကားများဖြင့် ရုတ်တရက်ဆိုလိုက်သည်။ “ငါနှင့်စကားမပြောသလော။ ငါသည်သင့်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကိုလည်းကောင်း၊ လွှတ်ပိုင်သည်ကိုလည်းကောင်း သင်မသိသလော။”
“အထက်အရပ်မှအခွင့်ကိုမရလျှင် မင်းကြီးသည်ငါ့ကိုအဘယ်သို့မျှမပြုပိုင်” ဟုယေရှုသည် လေးစားစွာဖြင့်တုံ့ပြန်ခဲ့သည်။ မြေကြီးဆိုင်ရာရေးရာများကို ခန့်ခွဲရန်လူ့အုပ်စိုးရှင်များအား ဘုရားရှင်ခွင့်ပြုခြင်းကို ကိုယ်တော်ရည်ညွှန်းနေခြင်းဖြစ်သည်။ ယေရှုက “ထို့ကြောင့်ငါ့ကိုမင်းကြီးလက်သို့ အပ်နှံသောသူသည် သာ၍ကြီးသောအပြစ်ရှိသည်” ဟုထပ်ဆင့်လိုက်သည်။ အမှန်ပင်၊ ယဇ်ပုရောဟိတ်ကေဖနှင့်သူ၏အပေါင်းအပါများ၊ ယုဒရှကာရုတ်တို့သည် ယေရှုအားမတရားပြုမူမှုအတွက် ပိလတ်ထက်သာ၍ကြီးလေးသော တာဝန်ရှိလေသည်။
ယေရှုကြောင့်ပို၍အံ့အားသင့်ပြီး ကိုယ်တော်သည်ဘုရားနွယ်ဝင်ဖြစ်နေမည်လောဟု ကြောက်ရွံ့လာကာ ပိလတ်သည်ကိုယ်တော်အားလွှတ်ရန် ပြန်ကြိုးပမ်းပြန်သည်။ သို့သော်ဂျူးများကပိလတ်အား ရုတ်တရက်ဟန့်တားခဲ့သည်။ သူတို့၏နိုင်ငံရေးစွဲချက်ကို ပြန်တင်ပြီး၊ စဉ်းလဲစွာခြိမ်းခြောက်လိုက်သည်။ “ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည်ကဲသာဘုရင်၏အဆွေမဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်။”
အန္တရာယ်ကြီးမားပုံရသော်လည်း ပိလတ်သည်ယေရှုကို အပြင်သို့ထုတ်ခဲ့ပြန်သည်။ “သင်တို့၏ရှင်ဘုရင်ကို ကြည့်ကြလော့” ဟုတစ်ဖန်တောင်းပန်ဆိုပြန်သည်။
“ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ” ဟုပြန်ဖြေကြသည်။
“သင်တို့ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လော” ဟုပိလတ်သည်စိတ်ပျက်လျက် မေးလိုက်သည်။
ဂျူးများသည်ရောမအုပ်ချုပ်မှုအောက်တွင် စိတ်မာန်ဆိုးခဲ့သည်။ အမှန်ပင်၊ သူတို့သည် ရောမ၏လွှမ်းမိုးမှုကို စက်ဆုပ်သည်။ သို့ပင်ငြားလည်း၊ ယဇ်ပုရောဟိတ်ကြီးက ဟန်ဆောင်လျက် “ကျွန်ုပ်တို့၌ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိပါ” ဟုပြန်ပြောလေသည်။
မိမိ၏နိုင်ငံရေးရာထူးနှင့်သိက္ခာအတွက်စိုးရိမ်ကာ ပိလတ်သည်နောက်ဆုံးတွင် ဂျူးများ၏မငြိမ်မသက်၊ ခြိမ်းခြောက်သောတောင်းဆိုမှုများအောက် သက်ရောက်သွားလေသည်။ ယေရှုကိုသူအပ်လိုက်လေသည်။ စစ်သားများသည် ယေရှု၏ဝတ်လုံကိုချွတ်၍ ကိုယ်တော်၏အပြင်အဝတ်တော်ကို ပြန်ဝတ်စေ၏။ ယေရှုကိုတိုင်မှာရိုက်ထားခြင်းငှာထုတ်သွားစဉ် ကိုယ်တော်အား မိမိနှက်တိုင်ကိုထမ်းစေသည်။
ယခုတွင်နိသန်လ ၁၄ ရက်သောကြာနေ့နံနက်ပိုင်းဖြစ်၍ မွန်းတည့်ချိန်ကိုချဉ်းကပ်နေသည်။ ယေရှုသည်ကြာသပတေးနေ့ နံနက်စောစောပိုင်းမှစ၍ မအိပ်ရဘဲ၊ ပြင်းပြစွာဒုက္ခတစ်ခုပြီးတစ်ခု ခံခဲ့ရသည်။ နှက်တိုင်၏လေးပင်မှုအောက်တွင် ကိုယ်တော်၏အားအင်များကုန်ခန်းသွားမည်ကို နားလည်နိုင်သည်။ သို့နှင့်သွားလာနေသူ အာဖရိကရှိကုရေနေပြည်သား ရှိမုန်ဆိုသူကိုအနိုင်ပြု၍ နှက်တိုင်တော်ကိုထမ်းစေကြ၏။ သူတို့သွားစဉ် ကိုယ်တော်ကြောင့်ငိုကြွေးမြည်တမ်းပြီး၊ မိမိတို့ကိုယ်ကိုရိုက်နှက်သော မိန်းမအချို့အပါအဝင် လူအုပ်ကြီးလိုက်လာသည်။
မိန်းမများဘက်လှည့်၍ ယေရှုက “ယေရုရှလင်မြို့သမီးတို့ ငါ့ကြောင့်မငိုကြွေးကြနှင့်။ မိမိတို့နှင့်မိမိတို့သားများကြောင့် ငိုကြွေးကြလော့။ အကြောင်းမူကား၊ ‘မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဘူးသောဝမ်းနှင့် သူငယ်မစို့ဘူးသောသားမြတ်သည် မင်္ဂလာရှိ၏’ ဟုပြောရသောနေ့ရက်ကာလ ရောက်လိမ့်မည်။ ထိုအခါသူတို့က ‘အိုတောင်များတို့ ငါတို့အပေါ်သို့ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကိုဖုံးအုပ်ကြပါ’ ဟုခေါ်ကြလိမ့်မည်။ အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ဖြစ်လိမ့်မည်နည်း” ဟုမိန့်တော်မူ၏။
ယေရှုသည်ဂျူးလူမျိုးသစ်ပင်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ယေရှုရောက်ရှိနေခြင်းနှင့်ကိုယ်တော်၌ယုံကြည်သူအကြွင်းအကျန် ရှိနေခြင်းကြောင့် သူတို့တွင်အသက်ရှိနေတုံးပင်ဖြစ်သည်။ သို့သော်လူမျိုးထဲမှယင်းတို့အားလုံးကို နှုတ်ယူသွားလိုက်လျှင် ဝိညာဏအသေသစ်ပင်များသာ ကျန်ရစ်မည်ဖြစ်သည်။ မှန်ပါသည်၊ ခြောက်သွေ့သောလူမျိုးအဖွဲ့အစည်းသာဖြစ်မည်။ ရောမစစ်တပ်သည် ဘုရားရှင်၏သုတ်သင်သူများအဖြစ်လုပ်ဆောင်၍ ဂျူးနိုင်ငံကိုပျက်သုဉ်းစေသောအခါ မည်မျှငိုကြွေးမြည်တမ်းစရာအကြောင်းပါတကား။ယောဟန် ၁၉:၆-၁၇၊ ၁၈:၃၁။ လုကာ ၂၃:၂၄-၃၁။ မဿဲ ၂၇:၃၁၊ ၃၂။ မာကု ၁၅:၂၀၊ ၂၁။
◆ သူတို့၏နိုင်ငံရေးစွဲချက်များအရာမရောက်သောအခါ ယေရှုတစ်ဘက်၌ ဘာသာရေးခေါင်းဆောင်များသည် မည်သည့်စွဲချက်တင်သနည်း။
◆ ပိလတ်သည်အဘယ်ကြောင့်ပို၍ စိုးရိမ်လာသနည်း။
◆ ယေရှု၌ဖြစ်ပျက်လာသည့်အပေါ် မည်သူတို့၌ပို၍အပြစ်ရှိသနည်း။
◆ နောက်ဆုံးတွင်ယဇ်ပုရောဟိတ်များသည် ပိလတ်အား ယေရှုကိုသတ်မည့်သူများထံအပ်ရန် မည်သို့လုပ်ဆောင်သနည်း။
◆ မိမိအတွက်ငိုကြွေးသူများအား ယေရှုဘာပြောခဲ့သနည်း။ အပင်များ “စိမ်း” ပြီးနောက် “ခြောက်” ခြင်းဟုရည်ညွှန်းရာ၌ ကိုယ်တော်ဘာကိုဆိုလိုသနည်း။