ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဇူလိုင် စာ. ၂-၇
  • နှိပ်စက်ညှဉ်းပန်းမှုအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှိပ်စက်ညှဉ်းပန်းမှုအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါနဲ့ ပိုရင်းနှီးအောင် လုပ်ဆောင်နိုင်ပုံ
  • ရဲစွမ်းသတ္တိ တိုးများအောင် လုပ်ဆောင်နိုင်ပုံ
  • လူတွေရဲ့ မုန်းတီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံ
  • အသင့်ပြင်ဆင်ထားရင် အကျိုးရမယ်
  • ရဲစွမ်းသတ္တိရှိလေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ‘အားယူ၍ရဲရင့်ခြင်းရှိကြလော့!’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ချစ်ခြင်းမေတ္တာကြောင့် သာ၍ရဲရင့်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဇူလိုင် စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၂၇

နှိပ်စက်ညှဉ်းပန်းမှုအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါ

“ခရစ်တော်ယေရှုရဲ့ နောက်လိုက်အနေနဲ့ ဘုရားတရား ကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်သူတိုင်းဟာ ညှဉ်းဆဲခံရမှာပဲ။”—၂ တိ. ၃:၁၂။

သီချင်း ၁၂၉ ခံရပ်နေမယ်

အကြိုသုံးသပ်ချက်a

၁။ နှိပ်စက်ညှဉ်းပန်းမှုအတွက် ဘာကြောင့် ပြင်ဆင်ထားရမလဲ။

သခင်ယေရှုက တပည့်တွေ အမုန်းခံရမယ်လို့ မသေဆုံးခင်ညမှာ ပြောခဲ့တယ်။ (ယော. ၁၇:၁၄) စစ်မှန်တဲ့ ဝတ်ပြုရေးကို ဆန့်ကျင်သူတွေဟာ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေကို အခုအချိန်ထိ နှိပ်စက်ညှဉ်းပန်းနေကြတုန်းပဲ။ (၂ တိ. ၃:၁၂) ဒီစနစ်အဆုံး နီးလာတာနဲ့အမျှ ရန်သူတွေ ပိုဆန့်ကျင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားကြတယ်။—မ. ၂၄:၉။

၂-၃။ (က) ကြောက်ရွံ့ခြင်းနဲ့ပတ်သက်ပြီး ဘာကို သိထားရမလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂ နှိပ်စက်ညှဉ်းပန်းမှုအတွက် ဘယ်လို ပြင်ဆင်နိုင်မလဲ။ ကြုံရမယ့်အရာတိုင်းကို ကြိုတွေးနေဖို့ မလိုပါဘူး။ ကြိုတွေးနေရင် ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ ဝင်လာနိုင်တယ်။ အခက်အခဲတွေ မကြုံခင်ကတည်းက လက်မြှောက် အရှုံးပေးမိနိုင်တယ်၊။ (ပညာ. ၁၂:၂၅။ ၁၇:၂၂) ကြောက်ရွံ့ခြင်းဆိုတာ “ရန်သူ မာရ်နတ်” အသုံးတည့်နေတဲ့ အစွမ်းထက် လက်နက်ပါ။ (၁ ပေ. ၅:၈၊ ၉) ခံရပ်နိုင်စွမ်းရှိဖို့ အခု ဘာလုပ်ရမလဲ။

၃ ယေဟောဝါနဲ့ ပိုရင်းနှီးအောင် ဘယ်လို လုပ်ရမလဲ၊ အခုကတည်းက အဲဒီလိုလုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ရဲစွမ်းသတ္တိ တိုးများလာအောင် ဘာလုပ်နိုင်ကြောင်း၊ ဆန့်ကျင်သူတွေရဲ့ မုန်းတီးမှုကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်ကြောင်းကိုလည်း ဆွေးနွေးပါမယ်။

ယေဟောဝါနဲ့ ပိုရင်းနှီးအောင် လုပ်ဆောင်နိုင်ပုံ

၄။ ဟီဘရူး ၁၃:၅၊ ၆ အရ ဘာကို ယုံကြည်စိတ်ချရမလဲ။ ဘာကြောင့်လဲ။

၄ သင့်ကို ယေဟောဝါ ချစ်ကြောင်း၊ ဘယ်တော့မှ စွန့်မှာ မဟုတ်ကြောင်း ယုံကြည်စိတ်ချပါ။ (ဟီဘရူး ၁၃:၅၊ ၆ ကိုဖတ်ပါ။) လွန်ခဲ့တဲ့နှစ်များစွာက ကင်းမျှော်စင်မှာ “လူတစ်ယောက်ဟာ ဘုရားသခင်နဲ့ ပိုရင်းနှီးလေ စမ်းသပ်မှု ကြုံရချိန်မှာ ဘုရားကို ပိုယုံကြည်ကိုးစားလေ ဖြစ်ပါလိမ့်မယ်” လို့ပြောတယ်။ မှန်လိုက်တာ။ နှိပ်စက်ညှဉ်းပန်းမှုကို ကြံ့ကြံ့ခံနိုင်ဖို့ ယေဟောဝါကို အကြွင်းမဲ့ ချစ်ပြီး ယုံကြည်ကိုးစားရမယ်။ သင့်ကို ယေဟောဝါ ချစ်ကြောင်း ဘယ်တော့မှ သံသယ မဖြစ်ပါနဲ့။—မ. ၂၂:၃၆-၃၈။ ယာ. ၅:၁၁။

၅။ ယေဟောဝါရဲ့ မေတ္တာကို ခံစားရဖို့ ဘာက ကူညီပေးမလဲ။

၅ ယေဟောဝါနဲ့ ပိုရင်းနှီးလာဖို့ဆိုတဲ့ ပန်းတိုင်နဲ့ ကျမ်းစာကို နေ့တိုင်း ဖတ်ပါ။ (ယာ. ၄:၈) ကျမ်းစာ ဖတ်တဲ့အခါ ယေဟောဝါရဲ့ မေတ္တာအရည်အသွေးတွေကို အာရုံစိုက်ပါ။ ဘုရားရဲ့ စကားနဲ့ လုပ်ရပ်မှာ ပေါ်လွင်နေတဲ့ မေတ္တာ၊ ကြင်နာမှုကို ခံစားကြည့်ပါ။ (ထွ. ၃၄:၆) မေတ္တာ မခံစားဖူးသူတချို့က ဘုရားရဲ့ မေတ္တာကို ယုံဖို့ အခက်တွေ့နိုင်တယ်။ သင် အဲဒီလိုဖြစ်နေရင် နေ့တိုင်း သင့်ကို ယေဟောဝါပြတဲ့ ကရုဏာ၊ ကြင်နာမှုကို စာရင်းလုပ်ပါ။ (ဆာ. ၇၈:၃၈၊ ၃၉။ ရော. ၈:၃၂) ကိုယ်တွေ့ ခံစားရတာတွေ၊ ကျမ်းစာမှာ ဖတ်ရတာတွေကို စဉ်းစားဆင်ခြင်တဲ့အခါ သင့်အတွက် ယေဟောဝါ လုပ်ဆောင်ပေးထားတဲ့ အရာများစွာကို သတိပြုမိလာမယ်။ ယေဟောဝါ လုပ်ဆောင်ပေးထားတာတွေကို ကျေးဇူးတင်လေးမြတ်လေ ဘုရားနဲ့ ပိုရင်းနှီးလေ ဖြစ်လာပါလိမ့်မယ်။—ဆာ. ၁၁၆:၁၊ ၂။

၆။ ဆာလံ ၉၄:၁၇-၁၉ အရ ရင်ဖွင့်ဆုတောင်းခြင်းက ဘယ်လို ကူညီပေးနိုင်သလဲ။

၆ ပုံမှန် ဆုတောင်းပါ။ ဖခင် ပွေ့ဖက်ထားတဲ့ သားလေးအကြောင်း စဉ်းစားကြည့်ပါ။ နွေးထွေးလုံခြုံမှု ခံစားရတဲ့အတွက် တစ်နေ့တာ ကြုံရတဲ့ အကောင်းအဆိုးအားလုံးကို ပြောပြဖို့ မစိုးရိမ်ဘူး။ သင်လည်း နေ့တိုင်း ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းမယ်ဆိုရင် အလားတူ ရင်းနှီးမှုမျိုး ခံစားရမယ်။ (ဆာလံ ၉၄:၁၇-၁၉ ကိုဖတ်ပါ။) ဆုတောင်းတဲ့အခါ “ရေသွန်ချသလို ယေဟောဝါရှေ့မှာ ရင်ဖွင့်ချ” ပြီး ကြောက်ရွံ့မှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို ပြောပြပါ။ (မြည်. ၂:၁၉) ဒါဆိုရင် “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်း” ကို ခံစားရပါလိမ့်မယ်။ (ဖိ. ၄:၆၊ ၇) ရင်ဖွင့်ဆုတောင်းလေ ယေဟောဝါနဲ့ ပိုရင်းနှီးလေ ဖြစ်လာပါလိမ့်မယ်။—ရော. ၈:၃၈၊ ၃၉။

စတန်လီ ဂျုံး

ယေဟောဝါနဲ့ နိုင်ငံတော်ကို ယုံကြည်စိတ်ချရင် သတ္တိ ရှိလာနိုင်

ဘုရားနိုင်ငံတော်ကို ယုံကြည်စိတ်ချခြင်းက စတန်လီ ဂျုံးကို ခွန်အားရှိစေ (အပိုဒ် ၇ ကိုကြည့်ပါ)

၇။ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ကတိတွေ ပြည့်စုံလာမယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချရမလဲ။

၇ ဘုရားသခင့် နိုင်ငံတော် ကောင်းချီးတွေ ပြည့်စုံလာမယ်ဆိုတာ စိတ်ချပါ။ (တော. ၂၃:၁၉) ဘုရားကတိတွေအပေါ် ယုံကြည်မှု အားနည်းလာရင် စာတန်နဲ့ နောက်လိုက်တွေ ကျွန်တော်တို့ကို အလွယ်တကူ ခြောက်လှန့်နိုင်မယ်။ (ပညာ. ၂၄:၁၀။ ဟီ. ၂:၁၅) ဘုရားနိုင်ငံတော်အပေါ် ယုံကြည်စိတ်ချမှုကို အခုကတည်းက ဘယ်လို တိုးများစေနိုင်သလဲ။ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ကတိတွေအကြောင်း၊ အဲဒီကတိတွေ ပြည့်စုံလာမှာကို ဘာကြောင့် စိတ်ချနိုင်ကြောင်း လေ့လာဖို့ အစီအစဉ် ဆွဲပါ။ အဲဒီလို လေ့လာတာက ဘယ်လို ကူညီပေးမလဲ။ ယုံကြည်ချက်ကြောင့် ခုနစ်နှစ် ထောင်ချခံရတဲ့ စတန်လီ ဂျုံးအကြောင်း စဉ်းစားကြည့်ပါ။ သစ္စာရှိရှိ ခံရပ်ဖို့ သူ့ကို ဘာက ကူညီပေးသလဲ။ “ဘုရားသခင့် နိုင်ငံတော်အကြောင်း သိထားတာ၊ နိုင်ငံတော် လုပ်ဆောင်ပေးမယ့်အရာတွေကို လုံးဝ သံသယမရှိတာက ယုံကြည်ခြင်း ခိုင်ခံ့စေတယ်” လို့ သူပြောတယ်။ သင်လည်း ဘုရားကတိတွေကို အခိုင်အမာ ယုံကြည်မယ်ဆိုရင် ဘုရားနဲ့ ပိုရင်းနှီးလာပြီး ကြောက်စိတ်ဝင်မှာ မဟုတ်ဘူး။—ပညာ. ၃:၂၅၊ ၂၆။

၈။ အစည်းအဝေးတွေအပေါ် ကျွန်တော်တို့ရဲ့ သဘောထားက ဘာကို ဖော်ပြသလဲ။ ရှင်းပြပါ။

၈ ခရစ်ယာန် အစည်းအဝေးတွေကို ပုံမှန် တက်ပါ။ အစည်းအဝေးတွေက ယေဟောဝါနဲ့ ပိုရင်းနှီးလာအောင် ကူညီပေးတယ်။ အစည်းအဝေးတွေအပေါ် ကျွန်တော်တို့ရဲ့ သဘောထားက အနာဂတ်မှာ နှိပ်စက်ညှဉ်းပန်းမှုကို ဘယ်လောက် ကြံ့ကြံ့ခံနိုင်မလဲဆိုတာ ဖော်ပြတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အခုအချိန်မှာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် အစည်းအဝေး ပျက်နေမယ်ဆိုရင် အနာဂတ်မှာ အန္တရာယ်တွေကြား အစည်းအဝေး တက်ပါတော့မလား။ အစည်းအဝေးတွေ တက်ဖို့ အခုကတည်းက အခိုင်အမာ စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် ဆန့်ကျင်သူတွေ တားမြစ်ပိတ်ပင်ချိန်မှာ အလျှော့ပေးမှာ မဟုတ်ဘူး။ အခုအချိန်ဟာ အစည်းအဝေးတွေကို တန်ဖိုးထားရမယ့်အချိန်ပဲ။ အစည်းအဝေးတွေကို တန်ဖိုးထားမယ်ဆိုရင် ဆန့်ကျင်မှုတွေ၊ အစိုးရရဲ့ ပိတ်ပင်မှုတွေ ရင်ဆိုင်ရရင်တောင် လူ့စကားထက် ဘုရားသခင့်စကားကို ဆက်နာခံပါလိမ့်မယ်။—တ. ၅:၂၉။

မိသားစုဝတ်ပြုမှုမှာ မိဘတွေဟာ ကတ်တွေ သုံးပြီး ကျမ်းချက်တွေ အလွတ်ကျက်မှတ်နိုင်အောင် သားသမီးတွေကို ကူညီပေးနေစဉ်

အခုကတည်းက ကျမ်းချက်တွေ၊ ချီးမွမ်းသီချင်းတွေကို အလွတ်ကျက်မှတ်ထားတာက နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်ဖို့ ကူညီပေးနိုင် (အပိုဒ် ၉ ကိုကြည့်ပါ)d

၉။ နှိပ်စက်ညှဉ်းပန်းမှုအတွက် ပြင်ဆင်ရာမှာ နည်းလမ်းကောင်းတစ်ခုက ဘာလဲ။ ဘာကြောင့်လဲ။

၉ အကြိုက်ဆုံး ကျမ်းချက်တွေကို အလွတ်ကျက်မှတ်ပါ။ (မ. ၁၃:၅၂) မှတ်ဉာဏ် သိပ်မကောင်းရင်တောင် ယေဟောဝါက သန့်ရှင်းသော စွမ်းအားတော် သုံးပြီး အဲဒီကျမ်းချက်တွေကို ပြန်မှတ်မိစေနိုင်တယ်။ (ယော. ၁၄:၂၆) အရှေ့ဂျာမနီမှာ ထောင်ချခံရ၊ တိုက်ပိတ်ခံရတဲ့ ညီအစ်ကိုတစ်ယောက်က “ကျမ်းချက် ရာနဲ့ချီ အလွတ်ကျက်မှတ်ခဲ့လို့ တော်သေးတယ်။ တစ်ယောက်တည်း ရှိတဲ့အချိန်တွေမှာ ကျမ်းစာ အကြောင်းအရာ အမျိုးမျိုးကို တွေးတောဆင်ခြင်နိုင်ခဲ့တယ်” လို့ ပြောတယ်။ ယေဟောဝါနဲ့ ရင်းနှီးနေဖို့၊ သစ္စာရှိရှိ ခံရပ်ဖို့ အဲဒီကျမ်းချက်တွေက သူ့ကို ကူညီပေးတယ်။

မိသားစုတစ်စု အစည်းအဝေး သွားရင်း ကားထဲမှာ နိုင်ငံတော်သီချင်း လေ့ကျင့်နေစဉ်။

(အပိုဒ် ၁၀ ကိုကြည့်ပါ)e

၁၀။ သီချင်းတွေကို ဘာကြောင့် အလွတ်ကျက်မှတ်ထားသင့်သလဲ။

၁၀ ယေဟောဝါကို ချီးမွမ်းတဲ့ သီချင်းတွေကို အလွတ်ကျက်မှတ်ပြီး သီဆိုပါ။ ဖိလိပ္ပိမြို့မှာ ထောင်ကျနေတုန်း ပေါလုနဲ့ သိလတို့ဟာ အလွတ်ရတဲ့ ချီးမွမ်းသီချင်းတွေ သီဆိုခဲ့ကြတယ်။ (တ. ၁၆:၂၅) အရင်ဆိုဗီယက်ပြည်ထောင်စုမှာ ဆိုက်ဘေးရီးယားကို နယ်နှင်ခံရတဲ့ ညီအစ်ကိုတွေလည်း ယုံကြည်ခြင်း ခိုင်မာအောင် ဘာလုပ်ကြသလဲ။ “သီချင်းစာအုပ်ထဲက အလွတ်ရတဲ့ သီချင်းအားလုံးကို သီဆိုကြတယ်” လို့ ညီအစ်မ မာရီယာ ဖီဒန် ပြောတယ်။ အဲဒီသီချင်းတွေက သူတို့ကို ခွန်အားရှိစေပြီး ယေဟောဝါနဲ့ ပိုရင်းနှီးအောင် ကူညီပေးတယ်။ သင်ကော ယေဟောဝါကို ချီးမွမ်းတဲ့ အကြိုက်ဆုံး သီချင်းတွေ သီဆိုတဲ့အခါ အားရှိလာသလား။ အခုကတည်းက သီချင်းတွေကို အလွတ်ကျက်မှတ်ထားပါ။—“ရဲစွမ်းသတ္တိ ပေးသနားပါ” လေးထောင့်ကွက်ကို ကြည့်ပါ။

“ရဲစွမ်းသတ္တိ ပေးသနားပါ”

၂၀၁၈ ခရိုင်အစည်းအဝေး အစီအစဉ်ကို “ရဲစွမ်းသတ္တိ ပေးသနားပါ” ဆိုတဲ့ သီချင်းသစ်နဲ့ နိဂုံးချုပ်ထားတယ်။ အစည်းအဝေးပြီးနောက် လူမီယာဆိုတဲ့ ရှစ်နှစ်အရွယ် မိန်းကလေး ဒီလိုရေးတယ်– “သီချင်းသစ်အတွက် ကျေးဇူးတင်ပါတယ်။ သမီးရဲ့စိတ်ကို တကယ် ထိမိတယ်။ သမီး ဒုတိယတန်း ရောက်တဲ့အခါ အတန်းဖော်တွေကို ယေဟောဝါသက်သေဖြစ်ကြောင်း ပြောမယ်လို့ သီချင်းဆိုနေရင်း ဆုံးဖြတ်မိတယ်။ သမီးနဲ့အတူ ယေဟောဝါ ရှိတယ်ဆိုတာ စိတ်ချသွားပြီ။”

ရဲစွမ်းသတ္တိ တိုးများအောင် လုပ်ဆောင်နိုင်ပုံ

၁၁-၁၂။ (က) ၁ ရှမွေလ ၁၇:၃၇၊ ၄၅-၄၇ အရ ဒါဝိဒ် ဘာကြောင့် သတ္တိရှိသလဲ။ (ခ) ဒါဝိဒ်ဆီကနေ ဘယ်အရေးကြီး သင်ခန်းစာ သင်ယူရသလဲ။

၁၁ နှိပ်စက်ညှဉ်းပန်းမှုကို ရင်ဆိုင်ဖို့ သတ္တိ လိုတယ်။ သင့်မှာ သတ္တိ မရှိဘူးလို့ ထင်နေရင် ဘာလုပ်နိုင်သလဲ။ စစ်မှန်တဲ့ ရဲစွမ်းသတ္တိဟာ ကိုယ်ခန္ဓာ အရွယ်အစား၊ ခွန်အားဗလ၊ စွမ်းရည်အပေါ် မမူတည်ကြောင်း သတိရပါ။ ဂေါလျတ်ကို ရင်ဆိုင်ခဲ့တဲ့ လူငယ် ဒါဝိဒ်အကြောင်း စဉ်းစားကြည့်ပါ။ လူထွားကြီးနဲ့ယှဉ်ရင် ဒါဝိဒ်ဟာ လူကောင်သေးတယ်၊ အားနည်းတယ်၊ လက်နက် မပြည့်စုံဘူး။ ဒါဝိဒ်မှာ ဓားတောင် မရှိဘူး။ ဒါပေမဲ့ သတ္တိတော့ အပြည့်ပဲ။ လူထွားကြီးကို တိုက်ဖို့ သတ္တိရှိရှိ ပြေးသွားတယ်။

၁၂ ဒါဝိဒ် ဘာကြောင့် ဒီလောက် သတ္တိရှိသလဲ။ မိမိနဲ့အတူ ယေဟောဝါ ရှိကြောင်း အခိုင်အမာ ယုံကြည်လို့ပဲ။ (၁ ရှမွေလ ၁၇:၃၇၊ ၄၅-၄၇ ကိုဖတ်ပါ။) မိမိနဲ့ယှဉ်ရင် ဂေါလျတ် ဘယ်လောက် ထွားကျိုင်းတယ်ဆိုတာကို အာရုံမစိုက်ဘဲ ယေဟောဝါနဲ့ ယှဉ်ရင် ဂေါလျတ် ဘယ်လောက် သေးငယ်တယ်ဆိုတာကိုပဲ ဒါဝိဒ် အာရုံစိုက်တယ်။ ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့နဲ့အတူ ယေဟောဝါ ရှိကြောင်း၊ အနန္တတန်ခိုးရှင် ယေဟောဝါနဲ့ယှဉ်ရင် ဆန့်ကျင်သူတွေ အလွန်သေးနုပ်ကြောင်း ယုံကြည်စိတ်ချပါ။ ဒါဆိုရင် သတ္တိရှိလာမယ်။ (၂ ရာ. ၂၀:၁၅။ ဆာ. ၁၆:၈) နှိပ်စက်ညှဉ်းပန်းမှု မကြုံရခင် အခုကတည်းက သတ္တိ တိုးများအောင် ဘယ်လို လုပ်နိုင်သလဲ။

၁၃။ ရဲစွမ်းသတ္တိ တိုးများအောင် ဘယ်လို လုပ်နိုင်သလဲ။ ရှင်းပြပါ။

၁၃ ဘုရားသခင့် နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းအားဖြင့် ရဲစွမ်းသတ္တိ တိုးများလာနိုင်တယ်။ ဘာကြောင့်လဲ။ ဟောပြောခြင်းက ယေဟောဝါကို ယုံကြည်ကိုးစားဖို့၊ လူကြောက်တဲ့စိတ်ကို ကျော်လွှားဖို့ ကူညီပေးလို့ပဲ။ (ပညာ. ၂၉:၂၅) လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေ သန်မာလာသလို တစ်အိမ်တက်ဆင်း၊ လူထုရှေ့၊ အလွတ်သဘော၊ စီးပွားရေးရပ်ကွက်တွေမှာ ဟောပြောတဲ့အခါ သတ္တိ တိုးများလာတယ်။ အခုကတည်းက ဟောပြောရဲတဲ့သတ္တိ မွေးထားမယ်ဆိုရင် လုပ်ငန်း ပိတ်ပင်ခံရချိန်မှာ ဆက်ဟောပြောဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။—၁ သက်. ၂:၁၊ ၂။

နန်စီ ယွမ်

သတင်းကောင်း မဟောဖို့ ပိတ်ပင်ခံရတဲ့အခါ နန်စီ ယွမ် အလျှော့မပေး (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄-၁၅။ ညီအစ်မ နန်စီ ယွမ်နဲ့ ဗလင်တီးနာ ဂါနိုစကာယာဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၄ ထူးထူးခြားခြား သတ္တိတင်ပြခဲ့တဲ့ သစ္စာရှိ ညီအစ်မနှစ်ယောက်ဆီကနေ များစွာ သင်ယူနိုင်တယ်။ ညီအစ်မ နန်စီ ယွမ်ဟာ အရပ် ငါးပေလောက်ပဲ ရှိပေမဲ့ တော်ရုံနဲ့ ကြောက်တတ်သူ မဟုတ်ဘူး။b နိုင်ငံတော် သတင်းကောင်း မဟောဖို့ ပိတ်ပင်ခံရတဲ့အခါ အလျှော့မပေးဘူး။ ဒါကြောင့် တရုတ်ပြည်မှာ အနှစ် ၂၀ ကျော် ထောင်ချခံရတယ်။ စစ်ဆေးမေးမြန်းတဲ့ အရာရှိတွေက သူ့ကို တစ်နိုင်ငံလုံးမှာ “ခေါင်းအမာဆုံးပဲ” လို့ ပြောတယ်။

ဗလင်တီးနား ဂါနိုစကာယာ

မိမိနဲ့အတူ ယေဟောဝါ ရှိကြောင်း ညီအစ်မ ဗလင်တီးနာ ဂါနိုစကာယာ စိတ်ချ (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅ အရင်ဆိုဗီယက်ပြည်ထောင်စုက ညီအစ်မ ဗလင်တီးနာ ဂါနိုစကာယာဟာ သုံးကြိမ် ထောင်ချခံရပြီး စုစုပေါင်း ၂၁ နှစ်ကျော် ကြာတယ်။c ဟောပြောဖို့ စိတ်ထက်သန်လွန်းလို့ “အလွန်အန္တရာယ်ရှိတဲ့ ရာဇဝတ်သား” လို့ အရာရှိတွေ သတ်မှတ်ကြတယ်။ ဒီသစ္စာရှိ ညီအစ်မနှစ်ယောက် ဘာကြောင့် ဒီလောက် သတ္တိရှိသလဲ။ သူတို့နဲ့အတူ ယေဟောဝါ ရှိကြောင်း စိတ်ချလို့ပဲ။

၁၆။ ရဲစွမ်းသတ္တိ ရှိစေတဲ့ အဓိကအချက်က ဘာလဲ။

၁၆ လေ့လာခဲ့တဲ့အတိုင်း ရဲစွမ်းသတ္တိရှိဖို့ ကိုယ့်အစွမ်းခွန်အား၊ စွမ်းရည်ကို အားမကိုးသင့်ဘူး။ ကျွန်တော်တို့နဲ့အတူ ယေဟောဝါ ရှိကြောင်း၊ ကျွန်တော်တို့အတွက် တိုက်ခိုက်ပေးနေကြောင်း ယုံကြည်ရမယ်။ (တရား. ၁:၂၉၊ ၃၀။ ဇာ. ၄:၆) အဲဒါ ရဲစွမ်းသတ္တိ ရှိစေတဲ့ အဓိကအချက်ပါပဲ။

လူတွေရဲ့ မုန်းတီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံ

၁၇-၁၈။ ယောဟန် ၁၅:၁၈-၂၁ အရ ယေရှု ဘယ်လို သတိပေးသလဲ။ ရှင်းပြပါ။

၁၇ တခြားသူတွေ လေးလေးစားစား ဆက်ဆံတာကို ကျွန်တော်တို့ နှစ်သက်ပေမဲ့ မလေးမစား ဆက်ဆံခံရတဲ့အခါ ကိုယ်ဟာ တန်ဖိုးမရှိဘူးလို့ မယူမှတ်သင့်ဘူး။ “လူသားကြောင့် လူတွေရဲ့ အမုန်းခံရ၊ အပယ်ခံရ၊ ကဲ့ရဲ့ခံရ၊ နာမည်ဖျက်ခံရတဲ့အခါတိုင်း ခင်ဗျားတို့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (လု. ၆:၂၂) ယေရှု ဘာကို ဆိုလိုသလဲ။

၁၈ မုန်းတီးခံရတာကို ခရစ်ယာန်တွေ နှစ်သက်တယ်လို့ ယေရှု ဆိုလိုနေတာ မဟုတ်ဘူး။ အဲဒီအစား လက်တွေ့ကျကျ ပြောနေတာပါ။ ကျွန်တော်တို့ဟာ လောကနဲ့ မပတ်သက်ဘူး။ ယေရှုရဲ့ သွန်သင်ချက်တွေအတိုင်း အသက်ရှင်ပြီး ယေရှု ဟောခဲ့တဲ့ သတင်းကို ဟောနေကြတာ။ ဒါကြောင့် လောက,က ကျွန်တော်တို့ကို မုန်းတယ်။ (ယောဟန် ၁၅:၁၈-၂၁ ကိုဖတ်ပါ။) ယေဟောဝါကို ချစ်လို့ ကျွန်တော်တို့ကို လူတွေ မုန်းမယ်ဆိုရင် သူတို့သဘောပဲ။ ကျွန်တော်တို့ကတော့ ယေဟောဝါကို ပျော်ရွှင်စေချင်တယ်။

၁၉။ တမန်တော်တွေရဲ့ ပုံသက်သေကို ဘယ်လို တုပနိုင်သလဲ။

၁၉ လူတွေရဲ့ စကား၊ လုပ်ရပ်ကြောင့် ယေဟောဝါသက်သေ ဖြစ်ရတာကို ရှက်တာမျိုး အဖြစ်မခံပါနဲ့။ (မိ. ၄:၅) ယေရှု အသတ်ခံရပြီးနောက် ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေရဲ့ ပုံသက်သေကို စဉ်းစားခြင်းက ကြောက်စိတ်ကို ကျော်လွှားဖို့ ကူညီပေးနိုင်တယ်။ မိမိတို့ကို ဂျူးဘာသာရေးခေါင်းဆောင်တွေ ဘယ်လောက် မုန်းကြောင်း တမန်တော်တွေ သိတယ်။ (တ. ၅:၁၇၊ ၁၈၊ ၂၇၊ ၂၈) ဒါပေမဲ့ နေ့တိုင်း ဗိမာန်တော်မှာသာမက လူတွေရှေ့မှာပါ ဟောပြောသွန်သင်ခြင်းအားဖြင့် ယေရှုရဲ့ တပည့်တွေဖြစ်ကြောင်း ဖော်ပြကြတယ်။ (တ. ၅:၄၂) ကြောက်စိတ်ကြောင့် လက်လျှော့တာမျိုး မလုပ်ခဲ့ဘူး။ ကျွန်တော်တို့လည်း အလုပ်မှာ၊ ကျောင်းမှာ၊ ရပ်ကွက်မှာ ယေဟောဝါသက်သေဖြစ်ကြောင်း ဖော်ပြခြင်းအားဖြင့် ကြောက်စိတ်ကို ကျော်လွှားနိုင်ပါတယ်။—တ. ၄:၂၉။ ရော. ၁:၁၆။

၂၀။ တမန်တော်တွေ အမုန်းခံရတာတောင် ဘာကြောင့် ဝမ်းသာကြသလဲ။

၂၀ တမန်တော်တွေ ဘာကြောင့် ဝမ်းသာကြသလဲ။ အမုန်းခံရတဲ့ အကြောင်းရင်းကို သိလို့၊ ယေဟောဝါရဲ့ အလိုတော် ထမ်းဆောင်တဲ့အတွက် နှိပ်စက်ခံရတာကို ဂုဏ်ယူစရာအဖြစ် သဘောထားကြလို့ပဲ။ (လု. ၆:၂၃။ တ. ၅:၄၁) ‘ဖြောင့်မတ်သူတွေဖြစ်လို့ ဆင်းရဲဒုက္ခခံရရင် ခင်ဗျားတို့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်’ လို့ နောက်ပိုင်းမှာ တမန်တော် ပေတရု ရေးတယ်။ (၁ ပေ. ၂:၁၉-၂၁။ ၃:၁၄) ကျွန်တော်တို့လည်း မှန်တာလုပ်လို့ အမုန်းခံရကြောင်း သိထားမယ်ဆိုရင် လူတွေ မုန်းတဲ့အခါ ကြောက်သွားမှာ မဟုတ်ဘူး။

အသင့်ပြင်ဆင်ထားရင် အကျိုးရမယ်

၂၁-၂၂။ (က) နှိပ်စက်ညှဉ်းပန်းမှုအတွက် ကြိုတင်ပြင်ဆင်ဖို့ ဘာတွေ လုပ်ရမလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂၁ ဘယ်အချိန်မှာ နှိပ်စက်ညှဉ်းပန်းခံရမယ်၊ ပိတ်ပင်ခံရမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ ယေဟောဝါနဲ့ ပိုရင်းနှီးအောင် လုပ်ဆောင်ခြင်း၊ သတ္တိ တိုးများအောင် လုပ်ဆောင်ခြင်း၊ လူတွေရဲ့ မုန်းတီးမှုကို ရင်ဆိုင်ဖြေရှင်းတတ်အောင် သင်ယူခြင်းအားဖြင့် အခုကတည်းက အသင့်ပြင်ဆင်ထားနိုင်တယ်။ အခုကတည်းက အသင့်ပြင်ဆင်ထားရင် အနာဂတ်မှာ အခိုင်အမာ ရပ်တည်နိုင်ပါလိမ့်မယ်။

၂၂ ဝတ်ပြုရေး ပိတ်ပင်ခံရရင် ဘယ်လို လုပ်မလဲ။ ပိတ်ပင်ခံရချိန်မှာတောင် ယေဟောဝါကို ဆက်ဝတ်ပြုနိုင်အောင် ကူညီပေးမယ့် ကျမ်းစာမူတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

နှိပ်စက်ညှဉ်းပန်းမှုအတွက် အသင့်ပြင်ဆင်တာနဲ့ပတ်သက်ပြီး အောက်ပါကျမ်းချက်တွေက ဘာသင်ပေးသလဲ

  • ဆာလံ ၁၁၆:၁၊ ၂

  • ၂ ရာဇဝင်ချုပ် ၂၀:၁၅

  • ၁ ပေတရု ၃:၁၄

သီချင်း ၁၁၈ ‘ယုံကြည်ခြင်း တိုးများစေပါ’

a ကျွန်တော်တို့အားလုံး အမုန်းမခံချင်ပေမဲ့ အနှေးနဲ့ အမြန် နှိပ်စက်ညှဉ်းပန်းမှု ကြုံရမှာပဲ။ နှိပ်စက်ညှဉ်းပန်းမှုကို သတ္တိရှိရှိ ရင်ဆိုင်နိုင်ဖို့ ဒီဆောင်းပါးက ကူညီပါလိမ့်မယ်။

b JW ရုပ်သံ®  မှာတင်ထားတဲ့ ယေဟောဝါရဲ့ နာမည်ကို လူတွေ သိလာကြရမယ် ဗီဒီယိုကို ကြည့်ပါ။ လူတွေ့မေးမြန်းမှုများ၊ တွေ့ကြုံမှုများ မှာ ကြည့်ပါ။

c ၂၀၀၈ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ် (အင်္ဂလိပ်) စာ. ၁၉၁-၁၉၂ ကိုကြည့်ပါ။

d ပုံအညွှန်း– မိသားစုဝတ်ပြုမှုမှာ မိဘတွေဟာ ကတ်တွေ သုံးပြီး ကျမ်းချက်တွေ အလွတ်ကျက်မှတ်နိုင်အောင် သားသမီးတွေကို ကူညီပေးနေစဉ်။

e ပုံအညွှန်း– မိသားစုတစ်စု အစည်းအဝေး သွားရင်း ကားထဲမှာ ဘုရားကို ချီးမွမ်းတဲ့သီချင်းတွေ လေ့ကျင့်နေစဉ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ