သင့်ကို ယေဟောဝါ မည်သို့ အောက်မေ့တော်မူမည်နည်း
“အိုအကျွန်ုပ်၏ဘုရားသခင် . . . အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။” နေဟမိသည် ဤစကားများဖြင့် ဘုရားသခင်အထံတော်၌ အကြိမ်ကြိမ်အသနားခံခဲ့သည်။ (နေဟမိ ၅:၁၉; ၁၃:၁၄၊ ၃၁) လူတို့သည် အလွန်ဆင်းရဲကျပ်တည်းသောအခါ ဤသို့သောအသနားခံ တောင်းပန်စကားများဖြင့် ဘုရားသခင်အထံတော်သို့လှည့်လာခြင်းသည် သဘာဝကျပေသည်။
သို့သော် မိမိတို့ကို အောက်မေ့သတိရရန် ဘုရားသခင်အထံတော်၌ တောင်းလျှောက်ကြသောအခါ သူတို့စိတ်ထဲတွင် အဘယ်အရာရှိသနည်း။ သူတို့၏နာမည်များကို ဘုရားသခင်မှတ်မိရန်မျှသာမဟုတ်ဘဲ ထိုထက်မကပြုလုပ်ပေးရန် သူတို့မျှော်လင့်ကြသည်မှာ ထင်ရှားပါ၏။ ယေရှု၏နံဘေးတွင် ကွပ်မျက်ခံခဲ့ရသော ရာဇဝတ်သင့်သူတစ်ဦးကဲ့သို့ပင် သူတို့မျှော်လင့်ကြမည်မှာ ယုံမှားဖွယ်မရှိချေ။ သူသည် အခြားတစ်ဦးနှင့်မတူဘဲ ယေရှုကို ဤသို့တောင်းပန်ခဲ့သည်– “ကိုယ်တော်သည်နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။” သူက မိမိမည်သူဖြစ်ကြောင်း ယေရှုကို မှတ်မိစေလိုခြင်းမျှသာမဟုတ်ဘဲ သူ့အတွက်တစ်စုံတစ်ခုပြုလုပ်ပေးရန်—မိမိကိုရှင်ပြန်ထမြောက်ပေးရန်—အလိုရှိခဲ့သည်။—လုကာ ၂၃:၄၂။
ရှေ့နောက်ညီညွတ်စွာပင် သမ္မာကျမ်းစာက ဘုရားသခင်နှင့်ပတ်သက်၍ “အောက်မေ့” ဟုဆိုလျှင် အမှန်ပင်အရေးယူဆောင်ရွက်ခြင်းကို ဆိုလို၏။ ဥပမာ၊ မြေကြီးကို ရက်ပေါင်း ၁၅၀ ရေလွှမ်းမိုးပြီးနောက် “ဘုရားသခင်သည်၊ နောဧ . . . ကိုအောက်မေ့၍၊ မြေကြီးပေါ်မှာလေလာစေတော်မူသဖြင့် ရေငြိမ်လေ၏။” (ကမ္ဘာဦး ၈:၁) ရာစုနှစ်များစွာကြာပြီးနောက် ရှံဆုန်သည် ဖိလိတ္တိလူတို့ကြောင့် မျက်စိကန်းခဲ့၍ အကျဉ်းချခံရသောအခါ သူကဤသို့ဆုတောင်းခဲ့သည်– “အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ . . . ယခုတစ်ကြိမ်မျှသာ ခွန်အားကိုပြန်ပေးတော်မူပါ။” သူကိုယ်တိုင် ဘုရားသခင့်ရန်သူများကို လက်စားချေနိုင်စေရန် သူ့ကို လူသာမန်ထက်သာလွန်သောခွန်အားကို ပေးတော်မူခြင်းအားဖြင့် ယေဟောဝါသည် သူ့ကိုအောက်မေ့တော်မူခဲ့၏။ (တရားသူကြီး ၁၆:၂၈-၃၀) နေဟမိကိုမူ ယေဟောဝါသည် သူ၏အားထုတ်မှုများကို ကောင်းချီးပေးတော်မူခဲ့သဖြင့် ယေရုရှလင်၌ စစ်မှန်သောဝတ်ပြုရေး ပြန်လည်တည်ထောင်ခဲ့သည်။
“ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမသြဝါဒပေး၍ရေးထားသတည်း” ဟုတမန်တော်ပေါလုက ရေးသားခဲ့သည်။ (ရောမ ၁၅:၄) ကျွန်ုပ်တို့သည် အတိတ်က ကိုယ်တော်၏သစ္စာရှိကျေးကျွန်များ ဆောင်ရွက်ခဲ့သကဲ့သို့ ကိုယ်တော့်အလိုတော်ဆောင်ခြင်းဖြင့် ယေဟောဝါကို ကျွန်ုပ်တို့အောက်မေ့ကြမည်ဆိုလျှင် ကျွန်ုပ်တို့၏နေ့စဉ်လိုအပ်ရာများကိုရရန်ကူညီပေးခြင်း၊ စမ်းသပ်မှုများ၌ ထောက်မပေးခြင်း၊ ဘုရားတရားမဲ့သူတို့အပေါ် တရားစီရင်တော်မူသောအခါ ကျွန်ုပ်တို့ကို လွတ်မြောက်စေခြင်းအားဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့ကိုအောက်မေ့တော်မူမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။—မဿဲ ၆:၃၃; ၂ ပေတရု ၂:၉။