အခန်း၅
“ဓမ္မသစ်ကျမ်း”—သမိုင်းလော၊ ဒဏ္ဍာရီလော
“ဓမ္မသစ်ကျမ်းသည် ယနေ့ ကမ္ဘာ့စာပေများထဲတွင် အထူးစုံစမ်းစစ်ဆေးခြင်းခံရသောစာအုပ်ဟု ဆိုနိုင်သည်။” ဟန်းစ် ကွန်းက သူရေးသားသော “ခရစ်ယာန်တစ်ယောက်ဖြစ်သည်ဆိုရာဝယ်” စာအုပ်တွင် ဆိုထားသည်။ သူမှန်သည်။ လွန်ခဲ့သည့် အနှစ် ၃၀၀ ကျော်ကာလတွင် ခရစ်ယာန်ဂရိကျမ်းစာသည် ပို၍ပို၍ပင် စုံစမ်းစစ်ဆေးခံခဲ့ရသည်။ အခြားမည်သည့်စာပေထက်မဆို အထူးဂရုစိုက် စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာ လေ့လာဆန်းစစ်ခြင်းခံရသည်။
၁၊ ၂။ (နိဒါန်းအပါအဝင်။) (က) လွန်ခဲ့သည့် အနှစ် ၃၀၀ ကျော်က ခရစ်ယာန်ဂရိကျမ်းသည် မည်သို့ပြုမူခြင်းခံခဲ့ရသနည်း။ (ခ) ဆန်းစစ်လေ့လာသူအချို့က အဘယ်ထူးဆန်းသော ကောက်ချက်များကို ချခဲ့ကြသနည်း။
ဆန်းစစ်လေ့လာသူ အချို့၏ကောက်ချက်များမှာ ကိုးရိုးကားရားနိုင်လှသည်။ လွန်ခဲ့သော ၁၉ ရာစုတွင် ဂျာမနီနိုင်ငံမှ လပ်ဒ်ဝိဂ် နိုအက္ခက ယောဟန်ခရစ်ဝင်ကျမ်းကို နိုအက္ခအဆိုအရ ချစ်လှစွာသော တပည့်တော်ဖြစ်သူယုဒက စီ.အီး. ၆၀ ပြည့်နှစ်တွင် ရေးသားခဲ့သည်ဟု ကောက်ချက်ချသည်! ပြင်သစ်လူမျိုး ဂျိုးဇက် အားနက် ရီနန်က လာဇရု၏ထမြောက်ခြင်းသည် အံ့ဖွယ်အမှုပြုသူဖြစ်သည်ဟူသည့် ယေရှု၏အဆိုကိုထောက်ခံရန် လာဇရုကိုယ်တိုင်စီစဉ်ထားသော လိမ်လည်မှုတစ်ခုဖြစ်ဖွယ်ရှိသည်ဟု ယူဆသည်။ တစ်ဖက်တွင် ဂျာမန် ကျမ်းပညာရှင် ဂတ်စတဗ် ဗော့မာက သမိုင်းဝင်ယေရှုသည် မိမိကိုယ်ကို မေရှိယဖြစ်သည်ဟူသောအဆိုကို တင်သွင်းမည့်သူမဖြစ်နိုင်ဟု အခိုင်အမာပြောသည်။၁
၂ တစ်ဖက်တွင်မူ ဘရူနို ဘော်ယာက ယေရှုလုံးဝမရှိခဲ့ဟု ယတိပြတ်ယူမှတ်သည်! “သူက အစောပိုင်းခရစ်ယာန်ဘာသာတရားတွင် အမှန်တကယ်ဖန်တီးရှင်များမှာ ဖီလို၊ ဆီနာကာနှင့် ဂနော့စတစ်တို့ဖြစ်သည်ဟု အခိုင်အမာဆိုသည်။ နိဂုံးတွင် သူက သမိုင်းတွင်ပါသော ယေရှုဟူသည် တစ်ခါမျှမရှိခဲ့ကြောင်း . . . ခရစ်ယာန်ဘာသာတရား၏အစသည် ဒုတိယရာစုနှောင်းပိုင်းတွင်ဖြစ်ပြီး စတိုးယစ်ဝါဒလွှမ်းမိုးသည့် ယုဒဘာသာတရားမှပေါက်ဖွားလာကြောင်း အတိအလင်းပြောခဲ့သည်။”၂
၃။ သမ္မာကျမ်းစာနှင့်ပတ်သက်သည့် အဘယ်ထင်မြင်ယူဆချက်ကို လူအများက ဆက်၍စွဲကိုင်ထားသနည်း။
၃ ယနေ့ ဤကဲ့သို့သောအစွန်းရောက်အယူအဆများကို ကိုင်စွဲထားသူ အနည်းငယ်သာရှိတော့သည်။ သို့သော် ခေတ်သစ်ကျမ်းဂန်ပညာရှင်များ၏စာပေများကို သင်ဖတ်ကြည့်လျှင် လူအများက ခရစ်ယာန်ဂရိကျမ်းစာတွင် ဒဏ္ဍာရီပုံပြင်များ၊ ချဲ့ကားထားရာများပါသည်ဟု ယုံကြည်နေကြဆဲဖြစ်သည်ကို တွေ့ရှိရပေမည်။ မှန်ပါသလော။
ယင်းတို့ကို မည်သည့်အချိန်တွင် ရေးသားခဲ့သနည်း
၄။ (က) ခရစ်ယာန်ဂရိကျမ်းစာကို အဘယ်အချိန်တွင် ရေးသားခဲ့ကြောင်းသိရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ခရစ်ယာန်ဂရိကျမ်းစာရေးသားချိန်နှင့်ပတ်သက်သည့် ထင်မြင်ယူဆချက်အချို့ကား အဘယ်နည်း။
၄ ဒဏ္ဍာရီပုံပြင်များ ပေါ်လာဖို့အတွက် အချိန်လိုသည်။ ထို့ကြောင့် ထိုကျမ်းစောင်များကို မည်သည့်အချိန်တွင်ရေးသားသနည်းဟူသည့်မေးခွန်းသည် အရေးကြီးသည်။ သမိုင်းဆရာ မိုက်ကယ်ဂရန့်က ခရစ်ယာန်ဂရိကျမ်းစောင်များအား သမိုင်းဝင်ရေးသားခြင်းကို “ယေရှုသေပြီးနောက် အနှစ် သုံးလေးဆယ်” အကြာတွင် စတင်သည်ဟုဆိုသည်။၄ သမ္မာကျမ်းစာဆိုင်ရာ ရှေးဟောင်းသုတေသီ ဝီလျံဖော့က်စ်ဝဲလ် အောဘရိုက်က စီ.စီ. တော်ရီကို ကိုးကားကာ ဤသို့ကောက်ချက်ချသည်– “ခရစ်ဝင်ကျမ်းအားလုံးကို အေ.ဒီ. ၇၀ မတိုင်မီကရေးသားခဲ့သည်၊ ကားတိုင်တင်ခံရချိန်မှ အနှစ်နှစ်ဆယ်အတွင်း မရေးသားခဲ့သည့်အပိုင်းဟူ၍မရှိပါ။” အောဘရိုက်ကိုယ်တိုင်ကမူ ၎င်းကျမ်းတို့၏ရေးသားမှုသည် “အေ.ဒီ. ၈၀ ခန့်ထက် နောက်မကျဘဲ” ပြီးစီးခဲ့သည်ဟု ယူဆသည်။ အခြားသူတို့၏ခန့်မှန်းချက်များသည် အနည်းငယ်ခြားနားမှုရှိသော်လည်း အများစုကမူ “ဓမ္မသစ်ကျမ်း” ရေးသားခြင်းကို ပထမရာစုအကုန်ပိုင်းတွင် အပြီးသတ်ခဲ့သည်ဟု သဘောတူကြသည်။
၅၊ ၆။ သူတို့မှတ်တမ်းတင်ထားသည့် အဖြစ်အပျက်များ ဖြစ်ပျက်ပြီးနောက် မရှေးမနှောင်းတွင် ခရစ်ယာန်ဂရိကျမ်းစာကို ရေးသားခဲ့သည့်အချက်မှ ကျွန်ုပ်တို့ အဘယ်ကောက်ချက်ချသင့်သနည်း။
၅ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ အောဘရိုက်က ဤသို့ကောက်ချက်ချသည်– “ကျွန်ုပ်တို့ပြောနိုင်သည်မှာ အနှစ်နှစ်ဆယ်မှ ငါးဆယ် ကာလအတွင်း ယေရှုဟောကြားသည့် တရားတော်၏အနှစ်သာရနှင့် စကားလုံးအတိအကျတို့သည် သိသိသာသာပြောင်းလဲစရာအကြောင်းမရှိပါ။”၅ ပါမောက္ခ ဂယ်ရီ ဟာဘာမတ်စ်က ဤသို့ဖြည့်စွက်သည်– “ခရစ်ဝင်ကျမ်းများသည် ယင်းတို့ဖြစ်ပျက်ချိန်နှင့် မှတ်တမ်းတင်ချိန်မှာ အလွန်နီးသော်လည်း ရှေးသမိုင်းများမူ အဖြစ်အပျက်များဖြစ်ပျက်ပြီးနောက် ရာစုနှစ်နှင့်ချီ၍ကြာပြီးနောက်မှ ရေးသားဖော်ပြကြသည်။ သို့တိုင် ခေတ်သစ်သမိုင်းဆရာများသည် ဤမျှရှေးကျသောခေတ်ကာလများမှ အဖြစ်အပျက်များကို အောင်မြင်စွာ ထုတ်နုတ်တင်ပြနိုင်ကြသည်။”၆
၆ တစ်နည်းပြောရလျှင် ခရစ်ယာန်ဂရိကျမ်းစောင်များ၏ သမိုင်းနှင့်ပတ်သက်သည့်အပိုင်းများသည် ယုတ်စွအဆုံး လောကီသမိုင်းများနှင့်တန်းတူ ယုံကြည်စိတ်ချထိုက်သည်။ အမှန်မှာ အစောပိုင်းခရစ်ယာန်ဘာသာတရားအဖြစ်အပျက်များ ဖြစ်ပျက်ချိန်နှင့် ယင်းတို့ကို ရေးသားမှတ်တမ်းတင်ချိန်ကြား ဆယ်စုနှစ်အနည်းငယ်အတွင်း ဒဏ္ဍာရီပုံပြင်များပေါ်ပေါက်ကာ ကမ္ဘာချီလက်ခံစရာဖြစ်လာဖို့ အချိန်မလုံလောက်ပါ။
မျက်မြင်သက်သေထွက်ဆိုချက်
၇၊ ၈။ (က) ခရစ်ယာန်ဂရိကျမ်းစာကို ရေးသားဖြန့်ဝေချိန်တွင် မည်သူများ သက်ရှိထင်ရှားရှိနေသေးသနည်း။ (ခ) ပါမောက္ခ အက်ဖ်.အက်ဖ်. ဘရူးစ် ၏မှတ်ချက်အတိုင်း ကျွန်ုပ်တို့ အဘယ်သို့ကောက်ချက်ချရမည်နည်း။
၇ မှတ်တမ်းအများက မျက်မြင်သက်သေထွက်ဆိုချက်အကြောင်း ပြောဆိုထားသည့်အချက်ကိုထောက်လျှင် ယင်းသည် အထူးသဖြင့်မှန်ကန်သည်။ ယောဟန်ခရစ်ဝင်ကျမ်းကို ရေးသူက ဤသို့ဆိုသည်– “ထိုတပည့်တော် [ယေရှုချစ်တော်မူသော တပည့်တော်] ကား၊ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏။” (ယောဟန် ၂၁:၂၄) လုကာကျမ်းကို ရေးသူကလည်းဤသို့ဆိုသည်– “ရှေးဦးစွာမှစ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက်၊ နှုတ်[မြွက်]တော်မှုကိုဆောင်ရွက်သောသူတို့သည် . . . ငါတို့အားကြားပြောသည်။” (လုကာ ၁:၁၊ ၂) ယေရှုထမြောက်သည်ကို တွေ့မြင်ခဲ့သူများအကြောင်း တမန်တော်ပေါလုက ဤသို့ဆိုသည်– “ထိုသူတို့တွင် အများသောသူတို့သည် ယခုတိုင်အောင်အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။”—၁ ကောရိန္သု ၁၅:၆။
၈ ယင်းနှင့်ဆက်စပ်ပြီး ပါမောက္ခ အက်ဖ်.အက်ဖ်. ဘရူးစ်က ကောင်းကောင်းသတိပြုမိသည့်အချက်တစ်ခုကို ဖော်ပြခဲ့သည်– “အလွန်များပြားသော ယေရှု၏တပည့်တော်များသက်ရှိထင်ရှားလျက်ရှိပြီး အဘယ်အရာဖြစ်ပျက်ခဲ့သည်၊ အဘယ်အရာမူမဖြစ်ပျက်ခဲ့သည်တို့ကို သတိရနိုင်သေးသည့် ထိုအစောပိုင်းနှစ်များတွင် စာရေးဆရာအချို့ထင်မြင်ယူဆဖွယ်ရှိသကဲ့သို့ ယေရှု၏စကားနှင့်လုပ်ဆောင်ချက်များကို ထွင်ဖို့ဆိုသည်မှာ လုံးဝလွယ်ကူမည်မဟုတ်ပေ။ . . . တပည့်တော်များသည် မမှန်သည့်အရာများကို အရဲစွန့်၍ပြောမည်မဟုတ်ပါ (ဖြစ်ရပ်မှန်များကို တမင်ဉာဏ်ဆင်လိမ်လည်ဖို့ဆိုလျှင် ပို၍ဝေးသည်)၊ မျက်စိရှင်သူများက ယင်းတို့ကို ချက်ချင်းဖော်ထုတ်လိုက်မည်ဖြစ်သည်။ ယင်းနှင့်ဆန့်ကျင်လျက် မူရင်းတမန်တော်များဟောပြောချက်မှ ခိုင်မာသောအချက်တစ်ခုမှာ ကြားနာသူတို့သိရှိထားသည့်အကြောင်းကို ယုံယုံကြည်ကြည်ကိုးကားဖော်ပြခြင်းဖြစ်သည်၊ သူတို့က ‘ဤအရာများအတွက် ငါတို့သည်သက်သေဖြစ်ကြ၏’ ဟူ၍သာမဆိုဘဲ ‘သင်တို့သိကြသည့်အတိုင်း’ ဟူ၍ပါဆိုသည်။ (တမန်တော် ၂:၂၂)။”၇
ကျမ်းစာသားများကို ယုံကြည်စိတ်ချရ၏လော
၉၊ ၁၀။ ခရစ်ယာန်ဂရိကျမ်းစာနှင့်စပ်လျဉ်း၍ အဘယ်အရာကို ကျွန်ုပ်တို့ အသေအချာဆိုနိုင်သနည်း။
၉ ဤမျက်မြင်သက်သေတို့၏ ထွက်ဆိုချက်များကို မှန်မှန်ကန်ကန် မှတ်တမ်းတင်ခဲ့သော်လည်း နောက်ပိုင်းတွင် အဖျက်အဆီးများဝင်လာနိုင်သည်မဟုတ်လော။ တစ်နည်းဆိုရလျှင် မူရင်းစာပေများ ရေးသားပြီးစီးပြီးနောက်တွင် ဒဏ္ဍာရီပုံပြင်များ စတင်ဝင်ရောက်လာသည်မဟုတ်လော။ ခရစ်ယာန်ဂရိကျမ်းစာ၏ ကျမ်းစာသားများသည် အခြားမည်သည့်ရှေးစာပေထက်မဆို သာလွန်ကောင်းမွန်သောအခြေအနေရှိကြောင်း ကျွန်ုပ်တို့တွေ့မြင်ခဲ့ပြီးဖြစ်သည်။ သမ္မာကျမ်းစာ၏ ဂရိကျမ်းစာသားဆိုင်ရာ ကျမ်းဂန်ပညာရှင်များဖြစ်ကြသော ကာတ်နှင့် ဗာဗရာ အာလန်တို့သည် ရှေးခေတ်ဟောင်းမှ ယနေ့အထိ မပျက်မစီးကျန်ရစ်သော လက်ရေးမိတ္တူ ၅,၀၀၀ နီးပါးကို စာရင်းပြုစုထားရာ အချို့မှာ စီ.အီး. ဒုတိယရာစုအထိပင်ရှေးကျသည်။၈ ဤအထောက်အထားအစုအပုံ၏ ယေဘုယျထွက်ဆိုချက်အရ ကျမ်းစာသားများသည် အခြေခံအားဖြင့် ခိုင်လုံပါသည်။ ထို့အပြင် ကျမ်းစာသားများ မှန်ကန်တိကျမှုရှိကြောင်း သက်သေပြရန် အထောက်အကူပြုသည့် ရှေးဘာသာပြန်ကျမ်းများစွာရှိသည်၊ ယင်းတို့အနက်အစောဆုံးဘာသာပြန်ကျမ်းမှာ စီ.အီး. ၁၈၀ ခန့်ကဖြစ်သည်။၉
၁၀ ထို့ကြောင့် မည်သည့်ဘက်မှကြည့်ကြည့် မူရင်းကျမ်းရေးသူများ ၎င်းတို့၏စာစောင်များကို ရေးသားပြီးနောက် ဒဏ္ဍာရီပုံပြင်များသည် ခရစ်ယာန်ဂရိကျမ်းထဲသို့ စိမ့်ဝင်မလာကြောင်း သေချာစွာဆိုနိုင်ပါသည်။ ကျွန်ုပ်တို့ရရှိထားသော ကျမ်းစာသားများသည် အမှန်အားဖြင့် မူရင်းကျမ်းရေးသူများ အက္ခရာတင်ခဲ့သည့်အတိုင်းဖြစ်သည်၊ တစ်ခေတ်တည်းသား ခရစ်ယာန်တို့က ယင်းကိုလက်ခံကြသည့်အချက်က ယင်းသည်မှန်ကန်တိကျကြောင်း အတည်ပြုသည်။ သမ္မာကျမ်းစာ၏သမိုင်းမှန်ကန်မှုကို အခြားရှေးသမိုင်းများနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်နိုင်ပါသလော။ အတိုင်းအတာတစ်ခုအထိ ထိုသို့ပြုနိုင်ပါသည်။
မှတ်တမ်းမှတ်ရာအထောက်အထား
၁၁။ ခရစ်ယာန်ဂရိကျမ်းစာမှ သမိုင်းဝင်မှတ်တမ်းများကို ပြင်ပမှတ်တမ်းမှတ်ရာအထောက်အထားက အဘယ်အတိုင်းအတာအထိ ထောက်ခံသနည်း။
၁၁ အမှန်ဆိုရလျှင် ယေရှုနှင့် ကိုယ်တော်၏တမန်တော်များ၏ အသက်တာအဖြစ်အပျက်များနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာမှလွဲလျှင် မှတ်တမ်းမှတ်ရာအထောက်အထား အလွန်တရာနည်းပါးသည်။ ပထမရာစုတွင် ခရစ်ယာန်များသည် နိုင်ငံရေးတွင်မပါဝင်သည့် အတော်အတန်ငယ်သော အုပ်စုလေးမျှဖြစ်သောကြောင့် ဤသို့ဖြစ်ရန်ပင်ရှိသည်။ သို့သော် လောကီသမိုင်းအထောက်အထားက သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့ဖတ်ရသည့်အရာနှင့် သဘောညီညွတ်သည်။
၁၂။ နှစ်ခြင်းဆရာယောဟန်နှင့်ပတ်သက်၍ ဂျိုစီဖတ်စ်က ဘာပြောပြသနည်း။
၁၂ ဥပမာ၊ ဟေရုဒ်အန္တိပသည် အကြီးအကျယ် စစ်ရေးရှုံးနိမ့်ပြီးနောက် ဂျူးသမိုင်းဆရာ ဂျိုစီဖတ်စ်က စီ.အီး. ၉၃ ခုနှစ်တွင် ရေးသားကာဤသို့ဆိုသည်– “ဂျူးအချို့အတွက် ဟေရုဒ်၏စစ်တပ် ဖျက်ဆီးခံလိုက်ရခြင်းသည် နှစ်ခြင်းဆရာဟုခေါ်ကြသည့် ယောဟန်ကို ဆက်ဆံခဲ့ပုံအတွက် ဘုရားသခင် လက်စားချေမှု၊ တရားမျှတသည့်လက်စားချေမှုတစ်ခုဖြစ်သည်ဟု ယူမှတ်ကြသည်။ အကြောင်းမှာ ယောဟန်သည် လူကောင်းတစ်ယောက်ဖြစ်ပြီး ဂျူးများအား ဖြောင့်မတ်စွာအသက်ရှင်နေထိုင်ကြရန်၊ အချင်းချင်းအပေါ် တရားသဖြင့်ကျင့်ကြံပြုမူရန်၊ ဘုရားသခင်အပေါ် ရိုသေလေးစားရန် တိုက်တွန်းပေးခဲ့သူဖြစ်လျက်နှင့် ဟေရုဒ်က သူ့အားကွပ်မျက်ခဲ့သောကြောင့်ဖြစ်သည်။”၁၀ ထို့ကြောင့် နှစ်ခြင်းပေးသူယောဟန်သည် နောင်တရခြင်းအကြောင်းကိုဟောသော ဖြောင့်မတ်သူဖြစ်ကြောင်းနှင့် ဟေရုဒ်၏ကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်ကြောင်းဆိုထားသည့် ကျမ်းစာမှတ်တမ်းကို ဂျိုစီဖတ်စ်က အတည်ပြုပေးခဲ့သည်။—မဿဲ ၃:၁-၁၂; ၁၄:၁၁။
၁၃။ ယာကုပ်နှင့် ယေရှုကိုယ်တော်တိုင်တို့၏ သမိုင်းမှန်ကန်မှုကို ဂျိုစီဖတ်စ်က မည်သို့ထောက်ခံသနည်း။
၁၃ ဂျိုစီဖတ်စ်သည် ယေရှု၏မိတူဖကွဲညီတော် ယာကုပ်အကြောင်းကိုလည်း ဖော်ပြထားသည်။ သမ္မာကျမ်းစာအဆိုအရ ယာကုပ်သည် အစပိုင်းတွင် ယေရှု၏နောက်လိုက်မဟုတ်သော်လည်း နောက်ပိုင်းတွင် ယေရုရှလင်၌ ထင်ရှားသောအကြီးအကဲတစ်ဦးဖြစ်လာသည်။ (ယောဟန် ၇:၃-၅; ဂလာတိ ၁:၁၈၊ ၁၉) သူက ဤစကားများဖြင့် ယာကုပ်အဖမ်းခံရခြင်းအကြောင်းကို သက်သေထင်ရှားစေသည်– “[ယဇ်ပုရောဟိတ်မင်း အန္န] သည် ဂျူးလွှတ်တော်တရားသူကြီးများကို အစည်းအဝေးခေါ်ကာ ခရစ်တော်ဟုခေါ်သည့်ယေရှု၏ညီတော် ယာကုပ်အမည်ရှိသူတစ်ယောက်နှင့် အချို့သူများကို သူတို့ရှေ့သို့ ခေါ်သွင်းလေသည်။”၁၁ ရေးသားထားသောဤစကားများမှ ဂျိုစီဖတ်စ်က “ခရစ်တော်ဟုခေါ်သည့် ယေရှု” သည် တကယ်ရှိသော သမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်ဆင့်အတည်ပြုထောက်ခံခဲ့သည်။
၁၄၊ ၁၅။ တက္ကစီတပ်စ်က သမ္မာကျမ်းစာမှတ်တမ်းကို မည်သို့ထောက်ခံမှုပေးသနည်း။
၁၄ အခြားအစောပိုင်းစာရေးဆရာများကလည်း ဂရိကျမ်းစာတွင် ဖော်ပြထားသည့်အကြောင်းအရာများကို ရည်ညွန်းပြောဆိုကြသည်။ ဥပမာ၊ ခရစ်ဝင်ကျမ်းများတွင် ပါလက်စတိုင်းတစ်ခွင်ယေရှုဟောပြောခြင်းကို လူအများတုံ့ပြန်ကြကြောင်း ဖော်ပြထားသည်။ ပုန္တိပိလတ်က ကိုယ်တော်အား သေဒဏ်ချမှတ်ချိန်တွင် ကိုယ်တော်၏နောက်တော်လိုက်များသည် စိတ်ဇဝေဇဝါဖြစ်ကာ စိတ်အားလျော့ခဲ့ကြသည်။ များမကြာမီ အဆိုပါတပည့်တော်များသည် သူတို့၏သခင် ရှင်ပြန်ထမြောက်ပြီဟူသောသတင်းဖြင့် ယေရုရှလင်မြို့ကိုပြည့်စေသည်အထိ ရဲရင့်စွာဟောခဲ့ကြသည်။ နှစ်အနည်းငယ်အတွင်း ခရစ်ယာန်သာသနာသည် ရောမအင်ပါယာတစ်ခွင် ပြန့်ပွားခဲ့သည်။—မဿဲ ၄:၂၅; ၂၆:၃၁; ၂၇:၂၄-၂၆; တမန်တော် ၂:၂၃၊ ၂၄၊ ၃၆; ၅:၂၈; ၁၇:၆။
၁၅ ဤအမှန်တရားကို ခရစ်ယာန်ဘာသာတရား၏ မိတ်ဆွေမဟုတ်သော ရောမသမိုင်းဆရာ တက္ကဆီတပ်စ်က သက်သေခံခဲ့သည်။ စီ.အီး. ၁၀၀ ပြည့်နှစ်နောက်ပိုင်း များမကြာမီရေးသားရာတွင် ခရစ်ယာန်များအပေါ် နီရိုရက်ရက်စက်စက်နှိပ်စက်ညှဉ်းပန်းခြင်းအကြောင်းပြောကာ ဤသို့ထပ်၍ပြောသည်– “ဤဘာသာတည်ထောင်သူ ခရိုက်စ်တပ်စ်အား တိုင်ဘီးရီးယပ်စ်အုပ်ချုပ်ချိန်တွင် ဘုရင်ခံပုန္တိပိလတ်က သေဒဏ်စီရင်ချက်ချမှတ်သည်၊ အလွန်ဆိုးရွားသောအယူသီးမှုသည် တစ်ခဏမျှရပ်တန့်သွားသော်လည်း ဤရောဂါစတင်ရာဇာတိဖြစ်သည့် ယုဒနယ်တွင်သာမက မြို့တော် [ရောမ] တွင်ပင် တစ်ဖန်ပြန်ပေါ်လာသည်။”၁၂
၁၆။ သမ္မာကျမ်းစာတွင် ရည်ညွန်းထားသော အဘယ်သမိုင်းဝင်ဖြစ်ရပ်ကို စူတိုနီးယပ်စ်ကလည်း ရည်ညွန်းဖော်ပြခဲ့သနည်း။
၁၆ တမန်တော် ၁၈:၂ တွင် ကျမ်းရေးသူက “ယုဒလူအပေါင်းတို့သည် ရောမမြို့မှထွက်ခွာသွားရမည့်အကြောင်း၊ [ရောမဧကရာဇ်] ကလောဒိမင်း အမိန့်တော်ရှိသည်” ဟူသည့်အချက်ကို ရည်ညွန်းခဲ့သည်။ ဒုတိယရာစု ရောမသမိုင်းပညာရှင် စူတိုနီးယပ်စ်ကလည်း ဤနှင်ထုတ်ခြင်းအကြောင်းကို ရည်ညွန်းဖော်ပြထားသည်။ နတ်သားကလောဒီးယပ်စ်အမည်ရှိ သူ၏စာအုပ်တွင် သမိုင်းဆရာက ဤသို့ဆိုသည်– “ခရက်စတပ်စ်၏သွေးထိုးလှုံ့ဆော်မှုကြောင့် ဂျူးများက အဆက်မပြတ်နှောင့်ယှက်နေသည့်အတွက် သူ [ကလောဒီးယပ်စ်] သည် သူတို့အား ရောမမှ မောင်းထုတ်လိုက်သည်။”၁၃ ဤတွင်ပါသော ခရက်စတပ်စ်မှာ ယေရှုခရစ်ကို ရည်ညွန်းခြင်းဖြစ်လျှင်၊ ရောမမြို့တွင်ဖြစ်သည့် အဖြစ်သနစ်များအတိုင်း အခြားမြို့များတွင်လည်း ဆက်လက်ဖြစ်နေသည်ဆိုလျှင် ထိုအဓိကရုဏ်းများသည် ခရစ်တော် (ဆိုလိုသည်ကား ခရစ်တော်၏နောက်လိုက်များ) ၏လှုံ့ဆော်မှုကြောင့်မဟုတ်သည်မှာ အမှန်ပင်။ ယင်းအစား ၎င်းအဓိကရုဏ်းများသည် သစ္စာရှိရှိဟောပြောသည့် ခရစ်ယာန်တို့၏လုပ်ဆောင်မှုကို ဂျူးများက အကြမ်းဖက်တုံ့ပြန်ကြခြင်းဖြစ်သည်။
၁၇။ ဒုတိယရာစုတွင် ဂျက်စတင်မာတာ ရနိုင်သည့် အဘယ်အရင်းအမြစ်များက ယေရှု၏အံ့ဖွယ်အမှုများနှင့် ကိုယ်တော်၏သေခြင်းတို့နှင့်ပတ်သက်သည့် သမ္မာကျမ်းစာမှတ်တမ်းကို ထောက်ခံသနည်း။
၁၇ ဒုတိယရာစုဝက်တွင် ရေးသားသော ဂျက်စတင်မာတာက ယေရှု၏သေခြင်းကို ဤသို့ရည်ညွှန်းရေးသားခဲ့သည်– “ဤအဖြစ်အပျက်များ ဧကန်မုချဖြစ်ပျက်ခဲ့ကြောင်း ပုန္တိပိလတ်၏အက်ဥပဒေများမှ အသေအချာသိနိုင်သည်။”၁၄ ထို့အပြင် ဂျက်စတင်မာတာ၏အဆိုအရ ဤထပ်တူမှတ်တမ်းများက ယေရှု၏အံ့ဖွယ်အမှုများကို ဖော်ပြထားသည်။ ယင်းနှင့်ပတ်သက်ပြီး ဤသို့ဆိုသည်– “ဤအရာများကို သူပြုခဲ့ကြောင်း ပုန္တိပိလတ်၏အက်ဥပဒေများမှ သိရှိနိုင်သည်။”၁၅ ဤ “အက်ဥပဒေများ” သို့မဟုတ် တရားဝင်မှတ်တမ်းများ မရှိတော့သည်မှာမှန်ပါသည်။ သို့သော် ယင်းမှတ်တမ်းတို့သည် ဒုတိယရာစုတွင် အမှန်တည်ရှိခဲ့သည်၊ ထို့ကြောင့် ဂျက်စတင်မာတာက မိမိ၏စာရှုသူများအား မိမိပြောသည့်အရာ မှန်မမှန်စစ်ကြည့်ဖို့ ရဲရဲစိန်ခေါ်ခဲ့သည်။
ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထား
၁၈။ ပုန္တိပိလတ် သက်ရှိထင်ရှားရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနပညာက အဘယ်ထောက်ခံချက်ပေးသနည်း။
၁၈ ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုများက ဂရိကျမ်းစာတွင် ကျွန်ုပ်တို့ဖတ်ရှုသည့်အရာကို ရှင်းလင်းဖော်ပြပေးသည် သို့မဟုတ် အတည်ပြုပေးသည်။ သို့ဖြင့် ၁၉၆၁ ခုနှစ်တွင် ပုန္တိပိလတ်ဟူသောအမည်ကို ကဲသရိမြို့ရှိ ရောမဇာတ်ရုံတစ်ခု၏ အပျက်အယွင်းများထဲမှ ကမ္ပည်းကျောက်စာတစ်ခုတွင် တွေ့ရှိခဲ့ရသည်။၁၆ ဤရှာဖွေတွေ့ရှိမှုမတိုင်မီအထိ ဤရောမမင်းသက်ရှိထင်ရှားခဲ့သည့် အထောက်အထားသည် ကျမ်းစာမှအပ အလွန်တရာနည်းပါးခဲ့သည်။
၁၉၊ ၂၀။ (လုကာကျမ်းနှင့် တမန်တော်ဝတ္ထုတို့တွင်) လုကာဖော်ပြသည့် အဘယ်သမ္မာကျမ်းစာဆိုင်ရာပုဂ္ဂိုလ်များကို ရှေးဟောင်းသုတေသနပညာက မှန်ကန်ကြောင်း ထောက်ခံသနည်း။
၁၉ လုကာခရစ်ဝင်ကျမ်းတွင် နှစ်ခြင်းပေးသူယောဟန်သည် သူ၏အမှုဆောင်ခြင်းကို “အဘိလင်ပြည်၌ လုသာနိသည် စော်ဘွားအရာ” ရချိန်တွင် စတင်ခဲ့ကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ (လုကာ ၃:၁) ဤဖော်ပြချက်ကို အချို့က သံသယဝင်ကြသည်၊ အကြောင်းမှာ ဂျိုစီဖတ်စ်က အဘိလင်ပြည်ကို အုပ်ချုပ်သော လုသာနိသည် ယောဟန်မမွေးမီ နှစ်များစွာကဖြစ်သော ဘီ.စီ.အီး. ၃၄ ခုနှစ်တွင် သေဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြထား၍ဖြစ်သည်။ သို့သော် ရှေးဟောင်းသုတေသီများသည် အဘိလင်ပြည်တွင် လုသာနိနောက်တစ်ယောက်အကြောင်း ရေးထိုးထားသောကမ္ပည်းကျောက်စာတစ်ချပ်ကို တွေ့ရှိခဲ့ကြသည်၊ ထိုသူသည် ယောဟန် စတင်အမှုဆောင်ချိန်၌ ရောမကဲသာဘုရင်အဖြစ် တိုင်ဘီးရီးယပ်စ်အုပ်စိုးစဉ် ဘုရင်ခံ (ခရိုင်ဝန်) တစ်ဦးဖြစ်သည်။၁၇ ဤသူကား လုကာရည်ညွှန်းသည့် လုသာနိပင်ဖြစ်ကြောင်း လွယ်ကူစွာသိရှိနိုင်သည်။
၂၀ တမန်တော်ဝတ္ထုတွင် ပေါလုနှင့်ဗာနဗတို့သည် ဆိုက်ပရပ်စ်ကျွန်းတွင် ခရစ်ယာန်သာသနာပြုရန် စေလွှတ်ခံရကြောင်း၊ “ပညာသတိရှိ” သော သေရဂိပေါလုအမည်ရှိ မြို့ဝန်မင်းတစ်ယောက်နှင့်တွေ့ဆုံခဲ့ကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ (တမန်တော် ၁၃:၇) ၁၉ ရာစုအလယ်ပိုင်းတွင် ဆိုက်ပရပ်စ်ကျွန်းတွင် တူးဖော်ကြည့်ရာ ထိုပုဂ္ဂိုလ်အကြောင်းဖော်ပြထားသည့် စီ.အီး. ၅၅ ခုနှစ်မှ ကမ္ပည်းကျောက်စာတစ်ချပ်ကို တွေ့ရှိခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသီဂျီ. အဲန်းနက်စ်ရိုက်က ဤသို့ဆိုသည်– “ဤကား ကျွန်ုပ်တို့ရရှိထားသော ဤမြို့ဝန်နှင့်ပတ်သက်သည့် သမ္မာကျမ်းစာပြင်ပမှ ရည်ညွှန်းကိုးကားချက်တစ်ခုဖြစ်ပြီး လုကာက သူ၏အမည်နှင့် ဂုဏ်ပုဒ်ကို မှန်မှန်ကန်ကန် ဖော်ပြပေးသည်မှာ စိတ်ဝင်စားစရာပင်။”၁၈
၂၁၊ ၂၂။ သမ္မာကျမ်းစာမှတ်တမ်းပါ အဘယ်ဘာသာရေးအကျင့်ဓလေ့များကို ရှေးဟောင်းသုတေသနဆိုင်ရာရှာဖွေတွေ့ရှိမှုများက အတည်ပြုပေးခဲ့ပြီနည်း။
၂၁ အေသင်မြို့တွင် ရှိစဉ် ပေါလုသည် “ငါတို့မသိသောဘုရားသခင်အဖို့” သီးသန့်ရည်စူးထားသော ယဇ်ပလ္လင်တစ်ခုကို တွေ့ရှိခဲ့သည်ဟုဆို၏။ (တမန်တော် ၁၇:၂၃) အမည်မသိနတ်ဘုရားများအတွက် လက်တင်စကားဖြင့် သီးသန့်ရည်စူးထားသည့် ယဇ်ပလ္လင်များကို ရောမအင်ပါယာပိုင်နက်နယ်ပယ်များတွင် ရှာဖွေတွေ့ရှိခဲ့ရသည်။ အေသင်မြို့တွင် တွေ့ခဲ့ရသကဲ့သို့ ပါဂမမ်မြို့တွင်လည်း ဂရိဘာသာဖြင့်ရေးထိုးထားသည့် ကမ္ပည်းကျောက်စာပါသော ယဇ်ပလ္လင်တစ်ခုကို တွေ့ရှိခဲ့သည်။
၂၂ နောက်ပိုင်းတွင် ပေါလုသည် ဧဖက်မြို့တွင်ရှိစဉ် အာတေမိနတ်သမီး၏ ကျောင်းဆောင်များနှင့် နတ်ရုပ်များကိုပြုလုပ်၍ စီးပွားဖြစ်နေသည့် ငွေပန်းတိမ်သမားများ၏ အပြင်းအထန်အတိုက်အခံပြုမှုကို ခံခဲ့ရသည်။ ဧဖက်မြို့ကို “ကြီးမြတ်တော်မူသော အာတေမိ၏ဗိမာန်စောင့်” အဖြစ်ရည်ညွန်းဖော်ပြသည်။ (တမန်တော် ၁၉:၃၅၊ သမ္မာ) ယင်းနှင့်အညီပင် ရှေးဧဖက်မြို့နေရာဟောင်းတွင် မြေကြီးနှင့် စကျင်ကျောက်တို့ဖြင့်ပြုလုပ်ထားသော အာတေမိနတ်ရုပ်ငယ်များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ လွန်ခဲ့သည့်ရာစုနှစ်အတွင်း ထိုဗိမာန်ကြီး၏အကြွင်းအကျန်များကို တူးဖော်ခဲ့ကြသည်။
အမှန်တရားကိုဖော်ပြ
၂၃၊ ၂၄။ (က) ခရစ်ယာန်ဂရိကျမ်းစာ စာပေများ၏မှန်ကန်မှုနှင့်ပတ်သက်၍ အခိုင်လုံဆုံးသက်သေကို အဘယ်နေရာတွင် တွေ့ရသနည်း။ (ခ) သမ္မာကျမ်းစာမှတ်တမ်းပါ အဘယ်ပင်ကိုအရည်အသွေးက ယင်း၏အမှန်အကန်ဖြစ်မှုကို သက်သေထူသနည်း။ နမူနာပြပါ။
၂၃ ထို့ကြောင့် သမိုင်းနှင့် ရှေးဟောင်းသုတေသနပညာတို့က ဂရိကျမ်းစာ၏ သမိုင်းအခြေခံများကို ရှင်းလင်းဖော်ပြပေးသည့်အပြင် အတိုင်းအတာတစ်ခုအထိ အတည်ပြုပေးသည်။ သို့သော် ဤစာပေများ၏မှန်ကန်မှုကို ထောက်ခံသည့် အခိုင်မာဆုံးသက်သေမှာ ထိုကျမ်းများအတွင်း၌ပင်ပါရှိသည်။ ယင်းတို့ကို သင်ဖတ်ကြည့်လျှင် ဒဏ္ဍာရီနှင့်လုံးဝမတူပါ။ ၎င်းတို့၌ အမှန်တရားဖော်ပြလျက်ရှိသည်။
၂၄ တစ်ခုမှာ အလွန်ပင် ပွင့်လင်းခြင်းဖြစ်သည်။ ပေတရုနှင့်ပတ်သက်သည့်မှတ်တမ်းကို စဉ်းစားကြည့်ပါ။ ရေပေါ်တွင် သူဆက်၍လမ်းမလျှောက်နိုင်သောကြောင့် အရှက်ရသွားသည့်အကြောင်းအသေးစိတ်ဖော်ပြထားသည်။ ထို့နောက်တွင် အလွန်ရိုသေခြင်းခံရသော ဤတမန်တော်ကို ယေရှုက “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၁၄:၂၈-၃၁; ၁၆:၂၃၊ သမ္မာ) ထို့အပြင် ပေတရုသည် အခြားသူများ ယေရှုကိုစွန့်သွားလျှင်ပင် မိမိမူ ဘယ်တော့မျှစွန့်မည်မဟုတ်ကြောင်း အားတက်သရောကန့်ကွက်ငြင်းဆိုပြီးနောက် ပေတရုသည် ညစောင့်ကျချိန်တွင် အိပ်ပျော်နေခဲ့သည့်အပြင်နောက်ပိုင်းတွင် မိမိသခင်ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုခဲ့သည်။—မဿဲ ၂၆:၃၁-၃၅၊ ၃၇-၄၅၊ ၇၃-၇၅။
၂၅။ တမန်တော်များ၏ အဘယ်အားနည်းချက်များကို ကျမ်းစာရေးသူများက မကွယ်မထောက် ဖော်ပြထားသနည်း။
၂၅ သို့သော် ပေတရုတစ်ဦးတည်း၏ အားနည်းချက်များသာ အထုပ်ဖြေပြခံရသည်မဟုတ်ပါ။ ဤပွင့်လင်းသောမှတ်တမ်းက မည်သူသည်အကြီးမြတ်ဆုံးဖြစ်သည်နှင့်ပတ်သက်၍ တမန်တော်များ၏ ကတောက်ကဆဖြစ်မှုကို ဖုံးကွယ်မထားပါ။ (မဿဲ ၁၈:၁; မာကု ၉:၃၄; လုကာ ၂၂:၂၄) ယာကုပ်နှင့်ယောဟန်တို့၏မိခင်က ယေရှုထံတွင် မိမိသားများကို ကိုယ်တော့်နိုင်ငံတော်တွင် နေရာအကောင်းဆုံးပေးရန် တောင်းဆိုသည့်အချက်ကိုလည်း မခြွင်းမချန်ဖော်ပြထားသည်။ (မဿဲ ၂၀:၂၀-၂၃) ဗာနဗနှင့်ပေါလုတို့ “အပြင်းအထန်အငြင်းပွား” မှုအကြောင်းကိုလည်း မပျက်မကွက်ဖော်ပြထားသည်။—တမန်တော် ၁၅:၃၆-၃၉၊ သက။
၂၆။ ယေရှု၏ထမြောက်ခြင်းနှင့်ပတ်သက်သည့် အဘယ်အသေးစိတ်အချက်အလက်များသည် အမှန်ဖြစ်၍သာ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သနည်း။
၂၆ ယေရှုထမြောက်တော်မူခြင်းကို ဦးဆုံးသိရှိသူများမှာ “ဂါလိလဲပြည်ကကိုယ်တော်နှင့်အတူလာသော မိန်းမများ” ဖြစ်ကြောင်း လုကာကျမ်းကဆိုသည့်အချက်မှာလည်း မှတ်သားစရာဖြစ်သည်။ ယောက်ျားများလွှမ်းမိုးထားသော ပထမရာစုလူ့အဖွဲ့အစည်းတွင် ဤသို့သောအသေးစိတ်ဖော်ပြချက်မျိုးသည် အလွန်တရာဖြစ်တောင့်ဖြစ်ခဲသည်။ အမှန်မှာ မှတ်တမ်းအရ ထိုမိန်းမများပြောသည့်စကားသည် တမန်တော်များအတွက် “ယုတ္တိမရှိ” ပေ။ (လုကာ ၂၃:၅၅–၂၄:၁၁၊ သက) အကယ်၍ ဂရိကျမ်းစာ၏သမိုင်းသာ မမှန်လျှင် ဤအချက်သည် ထွင်လုံးဖြစ်ရပေမည်။ သို့သော် တစ်စုံတစ်ယောက်သောသူက အဆိုပါ လေးစားခံရသောပုဂ္ဂိုလ်ကျော်များကို ယင်းသို့သောမြှောက်ပင့်ခြင်းမရှိသည့်ပုံစံဖြင့် ဇာတ်လမ်းတစ်ပုဒ်ကို အဘယ်ကြောင့် ထွင်မှာနည်း။ ဤအသေးစိတ်အချက်အလက်များသည် အမှန်အကန်ဖြစ်မှသာ ထည့်သွင်းထားမည်ဖြစ်သည်။
ယေရှု—အမှန်ရှိခဲ့သည့်ပုဂ္ဂိုလ်
၂၇။ ယေရှု၏သမိုင်းဝင်တည်ရှိခဲ့မှုကို သမိုင်းဆရာတစ်ဦးက မည်သို့သက်သေခံသနည်း။
၂၇ လူအများက သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် ယေရှုကို စိတ်ကူးယဉ်ဇာတ်လမ်းထဲမှဇာတ်ကောင်ဟု ယူမှတ်ထားကြသည်။ သို့သော် သမိုင်းပညာရှင် မိုက်ကယ်ဂရန့်က ဤသို့မှတ်ချက်ချသည်– “ပြုသင့်ရာဖြစ်သော သမိုင်းဝင်အကြောင်းအရာများတွင်ပါဝင်သော အခြားရှေးစာပေများအား လေ့လာရာ၌အသုံးပြုသည့် စံချိန်စံညွှန်းမျိုးကို ဓမ္မသစ်ကျမ်းလေ့လာရာတွင်လည်း အသုံးပြုမည်ဆိုလျှင် လုံးဝသံသယမဖြစ်ခဲ့သည့် အယူမှားသမိုင်းဝင်ပုဂ္ဂိုလ်ကျော်အများအပြား၏တကယ်တည်ရှိမှုကို ကျွန်ုပ်တို့မငြင်းပယ်နိုင်သကဲ့သို့ ယေရှု၏တည်ရှိခဲ့မှုကိုသာ၍ငြင်းပယ်နိုင်မည်မဟုတ်ပေ။”၁၉
၂၈၊ ၂၉။ ခရစ်ဝင်ကျမ်းလေးကျမ်းက ယေရှု၏ဥပဓိရုပ်တော်ကို တစ်ပုံစံတည်းဖော်ပြခြင်းသည် အဘယ်ကြောင့် ထူးခြားသည့်အဓိပ္ပာယ်ဆောင်သနည်း။
၂၈ သမ္မာကျမ်းစာထဲတွင် ယေရှု၏တည်ရှိမှုကိုသာမက ကိုယ်တော်၏ဥပဓိရုပ်တော်ကိုပါ အမှန်တရား၏ပြတ်သားသော ဖော်ပြချက်ဖြင့် ရှင်းရှင်းတွေ့ရသည်။ ထူးခြားသောဇာတ်ကောင်တစ်ယောက်ကို ဖန်တီးပြီး ထိုသူနှင့်ပတ်သက်၍ စာအုပ်တစ်အုပ်လုံးတွင် အစအဆုံးအကွက်မိမိပုံဖော်ဖို့ဆိုသည်မှာ မလွယ်ကူပေ။ အမှန်မရှိခဲ့ဖူးသည့် ဇာတ်ကောင်တစ်ယောက်တည်းအကြောင်းကို စာရေးဆရာလေးဦးက သီးခြားစီရေးပြီး ထိုဇာတ်ကောင်၏ပုံကို တစ်ပုံစံတည်းတူအောင် ဆွဲဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်သလောက်ပင်။ ခရစ်ဝင်ကျမ်းလေးကျမ်းစလုံးတွင် ဖော်ပြထားသောယေရှုသည် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည့်အချက်က ခရစ်ဝင်ကျမ်း၏မှန်ကန်မှုအတွက် ယုံကြည်လက်ခံလောက်သော အထောက်အထားဖြစ်သည်။
၂၉ မိုက်ကယ်ဂရန့်က အလွန်သင့်လျော်သည့်မေးခွန်းကို ကိုးကားခဲ့သည်– “ခရစ်ဝင်ကျမ်းထုံးတမ်းစဉ်လာအားလုံးက ခြွင်းချက်မရှိဘဲ နှစ်လိုဖွယ်ကောင်းသောလူရွယ်တစ်ဦးသည် အမှန်ပင်နာမည်ပျက်ရှိသော အမျိုးသမီးအမျိုးမျိုးအစားစားကြားတွင် လွတ်လွတ်လပ်လပ်သွားလာသော်လည်း အလွမ်းစိတ်၊ သဘာဝမကျမှု သို့မဟုတ် ဣန္ဒြေလုပ်လွန်းခြင်းစိုးစဉ်းမျှမရှိဘဲ အဘက်ဘက်တွင် ကိုယ်ကျင့်သိက္ခာတည်ကြည်ကြံ့ခိုင်မှုကို စောင့်ထိန်းသည့်အကြောင်းကို ထူးထူးခြားခြားခိုင်မာသက်ဝင်စွာဖြင့် ရေးသားနိုင်သည်မှာ မည်သို့ဖြစ်နိုင်ပါသနည်း။”၂၀ တစ်ခုတည်းသောအဖြေမှာ အဆိုပါပုဂ္ဂိုလ်သည် အမှန်တကယ်တည်ရှိခဲ့ပြီး ကျမ်းစာတွင်ဖော်ပြထားသည့်နည်းအတိုင်း ပြုမူခဲ့သည်။
သူတို့မယုံကြည်ရသည့်အကြောင်း
၃၀၊ ၃၁။ ခရစ်ယာန်ဂရိကျမ်းစာသည် အထောက်အထားအပြည့်အစုံရှိလျက်နှင့် လူအများက သမိုင်းအရတိကျမှန်ကန်မှုရှိသည်ဟု အဘယ်ကြောင့်လက်မခံကြသနည်း။
၃၀ ဂရိကျမ်းစာသည် သမိုင်းအမှန်ဖြစ်ကြောင်းပြောရန် ငြင်း၍မရသောအထောက်အထားရှိပါလျက်ကယ် အချို့သူများက အဘယ်ကြောင်းကြောင့် ဘူးခံနေကြသနည်း။ များစွာသောသူများက ဂရိကျမ်းစာမှအချို့အပိုင်းတို့ကို အစစ်အမှန်အဖြစ်လက်ခံကြသော်လည်း ယင်းတွင်ပါရှိသော အကြောင်းအရာတိုင်းကို လက်မခံဘဲငြင်းနေကြသည်မှာ အဘယ်ကြောင့်နည်း။ အဓိကအချက်မှာ ခေတ်သစ်ပညာတတ်များ မယုံကြည်လိုသည့်အရာများကို သမ္မာကျမ်းစာက မှတ်တမ်းတင်ထားသောကြောင့်ဖြစ်သည်။ ဥပမာ သမ္မာကျမ်းစာက ယေရှုသည် ပရောဖက်ပြုချက်များကို ပြည့်စုံစေရုံသာမက မြွက်လည်းမြွက်ကြားခဲ့သည်ဟုဆိုသည်။ ကိုယ်တော်သည် အံ့ဖွယ်အမှုများကို ပြုတော်မူခဲ့ကြောင်းနှင့် သေဆုံးပြီးနောက် ထမြောက်တော်မူကြောင်းကိုလည်း ဖော်ပြထားသည်။
၃၁ အရာရာကို သံသယဝင်နေသော ဤ ၂၀ ရာစုနှစ်တွင် အဆိုပါကိစ္စများသည် ယုံနိုင်ဖွယ်ရာမရှိပေ။ အံ့ဖွယ်အမှုများနှင့်ပတ်သက်၍ ပါမောက္ခ ဧဇရပီဂေါက ဤသို့မှတ်ချက်ချသည်– “ဝေဖန်ရေးသမားအချို့အနေဖြင့် အံ့ဖွယ်အမှုများ မဖြစ်ခဲ့ပါပြောရာ၌ အကြောင်းပြချက်ရှိသည်ဟူ၍ ယူဆသည့်သီးသန့်အကြောင်းတစ်ခုရှိသည်။”၂၁ ယေရှုသည် ကုသမှုပြုကောင်းပြုခဲ့မည်ဖြစ်သော်လည်း ‘ကိုယ်နှင့်စိတ်ဆက်စပ်’ သည့် စိတ်ဝေဒနာမျိုးသာဖြစ်သည်ဟု လက်ခံကြသည်။ ကျန်အံ့ဖွယ်အမှုများမှာ ထွင်လုံးများဖြစ်လျှင်ဖြစ်မည်၊ သို့တည်းမဟုတ် ပြောရာတွင် လိမ်လည်တင်ပြသွားသည့် တကယ့်ဖြစ်ရပ်များသာဖြစ်မည်ဟု အများစုက ရှင်းပြကြသည်။
၃၂၊ ၃၃။ လူအုပ်ကြီးအား ကျွေးမွေးခဲ့သည့် ယေရှု၏အံ့ဖွယ်အမှုကို အချို့သူများ မည်သို့ရှင်းပြရန် ကြိုးစားခဲ့ကြသနည်း၊ သို့သော် ယင်းသည် အဘယ်ကြောင့်ယုတ္တိမရှိသနည်း။
၃၂ ယင်းနှင့်ပတ်သက်၍ ဥပမာတစ်ခုအဖြစ် မုန့်အနည်းငယ်၊ ငါးနှစ်ကောင်ဖြင့် ပရိသတ် ၅,၀၀၀ ကျော်အား ယေရှုကျွေးမွေးခဲ့သည်ကို သုံးသပ်ကြည့်ပါ။ (မဿဲ ၁၄:၁၄-၂၂) ဆယ့်ကိုးရာစုကျမ်းဂန်ပညာရှိ ဟိန်ရိချ် ပေါလပ်စ်က အမှန်တကယ်ဖြစ်ခဲ့သည့်အရာကား ဤသို့ဖြစ်သည်ဟုဆို၏– ယေရှုနှင့်တမန်တော်တို့က လာရောက်နားထောင်ကြသော လူအုပ်ကြီး ဆာလောင်နေကြကြောင်း သိရှိလိုက်ကြသည်။ ထို့ကြောင့် ကိုယ်တော်သည် လူအုပ်ထဲရှိလူချမ်းသာများအတွက် ပုံသက်သေကောင်းပြရန် ဆုံးဖြတ်လိုက်လေသည်။ ကိုယ်တော်သည် မိမိနှင့်တမန်တော်များတွင်ရှိသည့် အနည်းငယ်သောအစားအစာကိုယူပြီး လူအုပ်ကြီးအား ဝေမျှပေးလေသည်။ မကြာမီ အစားအစာပါလာသည့် အခြားသူများလည်း ကိုယ်တော်၏စံနမူနာအတိုင်းလိုက်၍ လူတို့အား အစားအစာများ ဝေမျှပေးကြသည်။ နောက်ဆုံးတွင် လူအုပ်ကြီးတစ်ခုလုံး အစာစားလိုက်ရကြသည်။၂၂
၃၃ သို့သော် ဤအတိုင်းသာ အမှန်ဖြစ်ပျက်ခဲ့ပါမူ ယင်းသည်ထိမိလှသည့် ပုံသက်သေကောင်း၏ မှတ်သားလောက်ဖွယ် အထောက်အထားတစ်ခုဖြစ်ခဲ့ပေမည်။ ဤမျှစိတ်ဝင်စားစရာကောင်းပြီး အဓိပ္ပာယ်ရှိလှသော ဇာတ်လမ်းတစ်ခုကို အဘယ်ကြောင့် သဘာဝလွန်အံ့ဖွယ်အမှုတစ်ခုကဲ့သို့ ထင်ယောင်ထင်မှားဖြစ်အောင် လိမ်လည်တင်ပြရမှာနည်း။ အမှန်မှာ အံ့ဖွယ်အမှုများကို အံ့ဖွယ်အမှုမဟုတ်ဟု ကြိုးစားရှင်းပြမှုမှန်သမျှသည် ပြဿနာပြေလည်စေသည်ထက် ပြဿနာပို၍တက်စေသည်။ ၎င်းတို့အားလုံးသည် မှားယွင်းသော အယူအဆပေါ်တွင် အခြေပြုထားသည်။ သူတို့က အံ့ဖွယ်အမှုများသည် မဖြစ်နိုင်ဟူ၍ ယူဆခြင်းဖြင့် စတင်ကြသည်။ သို့သော် အဘယ်ကြောင့် ယင်းသို့ဖြစ်ရန်အကြောင်းရှိသနည်း။
၃၄။ အကယ်၍ သမ္မာကျမ်းစာထဲတွင် တိကျမှန်ကန်သော ပရောဖက်ပြုချက်နှင့် အမှန်ဖြစ်သော အံ့ဖွယ်အမှုမှတ်တမ်းများပါဝင်ခဲ့လျှင် ဤသည်က အဘယ်အရာကို သက်သေထူသနည်း။
၃၄ ကျိုးကြောင်းညီညွတ်မှုအရှိဆုံး စံနှုန်းများအရ ဟေဗြဲကျမ်းစာနှင့် ဂရိကျမ်းစာတို့သည် သမိုင်းအစစ်အမှန်ဖြစ်ကြသည်။ သို့သော် နှစ်ကျမ်းစလုံး၌ ပရောဖက်ပြုချက်နှင့် အံ့ဖွယ်အမှုများ၏နမူနာများပါရှိသည်။ (၄ ဓမ္မရာဇဝင် ၄:၄၂-၄၄ နှိုင်းယှဉ်။) သို့ဆိုလျှင် ပရောဖက်ပြုချက်များသည် အစစ်အမှန်ဖြစ်ခဲ့ပါက အသို့နည်း။ အံ့ဖွယ်အမှုတို့သည် အမှန်ပင်ဖြစ်ခဲ့လျှင်ကော အသို့နည်း။ သို့ဖြစ်လျှင် သမ္မာကျမ်းစာကို ရေးသားမှု၏နောက်ကွယ်တွင် အမှန်ပင် ဘုရားသခင်ရှိနေမည်ဖြစ်ရာ သမ္မာကျမ်းစာသည် လူ့နှုတ်ထွက်စကားမဟုတ်ဘဲ ကိုယ်တော်၏နှုတ်မြွက်စကားတော်စင်စစ်ဖြစ်ပေသည်။ လာမည့်အခန်းတစ်ခန်းတွင် ပရောဖက်ပြုချက်ဆိုင်ရာ မေးခွန်းအကြောင်းကို ကျွန်ုပ်တို့ဆွေးနွေးကြပါမည်၊ သို့သော် ဦးဆုံးအနေနှင့် အံ့ဖွယ်အမှုများကို သုံးသပ်ကြည့်ကြစို့။ အစောပိုင်းရာစုများတွင် အံ့ဖွယ်အမှုများဖြစ်ပျက်ခဲ့သည်ဟုယုံခြင်းသည် ဤနှစ်ဆယ်ရာစုတွင် ကျိုးကြောင်းညီညွတ်၏လော။
[စာမျက်နှာ ၆၆ ပါ အကျဉ်းဖော်ပြချက်]
ယေရှု၏ထမြောက်ခြင်းသည် အမှန်မဖြစ်ခဲ့ရိုးမှန်လျှင် ယင်းကိုဦးဆုံးတွေ့ရှိသူများမှာ အမျိုးသမီးအများဖြစ်ကြောင်း သမ္မာကျမ်းစာ အဘယ်ကြောင့်ရေးသားဖော်ပြသနည်း
[စာမျက်နှာ ၅၆ ပါ လေးထောင့်ကွက်]
ခေတ်သစ်ဝေဖန်မှုတွင် ချွတ်ယွင်းချက်ရှိနေ
ခေတ်သစ်သမ္မာကျမ်းစာဝေဖန်ရေး၏ မရေရာမသေချာသော သဘောသဘာဝအတွက် နမူနာတစ်ရပ်အဖြစ် ယောဟန်ခရစ်ဝင်ကျမ်းနှင့်ပတ်သက်သည့် ရေမွန် အီးဘရောင်း၏ ဤမှတ်ချက်များကို သုံးသပ်ကြည့်ပါ– “လွန်ခဲ့သည့်ရာစုနှစ်၏ အဆုံးပိုင်းနှင့် ဤရာစုနှစ်၏ အစောပိုင်းနှစ်များတွင် ပညာရှင်များသည် ဤခရစ်ဝင်ကျမ်းနှင့်ပတ်သက်၍ တစ်ဖက်စွန်းကျသည့် သံသယကာလကို ဖြတ်သန်းခဲ့သည်။ သူတို့က ယောဟန်ခရစ်ဝင်ကျမ်းကို အလွန်နောက်ကျမှရေးသည်ဟုဆိုကာ ဒုတိယရာစုနှစ်လယ်နောက်ပိုင်း မှရေးသားသည်ဟု ရက်စွဲသတ်မှတ်ကြသည်။ ဤကျမ်းသည် ဟေလနစ်ကမ္ဘာ၏ထုတ်ကုန်ပစ္စည်းဖြစ်သဖြင့် သမိုင်းဝင်တန်ဖိုးလုံးဝမရှိသည့်အပြင် ပါလက်စတိုင်းမှ နာဇရက်မြိုသားယေရှု . . . နှင့်လည်း မည်သည့်ဆက်စပ်မှုမျှမရှိဟု ယူမှတ်ခဲ့သည်။
“ရှေးဟောင်းသုတေသနပညာ၊ မှတ်တမ်းမှတ်ရာနှင့် ကျမ်းစာသားဆိုင်ရာ မမျှော်လင့်သည့်ရှာဖွေတွေ့ရှိမှုများကြောင့် အထက်ပါထင်မြင်ယူဆချက်တစ်ခုမကျန် ထိခိုက်ခဲ့ရသည်။ ဤတွေ့ရှိချက်များက ကျွန်ုပ်တို့အား အများကလုံးလုံးနီးပါးလက်ခံထားသည့် ဝေဖန်ရေးအမြင်သဘောထားများကို ပညာသားပါပါနှင့်စိန်ခေါ်စေနိုင်သည့်အပြင် ယောဟန်ကျမ်းနှင့်ပတ်သက်၍ အဆင့်မြင့်ဝေဖန်မှုအတွက်အားထားသည့် အခြေခံသည် အလွန်အထိမခံကြောင်းသိမြင်စေသည်။ . . .
“ဤခရစ်ဝင်ကျမ်းရေးသားသည့်ရက်စွဲသတ်မှတ်မှုကို ပထမရာစုနှစ်အကုန်ပိုင်း သို့မဟုတ် ထို့ထက်ပင်စောသည့်ကာလ . . . သို့ ရွှေ့လိုက်ခဲ့ကြသည်။ . . . ကျမ်းဂန်ပညာရှင်အချို့က ဇေဗေဒဲ၏သားယောဟန်သည် ဤခရစ်ဝင်ကျမ်းနှင့် ပတ်သက်မှုရှိနိုင်ကြောင်း တစ်ဖန်ထပ်၍အကြံပြုရဲလာကြသည်မှာ အထူးဆန်းဆုံးဖြစ်နိုင်ပေသည်”!၃
အစဉ်အလာအားဖြင့် ယောဟန်ရေးသားသည်ဟုယူမှတ်သည့် ဤကျမ်းကို ယောဟန်ရေးသားသည်ဟု ယုံကြည်ခြင်းသည် ထူးဆန်းသည်ဟု အဘယ်ကြောင့်ယူဆသင့်သနည်း။ ဝေဖန်ရေးသမားများ၏ တင်ကြိုယူဆထားသည့် အယူအဆများနှင့် အံမဝင်သောကြောင့်သာဖြစ်သည်။
[စာမျက်နှာ ၇၀ ပါ လေးထောင့်ကွက်]
သမ္မာကျမ်းစာကို တိုက်ခိုက်မှုနောက်တစ်ခုသာဖြစ်
တိမသီ ပီ. ဝီဘာက ဤသို့ရေးသားသည်– “အဆင့်မြင့်ဝေဖန်မှု၏တွေ့ရှိချက်များက လူဝတ်ကြောင်အများအား [သမ္မာကျမ်းစာပါ] အရာတစ်ခုခုအပေါ် သူတို့၏နားလည်နိုင်စွမ်းကို သို့လောသို့လောဖြစ်စေရန် တွန်းအားပေးခဲ့သည်။ . . . ‘ရိုမင်ကက်သလစ်ဘာသာနည်းတူ [အဆင့်မြင့်ဝေဖန်မှုက] ကျမ်းဂန်ပညာရှင်များသာ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အနက်ပြန်နိုင်သည်ဟု ယူမှတ်စေခြင်းဖြင့် သာမန်ပြည်သူတို့ထံမှ သမ္မာကျမ်းစာကို အမှန်ဖယ်ရှားပစ်လိုက်ကြသည်; ရောမသည် လူတစ်ဦးနှင့် ကျမ်းစာကြားတွင် ဘုန်းကြီးကိုကြားခံထားသကဲ့သို့ အဆင့်မြင့်ဝေဖန်မှုသည်လည်း ယုံကြည်သူနှင့် သမ္မာကျမ်းစာကြားတွင် ပညာတတ်ရှင်းလင်းဖော်ပြသူတစ်ဦးကို ကြားခံထားကြောင်း အေ.တီ.ပိုင်ယာစင်က ထုတ်ဖော်ပြောဆိုရာ၌ ဧဝံဂေလိအသင်းသားများ၏ စိတ်ပျက်အားလျော့နေမှုကို ဖော်ပြခဲ့သည်။’”၂၃ ဤသို့ဖြင့် ခေတ်သစ်အဆင့်မြင့်ဝေဖန်မှုသည် ကျမ်းစာကို တိုက်ခိုက်မှုနောက်တစ်ခုသာဖြစ်သည်ဟု ဆိုနိုင်ပါသည်။
[စာမျက်နှာ ၆၂ ပါ ရုပ်ပုံ]
ပါဂမမ်မြို့ရှိ ဤယဇ်ပလ္လင်သည် “ငါတို့မသိသောဘုရားများအတွက်” သီးသန့်ရည်စူးထားပုံရ
[စာမျက်နှာ ၆၃ ပါ ရုပ်ပုံ]
ဧဖက်မြို့သားများ အထူးဂုဏ်ယူခဲ့သည့် တစ်ချိန်က ခမ်းနားကြီးကျယ်ခဲ့သော အာတေမိနတ်သမီးဗိမာန်၏ အပျက်အယွင်း
[စာမျက်နှာ ၆၄ ပါ ရုပ်ပုံ]
ပေတရုသည် ယေရှုကိုမသိဟုငြင်းကြောင်း သမ္မာကျမ်းစာက မကွယ်မထောက်မှတ်တမ်းတင်ထား
[စာမျက်နှာ ၆၇ ပါ ရုပ်ပုံ]
ပေါလုနှင့်ဗာနဗတို့ “အပြင်းအထန်အငြင်းပွား” ကြကြောင်း သမ္မာကျမ်းစာက ပွင့်ပွင့်လင်းလင်းမှတ်တမ်းတင်ထားသည်
[စာမျက်နှာ ၆၈ ပါ ရုပ်ပုံ]
ခရစ်ဝင်ကျမ်းလေးကျမ်းတွင် ယေရှုနှင့်ပတ်သက်သည့် ပုံဖော်ချက် ညီညွတ်မှုသည် ယင်းတို့စစ်မှန်မှု၏ခိုင်လုံသောသက်သေတစ်ခုဖြစ်သည်
[စာမျက်နှာ ၆၉ ပါ ရုပ်ပုံ]
ခေတ်သစ်ဝေဖန်ရေးသမားအများစုက အံ့ဖွယ်အမှုများ မဖြစ်ခဲ့ပါဟု ယူမှတ်ကြသည်