ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၄/၁ စာ. ၄-၇
  • သာ၍ကောင်းသောကမ္ဘာ—တည်လုနီးပြီ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သာ၍ကောင်းသောကမ္ဘာ—တည်လုနီးပြီ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ပရဒိသုကို လိုချင်တမ်းတခြင်း”—အဘယ်ကြောင့်နည်း
  • ပရဒိသုကို ရှာဖွေခြင်း —စိတ်ကူးစိတ်သန်းတစ်ခု၏ သမိုင်း
  • စိတ်ကူးယဉ်ဘဝ—စိတ်တိုင်းကျနေရာများလော
  • ခရစ်ယာန်များနှင့် သာ၍ကောင်းသောကမ္ဘာ
  • “ပရဒိသုမှာ ပြန်တွေ့မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • သမ္မာကျမ်းစာပါ သာယာအေးချမ်းတဲ့ဥယျာဉ် ပရဒိသုက ဘယ်မှာရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ပရဒိသု
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ပရဒိသု
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၄/၁ စာ. ၄-၇

သာ၍ကောင်းသောကမ္ဘာ—တည်လုနီးပြီ!

“လူတို့လိုချင်တမ်းတရာများတွင် ပရဒိသုကမ္ဘာ ပါဝင်သည်။ ယင်းသည် လိုချင်တမ်းတဆုံး၊ အစွဲလမ်းဆုံးအရာ ဖြစ်ကောင်းဖြစ်ပေမည်။ ဘာသာရေးလောက အလွှာအသီးသီးတွင် ပရဒိသုကို ပြင်းပြစွာတမ်းတကြောင်း ထင်ရှားသည်” ဟုဘာသာအယူဝါဒ စွယ်စုံကျမ်းကဆိုသည်။

မရှိတော့သည့် ကနဦးက ပြည့်ဝစုံလင်ရာကို လွမ်းဆွတ်ဘိသကဲ့သို့ ယဉ်ကျေးမှုတိုင်းသည် သာ၍ကောင်းသောကမ္ဘာတွင် နေထိုင်လိုသောဆန္ဒရှိကြောင်း တွေ့မြင်ရပါသည်။ ယင်းကြောင့် ကနဦးတွင် ပရဒိသုတစ်ခု ရှိခဲ့ပုံပေါက်သည်။ သို့သော် အဘယ်အရပ်တွင်နည်း။ ဤပြင်းပြသောဆန္ဒရှိခြင်းက မိခင်၏ဝမ်းတွင်း၌ရှိစဉ် နွေးထွေးလုံခြုံမှုကို ပြန်ရလိုသည့်ဆန္ဒကိုဖော်ပြသည်ဟု စိတ်ပညာရှင်တစ်ဦး ရှင်းပြပေမည်။ သို့သော် ဘာသာတရားသမိုင်းသုတေသီများက ဤရှင်းပြချက်ကို လက်မခံနိုင်ကြပါ။

“ပရဒိသုကို လိုချင်တမ်းတခြင်း”—အဘယ်ကြောင့်နည်း

အချို့သူများ အကြံပြုသကဲ့သို့ပင် လူ့ဘဝ၏ တစ်ခဏတာအချိန်တွင်ကြုံတွေ့ရသည့် အခက်အခဲများကို ယင်းလိုချင်တမ်းတစိတ်က ခံသာစေပါသလော။ သို့မဟုတ် အခြားဖြေရှင်းချက် ရှိသလော။

လူသည် သာ၍ကောင်းသောကမ္ဘာတစ်ခုကို အဘယ်ကြောင့် လိုချင်တမ်းတကြရသနည်း။ ရိုးရိုးသာဖြစ်ရုံမကရှင်းလင်းပြတ်သားစွာ သမ္မာကျမ်းစာ ဖော်ပြထားသည်– လူသားသည် သာ၍ကောင်းသောကမ္ဘာတစ်ခုမှ ရောက်ရှိလာသည်! ကနဦးက ပရဒိသုတစ်ခု အမှန်တကယ် ရှိခဲ့ပါသည်။ ယင်းသည် အရှေ့အလယ်ပိုင်းအရပ်ဒေသတစ်ခုတွင် တည်ရှိခဲ့သည့် “အဆင်းလှ၍ စားဖွယ်ကောင်းသော အပင်အမျိုးမျိုး” ဖြင့်ပြည့်ဝသော “ဥယျာဉ်” တစ်ခုဖြစ်ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က ဖော်ပြထားပါသည်။ ယင်းကို ပြုစုစောင့်ရှောက်ရန် ပထမလူမောင်နှံစုံအား ဘုရားသခင် တာဝန်အပ်နှင်းတော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၇-၁၅) ထိုတွင် လူအပေါင်း အမှန်ပျော်ရွှင်နိုင်သည့် စုံလင်သောအခြေအနေရှိပါသည်။

ထိုပရဒိသုအခြေအနေများ အဘယ်ကြောင့် ပျောက်ဆုံးသွားသနည်း။ ဦးဆုံးအနေနှင့် နာမ်ဝိညာဉ်သားတစ်ဦးနှင့် ယင်းနောက် လူမောင်နှံစုံ၏ ပုန်ကန်မှုကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁-၆၊ ၁၇-၁၉) ဤနည်းအားဖြင့် လူသည် ပရဒိသုဘုံကိုသာမက စုံလင်ခြင်း၊ ကျန်းမာမှုနှင့် တည်မြဲသောအသက်တာဘဝကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ထို့နောက် ပေါ်ပေါက်လာသည့်အခြေအနေများသည် လူ့ဘဝကို တိုးတက်အောင်မလုပ်ခဲ့ပါ။ ယင်းအစား ယနေ့ကျွန်ုပ်တို့အခြေအနေသည် ဆိုးသထက်ဆိုးနေသည်ကိုတွေ့ရပါသည်။—ဒေသနာ ၃:၁၈-၂၀; ရောမ ၅:၁၂; ၂ တိမောသေ ၃:၁-၅၊ ၁၃။

ပရဒိသုကို ရှာဖွေခြင်း —စိတ်ကူးစိတ်သန်းတစ်ခု၏ သမိုင်း

“ပရဒိသုကို လိုချင်တမ်းတ” စိတ်ရှိခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ထင်ရှားပါသည်။ စကြဝဠာတစ်ခွင် စည်းလုံးညီညွတ်ပြီး– “ကြောက်စိတ်၊ တုန်လှုပ်ချောက်ချားမှု၊ ပြိုင်ဘက် မရှိခဲ့သည့်အခါ . . . စကြဝဠာတစ်ခွင်ရှိ လူအပေါင်းသည် စည်လုံးညီညွတ်စွာ ဘာသာစကားတစ်မျိုးတည်းဖြင့် အဲန်လီလ်ကို ချီးမွမ်းချိန်” ရှိခဲ့ကြောင်း ဆူမီရီယန်လူမျိုးများ သတိရမှတ်မိကြသည်ဟု ရှေးခေတ် မေသောပေါတေမိ ကဗျာတစ်ပုဒ်တွင် ဖော်ကျူးထားသည်။ အချို့မူ ရှေးခေတ် အီဂျစ်လူမျိုးများကဲ့သို့ပင် သေလွန်သည့်နောက် သာ၍ကောင်းမြတ်သောကမ္ဘာတစ်ခုသို့ ရောက်ရှိသွားရန် မျှော်လင့်ကြသည်။ အာရူးအမည်ရှိကွင်းပြင်အရပ်သို့ မသေနိုင်သောစိုးလ် ရောက်ရှိသည်ဟု သူတို့ယုံကြည်ကြသည်။ သို့သော် အနည်းဆုံး အစအဦးတွင် ဤမျှော်လင့်ချက်ကို အထက်တန်းလွှာမှသူများသာ ဝင်ရောက်ခွင့်ရှိသည်ဟုဆိုသည်; ဆင်းရဲနွမ်းလျသူများမူကား သုခဘုံ၌ စံစားခွင့်ကို စိတ်ကူးယဉ်ခွင့်မရှိကြပါ။

ဘာသာရပ်ခြား နယ်ပယ်တစ်ခုရှိ ဟိန္ဒူဘာသာဝင်များဆိုလျှင် သာ၍ကောင်းသောခေတ် (ယူဂါ) ရောက်ရှိလာချိန်ကို ရာစုနှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ကြပေပြီ။ ဟိန္ဒူအယူအဆများအရဆိုလျှင် ယူဂါလေးခုသည် တဝဲလည်လည် ဆက်တိုက်လှည့်ပတ်နေရာ ယခု ကျွန်ုပ်တို့သည် အဆိုးဆုံးယူဂါအတွင်း အသက်ရှင်နေကြကြောင်းတည်း။ ဝမ်းနည်းဖွယ်မှာ ဤကာလီယူဂါ (အတိမှောင်မိုက်ခေတ်) သည် ယင်း၏ဆင်းရဲဒုက္ခ၊ ဆိုးသွားမိုက်မဲမှုရှိရှိသမျှနှင့်အတူ နှစ်ပေါင်း ၄၃၂,၀၀၀ ကြာရှည်လိမ့်မည်ဟု အချို့သူများ အဆိုပြုသည်။ မည်သို့ဆိုစေကာမူ ယုံကြည်မှုပြင်းပြသော ဟိန္ဒူများသည် ခရီတာယူဂါခေါ် ပဒေသာပင်ခေတ်ကို စောင့်မျှော်လျက်နေသည်။

အခြားတစ်ဖက်တွင်မူ ဂရိနှင့် ရောမလူမျိုးတို့သည် အတ္တလန်တိတ်သမုဒ္ဒရာရှိ ဒဏ္ဍာရီဆိုင်ရာ ဖောတျူနိတ်ကျွန်းစုသို့ ရောက်ရှိရန် စိတ်ကူးယဉ် မျှော်လင့်ကြပါသည်။ ဟက်စီအဒ်၊ ဗာဂျီလ်နှင့် အိုဗိဒ် အစရှိသော စာရေးဆရာများသည် ကနဦးက အံ့ချီးဖွယ် ပဒေသာပင်ခေတ်အကြောင်း ပြောဆိုခဲ့ကြပြီး တစ်နေ့နေ့ ပြန်လည်တည်ထောင်လာမည်ဟု စောင့်မျှော်၍နေကြသည်။ ဘီ.စီ.အီး. ပထမရာစုအကုန်ပိုင်းတွင် လက်တင်ကဗျာဆရာ ဗာဂျီလ်က အစဉ်တည်မြဲမည့် အိုက်တာ့စ် အောရီယား (ပဒေသာပင်ခေတ်) သစ်သည် ရောက်ရှိဆဲရှိ၏ဟု ကြိုတင်ဟောပါသည်။ ထိုနောက်ပိုင်းရာစုနှစ်များအတွင်း “ရောမဧကရာဇ်မင်း အနည်းဆုံး ဆယ့်ခြောက်ဦးက မိမိတို့လက်ထက်တွင် ပဒေသာပင်ခေတ် ပြန်လည်တည်ထောင်သည်ဟု အဆိုပြု” ကြောင်း ဘာသာအယူဝါဒ စွယ်စုံကျမ်းကဆိုသည်။ သို့သော် ယင်းသည် နိုင်ငံရေးဝါဒဖြန့်မှုသက်သက်သာဖြစ်ကြောင်း ယနေ့ ကျွန်ုပ်တို့ ကောင်းစွာ သဘောပေါက်ကြသည်။

ပင်လယ်တစ်ဖက်တွင်ရှိ ကျွန်းတစ်ကျွန်း (သို့မဟုတ် ကျွန်းစုတစ်စု) ပေါ်တွင် သာယာပျော်ရွှင်သောတိုင်းပြည်တစ်ခု၌ လူတို့သည် ပြည့်ဝစုံလင်၊ စိတ်ချမ်းသာစွာ နေထိုင်ကြသည်ဟု စဲလ်တ်လူမျိုး အများအပြား ယုံကြည်ကြ၍ ထိုနေရာသို့ ရောက်နိုင်ရန် တမ်းတမျှော်လင့်ကြသည်။ ဒဏ္ဍာရီပုံပြင်တစ်ခုအရ ရှင်ဘုရင်အာသာသည် သေလောက်သည့်ဒဏ်ရာရခဲ့သော်လည်း အံ့သြဖွယ်ကောင်းသော အဲဗလောန်ကျွန်းကို သူတွေ့ရှိပြီးနောက်တွင် ဆက်အသက်ရှင်နေထိုင်ခဲ့သည်ဟုဆို၏။

ရှေးပဝေသဏီခေတ်နှင့် အလယ်ပိုင်းခေတ်အတွင်းဆိုလျှင် မြောက်မြားစွာသောသူတို့က ပျော်ရွှင်သာယာဖွယ်အများအပြားရှိ ဧဒင်ဥယျာဉ်သည် “လူမရောက်နိုင်သောတောင်ထိပ်၊ သို့မဟုတ် ကူးမသွားနိုင်သောသမုဒ္ဒရာ” တစ်နေရာရာတွင် တည်ရှိနေသေးသည်ဟု သမိုင်းဆရာ ယားန် ဒလျူမိုးက ပြောပြပါသည်။ အီတလီကဗျာဆရာ ဒါန်တေသည် ကောင်းကင်ဆိုင်ရာ ပရဒိသုရှိသည်ဟု ယုံကြည်ခဲ့သော်လည်း သူသွန်သင်သည့် ငရဲကလေးတည်ရှိရာ တောင်ထိပ်၊ ယေရုရှလင်မြို့ ထိပ်ခြမ်းတစ်ဖက် ရှိအရပ်ပေါ်တွင် မြေကြီးဆိုင်ရာပရဒိသုတစ်ခု တည်ရှိသေးသည်ဟု သူထင်မှတ်ခဲ့သည်။ အချို့က အာရှတိုက်၊ မေသောပေါတေမိ၊ သို့မဟုတ် ဟိမဝန္တာတောင်တွင် ယင်းကိုတွေ့မည်ဟု ယုံကြည်ခဲ့ကြသည်။ အလယ်ပိုင်းခေတ်မှ ဒဏ္ဍာရီများတွင် ဧဒင်အရပ်ရှိ ပရဒိသုအကြောင်း မြောက်မြားစွာပါရှိသည်။ ထိုပရဒိသုအနီးတစ်ဝိုက်တွင် ဘုရားတရားကြည်ညိုသူ ပရက်စတာဂျာန် အစိုးရသော အလွန်ကောင်းသည့်နိုင်ငံတစ်နိုင်ငံရှိသည်ဟု အမြောက်အမြား ယုံကြည်ကြသည်။ မြေကြီးဆိုင်ရာ ပရဒိသုအနီးအနားတွင်ရှိသည့်အတွက် ပရက်စတာဂျာန်၏နိုင်ငံတော်၌ နေထိုင်ကြသူများသည် ချမ်းသာကြွယ်ဝမှု မြောက်မြားစွာကို ကြာမြင့်စွာခံစားကြရသည်ဟု ဆိုပါသည်။ အခြားသူတို့မူကား ရှေးဂရိဒဏ္ဍာရီများကို စွဲလမ်းပြီး ပရဒိသုတည်ရှိရာ ကျွန်းစုများကို အတ္တလန်တိတ်သမုဒ္ဒရာတွင် တွေ့ရလိမ့်မည်ဟု ယုံကြည်ကြဆဲရှိသည်။ ဧဒင်ဥယျာဉ်တည်ရှိသည်ဟု ယူမှတ်သောအရပ်ကိုပင် အလယ်ပိုင်းခေတ်မြေပုံများ၌ ဖော်ပြကြပြီး ယုံကြည်ချက်အခိုင်အမာထားရှိကြသည်။

၁၅ ခုနှင့် ၁၆ ခုမြောက် ရာစုနှစ်များတွင် အတ္တလန်တိတ်ကိုဖြတ်ကူးခဲ့သော ရေကြောင်းခရီးကျွမ်းကျင်သူများသည် ရှေးဟောင်းဖြစ်လျက်ပင် တစ်ပြိုင်တည်းတွင် သစ်လွင်သောကမ္ဘာတစ်ခုကို ရှာဖွေတွေ့ရှိလို၍ဖြစ်သည်။ သမုဒ္ဒရာတစ်ဖက်ကမ်းတွင် အိန္ဒိယကျွန်းစုကိုသာမက ဧဒင်ဥယျာဉ်ကိုပါ တွေ့လိမ့်မည်ဟု သူတို့ယူမှတ်ကြသည်။ ဥပမာ၊ ခရစ္စတိုဖာ ကိုလန်ဘတ်စ်သည် တောင်နှင့် အလယ်ပိုင်းအမေရိကတိုက်များရှိ သမပိုင်းဒေသနှင့် အပူပိုင်းဒေသ တိုင်းနိုင်ငံများ၏ တောင်တန်းတွင် ယင်းကိုရှာဖွေခဲ့ပါသည်။ ဘရာဇီးလ်နိုင်ငံ၏ သာယာသောရာသီနှင့် ကောက်ပဲသီးနှံများပြားသောအခြေအနေကြောင့် ထိုနိုင်ငံသို့ ရောက်ရှိလာသူ ဥရောပတိုက်သားများဖြစ်သည့် လှည့်လည်စူးစမ်းရှာဖွေသူတို့က ပျောက်ဆုံးသောပရဒိသုသည် ဤအရပ်တွင်ရှိရလိမ့်မည်ဟု ယုံကြည်စိတ်ချကြပါသည်။ သို့သော် များမကြာမီပင် စိတ်ပျက်ဖွယ်အဖြစ်မှန်ကို သူတို့အသိအမှတ်မပြုလိုသော်လည်း ဝန်ခံလိုက်ကြရသည်။

စိတ်ကူးယဉ်ဘဝ—စိတ်တိုင်းကျနေရာများလော

စိတ်တိုင်းကျကမ္ဘာကို ကွာလှမ်းဝေးလံသော အရပ်ဒေသတစ်နေရာရာတွင် တွေ့ရှိဖို့ရန် ကြိုးစားကြမည့်အစား အခြားသူများကျပြန်လျှင် ယင်းကို ကြိုးစားဖန်တီးရန် စီမံကိန်းချမှတ်ကြသည်။ သို့ဖြစ်၍ ၁၅၁၆ ခုနှစ်တွင် လူ့သဘာဝသုတေသီ အင်္ဂလိပ်လူမျိုး သောမတ်စ် မောရ်က အလွန်အံ့ချီးဖွယ်ကောင်း၍ ငြိမ်းချမ်းသာယာပြီး သည်းခံခြင်းတရားရှိ စိတ်ကူးယဉ်ဘဝသည် မိမိသိရှိသော ယုတ်ညံ့ပျက်စီးသောလောကကြီးနှင့် တခြားစီဖြစ်သည်ဟု ဖော်ပြပါသည်။ သာ၍ကောင်းသောကမ္ဘာ၊ သာယာပျော်မြူးဖွယ်ကမ္ဘာများကို ပြုစုစီမံရန်ကြိုးစားခဲ့သည့် အခြားသူများလည်းရှိ၏– ဘီ.စီ.အီး ခြောက်ရာစုတွင် ပလေတိုသည် သူ၏သမ္မတနိုင်ငံ; ၁၆၀၂ ခုနှစ်တွင် အီတလီဘုန်းကြီး တောမာစို ကမ်ပါနဲလာသည် အလွန်စည်းစနစ်ကျသော သူ၏နေမင်းမြို့တော်; နောင်နှစ်အနည်းငယ်အကြာတွင် အင်္ဂလိပ်အတွေးအခေါ်ပညာရှင် ဖရန်စစ်ဘေကန်သည် “သာယာပျော်မြူးဖွယ်” သူ၏အတ္တလန်တစ္စအသစ်ကိုဖော်ပြပြောဆိုခြင်းတို့ဖြစ်သည်။ ရာစုနှစ်တစ်လျှောက် (ယုံကြည်သူများ ဖြစ်ဖြစ်မဖြစ်ဖြစ်) အကြောင်းမျိုးစုံ စဉ်းစားတွေးခေါ်သူများသည် စိတ်ကူးယဉ်ဘဝမျိုးပေါင်းစုံကို ဖော်ကျူးခဲ့ကြပြီ။ သို့ရာတွင် အလေးအနက်သဘောထားခံရသူ ရှိခဲ့မည်ဆိုလျှင် မဆိုစလောက်သာရှိသည်။

ကိုယ်ပိုင် စိတ်ကူးယဉ်ဘဝများကို တည်ထောင်ရန် ကြိုးစားသူများပင် ရှိခဲ့ပါသည်။ ဥပမာ၊ ၁၈၂၄ ခုနှစ်က သူဌေးသူကြွယ် အင်္ဂလိပ်အမျိုးသား ရောဘတ် အိုဝင်သည် နယူးဟာမိုနီဟူ၍ သူအမည်ပေးသောရွာကလေးတွင် သူကြံစည်ထားသည့် စိတ်ကူးယဉ်ဘဝ ဖြစ်ပေါ်လာရန် ယူအက်စ်အေ အိန္ဒိယာနားပြည်နယ်သို့ပြောင်းရွှေ့နေထိုင်ဖို့ စိတ်ဆုံးဖြတ်ခဲ့သည်။ သင့်တော်ကောင်းမွန်သောအခြေအနေအောက်တွင် လူတို့သည် တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်စိတ်ချစွာ ရှိရှိသမျှပစ္စည်းဥစ္စာနီးပါးကို ရင်းနှီးမြှုပ်နှံကာ သူ့စိတ်ကူးရှိ စာရိတ္တကောင်းသော ကမ္ဘာသစ်ကို တည်ထောင်ရန် ကြိုးစားခဲ့သည်။ သို့သော် နေထိုင်မှု အခြေအနေအသစ်ရှိရုံဖြင့် သစ်လွင်သူများ မဖြစ်ပေါ်လာနိုင်ကြောင်း အကျိုးဆက်များက သက်သေထူသည်။

စိတ်ကူးယဉ် ကမ္ဘာ့ပရဒိသု ဖြစ်ပေါ်လာစေရန် လူသည် မိမိအသိပညာ၊ ဟုတ်မှန်သည်ဟု မိမိထင်မှတ်ရာနှင့်အညီ စီမံရမည်ဖြစ်ကြောင်း နိုင်ငံရေးသဘောတရားအားလုံးနီးပါးက ထောက်ခံထားသည်။ သို့ဖြစ်သော်လည်း ဤရည်ရွယ်ချက်ပန်းတိုင်ရောက်ဖို့ကြိုးစားကြစဉ် ၁၇၈၉ ခုနှစ်တွင် ဖြစ်ခဲ့သော ပြင်သစ်တော်လှန်ရေး၊ ၁၉၁၇ ခုနှစ်၏ ဘိုလရှီဗစ်တော်လှန်ရေး အစရှိသော စစ်ပွဲများနှင့် တော်လှန်ရေးများသာ လွဲချော်ဖြစ်ပေါ်လာခဲ့သည်။ ပရဒိသုအခြေအနေများ ပေါ်ပေါက်လာမည့်အစား ဤကြိုးစားမှုများက နာကျင်ခြင်း၊ ဒုက္ခဆင်းရဲခြင်းများ တိုးပွားစေဖို့သာ မကြာခဏဖြစ်ပေါ်စေတတ်သည်။

ရည်မှန်းချက်များ၊ စီမံကိန်းများ၊ စိတ်ကူးယဉ်ဘဝများနှင့် ယင်းတို့ဖြစ်ပေါ်လာရန် ကြိုးစားအားထုတ်မှုများ—အားလုံး စိတ်ဓာတ်ကျစရာအကြောင်းသာ ဖြစ်လေသည်။ မျက်မှောက်ကာလတွင် အချို့က “အိပ်မက်ပျက်ပြီ၊” “စိတ်ကူးယဉ်ဘဝများခေတ် ကုန်ပြီ” ဟုဆိုကြကာ “စိတ်ကူးယဉ်ဘဝမရှိဘဲ နေထိုင်” တတ်ရန်ကြိုးစားဖို့ ပြောဆိုကြသည်။ သာ၍ကောင်းသောကမ္ဘာတစ်ခုကို တွေ့မြင်နိုင်စရာ မျှော်လင့်ချက်ရှိပါသလော။ သို့မဟုတ် အိပ်မက်မျှ ဖြစ်ဖို့အကြောင်းသာ ရှိနေပါသလော။

ခရစ်ယာန်များနှင့် သာ၍ကောင်းသောကမ္ဘာ

ကမ္ဘာသစ်တစ်ခုမည်သည် အိပ်မက်မျှ လုံးဝမဟုတ်—ယင်းသည် စိတ်ချနိုင်သော မျှော်လင့်ချက်ပါတကား! ခရစ်ယာန်ဘာသာတရားကို တည်ထောင်သူ ယေရှုခရစ်တော်သည် လက်ရှိကမ္ဘာသည် အကောင်းတကာ့အကောင်းဆုံးကမ္ဘာ မဖြစ်နိုင်ကြောင်း သိတော်မူသည်။ စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူများသည် ကမ္ဘာမြေကြီးကို အမွေခံရလိမ့်မည်၊ ထိုတွင် ဘုရားသခင့်အလိုတော် ပြည့်စုံလိမ့်မည်ဟု ကိုယ်တော်သွန်သင်တော်မူခဲ့သည်။ (မဿဲ ၅:၅; ၆:၉၊ ၁၀) ဤလောကသည် ဘုရားသခင့်ရန်သူ၊ စာတန်မာရ်နတ်၏လက်တွင်ရှိ၍ ယင်းကြောင့် လူသားအပေါင်း အမင်္ဂလာခံစားနေကြရကြောင်း ကိုယ်တော်နှင့် ကိုယ်တော့်တပည့်များသိကြပါသည်။ (ယောဟန် ၁၂:၃၁; ၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၅:၁၉; ဗျာဒိတ် ၁၂:၁၂) ကမ္ဘာပေါ် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု မြတ်နိုးသူများနေထိုင်နိုင်ရန် ယင်းမှ စစ်မှု၊ နာကျင်ခြင်းနှင့် ဖျားနာမှုတို့ကို ဘုရားသခင် လုံးလုံးပျောက်ကင်းစေမည့်အချိန်ကို သစ္စာရှိ ဂျူးအမျိုးသားများ စောင့်မျှော်ခဲ့ကြပါသည်။ ဤနည်းအတိုင်းပင် လက်ရှိကမ္ဘာအစား “ကောင်းကင်အသစ်နှင့်မြေကြီးအသစ်” အစီအစဉ်အသစ်ရောက်ရှိမည့်အချိန်ကို ပထမရာစု ခရစ်ယာန်များသည် စိတ်ချလက်ချ စောင့်မျှော်နေခဲ့ကြသည်။—၂ ပေတရု ၃:၁၃; ဆာလံ ၃၇:၁၁; ၄၆:၈၊ ၉; ဟေရှာယ ၂၅:၈; ၃၃:၂၄; ၄၅:၁၈; ဗျာဒိတ် ၂၁:၁။

နှက်တိုင်ပေါ် ယေရှုခရစ် ဆွဲထားခံရစဉ်က ကိုယ်တော်ကို အနည်းအကျဉ်းယုံကြည်ခဲ့သူ လူဆိုးအား သာ၍ကောင်းသောကမ္ဘာကို ထပ်၍ကတိပေးခဲ့သည်။ “ယေရှုကလည်း ‘သင့်အားယနေ့ငါအမှန်ဆိုသည်ကား သင်သည်ငါနှင့်အတူပရဒိသု၌ရှိလိမ့်မည်’ ဟူ၍သူ့အားမိန့်ကြားတော်မူ၏။” (လုကာ ၂၃:၄၀-၄၃၊ ကဘ) ထိုလူဆိုးသည် ယင်းစကားများကို မည်သို့အဓိပ္ပာယ်ပေါက်ခဲ့မည်နည်း။ ကက်သလစ်နှင့် ပရိုတက်စတင့် ဘာသာပြန်ကျမ်းအချို့ အထင်ရှိစေသည့်အတိုင်း ထိုနေ့ချင်းတွင် လူဆိုးသည် ‘ကိုယ်တော်နှင့်အတူ’ ကောင်းကင်တွင်ရှိလိမ့်မည်ဟု ယေရှုဆိုနေခြင်းလော။ မဟုတ်ပါ။ ထိုသို့ ယေရှုဆိုလိုတော်မမူ။ အကြောင်းမူကား ကိုယ်တော်ထမြောက်ပြီးနောက်တွင် မိမိသည် ‘ခမည်းတော်ထံသို့ မတက်ရသေးကြောင်း’ မာဂဒလမာရိအား ယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၂၀:၁၁-၁၈) စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေပွဲတော်မတိုင်မီ သုံးနှစ်ခွဲလုံးလုံး ယေရှု၏သွန်သင်ပို့ချမှုကို သူတို့ခံခဲ့ရသော်လည်း ကိုယ်တော့်တမန်တော်များပင်လျှင် ကောင်းကင်ဆိုင်ရာပရဒိသုကို မမျှော်လင့်ခဲ့ပါ။ (တမန်တော် ၁:၆-၁၁) ထိုစဉ်က ဂျူးအများစု နားလည်ထားသည့်အတိုင်း ထိုလူဆိုးလည်း သဘောပေါက်နားလည်သည်ကား– ပရဒိသုကမ္ဘာပေါ် သာ၍ကောင်းသောကမ္ဘာကို ယေရှုကတိပေးတော်မူခြင်းဖြစ်သည်။ ဂျာမန်စာပေပညာရှင်တစ်ဦး ဤသို့ဝန်ခံသည်– “တမလွန်ဘဝတွင် အကျိုးအပြစ်ခံရခြင်း သွန်သင်ချက်သည် ဓမ္မဟောင်းကျမ်းတွင် လုံးဝမပါရှိချေ။”

ကမ္ဘာပေါ် ပရဒိသုရှိလိမ့်မည်အကြောင်း ဟေဗြဲကျမ်းတွင် တမန်တော်ပေါလု သက်သေအထောက်အထား ပြထားပါသည်။ ‘ယေရှုခရစ် အစအဦး ဟောတော်မူသော ကယ်တင်တော်မူခြင်းတရားကို နားမထောင်ဘဲ’ မနေရန် ယုံကြည်သူချင်းတို့အား တိုက်တွန်းခဲ့စဉ် “နောင်ကပ်ကမ္ဘာ [ဂရိ၊ အွိုင်ကိုမဲန်နီ] ကိုအုပ်စိုးရသောအခွင့်ကို” ယေရှုအား ယေဟောဝါပေးသနားတော်မူခဲ့ကြောင်း ပေါလုထောက်ခံပြောဆိုသည်။ (ဟေဗြဲ ၂:၃၊ ၅) ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် အွိုင်ကိုမဲန်နီဟူသောဝေါဟာရသည် ကောင်းကင်ဆိုင်ရာလောကကိုမဟုတ် လူသားနေထိုင်ရာ ကမ္ဘာမြေကြီးကို အမြဲရည်ညွှန်းပါသည်။ (မဿဲ ၂၄:၁၄; လုကာ ၂:၁; ၂၁:၂၆; တမန်တော် ၁၇:၃၁ နှိုင်းယှဉ်။) ထိုကြောင့် ခရစ်တော်ယေရှုအုပ်စိုးတော်မူမည့် ဘုရားသခင့်နိုင်ငံတော်သည် လူနေထိုင်ရာ ကမ္ဘာမြေကြီးကို စိုးမိုးတော်မူမည်။ ထိုနေရာသည် နေထိုင်စရာ စိတ်တိုင်းအကျဆုံးနေရာ အမှန်တကယ်ပင်ဖြစ်မည်တကား!

ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်နှင့်ဆိုင်မည် မှန်သော်လည်း ကမ္ဘာ့ရေးရာတွင် ပါဝင်စွက်ဖက်လိမ့်မည်တည်း။ အဘယ်အကျိုးများ သက်ရောက်လာအံ့နည်း။ မသန်မစွမ်းမှုများ၊ ရက်စက်ယုတ်မာမှုများ၊ ဆင်းရဲနွမ်းလျခြင်းနှင့် သေခြင်းသည် ရှေးဖြစ်ဖူးသောအရာများ ဖြစ်လိမ့်မည်။ စိတ်ပျက်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းပင်လျှင် ပပျောက်လိမ့်မည်။ (ဗျာဒိတ် ၂၁:၃-၅) ‘ဘုရားသခင်သည် လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူမည်’ ဟု သမ္မာကျမ်းစာဆိုသည်။ (ဆာလံ ၁၄၅:၁၆) အလုပ်လက်မဲ့ဖြစ်ခြင်း၊ ညစ်ညမ်းခြင်း အစရှိသည့်ပြဿနာများအတွက် လက်တွေ့ကျကျ အစဉ်တည်မြဲသော ဖြေရှင်းချက်ရှိလိမ့်မည်။ (ဟေရှာယ ၆၅:၂၁-၂၃; ဗျာဒိတ် ၁၁:၁၈) သို့သော် ထိုအရာများထက်မက ဘုရားသခင့်ကောင်းချီးကြောင့် သမ္မာတရား၊ တရားမျှတခြင်းနှင့် ငြိမ်သက်ခြင်း—ပျောက်ဆုံးနေဟန်ရှိသော အရည်အချင်းများ အောင်ပွဲခံမည်တည်း!—ဆာလံ ၈၅:၇-၁၃; ဂလာတိ ၅:၂၂၊ ၂၃။

ယင်းတို့အားလုံးသည် အိပ်မက်မျှ၊ စိတ်ကူးယဉ်ဘဝမျှ ဖြစ်ပါသလော။ မဟုတ်ပါ။ ကျွန်ုပ်တို့အသက်ရှင်နေထိုင်သည့် အခဲယဉ်းဆုံးအချိန်ကာလသည် ဤလောက၏ “နောက်ဆုံးကာလ” ဖြစ်ကြောင်း၊ ယင်းကြောင့်လည်း ကမ္ဘာသစ်နီးကြောင်း ထင်ရှားပါသည်။ (၂ တိမောသေ ၃:၁-၅) ထိုတွင် အသင်နေထိုင်လိုပါသလော။ မည်သို့နေထိုင်နိုင်မည်အကြောင်း ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာလေ့လာခြင်းအားဖြင့် သင်ယူပါလေ။ သင်အိပ်မက်မက်ဖူးသည်ထက် သာ၍ကောင်းသောကမ္ဘာ နီးကပ်နေပြီ။ ယင်းကား စိတ်ကူးယဉ်ဘဝမဟုတ်—ဖြစ်ရပ်မှန်ပင်တည်း!

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သာ၍ကောင်းသောကမ္ဘာ— များမကြာမီ ဖြစ်ရပ်မှန်ဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ