ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gm အခန်း ၆ စာ. ၇၁-၈၆
  • အံ့ဖွယ်အမှုများ—ယင်းတို့အမှန်ပင် ဖြစ်ပျက်ခဲ့သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အံ့ဖွယ်အမှုများ—ယင်းတို့အမှန်ပင် ဖြစ်ပျက်ခဲ့သလော
  • သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချို့သူများ မယုံရသည့်အကြောင်းရင်း
  • သဘာဝနိယာမတရားများနှင့် ဆန့်ကျင်သလော
  • အတုအလိမ်များနှင့်ပတ်သက်၍ကော
  • ‘အံ့ဖွယ်အမှုများ ယခုမဖြစ်ပျက်ပါ’
  • ကျွန်ုပ်တို့ မည်သို့သိနိုင်သနည်း
  • သက်သေအခိုင်လုံဆုံး အံ့ဖွယ်အမှု
  • ဟာလာဟင်းလင်းဖြစ်နေသော သင်္ချိုင်းဂူ
  • သမားတော်လုကာ၏ကောက်ချက်
  • ရှင်ပြန်ထမြောက်သည့်ယေရှုကို သူတို့တွေ့ခဲ့ကြ
  • အံ့ဖွယ်အမှုများ အမှန်ဖြစ်ပျက်ခဲ့သည်
  • အံ့ဖွယ်အမှုများ—အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • အံ့ဖွယ်အမှုတွေကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေရှု၏အံ့ဖွယ်အမှုများ—အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ယေရှု ၏အံ့ဖွယ်အမှုများ—သင်အဘယ်အရာ သင်ယူနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
gm အခန်း ၆ စာ. ၇၁-၈၆

အခန်း၆

အံ့ဖွယ်အမှုများ—ယင်းတို့အမှန်ပင် ဖြစ်ပျက်ခဲ့သလော

စီ.အီး. ၃၁ ခုနှစ်၊ နေ့တစ်နေ့တွင် ယေရှုနှင့်တပည့်တော်တို့သည် ပါလက်စတိုင်းမြောက်ပိုင်းရှိ မြို့တစ်မြို့ဖြစ်သည့် နာဣနမြို့သို့ ခရီးနှင်နေကြသည်။ မြို့တံခါးဝအနီးသို့အရောက်တွင် အသုဘလိုက်ပို့သည့်လူတန်းနှင့် ဆုံမိသည်။ သေဆုံးသူမှာ လူငယ်တစ်ဦးဖြစ်သည်။ သွားလေသူ၏မိခင်မှာ သားတစ်ဦးတည်းသာရှိသော မုဆိုးမဖြစ်ရာ ယခုမူ သူတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ မှတ်တမ်းအရ ယေရှုသည် “ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ ‘မငိုနှင့်’ ဟုမိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကိုလက်နှင့်တို့တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏။ ကိုယ်တော်ကလည်း ‘အချင်းလုလင်၊ ထလော့၊ သင့်အားငါအမိန့်ရှိသည်’ ဟုမိန့်တော်မူလျှင်၊ သေသောသူသည် ထိုင်၍စကားပြော၏။”—လုကာ ၇:၁၁-၁၅။

၁။ (နိဒါန်းအပါအဝင်။) (က) နာဣနမြို့အနီးတွင် ယေရှု အဘယ်အံ့ဖွယ်အမှုကို ပြုခဲ့သနည်း။ (ခ) သမ္မာကျမ်းစာမှ အံ့ဖွယ်အမှုများသည် မည်မျှအရေးကြီးသနည်း၊ သို့သော်လည်း ၎င်းတို့ အမှန်တကယ်ဖြစ်ပျက်ခဲ့သည်ဟု လူအားလုံး ယုံကြည်ကြသလော။

စိတ်ကြည်နူးဖွယ် ဇာတ်လမ်းတစ်ပုဒ်ပင်၊ သို့သော် အမှန်ဖြစ်ပါသလော။ လူအများတို့အဖို့ ဤသို့သောအရာများ အမှန်ဖြစ်ပျက်ခဲ့ဖူးသည်ကို ယုံကြည်လက်ခံရန် ခပ်ခက်ခက်ပင်။ သို့သော် အံ့ဖွယ်အမှုများသည် သမ္မာကျမ်းစာမှတ်တမ်း၏ ပင်မလိုအပ်သော အင်္ဂါတစ်ရပ်ဖြစ်သည်။ သမ္မာကျမ်းစာကို ယုံကြည်ခြင်းဆိုသည်မှာ ထိုအံ့ဖွယ်အမှုများ ဖြစ်ပျက်ခဲ့သည်ကိုယုံကြည်ခြင်း ဟူသည့်အဓိပ္ပာယ်ပင်ဖြစ်သည်။ စင်စစ်အားဖြင့် သမ္မာကျမ်းစာအမှန်တရား၏ ပုံစံတစ်ခုလုံးသည် အလွန်အရေးပါသည့် အံ့ဖွယ်အမှုတစ်ခုဖြစ်သော ယေရှုခရစ်၏ ရှင်ပြန်ထမြောက်ခြင်းပေါ်တွင် တည်မှီနေသည်။

အချို့သူများ မယုံရသည့်အကြောင်းရင်း

၂၊ ၃။ အံ့ဖွယ်အမှုများ မဖြစ်ပျက်ခဲ့ကြောင်း သက်သေပြရန်ကြိုးပမ်းမှုတစ်ခုတွင် စကော့တလန် ဒဿနပညာရှင် ဒေးဗစ်ဟျူးမ် အသုံးပြုခဲ့သည့် ကျိုးကြောင်းဆင်ခြင်နည်းတစ်ခုကား အဘယ်နည်း။

၂ အံ့ဖွယ်အမှုများကို သင်ယုံသလော။ သို့တည်းမဟုတ် သင့်အနေဖြင့် ဤသိပ္ပံခေတ်တွင် အံ့ဖွယ်အမှုများ—ဆိုလိုသည်မှာ လူထက်အစွမ်းထက်သော ဝင်ရောက်စွက်ဖက်မှုပါရှိသည့် ထူးခြားဆန်းပြားသော အဖြစ်အပျက်များ—ကို ယုံကြည်ခြင်းသည် ယုတ္တိမတန်ဟု ယူဆသလော။ မယုံကြည်ပါက သင်သည် ပထမဆုံးသော မယုံကြည်သူမဟုတ်ပါ။ လွန်ခဲ့သည့်နှစ်နှစ်ရာမှ စကော့တလန် ဒဿနပညာရှင် ဒေးဗစ် ဟျူးမ်လည်း အလားတူပြဿနာမျိုး ကြုံခဲ့သည်။ သင်မယုံကြည်ရသည့် အကြောင်းရင်းများသည် သူနှင့်တူချင်တူနေမည်။

၃ အံ့ဖွယ်အမှုယုံကြည်ချက်နှင့်ပတ်သက်၍ ဟျူးမ်၏ကန့်ကွက်ချက်များတွင် အထင်ကရအချက် သုံးချက်ပါဝင်သည်။၁ ပထမအချက်၊ သူဤသို့ရေးသားထားသည်– “အံ့ဖွယ်အမှုသည် သဘာဝနိယာမတရားများကို ချိုးဖောက်ခြင်းဖြစ်သည်။” လူသားသည် ရှေးပဝေသဏီကတည်းက သဘာဝနိယာမတရားများပေါ်တွင် မှီခိုလာရသည်။ အရာဝတ္ထုတစ်ခုကို လွှတ်ချလျှင် အောက်သို့ကျမည်၊ နေသည် နံနက်တိုင်းထွက်၍ ညနေတိုင်း ဝင်မည် အစရှိသည်တို့ကို သူသိထားသည်။ အဖြစ်အပျက်များသည် မိမိရင်းနှီးနေသည့် ဤပုံစံများအတိုင်း အမြဲဖြစ်ပျက်နေမည်ဟု ပင်ကိုသဘာဝအလျောက် သူသိရှိထားသည်။ သဘာဝနိယာမတရားများကိုလွန်ဆန်ပြီး အဘယ်အရာမျှ ဖြစ်ပျက်မည်မဟုတ်။ ဤ ‘သက်သေအထောက်အထား’ သည် အံ့ဖွယ်အမှုများ ဖြစ်နိုင်ခြေမရှိကြောင်း သက်သေခံသည့် “အတွေ့အကြုံမှရရှိသော မည်သည့်အကြောင်းပြချက်နှင့်မဆို ထပ်တူထပ်မျှဖြစ်သည်” ဟုဟျူးမ်က ယူဆသည်။

၄၊ ၅။ အံ့ဖွယ်အမှုများ ဖြစ်နိုင်ခြေမရှိကြောင်း ဒေးဗစ်ဟျူးမ် တင်သွင်းသည့် အခြားအကြောင်းပြချက်နှစ်ခုကား အဘယ်နည်း။

၄ သူတင်ပြသည့် ဒုတိယအကြောင်းပြချက်မှာ လူတို့သည် လွယ်လင့်တကူ တစ်ပတ်ရိုက်ခံရတတ်သည်ဟုဆိုသည်။ အချို့တို့သည် အံ့ဩစရာများနှင့် အံ့ဖွယ်အမှုများကို ယုံကြည်ချင်ကြသည်။ အထူးသဖြင့် ဘာသာရေးနှင့်ပတ်သက်၍ဖြစ်သည်၊ အံ့ဖွယ်အမှုဟုခေါ်သည့် အရာအများသည် အတုအလိမ်များသာဖြစ်ကြသည်။ တတိယအကြောင်းပြချက်မှာ အံ့ဖွယ်အမှုများအကြောင်းကို များသောအားဖြင့် အသိဉာဏ်နည်းပါးသော ခေတ်ကာလများတွင် မှတ်တမ်းတင်ခဲ့ကြသည်။ ပညာတတ်များ များလာလေလေ အံ့ဖွယ်အမှုသတင်း ရေးသားဖော်ပြမှု နည်းသွားလေလေဖြစ်သည်။ ဟျူးမ်ဖော်ပြသကဲ့သို့ “ဤသို့သောအံ့ဖွယ်အဖြစ်အပျက်များ ကျွန်ုပ်တို့ခေတ်တွင် တစ်ခါမျှမဖြစ်ပျက်ဖူးပါ။” ထို့ကြောင့် အံ့ဖွယ်အမှုများသည် တစ်ခါမျှ မဖြစ်ပျက်ခဲ့သည်မှာ ထင်ရှားသည်ဟု သူယူမှတ်ခဲ့သည်။

၅ ယနေ့ထက်တိုင် အံ့ဖွယ်အမှုများကို ဆန့်ကျင်ကန့်ကွက်သည့် အကြောင်းပြချက်အများစုသည် ဤယေဘုယျစည်းမျဉ်းမူများကိုပင် လိုက်သဖြင့် ဟျူးမ်၏ကန့်ကွက်ချက်များကို တစ်ခုချင်း သုံးသပ်ကြည့်ကြစို့။

သဘာဝနိယာမတရားများနှင့် ဆန့်ကျင်သလော

၆။ အံ့ဖွယ်အမှုများသည် ‘သဘာဝနိယာမတရားများကို ချိုးဖောက်’ သည်ဟူသောအကြောင်းပြချက်ဖြင့် အံ့ဖွယ်အမှုများအယူအဆကို ကန့်ကွက်ခြင်းသည် အဘယ်ကြောင့် ယုတ္တိမတန်သနည်း။

၆ အံ့ဖွယ်အမှုများသည် ‘သဘာဝနိယာမတရားများကို ချိုးဖောက်’ သောကြောင့် အမှန်မဖြစ်နိုင်ဟူသည့် ကန့်ကွက်ချက်နှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ အပေါ်ယံကြည့်လျှင် ဤအကြောင်းပြချက်သည် တစ်ဖက်သားကျလောက်ပေသည်; သို့သော် အမှန်တကယ် အဘယ်အဓိပ္ပာယ်ရှိသည်ကို ဆန်းစစ်လေ့လာကြည့်ပါ။ များသောအားဖြင့် အံ့ဖွယ်အမှုတစ်ခုကို သာမန်သဘာဝနိယာမတရားများ၏ ဘောင်အပြင်ဘက်တွင် ဖြစ်ပျက်သည့်အရာဟု အနက်ဖွင့်နိုင်သည်။a အံ့ဖွယ်အမှုဆိုသည်မှာ အဖြစ်အပျက်တစ်ခုကို တွေ့မြင်လိုက်ရသူတို့က လူထက်သာလွန်သည့် ကြားဝင်စွက်ဖက်မှုကို တွေ့လိုက်ရသည်ဟု ယုံကြည်သက်ဝင်သွားသည့်အထိ လုံးဝမျှော်လင့်မထားသည့် အဖြစ်အပျက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဤကန့်ကွက်ချက်၏ အဓိပ္ပာယ်အမှန်မှာ ‘အံ့ဖွယ်အမှုများသည် ထူးဆန်းအံ့ဩဖွယ် အလွန်ကောင်းသောကြောင့် မဖြစ်နိုင်ပါ’ ဟုဆိုလိုနေခြင်းဖြစ်သည်။ ဤကဲ့သို့သော ကောက်ချက်မျိုးမချမီ အထောက်အထားကို သုံးသပ်ကြည့်ပါလေ။

၇၊ ၈။ (က) ကျွန်ုပ်တို့သိထားသည့် သဘာဝနိယာမတရားများနှင့်ပတ်သက်၍ ဖြစ်နိုင်သည့်အရာ၊ မဖြစ်နိုင်သည့်အရာအပေါ် သိပ္ပံပညာရှိတို့သည် အဘယ်နည်းများဖြင့် ပို၍အမြင်ကျယ်လာသနည်း။ (ခ) ဘုရားသခင်ကို ကျွန်ုပ်တို့ယုံကြည်သည်ဆိုလျှင် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သောအရာများကို ပြုလုပ်နိုင်သည့် ကိုယ်တော်၏စွမ်းရည်နှင့်ပတ်သက်၍ အဘယ်အရာကိုလည်း ယုံကြည်သင့်သနည်း။

၇ အမှန်မှာ ယနေ့ ပညာတတ်များအနေနှင့် ရင်းနှီးနေသော သဘာဝနိယာမတရားများသည် နေရာတိုင်းနှင့် အချိန်တိုင်းတွင် မှန်ကန်နေမည်ဖြစ်ကြောင်း အခိုင်အမာပြောရန် ဒေးဗစ်ဟျူးမ်လောက် အဆင်သင့်မဖြစ်ကြချေ။ သိပ္ပံပညာရှင်တို့သည် ရင်းနှီးနေသော ဒိုင်မင်းရှင်း (အတိုင်းအထွာ) သုံးခုဖြစ်သည့် အလျား၊ အနံ၊ အမြင့်တို့အပြင် စကြဝဠာတွင် နောက်ထပ် ဒိုင်မင်းရှင်းများစွာရှိနိုင်ကြောင်း မှန်းဆရန်အသင့်ရှိကြသည်။၂ သူတို့က ဧရာမကြယ်ကြီးများ သိပ်သည်းမှုအတိုင်းအဆမရှိသည့် အခြေအနေအထိ ၎င်းတို့ဘာသာ ပြိုပျက်ရာမှဖြစ်ပေါ်သော တွင်းမည်းများ တည်ရှိမှုအကြောင်း သီအိုရီထုတ်ကြသည်။ တွင်းမည်းတို့၏ အနီးဝန်းကျင်တွင် အာကာသ၏ဖွဲ့စည်းမှုသည် အလွန့်အလွန် ကမောက်ကမဖြစ်သွားသဖြင့် အချိန်ကိုယ်နှိုက်သည် ရပ်တန့်သွားသည်ဟုဆိုကြသည်။၃ သိပ္ပံပညာရှင်များက အချို့သောအခြေအနေမျိုးတွင် အချိန်သည် ရှေ့သို့မသွားဘဲ နောက်ပြန်သွားမသွားနှင့်စပ်လျဉ်း၍ပင် အငြင်းပွားခဲ့ကြသည်!၄

၈ ကမ်းဘရစ် တက္ကသိုလ်မှ လူကေရှန်း သင်္ချာပါမောက္ခ စတီဖင် ဒဗ္ဗလျူ. ဟော့ကင်က စကြဝဠာ စတင်ဖြစ်ပေါ်လာပုံအကြောင်း ဆွေးနွေးစဉ်က ဤသို့ဆိုသည်– “ဂန္ထဝင်မြောက် ယေဘုယျ ရီလေတီဗီတီ သီအိုရီ (theory of general relativity) အရ . . . စကြဝဠာ၏အစသည် အကန့်အသတ်မရှိသော သိပ်သည်းမှုနှင့် အာကာသ-အချိန် အခုံးတို့၏ အမှတ်ထူး (singularity) တစ်ခုဖြစ်ရပေမည်။ ထိုသို့သောအခြေအနေမျိုးအောက်တွင် သိရှိထားသော ရူပနိယာမအားလုံးသည် ပျက်ပြယ်သွားပေမည်။”၅ ထို့ကြောင့် ခေတ်သစ်သိပ္ပံပညာရှင်များက အဖြစ်အပျက်တစ်ခုသည် ပုံမှန်သဘာဝနိယာမတရားများနှင့် ဖီလာဆန့်ကျင်သောကြောင့် ဘယ်တော့မျှ မဖြစ်ပျက်နိုင်ဟူ၍ သဘောတူလက်ခံခြင်း မရှိကြချေ။ ဖြစ်ရိုးဖြစ်စဉ် မဟုတ်သောအခြေအနေများတွင် တစ်မူထူးသော အဖြစ်အပျက်များ ဖြစ်ပျက် နိုင် ပါသည်။ ကျွန်ုပ်တို့သည် တန်ခိုးအတိုင်းအဆမရှိသော ဘုရားသခင်ကို ယုံကြည်မည်ဆိုလျှင် ကိုယ်တော်သည် မိမိ၏ရည်ရွယ်ချက်နှင့် ကိုက်ညီသည့်အခါမျိုး၌ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော—အံ့သြဖွယ်ကောင်းသော—အဖြစ်အပျက်များကို ဖြစ်စေနိုင်သည့်အစွမ်းရှိကြောင်း မုချဝန်ခံသင့်ပေသည်။—ထွက်မြောက်ရာ ၁၅:၆-၁၀; ဟေရှာယ ၄၀:၁၃၊ ၁၅။

အတုအလိမ်များနှင့်ပတ်သက်၍ကော

၉။ အံ့ဖွယ်အမှုအချို့သည် အတုအလိမ်များဖြစ်သည်မှာ မှန်ပါသလော၊ သင့်အဖြေကို ရှင်းလင်းပြပါ။

၉ ဆင်ခြင်ဉာဏ်ရှိသော မည်သူမဆို အံ့ဖွယ်အမှု အတုများရှိသည်ကို ငြင်းဆိုမည်မဟုတ်ပါ။ ဥပမာ၊ အချို့က ဖျားနာသူများကို အံ့ဖွယ်ယုံကြည်မှုကုထုံးဖြင့် ကုသနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ ဆရာဝန်တစ်ဦးဖြစ်သော ဝီလျံ အေ. နိုလန်က ဤကဲ့သို့သောကုထုံးများကို အထူးလေ့လာဆန်းစစ်မှု ပြုခဲ့သည်။ သူသည် အမေရိကန်ပြည်ထောင်စုမှ ဧဝံဂေလိ ယုံကြည်မှုကုထုံးဆရာများကိုကော အာရှတိုက်မှ စိတ်တန်ခိုးဖြင့် ခွဲစိတ်ကုဆရာဟုခေါ်သူများ၏ ကုသမှုများစွာကိုပါ လေ့လာခဲ့သည်။ ရလဒ်ကား အသို့နည်း၊ တွေ့ရှိမှုအားလုံးသည် စိတ်ပျက်စရာ၊ လိမ်လည်မှုများသာဖြစ်သည်။၆

၁၀။ အံ့ဖွယ်အမှုအချို့သည် အတုအလိမ်ဖြစ်ကြောင်း သက်သေထူခဲ့သည့်အချက်က အံ့ဖွယ်အမှုမှန်သမျှသည် လိမ်လည်မှုဖြစ်သည်ဟု သင်ယူဆသလော။

၁၀ ဤကဲ့သို့သော လိမ်လည်မှုများကြောင့် အံ့ဖွယ်အမှု အစစ်အမှန်များ လုံးဝမဖြစ်ခဲ့ပါဟူသည့်အဓိပ္ပာယ်လော။ ဤသို့မဟုတ်ပေ။ ငွေစက္ကူအတု လည်ပတ်သုံးစွဲနေသည့်သတင်းကို တစ်ခါတစ်ရံ ကျွန်ုပ်တို့ကြားရတတ်သော်လည်း ငွေကြေးအားလုံး အတုဖြစ်သည်ဟူသည့်အဓိပ္ပာယ် မဆောင်ပါ။ ဖျားနာသူအချို့သည် သမားယောင်များဖြစ်ကြသည့် ဒေါက်တာရမ်းကုများကို အကြီးအကျယ်ယုံကြည်ပြီး ငွေအမြောက်အမြား အလိမ်ခံရကြသည်။ သို့သော် ဆရာဝန်အားလုံး ကလိန်ကျသည်ဟူသည့်အဓိပ္ပာယ် မဆောင်ပါ။ ပန်းချီဆရာအချို့သည် “ရှေးခေတ်ပညာကျော်များ” ၏ပန်းချီကားများကို အတုလုပ်ရာတွင် အလွန်တော်သည်။ သို့သော် ပန်းချီကားအားလုံး အတုဖြစ်သည်ဟူသည့်အဓိပ္ပာယ် မဆောင်ပါ။ ထိုနည်းတူ အံ့ဖွယ်အမှုဟုဆိုသည့်အရာအချို့သည် အတုဖြစ်ကြောင်း ထင်ရှားနေခြင်းကြောင့် အံ့ဖွယ်အမှု အစစ်အမှန်များသည် ဘယ်တော့မျှ မဖြစ်ပျက်နိုင်ဟူသည့်အဓိပ္ပာယ် မဆောင်ပါ။

‘အံ့ဖွယ်အမှုများ ယခုမဖြစ်ပျက်ပါ’

၁၁။ အံ့ဖွယ်အမှု ယူဆချက်နှင့်ပတ်သက်၍ ဒေးဗစ်ဟျူးမ်၏ တတိယကန့်ကွက်ချက်ကား အဘယ်နည်း။

၁၁ တတိယကန့်ကွက်ချက်ကို ဤအသုံးအနှုန်းဖြင့် အကျဉ်းချုပ်နိုင်သည်– “ထိုကဲ့သို့သောအံ့ဖွယ်အဖြစ်အပျက်များသည် ကျွန်ုပ်တို့ခေတ်တွင် တစ်ခါမျှမဖြစ်ပျက်ပါ။” ဟျူးမ်သည် အံ့ဖွယ်အမှုတစ်ခုကိုမျှ မမြင်ခဲ့ဖူးသောကြောင့် အံ့ဖွယ်အမှု ဖြစ်ပျက်နိုင်သည်ကိုယုံကြည်ဖို့ ငြင်းဆိုခြင်းဖြစ်သည်။ သို့သော် ဤသို့သောဆင်ခြင်စဉ်းစားမှုမျိုးသည် ရှေ့နောက်ညီညွတ်ခြင်းမရှိပါ။ စဉ်းစားဉာဏ်ရှိသည့် မည်သူမဆိုသည် အဆိုပါ စကော့တလန် ဒဿနပညာရှင်ခေတ်မတိုင်မီက သူ့အသက်တာတွင် ထပ်၍မဖြစ်တော့သည့် “အံ့ဖွယ်အဖြစ်အပျက်များ” ဖြစ်ပျက်ခဲ့ဖူးကြောင်း ဝန်ခံရမည်သာ။ အဘယ်အဖြစ်အပျက်များနည်း။

၁၂။ ယနေ့တည်ရှိလည်ပတ်နေသော သဘာဝနိယာမတရားများဖြင့် ရှင်းမပြနိုင်သည့် အဘယ်အံ့ဖွယ်အဖြစ်အပျက်များ အတိတ်ကာလတွင် ဖြစ်ပျက်ခဲ့သနည်း။

၁၂ တစ်ခုမှာ ကမ္ဘာပေါ် သက်ရှိစတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သက်ရှိပုံစံအချို့တွင် သိမှုပါရှိလာသည်။ နောက်ဆုံးတွင် လူသည် ဉာဏ်ပညာ၊ စိတ်ကူးဖန်တီးမှုစွမ်းရည်၊ မေတ္တာအရည်အသွေးနှင့် ကောင်းမကောင်း ပိုင်းခြားသိတတ်သည့်စိတ်တို့ဖြင့် ပေါ်ပေါက်လာသည်။ မည်သည့်သိပ္ပံပညာရှင်ကမျှ ယနေ့တည်ရှိလည်ပတ်နေသည့် သဘာဝနိယာမတရားများကိုအခြေပြုကာ ဤသဘာဝလွန်ဖြစ်ရပ်များ ဖြစ်ပျက်ခဲ့ပုံကို ရှင်းမပြနိုင်ပါ။ သို့သော် ကျွန်ုပ်တို့တွင် ၎င်းတို့ဖြစ်ပျက်ခဲ့သည့် သက်ရှိအထောက်အထား ရှိထားသည်။

၁၃၊ ၁၄။ ဒေးဗစ်ဟျူးမ်အတွက် အံ့သြဖွယ်ရာဖြစ်နိုင်သည့် အဘယ်အရာများ ယနေ့ အဆန်းမဟုတ်တော့သနည်း။

၁၃ ဒေးဗစ်ဟျူးမ်အချိန်နောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် “အံ့ဖွယ်လိလိ အဖြစ်အပျက်များ” နှင့်ပတ်သက်၍ကောအသို့နည်း။ ကျွန်ုပ်တို့သည် အချိန်ကိုနောက်ပြန်ဆုတ်သွားကာ ယနေ့ကမ္ဘာအကြောင်းကို သူ့အားပြောပြနိုင်သည် ဆိုကြပါစို့။ ဟမ်းဘာ့ဂ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မိုင်ပေါင်း ထောင်နှင့်ချီ၍ဝေးသည့် တိုကျိုမြို့မှ တစ်စုံတစ်ယောက်ကို အသံမြှင့်စရာမလိုဘဲ စကားပြောနိုင်သည့်အကြောင်း; စပိန်နိုင်ငံတွင်ကျင်းပသည့် ဘောလုံးပွဲကို ကစားနေသည့်အတိုင်း ကမ္ဘာတစ်ဝန်းမှ တွေ့မြင်နိုင်သည့်အကြောင်း; ဟျူးမ်ခေတ်က ပင်လယ်ကူးသင်္ဘောများထက် များစွာကြီးမားသည့် ယာဉ်ကြီးများသည် မြေမျက်နှာပြင်မှခွာ၍ လူပေါင်း ၅၀၀ ကိုတင်ဆောင်ကာ နာရီပိုင်းအတွင်း မိုင်ပေါင်းထောင်ချီ၍ လေထဲတွင် ပျံသန်းနိုင်သည့်အကြောင်းတို့ကို ကြိုးစားရှင်းပြနေသည့်အဖြစ်ကို မြင်ယောင်ကြည့်ပါ။ သူ၏တုံ့ပြန်မှုကို သင်တွေးကြည့်နိုင်ပါသလော။ ‘မဖြစ်နိုင်ဘူး! အဲ့လိုအံ့ဖွယ်လိလိ အဖြစ်အပျက်တွေ ကျုပ်တို့ခေတ်မှာ တစ်ခါမှမဖြစ်ခဲ့ဘူး!’

၁၄ သို့သော် ဤကဲ့သို့သော ‘ထူးဆန်းအံ့ဩဖွယ်ရာများ’ သည် ကျွန်ုပ်တို့ ခေတ်တွင် ဖြစ်ပျက်နေသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူတို့သည် ဟျူးမ် မတွေးမိသည့် သိပ္ပံနိယာမတရားများကို အသုံးပြုကာ တယ်လီဖုန်း၊ ရုပ်မြင်သံကြားစက်နှင့် လေယာဉ်များကို တည်ဆောက်လာနိုင်၍ဖြစ်သည်။ သို့ဖြစ်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ နားမလည်နိုင်သေးသည့်နည်းများဖြင့် အတိတ်ကာလ တစ်ချိန်ချိန်၌ ကျွန်ုပ်တို့အမြင်အရ အံ့ဖွယ်အမှုဖြစ်သည့်အရာများကို ပြုတော်မူခဲ့ကြောင်းကိုယုံကြည်ရန် အလွန်ပင် ခက်ခဲပါသလော။

ကျွန်ုပ်တို့ မည်သို့သိနိုင်သနည်း

၁၅၊ ၁၆။ အံ့ဖွယ်အမှုများသာ အမှန်တကယ်ဖြစ်ပျက်ခဲ့လျှင် အဘယ်နည်းအားဖြင့်သာ ယင်းတို့အကြောင်းကို ကျွန်ုပ်တို့သိရှိနိုင်သနည်း။ သင့်အဖြေကို ဥပမာပေး၍ဖော်ပြပါ။

၁၅ အံ့ဖွယ်အမှုများ ဖြစ်ပျက်နိုင်ခဲ့ဖွယ်ရှိသည်ဟုပြောခြင်းမှာ ယင်းတို့အမှန်ဖြစ်ပျက်ခဲ့သည်ဟူ၍ မဆိုလိုသည်မှာအမှန်ပင်။ လွန်လေပြီးသော သမ္မာကျမ်းစာခေတ်ကာလများအတွင်း ဘုရားသခင်သည် ကမ္ဘာပေါ်ရှိ မိမိ၏အစေခံများအားဖြင့် စစ်မှန်သော အံ့ဖွယ်အမှုများကို ပြုတော်မူခဲ့ခြင်းရှိမရှိ ဤ ၂၀ ရာစုတွင် ကျွန်ုပ်တို့ မည်သို့သိနိုင်မည်နည်း။ ဤကဲ့သို့သောအရာများအတွက် အဘယ်အထောက်အထားမျိုး သင်မျှော်လင့်မည်နည်း။ တောတွင်းနေအိမ်မှ မြို့ကြီးပြကြီးသို့ အလည်အပတ်ခေါ်သွားခံရသော မဖွံ့ဖြိုးသေးသည့် လူမျိုးနွယ်စုဝင်တစ်ဦး၏ အခြေအနေကို မြင်ယောင်ကြည့်ပါ။ အိမ်ပြန်ရောက်သည့်အခါ ယဉ်ကျေးမှုအဆင့်အတန်း၏ အံ့သြဖွယ်ရာများအကြောင်းကို သူ၏အမျိုးသားချင်းတို့ကို သူမည်သို့ပြန်ပြောပြမည်နည်း။ မော်တော်ယာဉ်တစ်စင်း၏ လုပ်ဆောင်ပုံကိုဖြစ်စေ၊ လက်ဆွဲရေဒီယိုမှ တေးသံထွက်လာပုံကိုဖြစ်စေ သူရှင်းပြတတ်မည်မဟုတ်။ ကွန်ပျူတာအမှန်ရှိကြောင်း သူတည်ဆောက်မပြနိုင်ပါ။ သူလုပ်နိုင်သည့်အရာမှာ မြင်ခဲ့သမျှကို ပြောပြရုံသာဖြစ်သည်။

၁၆ ကျွန်ုပ်တို့၏အခြေအနေမှာ ထိုသူ၏ အမျိုးသားချင်းတို့၏ အခြေအနေနှင့်တူသည်။ ဘုရားသခင်သာ အံ့ဖွယ်အမှုများကို အမှန်ပြုတော်မူခဲ့မည်ဆိုလျှင် ထိုအကြောင်းတို့ကို ကျွန်ုပ်တို့ သိနိုင်သည့်တစ်ခုတည်းသောနည်းမှာ မျက်မြင်သက်သေများထံမှ ကြားသိရခြင်းသာဖြစ်မည်။ မျက်မြင်သက်သေများသည် အံ့ဖွယ်အမှုများ မည်သို့ဖြစ်ပျက်ကြောင်းကို ရှင်းမပြနိုင်သကဲ့သို့ တု၍လည်းလုပ်မပြနိုင်ပေ။ သူတို့မြင်တွေ့သမျှကို ကျွန်ုပ်တို့အား ပြောပြရုံသာပြောပြနိုင်မည်။ ရှင်းနေသည်မှာ မျက်မြင်သက်သေများသည် လှည့်စားခံရနိုင်သည်။ လွယ်လွယ်နှင့်လည်း ချဲ့ကားပြောတတ်၊ သတင်းမှားပေးတတ်ကြသည်။ သို့ဖြစ်လျှင် သူတို့၏ သက်သေခံချက်ကို ယုံကြည်ဖို့ဆိုလျှင် ထိုမျက်မြင်သက်သေများသည် သစ္စာရှိသူ၊ အရည်အသွေး မြင့်မားသူများဖြစ်ကြောင်း၊ ရည်ရွယ်ရင်းကောင်းရှိသူများ အမှန်ဖြစ်ကြောင်း အသေအချာ သိရှိဖို့လိုအပ်သည်။

သက်သေအခိုင်လုံဆုံး အံ့ဖွယ်အမှု

၁၇။ (က) သမ္မာကျမ်းစာတွင် သက်သေအခိုင်လုံဆုံး အံ့ဖွယ်အမှုကား အဘယ်နည်း။ (ခ) ယေရှုသေဆုံးခြင်းသို့ ဦးတည်စေခဲ့သည့် အခြေအနေများကား အဘယ်နည်း။

၁၇ သမ္မာကျမ်းစာထဲမှ သက်သေအခိုင်လုံဆုံး အံ့ဖွယ်အမှုမှာ ယေရှုခရစ်၏ ရှင်ပြန်ထမြောက်ခြင်းဖြစ်သဖြင့် ယင်းကို စမ်းသပ်ခံကိစ္စတစ်ရပ်အဖြစ် ထားကြပါစို့။ ဦးဆုံး၊ ဤမှတ်တမ်းတင်အချက်များကို သုံးသပ်ကြည့်ပါ– ယေရှုသည် နိသန်လ ၁၄ ရက်နေ့ညတွင် အဖမ်းခံရသည်—ယခုခေတ် သီတင်းပတ် ရေတွက်ပုံအရ ကြာသပတေးနေ့ညတွင် ဖြစ်ပျက်ခဲ့သည်။b ကိုယ်တော်သည် ဂျူးခေါင်းဆောင်များရှေ့မှောက် ခေါ်သွင်းခံရသည်၊ ထိုသူတို့က ကိုယ်တော်အား ဘုရားတရား ပြစ်မှားစော်ကားသည်ဟုစွပ်စွဲပြီး သေဒဏ်ခံထိုက်သည်ဟု ဆုံးဖြတ်ကြသည်။ ဂျူးခေါင်းဆောင်များသည် ယေရှုအား ရောမဘုရင်ခံ ပုန္တိပိလတ်မင်းထံ ခေါ်သွားကြသည်၊ ပိလတ်မင်းသည် ဂျူးခေါင်းဆောင်တို့၏ ဖိအားပေးအကျပ်ကိုင်မှုကို အညံ့ခံအရှုံးပေးကာ ကိုယ်တော်အားကွပ်မျက်ရန် လွှဲအပ်လိုက်သည်။ သောကြာနေ့ မွန်းလွဲပိုင်း—ဂျူးပြက္ခဒိန်အရ နိသန်လ ၁၄ ရက်ပင်ရှိဆဲ—တွင် ကိုယ်တော်သည် ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် ရိုက်ကပ်ခံရပြီး နာရီအနည်းငယ်အကြာတွင် သေဆုံးသွားလေသည်။—မာကု ၁၄:၄၃-၆၅; ၁၅:၁-၃၉။

၁၈။ သမ္မာကျမ်းစာအရ ယေရှုရှင်ပြန်ထမြောက်သည့်သတင်းသည် မည်သို့စတင် ပျံ့နှံ့ခဲ့သနည်း။

၁၈ ရောမစစ်သားတစ်ယောက်က ယေရှုသေမသေ သေချာစေရန် ကိုယ်တော်၏နံဘေးကို လှံဖြင့်ထိုးကြည့်ပြီးနောက် ယေရှု၏ရုပ်ကလာပ်ကို ဂူအသစ်တစ်ခုတွင် သင်္ဂြိုဟ်လိုက်သည်။ နောက်တစ်နေ့၊ နိသန်လ ၁၅ ရက် (သောကြာ/စနေနေ့) သည် ဥပုသ်နေ့ဖြစ်သည်။ သို့သော် နိသန်လ ၁၆ ရက်နေ့နံနက်—တနင်္ဂနွေနေ့နံနက်—တွင် တပည့်တော်အချို့သည် သင်္ချိုင်းဂူသို့သွားကြရာ ဟာလာဟင်းလင်းဖြစ်နေသည်ကို တွေ့ရကြသည်။ များမကြာမီ ယေရှုကို အသက်ရှင်လျက် တွေ့ရသည်ဟူသောသတင်း ပြန့်သွားလေသည်။ ဤသတင်းနှင့်ပတ်သက်၍ လူတို့၏ဦးဆုံးတုံ့ပြန်မှုမှာ ယနေ့လူတို့၏တုံ့ပြန်မှုအတိုင်းပင်—အယုံအကြည်မရှိ—ဖြစ်သည်။ တမန်တော်များပင် မယုံကြည်ခဲ့ကြချေ။ သို့သော် အသက်ရှင်သည့်ယေရှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရသည့်အခါတွင် ကိုယ်တော် သေခြင်းမှ အမှန်ပင် ထမြောက်ခဲ့ကြောင်း မလွဲမရှောင်သာ လက်ခံခဲ့ရသည်။။—ယောဟန် ၁၉:၃၁–၂၀:၂၉; လုကာ ၂၄:၁၁။

ဟာလာဟင်းလင်းဖြစ်နေသော သင်္ချိုင်းဂူ

၁၉-၂၁။ (က) ဂျက်စတင်မာတာ၏ အဆိုအရ ယေရှုရှင်ပြန်ထမြောက်ခြင်းအကြောင်း ခရစ်ယာန်များ ဟောပြောခြင်းကို ဂျူးများ မည်သို့တန်ပြန်ခဲ့ကြသနည်း။ (ခ) နိသန်လ ၁၆ ရက်နေ့တွင် ယေရှု၏သင်္ချိုင်းဂူနှင့်ပတ်သက်၍ အဘယ်အရာ အမှန်ဖြစ်ပျက်ခဲ့ကြောင်း ကျွန်ုပ်တို့တပ်အပ်ဆိုနိုင်သနည်း။

၁၉ ယေရှု ရှင်ပြန်ထမြောက်ခဲ့သလော၊ သို့မဟုတ် ဤအရာအားလုံးသည် လုပ်ကြံဖန်တီးမှုမျှသာလော။ ထိုခေတ်ကလူများ မေးခဲ့ဖွယ်ရှိသည့် အရာတစ်ခုမှာ သင်္ချိုင်းဂူထဲတွင် ယေရှု၏ရုပ်ကလာပ် ရှိနေသေးသလော ဟူ၍ဖြစ်သည်။ ယေရှုထမြောက်ခြင်းမရှိသည့် အထောက်အထားအဖြစ် သင်္ချိုင်းဂူတွင် ရှိနေသေးသည့် ကိုယ်တော်၏ရုပ်ကလာပ်ကို ဆန့်ကျင်သူများက ထောက်ပြနိုင်ခဲ့မည်ဆိုလျှင် ယေရှု၏နောက်တော်လိုက်များသည် ကြီးမားသည့်အဟန့်အတားနှင့် ရင်ဆိုင်ခဲ့ရပေမည်။ သို့သော် သူတို့ထောက်ပြနိုင်ခဲ့သည့်မှတ်တမ်း မရှိပါ။ ယင်းအစား သမ္မာကျမ်းစာအရ သူတို့သည် သင်္ချိုင်းဂူလုံခြုံရေး အစောင့်စစ်သားများအား ငွေထိုးပြီး ဤသို့ညွှန်ကြားသည်– “‘ညဉ့်အခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏တပည့်တို့သည်လာ၍ အလောင်းကိုခိုးသွားကြသည်’ ဟုသင်တို့ပြောကြလော့။” (မဿဲ ၂၈:၁၁-၁၃) ဂျူးခေါင်းဆောင်များသည် ဤသို့ပင်ပြုမူခဲ့ကြောင်း သမ္မာကျမ်းစာပြင်ပ အထောက်အထားကိုလည်း ကျွန်ုပ်တို့ရရှိထားသည်။

၂၀ ယေရှုသေဆုံးပြီးနောက် အနှစ်တစ်ရာခန့်အကြာတွင် ဂျပ်စတင်မာတာသည် ထရိုင်ဖိုနှင့် အပြန်အလှန်စကားပြောခြင်း အမည်ရှိ စာအုပ်ကိုရေးသားခဲ့သည်။ ၎င်းတွင် သူဤသို့ဆိုသည်– “အသင် [ဂျူးတို့] တို့သည် ရွေးချယ်ခန့်အပ်သူများကို ကမ္ဘာတစ်ဝန်းသို့စေလွှတ်ကာ ဘုရားမသိတရားမရှိသော မိစ္ဆာအယူဝါဒတစ်ခုသည် ကျွန်ုပ်တို့ ကားတိုင်တင်သတ်လိုက်သော ယေရှုအမည်ရှိ ဂါလိလဲနယ်သား လှည့်ဖြားသူတစ်ဦးမှ ပေါ်ပေါက်လာသည်၊ သို့သော် သူ၏တပည့်တို့က ညဘက်တွင် သူ့အား မြှုပ်နှံရာသင်္ချိုင်းဂူမှ ခိုးယူသွားကြသည်ဟု ကြေညာစေသည်။”၇

၂၁ ထရိုင်ဖိုသည် ဂျူးတစ်ယောက်ဖြစ်သည့်အတွက် ဂျပ်စတင်မာတာက ယုဒဘာသာကိုယှဉ်၍ ခုခံချေပကာ ခရစ်ယာန်ဘာသာကိုကာကွယ်ရန် ထရိုင်ဖိုနှင့် အပြန်အလှန်စကားပြောခြင်း ကို ရေးသားခဲ့ခြင်းဖြစ်သည်။ ဂျူးများက ခရစ်ယာန်များအား ယေရှု၏အလောင်းကို သင်္ချိုင်းဂူမှခိုးယူသွားသည်ဟု မစွပ်စွဲခဲ့လျှင် ဂျူးများ ထိုသို့စွပ်စွဲသည်ဟု ဂျက်စတင်မာတာက ပြောခဲ့ဖွယ်ရှိမည်မဟုတ်။ သို့မဟုတ်ပါက သူ့အား မုသားပြောသူအဖြစ် အလွယ်တကူ စွဲချက်တင်နိုင်ကြမည်ဖြစ်သည်။ ဂျူးများက ဤကဲ့သို့သောသတင်းလွှင့်ရန် တမန်များကို အမှန်တကယ် စေလွှတ်ခဲ့၍သာ ဂျက်စတင်မာတာက ဤကဲ့သို့ပြောခဲ့ခြင်းဖြစ်မည်။ စီ.အီး. ၃၃ ခုနှစ် နိသန်လ ၁၆ ရက်နေ့တွင် သင်္ချိုင်းဂူ ဟာလာဟင်းလင်းဖြစ်နေပြီး ယေရှုမထမြောက်ကြောင်း အထောက်အထားအဖြစ် သင်္ချိုင်းဂူထဲတွင် ယေရှု၏ရုပ်အလောင်းကို ထောက်မပြနိုင်၍သာ သူတို့ ထိုသို့သတင်းလွှင့်ခဲ့ခြင်းဖြစ်မည်။ ထို့ကြောင့် သင်္ချိုင်းဂူ ဟာလာဟင်းလင်းဖြစ်နေသောကြောင့် မည်သည့်အဖြစ်အပျက် ဖြစ်ပျက်ခဲ့သနည်း။ အလောင်းတော်ကို တပည့်တော်များ ခိုးယူခဲ့ကြသလော။ သို့မဟုတ် ယေရှု အမှန်ရှင်ပြန်ထမြောက်သည့် အထောက်အထားအဖြစ် အံ့ဖွယ်နည်းဖြင့် ယင်းကိုဖယ်ရှားလိုက်သလော။

သမားတော်လုကာ၏ကောက်ချက်

၂၂၊ ၂၃။ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းကို စေ့စေ့စပ်စပ်ဆန်းစစ်ခဲ့သည့် ပထမရာစုမှ ပညာတတ်တစ်ဦးကား အဘယ်သူနည်း၊ သူသည် အဘယ်သတင်းအရင်းအမြစ်များကို ရနိုင်ခဲ့သနည်း။

၂၂ ပထမရာစုတွင် အထောက်အထားကို အသေအချာသုံးသပ်ခဲ့သည့် အဆင့်မြင့်ပညာတတ်တစ်ဦးမှာ သမားတော် လုကာပင်ဖြစ်သည်။ (ကောလောသဲ ၄:၁၄) လုကာသည် သမ္မာကျမ်းစာတွင်ယခုအဝင်ဖြစ်သော ကျမ်းနှစ်စောင်ကို ရေးသားခဲ့သည်– တစ်ကျမ်းမှာ ခရစ်ဝင်ကျမ်း သို့မဟုတ် ယေရှု၏ဓမ္မအမှုတော်ဆိုင်ရာသမိုင်းဖြစ်ပြီး အခြားတစ်ကျမ်းမှာ တမန်တော်ဝတ္ထုဟုခေါ်ပြီး ယေရှုသေပြီးနောက်ပိုင်းနှစ်များတွင် ခရစ်ယာန်သာသနာ ပြန့်ပွားမှုသမိုင်းဖြစ်သည်။

၂၃ လုကာသည် သူ၏ခရစ်ဝင်ကျမ်းနိဒါန်းတွင် သူရရှိခဲ့သော ကျွန်ုပ်တို့မရရှိနိုင်တော့သည့် အထောက်အထားများစွာကို ရည်ညွှန်းကိုးကားထားသည်။ သူရှာဖွေကြည့်ရှုခဲ့သည့် ယေရှု၏သက်တော်စဉ်နှင့်ပတ်သက်သော မှတ်တမ်းမှတ်ရာများအကြောင်း သူပြောခဲ့သည်။ ယေရှု၏အသက်ရှင်ခြင်း၊ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့ကို ကိုယ်တိုင်တွေ့မြင်ခဲ့သူများနှင့် ပြောဆိုဆွေးနွေးခဲ့သည့်အကြောင်းကိုလည်း သူရေးမှတ်ထားသည်။ ထို့နောက် သူက “ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊ စေ့စေ့ဖွေရှာလိုက်စစ်” ခဲ့သည်ဟုဆိုသည်။ (လုကာ ၁:၁-၄) လုကာ၏သုတေသနပြုချက်သည် စေ့စပ်သေချာသည်မှာ ထင်ရှားသည်။ သူသည် သမိုင်းပညာရှင်ကောင်းတစ်ဦးလော။

၂၄၊ ၂၅။ သမိုင်းပညာရှင်တစ်ယောက်အနေဖြင့် လုကာ၏အရည်အချင်းကို လူအများက မည်သို့ရှုမြင်ခဲ့ကြသနည်း။

၂၄ ဖြစ်သည်ဟု လူအများက ထောက်ခံကြသည်။ လွန်ခဲ့သည့် ၁၉၁၃ ခုနှစ်တွင် ဆာ ဝီလျံ ရမ်စေးသည် ပို့ချချက်တစ်ခု၌ လုကာ၏စာပေလက်ရာများ၏ သမိုင်းစစ်မှန်မှုအကြောင်း မှတ်ချက်ပေးခဲ့သည်။ သူ၏ကောက်ချက်ကား အဘယ်နည်း။ “လုကာသည် ပထမတန်းစား သမိုင်းပညာရှင်ဖြစ်သည်; သူ၏ထုတ်ဖော်ပြောပြချက်များသည် ယုံကြည်စိတ်ချရသည့်အပြင် သူကိုယ်တိုင်သည်လည်း သမိုင်းဆိုင်ရာ မှန်ကန်သောစဉ်းစားဉာဏ် ရှိသူဖြစ်သည်။”၈ များမကြာသေးမီက သုတေသီများလည်း ထပ်တူကောက်ချက်များ ချခဲ့ကြသည်။ ရှင်သန်သောနှုတ်မြွက်စကားတော် အနက်ဖွင့်ကျမ်းက လုကာကျမ်းနှင့်ပတ်သက်သည့် အတွဲများအတွက် နိဒါန်းရေးရာ၌ “လုကာသည် သမိုင်းပညာရှင်လည်းဖြစ်သည် (တိကျမှန်ကန်သူလည်းဖြစ်သည်)၊ [ခရစ်ယာန်] ဓမ္မပညာရှင်လည်းဖြစ်သည်” ဟူ၍ဆိုထားသည်။

၂၅ မြောက်အိုင်ယာလန်မှ ဓမ္မဟောင်းကျမ်းဆိုင်ရာ ဂရိစာပါမောက္ခဟောင်း ဒေါက်တာ ဒေးဗစ် ဂွတ်ဒင်းက လုကာသည် “ဓမ္မဟောင်းကျမ်း သမိုင်းပညာရှင်များ၏ အစဉ်အလာနှင့် သူဆီးဒီးဒီးဇ် [ရှေးကမ္ဘာဟောင်းမှ အဆင့်အမြင့်ဆုံး သမိုင်းပညာရှင်တစ်ဦး] ၏အစဉ်အလာတို့တွင် ရှေးခေတ်သမိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ထိုသူတို့နည်းတူ သူလည်း အကြောင်းအရာဇာစ်မြစ်များကို ဆန်းစစ်ရာ၌လည်းကောင်း၊ အကြောင်းအရာများကို ရွေးချယ်ရာ၌လည်းကောင်း၊ ထိုအကြောင်းအရာများကို စီစဉ်နေရာချရာ၌လည်းကောင်း ဒုက္ခခံပြီး လုပ်ဆောင်ခဲ့မည်ဖြစ်သည်။ . . . သူဆီးဒီးဒီးဇ်သည် ဤနည်းစနစ်ကို သမိုင်းတိကျမှန်ကန်ရေး စိတ်ဇောနှင့်ပေါင်းစပ်ခဲ့သည်။ လုကာသည် ထိုထက်လျော့၍ လုပ်ဆောင်ခဲ့မည်ဟုယူဆရန် အကြောင်းမရှိပါ။”၉

၂၆။ (က) ယေရှုရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ လုကာက အဘယ်သို့ကောက်ချက်ချသနည်း။ (ခ) ဤကောက်ချက်နှင့်စပ်လျဉ်း၍ အဘယ်အရာက သူ့အား ခိုင်မာစေခဲ့ဖွယ်ရှိသနည်း။

၂၆ နိသန်လ ၁၆ ရက်နေ့တွင် ယေရှု၏သင်္ချိုင်းဂူ ဟာလာဟင်းလင်း ဖြစ်ရသည့်အကြောင်းနှင့်ပတ်သက်၍ အရည်အချင်းပြည့်ဝသည့် ၎င်းပညာတတ်က အဘယ်သို့ကောက်ချက်ချသနည်း။ သူ၏ခရစ်ဝင်ကျမ်းနှင့် တမန်တော်ဝတ္ထု နှစ်ကျမ်းစလုံးတွင် ယေရှု သေခြင်းမှထမြောက်သည့်အကြောင်းကို ဖြစ်ရပ်မှန်အဖြစ် မှတ်တမ်းတင်ထားသည်။ (လုကာ ၂၄:၁-၅၂; တမန်တော် ၁:၃) ယင်းနှင့်ပတ်သက်၍ သူလုံးဝ သံသယမဖြစ်ပါ။ ရှင်ပြန်ထမြောက်ခြင်း အံ့ဖွယ်အမှုအပေါ်ထားရှိသည့် သူ၏ယုံကြည်ခြင်းသည် ကိုယ်ပိုင်အတွေ့အကြုံများကြောင့် ပို၍သန်မာလာခြင်းဖြစ်နိုင်သည်။ သူသည် ထိုရှင်ပြန်ထမြောက်ခြင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ဖြစ်ဟန်မတူသော်လည်း တမန်တော်ပေါလုပြုခဲ့သည့် အံ့ဖွယ်အမှုများကို မြင်တွေ့ခဲ့ရသည်ဟု သူအစီရင်ခံထားသည်။—တမန်တော် ၁၄:၈-၁၀; ၂၀:၇-၁၂; ၂၈:၈၊ ၉။

ရှင်ပြန်ထမြောက်သည့်ယေရှုကို သူတို့တွေ့ခဲ့ကြ

၂၇။ ရှင်ပြန်ထမြောက်သောယေရှုကို တွေ့မြင်ခဲ့သည်ဟု ဆိုသူအချို့ကား အဘယ်သူများနည်း။

၂၇ အစဉ်အလာအရ ခရစ်ဝင်ကျမ်းနှစ်ကျမ်းသည် ယေရှုကို သိကျွမ်း၍ ကိုယ်တော်သေဆုံးသည်ကို တွေ့မြင်သည့်အပြင် ထမြောက်တော်မူပြီးနောက် ကိုယ်တော်ကို အမှန်တကယ် တွေ့မြင်ခဲ့ရသည်ဟုဆိုသူတို့ ရေးသားခဲ့ရာဖြစ်ကြောင်း ယူမှတ်ခံရသည်။ ထိုသူတို့မှာ အခွန်ခံဟောင်း တမန်တော်မဿဲနှင့် ယေရှုချစ်သောတမန်တော် ယောဟန်တို့ဖြစ်ကြသည်။ ကျမ်းရေးသူနောက်တစ်ဦးဖြစ်သည့် တမန်တော်ပေါလုကလည်း ထမြောက်သည့် ခရစ်တော်ကို မြင်တွေ့ခဲ့ရသည်ဟုဆိုသည်။ ထို့အပြင် ပေါလုက ယေရှုသေဆုံးပြီးနောက် ကိုယ်တော်ကို အသက်ရှင်လျက် တွေ့ခဲ့ရသည့်အခြားသူများ၏ အမည်စာရင်းများကို တင်ပြသည့်အပြင် တစ်ကြိမ်တွင် ယေရှုသည် “ညီအစ်ကိုငါးရာမက” ရှေ့တွင်ထင်ရှားပြသည်ဟု ဆိုထားသည်။—၁ ကောရိန္သု ၁၅:၃-၈။

၂၈။ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် ပေတရုအပေါ် မည်သည့်အကျိုး သက်ရောက်ခဲ့သနည်း။

၂၈ မျက်မြင်သက်သေအဖြစ် ပေါလုဖော်ပြသူတစ်ဦးမှာ ယေရှုကို ကလေးဘဝကတည်းက မုချသိကျွမ်းခဲ့သူ ယေရှု၏မိတူဖကွဲညီတော် ယာကုပ်ဖြစ်သည်။ နောက်တစ်ဦးမှာ တမန်တော်ပေတရုဖြစ်သည်; သမိုင်းပညာရှင်လုကာက ပေတရုသည် ယေရှုသေဆုံးပြီး သီတင်းပတ်အနည်းငယ်မျှ အကြာတွင် ကိုယ်တော်ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို မကြောက်မရွံ့သက်သေခံခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ (တမန်တော် ၂:၂၃၊ ၂၄) အစဉ်အလာအရ သမ္မာကျမ်းစာမှ ပေးစာနှစ်စောင်ကို ပေတရုရေးသားသည်ဟု ယူမှတ်ထားသည်။ ပထမစာစောင်တွင် ပေတရုက ယေရှုရှင်ပြန်ထမြောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာညောင်းခဲ့ပြီးဖြစ်သော်လည်း ၎င်းအဖြစ်အပျက်အပေါ် ထားရှိသည့်သူ၏ယုံကြည်ချက်သည် အစွမ်းထက်သော စေ့ဆော်အားတစ်ရပ် ဖြစ်နေသေးကြောင်း ဖော်ပြထားသည်။ သူဤသို့ရေးသားခဲ့သည်– “ယေရှုခရစ်ကို သေခြင်းမှထမြောက်စေသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တစ်ဖန်ဖြစ်ဖွားစေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။”—၁ ပေတရု ၁:၃။

၂၉။ ကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်ခြင်းကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသူများနှင့် စကားမပြောနိုင်သော်လည်း အဘယ်စွဲမှတ်ဖွယ်အထောက်အထားကို ကျွန်ုပ်တို့ရရှိနိုင်သနည်း။

၂၉ ထို့ကြောင့် လုကာသည် ယေရှုသေဆုံးပြီးနောက် ကိုယ်တော်ကိုတွေ့ခဲ့၊ စကားပြောခဲ့သည်ဟု ဆိုသူများနှင့် ဆွေးနွေးပြောဆိုနိုင်ခဲ့သကဲ့သို့ ထိုသူအချို့ ရေးသားခဲ့သည့်စကားများကို ကျွန်ုပ်တို့ ဖတ်ရှုနိုင်သည်။ ထိုသူတို့သည် အလိမ်ခံရသူများ ဟုတ်မဟုတ်၊ ကျွန်ုပ်တို့ကို လိမ်လည်ဖို့ကြိုးစားနေခြင်း ဟုတ်မဟုတ်၊ ထမြောက်သည့်ခရစ်တော်ကို သူတို့အမှန်တကယ် တွေ့မြင်ခဲ့ရခြင်း ရှိမရှိဆိုသည်တို့ကို ကျွန်ုပ်တို့ကိုယ်တိုင် ချင့်ချိန်နိုင်သည်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် သူတို့အလိမ်ခံရဖို့ အကြောင်းမရှိပါ။ သူတို့ထဲမှ တော်တော်များများမှာ ယေရှုသေဆုံးသည်အထိ ကိုယ်တော်၏ ရင်းနှီးသောမိတ်ဆွေများဖြစ်ကြသည်။ သူတို့ထဲမှအချို့သည် ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် ကိုယ်တော်ဝေဒနာခံစားရသည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ကြသည်။ စစ်သားက လှံဖြင့်ထိုးလိုက်သည့်ဒဏ်ရာမှ သွေးနှင့်ရေ စီးကျလာသည်ကို သူတို့တွေ့မြင်ခဲ့ရသည်။ ယေရှုသည် အမှန်ပင်သေဆုံးပြီဖြစ်ကြောင်း ထိုစစ်သားသိသကဲ့သို့ သူတို့လည်းသိကြသည်။ နောက်ပိုင်းတွင် သူတို့က ယေရှုကို အသက်ရှင်လျက်တွေ့ရှိကြောင်း၊ ကိုယ်တော်နှင့် အမှန်တကယ် စကားပြောဖြစ်ခဲ့ကြောင်း ဆိုကြသည်။ သူတို့သည် အလိမ်ခံရခြင်းမဖြစ်နိုင်ပါ။ သို့ဖြစ်လျှင် သူတို့သည် ယေရှုထမြောက်ခြင်းအကြောင်းပြောရာ၌ ကျွန်ုပ်တို့ကိုလှည့်ဖြားရန် ကြိုးစားနေခြင်းဖြစ်သလော။—ယောဟန် ၁၉:၃၂-၃၅; ၂၁:၄၊ ၁၅-၂၄။

၃၀။ ယေရှုရှင်ပြန်ထမြောက်သည်ကို ကိုယ်တိုင်တွေ့ မြင်ခဲ့သူများသည် အဘယ်ကြောင့် လိမ်ညာနေခြင်း မဖြစ်နိုင်သနည်း။

၃၀ ဤမေးခွန်းကိုဖြေဆိုရန် ကိုယ့်ကိုယ်ကို ဤသို့ပြန်မေးကြည့်ပါ– သူတို့ပြောနေသည့်အရာကို သူတို့ကိုယ်တိုင်ယုံကြည်သလော။ ယုံကြည်သည်မှာ သံသယမရှိပါ။ မျက်မြင်သက်သေများဟု ဆိုသူများအပါအဝင် ခရစ်ယာန်များအတွက် ယေရှုရှင်ပြန်ထမြောက်ခြင်းသည် သူတို့ယုံကြည်ချက်၏ အခြေအမြစ်တစ်ခုလုံးဖြစ်သည်။ တမန်တော်ပေါလုက ဤသို့ဆိုသည်– “ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ၊ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ။” (၁ ကောရိန္သု ၁၅:၁၄၊ ၁၇) ဤစကားသည် ရှင်ပြန်ထမြောက်သည့်ယေရှုကို တွေ့မြင်ခဲ့ရသည်ဟု လိမ်ပြောသူတစ်ဦး၏စကားနှင့် တူပါသလော။

၃၁၊ ၃၂။ ကနဦးခရစ်ယာန်တို့သည် အဘယ်စွန့်လွှတ်မှုများ ပြုခဲ့ကြသနည်း၊ ဤအချက်သည် ယေရှုထမြောက်ပြီဟူ၍ ၎င်းခရစ်ယာန်များပြောရာ၌ အမှန်ကိုပြောနေခြင်းဖြစ်ကြောင်း အဘယ်ကြောင့် ခိုင်လုံသောအထောက်အထားဖြစ်သနည်း။

၃၁ ထိုခေတ်က ခရစ်ယာန်တစ်ဦးဖြစ်ခြင်းဆိုသည်မှာ အဘယ်အဓိပ္ပာယ်ရှိသည်ကို စဉ်းစားကြည့်ပါ။ ဂုဏ်ရှိန်၊ ဩဇာအာဏာ၊ ဓနဥစ္စာ ရရှိသည်မဟုတ်ပါ။ ဤအရာများရဖို့ နေနေသာသာ၊ ကနဦးခရစ်ယာန်အများစုသည် သူတို့၏ယုံကြည်ခြင်းအတွက် ‘ကိုယ်ပစ္စည်းဥစ္စာများကို သူတစ်ပါး လုယူဖျက်ဆီးသည်ကို ဝမ်းမြောက်သောစိတ်နှင့်’ ခံယူခဲ့ကြသည်။ (ဟေဗြဲ ၁၀:၃၄) ခရစ်ယာန်ဘာသာဝင်ဖြစ်ရန် ကိုယ်ကျိုးစွန့်အသက်တာလမ်းစဉ် လိုက်ရကြသည့်အပြင် နှိပ်စက်ညှဉ်းပန်းခြင်းလည်းခံရသည်၊ အများအားဖြင့် အရှက်တကွဲ နာကျင်မှုဝေဒနာခံ၍ အသက်စွန့်ရကြသည်။

၃၂ ခရစ်ယာန်အချို့သည် တမန်တော်ယောဟန်ကဲ့သို့ ချမ်းသာကြွယ်ဝသည့် မိသားစုများမှ ဆင်းသက်လာသူများဖြစ်ကြသည်။ ယောဟန်၏ဖခင်သည် ဂါလိလဲနယ်တွင် ဝင်ငွေကောင်းသော ငါးဖမ်းလုပ်ငန်းလုပ်ခဲ့ကြောင်းထင်ရှားသည်။ အများအပြားမှာ တမန်တော်ပေါလုကဲ့သို့ ရှေ့ရေးအလားအလာကောင်း ရှိသူများဖြစ်ကြသည်။ သူသည် ခရစ်ယာန်ဘာသာကို လက်ခံချိန်တွင် နာမည်ကျော်ရဗ္ဗိဆရာ ဂါမလျေလ၏ တပည့်တစ်ဦးဖြစ်ခဲ့ဖူးရာ ဂျူးအုပ်စိုးသူများရှေ့တွင် ထင်ရှားကျော်ကြားမှု စတင်ရရှိခဲ့သည်။ (တမန်တော် ၉:၁၊ ၂; ၂၂:၃; ဂလာတိ ၁:၁၄) သို့သော် ထိုသူအားလုံးတို့သည် သေခြင်းမှ ယေရှုထမြောက်သည့် အဖြစ်မှန်အပေါ် အခြေခံသောသတင်းတရား ပြန့်ပွားရေးအတွက် ဤလောကကမ်းလှမ်းသည့် အခွင့်အလမ်းများကို ကျောခိုင်းခဲ့ကြသည်။ (ကောလောသဲ ၁:၂၃၊ ၂၈) မုသားပေါ်တွင် အခြေပြုကြောင်း သူတို့သိရှိထားသည့် လမ်းစဉ်တစ်ခုအတွက် အဘယ်ကြောင့် ဤကဲ့သို့ စွန့်လွှတ်အနစ်နာခံကြမှာနည်း။ အဖြေမှာ ခံကြမည်မဟုတ်ချေ။ အမှန်တရားပေါ် အခြေခံသည့် လမ်းစဉ်တစ်ခုအတွက် ဆင်းရဲခံရန်၊ အသေခံရန် သူတို့ အသင့်ရှိခဲ့ကြခြင်းဖြစ်သည်။

အံ့ဖွယ်အမှုများ အမှန်ဖြစ်ပျက်ခဲ့သည်

၃၃၊ ၃၄။ ရှင်ပြန်ထမြောက်ခြင်းသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သောကြောင့် သမ္မာကျမ်းစာမှ အခြားအံ့ဖွယ်အမှုများနှင့်ပတ်သက်၍ အဘယ်သို့ ဆိုနိုင်သနည်း။

၃၃ သက်သေအထောက်အထားသည် အမှန်ပင် အကြွင်းမဲ့ယုံကြည်လောက်ပေသည်။ ယေရှုသည် စီ.အီး. ၃၃ ခုနှစ် နိသန်လ ၁၆ ရက်တွင် သေရာမှ အမှန်ပင် ရှင်ပြန်ထမြောက်ခဲ့သည်။ ဤရှင်ပြန်ထမြောက်ခြင်း ဖြစ်ပျက်ခဲ့၍လည်း သမ္မာကျမ်းစာမှ အခြားသောအံ့ဖွယ်အမှုများသည် ဖြစ်ပျက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤအံ့ဖွယ်အမှုများအတွက်လည်း ကျွန်ုပ်တို့တွင် ခိုင်လုံသောမျက်မြင်သက်သေ ထွက်ဆိုချက်များရှိသည်။ ယေရှုကို သေရာမှ ထမြောက်စေသည့် တစ်ပါးတည်းသောတန်ခိုးရှင်က ယေရှုအား နာဣနမြို့မှ မုဆိုးမ၏သားကို ထမြောက်စေနိုင်စွမ်း ရှိစေတော်မူသည်။ ထိုမျှလောက်မကြီးမားသော်လည်း အံ့သြဖွယ်ရာပင်ဖြစ်သည့် ရောဂါပျောက်ကင်းခြင်း အံ့ဖွယ်အမှုများကို ယေရှုလုပ်ဆောင်နိုင်အောင်လည်း တန်ခိုးပေးတော်မူသည်။ လူအုပ်ကြီးကို အံ့ဖွယ်နည်းဖြင့် အစာကျွေးရာတွင် ကျောထောက်နောက်ခံပြုခဲ့သည်သာမက ယေရှု ရေပေါ်လမ်းလျှောက်နိုင်အောင်လည်း အစွမ်းပေးတော်မူခဲ့သည်။—လုကာ ၇:၁၁-၁၅; မဿဲ ၁၁:၄-၆; ၁၄:၁၄-၂၁၊ ၂၃-၃၁။

၃၄ ထို့ကြောင့် သမ္မာကျမ်းစာတွင် အံ့ဖွယ်အမှုများအကြောင်း ဖော်ပြသည့်အချက်က သမ္မာကျမ်းစာ၏ မှန်ကန်မှုနှင့်စပ်လျဉ်း၍ သံသယဖြစ်စရာအကြောင်း မဟုတ်ပါ။ ယင်းအစား သမ္မာကျမ်းစာခေတ်တွင် အံ့ဖွယ်အမှုများ ဖြစ်ပျက်ခဲ့သည်ဟူသော ဖြစ်ရပ်မှန်က သမ္မာကျမ်းစာသည် အမှန်ပင် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်ကြောင်း ထောက်ခံသည့် ခိုင်လုံသောသက်သေပင်ဖြစ်သည်။ သို့သော် သမ္မာကျမ်းစာနှင့်ပတ်သက်သည့် အခြားစွပ်စွဲချက်တစ်ခု ရှိသေးသည်။ သမ္မာကျမ်းစာသည် အတွင်းသဘောချင်း မညီညွတ်သောကြောင့် ဘုရားသခင့်နှုတ်မြွက်စကားတော်မဖြစ်နိုင်ဟု လူအများက ဆိုကြသည်။ ယင်းသည် မှန်သလော။

[အောက်ခြေမှတ်ချက်များ]

a သမ္မာကျမ်းစာမှ အံ့ဖွယ်အမှုအချို့တွင် မြေငလျင်လှုပ်ခြင်း သို့မဟုတ် မြေပြိုခြင်းကဲ့သို့သော သဘာဝသွင်ပြင်များ ပါဝင်တတ်သောကြောင့် “များသောအားဖြင့်” ဟုကျွန်ုပ်တို့ဆိုရခြင်းဖြစ်သည်။ သို့သော် ယင်းတို့ကိုလည်း အံ့ဖွယ်အမှုများအဖြစ် သဘောထားကြသည်။ အကြောင်းမှာ ယင်းတို့သည် လိုအပ်သည့်အချိန်၌ အတိအကျဖြစ်ပျက်သောကြောင့် ဘုရားသခင့်ညွှန်ကြားချက်အရ ဖြစ်ပျက်သည်မှာ ထင်ရှားသည်။—ယောရှု ၃:၁၅၊ ၁၆; ၆:၂၀။

b ဂျူးတို့၏နေ့သည် ညနေ ခြောက်နာရီခန့်တွင် စတင်ပြီး နောက်တစ်နေ့ညနေခြောက်နာရီအထိ ဆက်သွားသည်။

[စာမျက်နှာ ၈၁ ပါ အကျဉ်းဖော်ပြချက်]

ယေရှု၏ရုပ်ကလာပ်ကို တပည့်တော်များ ခိုးယူသွားသည်ဟု ခရစ်ယာန်ဘာသာ၏ရန်သူများက ဆိုကြသည်။ ဤအတိုင်းသာ ဖြစ်ရိုးမှန်လျှင် ခရစ်ယာန်များသည် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းပေါ် အခြေပြုသည့် ယုံကြည်ချက်အတွက် အသေခံရန် အဘယ်ကြောင့် အသင့်ရှိကြသနည်း

[စာမျက်နှာ ၈၅ ပါ လေးထောင့်ကွက်]

အံ့ဖွယ်အမှုများ ယနေ့အဘယ်ကြောင့်မရှိသနည်း

ရံဖန်ရံခါ လူတို့မေးတတ်သည့်မေးခွန်းမှာ ‘သမ္မာကျမ်းစာပါအံ့ဖွယ်အမှုမျိုး ယနေ့အဘယ်ကြောင့်မရှိရသနည်း’ ဖြစ်သည်။ အဖြေမှာ အံ့ဖွယ်အမှုများသည် ထိုခေတ်က ၎င်းတို့၏ရည်ရွယ်ချက်ကို ပြီးမြောက်စေခဲ့သည်၊ သို့သော် ယနေ့တွင်မူ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရန် ကျွန်ုပ်တို့အား ဘုရားသခင်မျှော်လင့်တော်မူ၏။—ဟဗက္ကုတ် ၂:၂-၄; ဟေဗြဲ ၁၀:၃၇-၃၉။

မောရှေလက်ထက်တွင် အံ့ဖွယ်အမှုများဖြစ်ပျက်ရခြင်းမှာ မောရှေ၏ခန့်အပ်ခံရမှုကို သက်သေထူရန်အတွက်ဖြစ်သည်။ ၎င်းတို့က ယေဟောဝါသည် သူ့ကိုအသုံးပြုနေကြောင်း၊ ပညတ်ပဋိညာဉ်သည် ဘုရားသခင်ထံမှ အမှန်ဖြစ်ကြောင်းနှင့် ဣသရေလလူမျိုးသည် ယခုမှစ၍ ဘုရားသခင် ရွေးကောက်သောလူမျိုးဖြစ်ကြောင်း ပြသခဲ့သည်။—ထွက်မြောက်ရာ ၄:၁-၉၊ ၃၀၊ ၃၁; တရားဟောရာ ၄:၃၃၊ ၃၄။

ပထမရာစုတွင် အံ့ဖွယ်အမှုများက ယေရှု၏ခန့်အပ်ခံရမှုနှင့် ကိုယ်တော်နောက်ပိုင်း နုနယ်သောခရစ်ယာန်အသင်းတော်၏ ခန့်အပ်ခံရမှုတို့ကို သက်သေထူပေးသည်။ ၎င်းတို့က ယေရှုသည် ကတိထားရာ မေရှိယဖြစ်ကြောင်း၊ ကိုယ်တော်သေပြီးနောက် ဇာတိဣသရေလလူမျိုးနေရာတွင် ဘုရားသခင့်အထူးလူမျိုးအဖြစ် ခရစ်ယာန်အသင်းတော်ဖြင့် အစားထိုးခံရကြောင်း၊ ဤသို့ဖြင့် မောရှေ၏ပညတ်တရားသည် ချည်နှောင်မှု မရှိတော့ကြောင်း ပြသသည်။—တမန်တော် ၁၉:၁၁-၂၀; ဟေဗြဲ ၂:၃၊ ၄။

တမန်တော်များခေတ်လွန်ပြီးနောက် အံ့ဖွယ်အမှုကာလလည်း ကုန်လွန်ခဲ့သည်။ တမန်တော်ပေါလုက ဤသို့ရှင်းပြသည်– “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဉာဏ်သော်လည်းကောင်း၊ အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သော အခွင့်သော်လည်းကောင်း၊ သိပ္ပံအတတ်သော်လည်းကောင်း ကွယ်ပျောက်လိမ့်မည်။ ယခုမူကား၊ ငါတို့သည် မစုံမလင်သိတတ်ကြ၏။ ပရောဖက်ဉာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။ စုံလင်ခြင်းသို့ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။”—၁ ကောရိန္သု ၁၃:၈-၁၀။

ယနေ့ ကျွန်ုပ်တို့တွင် ကျမ်းစာအပြည့်အစုံရှိရာ ယင်းတွင် ဗျာဒိတ်တော်များနှင့် ဘုရားသခင်၏သွန်သင်ချက်အားလုံး ပါဝင်သည်။ ကျွန်ုပ်တို့သည် ပရောဖက်ပြုချက် ပြည့်စုံသည်ကို တွေ့မြင်ရသည့်အပြင် ဘုရားသခင်၏ရည်ရွယ်တော်မူချက်များကို ကြိုတင်သိရှိခွင့် ရရှိထားကြသည်။ ထို့ကြောင့် အံ့ဖွယ်အမှုများ မလိုအပ်တော့ပါ။ မည်သို့ပင်ဆိုစေ အံ့ဖွယ်အမှုများကို ဖြစ်ပွားစေသည့် ဘုရားသခင်၏ အဆိုပါဝိညာဉ်တော်သည် ဆက်လက်တည်ရှိနေပြီး အကျိုးရလဒ်ကောင်းများကို ဖြစ်ပေါ်စေလျက်ပင်ရှိသည်။ ဤသည်တို့က ဘုရားသခင့်တန်ခိုးတော်အတွက် တန်းတူခိုင်မာသည့် အထောက်အထားကို တင်ပြသည်။ လာမည့်အခန်းတစ်ခန်းတွင် ဤအကြောင်းကို ကျွန်ုပ်တို့ ပို၍တွေ့ရှိရမည်။

[စာမျက်နှာ ၇၅ ပါ ရုပ်ပုံ]

နံနက်တိုင်း နေထွက်ခြင်း အဖြစ်မှန်ကဲ့သို့သော သဘာဝနိယာမတရားများ၏ ယုံကြည်အားထားရမှုကို အံ့ဖွယ်အမှုများ မဖြစ်ပျက်နိုင်သည့် သက်သေအထောက်အထားအဖြစ် လူအများက ယူမှတ်ကြသည်

[စာမျက်နှာ ၇၇ ပါ ရုပ်ပုံ]

ကမ္ဘာမြေကြီးကို သက်ရှိများ၏စံအိမ်အဖြစ် ဖန်ဆင်းခြင်းသည် နောက်ထပ်မဖြစ်တော့သည့် ‘အံ့ဖွယ်လိလိ အဖြစ်အပျက်’ တစ်ခုဖြစ်သည်

[စာမျက်နှာ ၇၈ ပါ ရုပ်ပုံ]

မျက်မှောက်ခေတ် သိပ္ပံပညာ၏ အံ့ချီးဖွယ်အကြောင်းကို လွန်ခဲ့သည့်အနှစ် ၂၀၀ တွင်အသက်ရှင်ခဲ့သူတစ်ဦးအား သင်မည်သို့ရှင်းပြမည်နည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ