ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၃/၁ စာ. ၃၀-၃၁
  • တပည့်တော် ၇၀ ကိုယေရှုစေလွှတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တပည့်တော် ၇၀ ကိုယေရှုစေလွှတ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာရုံမပျံ့လွင့်သောဓမ္မအမှုဆောင်များ
  • ကျွန်ုပ်တို့အတွက်သင်ခန်းစာများ
  • “သွားပြီး . . . တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ရွှင်လန်းသော ရိတ်သိမ်းသူများ ဖြစ်ကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေရှု နိုင်ငံတော်သတင်း ဟောပြော
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဂါလိလဲပြည်မှာ ဟောပြောခြင်း၊ တမန်တော်တွေကို လေ့ကျင့်ပေးခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၃/၁ စာ. ၃၀-၃၁

သူတို့သည် ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ခဲ့ကြ

တပည့်တော် ၇၀ ကိုယေရှုစေလွှတ်

စီ.အီး. ၃၂ ဆောင်းဦးရာသီဖြစ်သည်။ ယေရှုအသေခံရရန် ခြောက်လသာလိုတော့သည်။ ထို့ကြောင့် ဟောပြောခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် မိမိ၏နောက်တော်လိုက်အချို့ကို ထပ်ဆင့်လေ့ကျင့်ပေးရန် ကိုယ်တော်သည် တပည့်တော် ၇၀ ကိုခန့်အပ်ပြီး “ကိုယ်တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌နှစ်ယောက်စီနှစ်ယောက်စီ စေလွှတ်တော်မူ၏။”—လုကာ ၁၀:၁။a

နောက်တွင် ကိုယ်တော်တိုင်ကြွရောက်လာသောအခါ လူတို့သည် မေရှိယဘက်နေမည်လော၊ မေရှိယကိုဆန့်ကျင်မည်လောဟူသည်ကို ပို၍မြန်ဆန်စွာဆုံးဖြတ်ချက်ချနိုင်စေရန် ယေရှုသည် မိမိ၏တပည့်တော်များအား “ရှေ့တော်၌” စေလွှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကိုယ်တော်သည် သူတို့အား အဘယ်ကြောင့် “နှစ်ယောက်စီ” စေလွှတ်တော်မူခဲ့သနည်း။ အတိုက်အခံနှင့်ရင်ဆိုင်ရသည့်အခါ တစ်ဦးကိုတစ်ဦးအားပေးနိုင်စေရန်ဖြစ်ကြောင်း ထင်ရှားပါသည်။

ဟောပြောခြင်းလုပ်ငန်း၏အရေးကြီးမှုကို အလေးပေးကာ မိမိ၏နောက်တော်လိုက်များအား ယေရှုက “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့” ဟူ၍မိန့်တော်မူသည်။ (လုကာ ၁၀:၂) ရိတ်သိမ်းခြင်းနှင့် ခိုင်းနှိုင်းတင်ပြခြင်းသည် ဆီလျော်လှပေသည်၊ အကြောင်းမှာ ရိတ်သိမ်းချိန်တွင် တစ်နည်းနည်းဖြင့်ဖင့်နွှဲနေလျှင် တန်ဖိုးရှိသောကောက်ပဲသီးနှံများ အလေအလွင့်ဖြစ်သွားနိုင်သည်။ ထို့နည်းတူ တပည့်တော်များသည် မိမိတို့၏ဟောပြောခြင်းတာဝန်ကို လျစ်လျူရှုမည်ဆိုပါက တန်ဖိုးရှိအသက်များ ဆုံးရှုံးသွားနိုင်သည်!—ယေဇကျေလ ၃၃:၆။

အာရုံမပျံ့လွင့်သောဓမ္မအမှုဆောင်များ

“ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကိုမဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက် [“ဖက်ယမ်းနှုတ်ဆက်ခြင်းမပြု၊” ကဘ] ကြနှင့်” ဟူ၍ မိမိ၏တပည့်တော်များအား ယေရှုထပ်ဆင့်ညွှန်ကြားခဲ့သည်။ (လုကာ ၁၀:၄) ဖိနပ်အောက်ခံပြားများသည် ပွန်းရိပျက်စီးသွားနိုင်ပြီး ဖိနပ်ကြိုးများသည် ပြတ်သွားနိုင်သောကြောင့် လွယ်အိတ်နှင့် အစားအစာသာမက ဖိနပ်အပိုတစ်ရန်ကိုပါယူဆောင်သွားခြင်းသည် ခရီးသွားသူတစ်ဦးအတွက် ထုံးစံဖြစ်သည်။ သို့သော် ယေရှု၏တပည့်တော်များသည် ထိုသို့သောအရာများအတွက် စိုးရိမ်ရန်မဟုတ်ပါ။ ယင်းအစား သူတို့သည် ဧည့်ဝတ်ကျေပွန်သောထုံးစံရှိသည့် ဣသရေလအမျိုးသားချင်းများအားဖြင့် မိမိတို့အား ယေဟောဝါကြည့်ရှုစောင့်ရှောက်တော်မူမည်ကို ယုံကြည်အားထားရန်ဖြစ်သည်။

သို့သော် ယေရှုက မိမိ၏တပည့်တော်များအား မည်သူ့ကိုမျှ ဖက်ယမ်းနှုတ်ဆက်ခြင်းမပြုရန် အဘယ်ကြောင့်မိန့်မှာခဲ့ရသနည်း။ သူတို့သည် ရိုင်းပျသည်အထိ ခပ်စိမ်းစိမ်းနေရန်လော။ လုံးဝမဟုတ်ပါ! ဖက်ယမ်းနှုတ်ဆက်ခြင်းအဓိပ္ပာယ်ရှိသည့် ဂရိစကားလုံး အစပါဇိုမေသည် ဖော်ရွေသောအသုံးအနှုန်း “မင်္ဂလာပါ” သို့မဟုတ် “နေကောင်းသလား” ဟုပြော၍နှုတ်ဆက်ခြင်းထက်မက ပါဝင်နိုင်သည်။ ၎င်းတွင် အသိအကျွမ်းနှစ်ဦးတွေ့ဆုံသည့်အခါ ဓလေ့ထုံးစံအရနမ်းခြင်း၊ ဖက်ယမ်းခြင်းနှင့် ကြာကြာစကားပြောဆိုခြင်းလည်း ပါဝင်ပေမည်။ ဝေဖန်ရေးသမားတစ်ဦးက ဤသို့ထင်မြင်ချက်ပေးသည်– “အရှေ့တိုင်းသားများအချင်းအချင်းနှုတ်ဆက်ခြင်းတွင် ကျွန်ုပ်တို့ကဲ့သို့ အနည်းငယ်မျှဦးညွှတ်ခြင်း သို့မဟုတ် လက်ဆွဲနှုတ်ဆက်ခြင်းမပါရှိသော်လည်း အကြိမ်ကြိမ်ဖက်ယမ်းခြင်း၊ ကိုယ်ကိုကိုင်းညွှတ်ခြင်းနှင့် မြေပြင်ပေါ်တွင် ကိုယ်ကိုပျပ်ဝပ်သည့်အထိပြုခြင်းတို့ပါဝင်သည်။ ယင်းတို့အားလုံးကိုပြုလုပ်ရန် အချိန်များစွာလိုအပ်သည်။” (၄ ဓမ္မရာဇဝင် ၄:၂၉ နှိုင်းယှဉ်။) ထို့ကြောင့် ယေရှုသည် မိမိ၏နောက်တော်လိုက်များအား ထုံးစံရှိသော်လည်း မလိုအပ်သောအာရုံပျံ့လွင့်စရာများကို ရှောင်ကြဉ်ရန်ကူညီပေးခဲ့သည်။

နောက်ဆုံးတွင် ယေရှုက မိမိ၏တပည့်တော်များသည် အိမ်တစ်အိမ်သို့ဝင်၍ လှိုက်လှဲစွာကြိုဆိုခံရသည့်အခါ “ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်” သင့်ကြောင်းမိန့်တော်မူသည်။ သို့သော် မြို့တစ်မြို့သို့ဝင်၍ ကောင်းစွာလက်ခံခြင်းမခံရပါက “ထိုမြို့၏လမ်းသို့ထွက်ပြီးလျှင် ငါတို့၌ကပ်သောသင်တို့မြို့၏မြေမှုန့်ကို ငါတို့ခါလိုက်၏ . . . ဟုသူတို့အားပြော” သင့်သည်။ (လုကာ ၁၀:၇၊ ၁၀) လူတစ်ဦး၏ခြေမှမြေမှုန့်ကို သုတ်ပစ်ခြင်း သို့မဟုတ် ခါချခြင်းက တပည့်တော်များသည် နောက်ဆုံး၌ ဘုရားသခင့်ထံမှလာမည့်အကျိုးဆက်များကို ခံရစေရန် လက်မခံသောအိမ် သို့မဟုတ် မြို့ကို ငြိမ်ငြိမ်သက်သက် စွန့်ခွာသွားသည်ဟူသော အမှတ်သညာဖြစ်မည်။ သို့သော် ယေရှု၏တပည့်တော်များကို ကြင်နာမှုဖြင့်လက်ခံသူများသည် ကောင်းချီးများရရှိရန်အလားအလာရှိသည်။ အခြားအချိန်တစ်ချိန်တွင် ယေရှုသည် တမန်တော်များအား “သင်တို့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံ၏။ အကြင်သူသည် တပည့်တော်၏မျက်နှာကိုထောက်၍ ဤသူငယ်တစ်စုံတစ်ယောက်အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကိုမရဘဲမနေရာ၊ ငါအမှန်ဆိုသည်” ဟူ၍မိန့်တော်မူသည်။—မဿဲ ၁၀:၄၀၊ ၄၂။

ကျွန်ုပ်တို့အတွက်သင်ခန်းစာများ

ယခုအခါ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းတာဝန်ကို ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေ ၅,၀၀၀,၀၀၀ ကျော်က ပြီးမြောက်အောင်လုပ်ဆောင်လျက်ရှိပါသည်။ (မဿဲ ၂၄:၁၂; ၂၈:၁၉၊ ၂၀) မိမိတို့၏သတင်းတရားသည် အရေးကြီးကြောင်း သူတို့သဘောပေါက်ကြသည်။ ထို့ကြောင့် သူတို့သည် မိမိတို့၏အရေးကြီးသောတာဝန်ကို အပြည့်အဝအာရုံမစိုက်နိုင်ရန် အတားအဆီးဖြစ်စေမည့် အာရုံပျံ့လွင့်စရာများကိုရှောင်လျက် မိမိတို့၏အချိန်ကို အကောင်းဆုံးနည်းဖြင့်အသုံးပြုကြသည်။

ယေဟောဝါသက်သေများသည် တွေ့သမျှလူတို့နှင့် ဖော်ရွေပျူငှာရန်ကြိုးစားကြပါသည်။ သို့သော်လည်း သူတို့သည် ထွေရာလေးပါးပြောဆိုခြင်းတွင် လုံးဝမပါဝင်ကြပါ၊ လူမှုရေးပြဿနာများ သို့မဟုတ် တရားမမျှတမှုများကိုပြုပြင်ရန် ဤလောက၏မအောင်မြင်သည့်ကြိုးပမ်းမှုများနှင့်ပတ်သက်၍ အချေအတင်ငြင်းခုံပြောဆိုခြင်းများတွင်လည်း ပါဝင်ပတ်သက်ခြင်းမပြုကြပါ။ (ယောဟန် ၁၇:၁၆) သို့အစား လူ့ ပြဿနာများကို တစ်ခုတည်းသောရေရှည်ဖြေရှင်းနည်းဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်အကြောင်းဆွေးနွေးခြင်းအပေါ် အာရုံစိုက်ကြသည်။

များသောအားဖြင့် ယေဟောဝါသက်သေများအား နှစ်ယောက်စီတွဲ၍အမှုဆောင်သည်ကို တွေ့ရလေ့ရှိသည်။ တစ်ဦးချင်းစီအမှုဆောင်ပါက ပို၍မပြီးမြောက်နိုင်ပေလော။ ပြီးမြောက်ကောင်းပြီးမြောက်ပေမည်။ သို့ဖြစ်စေကာမူ ယနေ့ခရစ်ယာန်များသည် ယုံကြည်သူချင်းတစ်ဦးနှင့် အတူတွဲဖက်အမှုဆောင်ခြင်း၏အကျိုးများကို အသိအမှတ်ပြုကြသည်။ ယင်းက အန္တရာယ်ရှိသောနယ်မြေများတွင် သက်သေခံသည့်အခါ ကာကွယ်မှုအတန်အရာရရှိစေနိုင်သည်။ အဖော်တစ်ဦးနှင့်တွဲ၍အမှုဆောင်ခြင်းသည် လူသစ်များကိုလည်း သတင်းကောင်းဟောပြောခြင်းတွင် ပိုမိုအတွေ့အကြုံရှိသောကြေညာသူများ၏ကျွမ်းကျင်မှုမှ အကျိုးရရှိစေနိုင်သည်။ အမှန်ပင် နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန်အားပေးနိုင်ကြပါသည်။—သု. ၂၇:၁၇။

ဟောပြောခြင်းလုပ်ငန်းသည် ဤ “နောက်ဆုံးသောနေ့ရက်များ” တွင် ပြီးမြောက်အောင်လုပ်ဆောင်ရမည့် အရေးအကြီးဆုံးလုပ်ငန်းဖြစ်သည်မှာ သေချာပါသည်။ (၂ တိမောသေ ၃:၁၊ သမ္မာ) ယေဟောဝါသက်သေများသည် “ဝမ်းမြောက်ဖွယ်သတင်းတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလိုငှာ တညီတညွတ်တည်း” အမှုတော်ကိုထမ်းဆောင်ကြရာတွင် ကမ္ဘာချီညီအစ်ကိုအသင်းအပင်း၏ ထောက်ပံ့ကူညီမှုကိုရရှိသောကြောင့် ပျော်ရွှင်ကြပါသည်။—ဖိလိပ္ပိ ၁:၂၇၊ သမ္မာ။

[အောက်ခြေမှတ်ချက်များ]

a အချို့သောကျမ်းစာနှင့် ရှေးဂရိလက်ရေးစာမူများက ယေရှုသည် တပည့်တော် “ခုနစ်ဆယ့်နှစ်ယောက်” ကိုစေလွှတ်သည်ဟုဆို၏။ သို့ရာတွင် “ခုနစ်ဆယ်” ဟူသောစာသားကိုထောက်ခံသည့် လက်ရေးစာမူဒုနှင့်ဒေးရှိသည်။ ဤအသုံးအနှုန်းကွာခြားချက်က ယေရှုသည် ဟောပြောရန် မိမိ၏တပည့်တော်အုပ်စုကြီးတစ်ခုကို စေလွှတ်တော်မူခဲ့သည်ဟူသော အဓိကအချက်၏တန်ဖိုးကို ယုတ်လျော့မသွားစေသင့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ