အခန်း ၇၃
ကိုယ်နှင့်စပ်ဆိုင်သူ စိတ်ထားရှိ ရှမာရိ
ယေရုရှလင်မှနှစ်မိုင်ရှိ ဗေသနိရွာ၌ယေရှုရောက်နေပေမည်။ မောရှေပညတ္တိကျမ်းတတ်တစ်ဦး ကိုယ်တော်ထံချဉ်းကပ်၍ “ဆရာတော်၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည်အဘယ်အမှုကိုပြုရပါမည်နည်း” ဟုမေး၏။
မေးခွန်းထုတ်သူကျမ်းတတ်သည် သိလို၍မဟုတ်၊ စမ်းသပ်လိုစိတ်ဖြင့်မေးကြောင်း ယေရှုရိပ်စားမိ၏။ ဂျူးတို့၏စိတ်ကိုထိခိုက်သွားမည့်အဖြေကို ယေရှုထံမှရမည်အထင် ကျမ်းတတ်၌ရှိနေဟန်တူသည်။ ထိုကြောင့်ယေရှုက “ပညတ္တိကျမ်း၌အဘယ်သို့လာသနည်း၊ သင်သည်အဘယ်သို့ဖတ်ရသနည်း” ဟုမေးပြီးသူ့စကားနှင့်သူပြန်မိစေသည်။
ကျမ်းတတ်လည်းထူးကဲသောစူးစိုက်မှုဖြင့် တရားဟောရာ ၆:၅ နှင့် ဝတ်ပြုရာ ၁၉:၁၈ တို့ကိုဤသို့ကိုးကားဖြေဆိုသည်။ “သင်၏ဘုရားသခင်ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ဉာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်လော့။”
“သင်၏စကားမှန်ပေ၏။ ထိုသို့ပြုလျှင်အသက်ရမည်” ဟုယေရှုမိန့်တော်မူသည်။
သို့သော်ကျမ်းတတ်မကျေနပ်ပါ။ ယေရှုအဖြေသည်သူ့အတွက်မတိကျလှ။ မိမိယူဆချက်များမှန်ကန်သည့်အတွက် သူတစ်ပါးကို မိမိဆက်ဆံပုံသည်ဖြောင့်မတ်သည်ဟု ယေရှုအားအတည်ပြုစေလိုခဲ့သည်။ ထိုကြောင့် “အဘယ်သူသည်အကျွန်ုပ်နှင့် စပ်ဆိုင်သောသူဖြစ်သနည်း” ဟုမေးလေသည်။
ဝတ်ပြုရာ ၁၉:၁၈ ပါ “ကိုယ်နှင့်စပ်ဆိုင်သူ” သည်ဂျူးအမျိုးသားချင်းဖြစ်သည်ဟုယုံကြည်ကြသည်။ ပေတရုပင်လျှင် နောင်တွင်ဤသို့ဆိုသည်။ “ယုဒလူဖြစ်သောသူတို့သည် တစ်ပါးအမျိုးသားတို့နှင့်မပေါင်းဖေါ်မချဉ်းကပ်အပ်သည်ကိုသိကြ၏။” ထိုကြောင့်ကျမ်းတတ်နှင့်ယေရှုတပည့်များအပါအဝင် ဂျူးအချင်းချင်းကိုကြင်နာစွာဆက်ဆံမည်ဆိုလျှင် ဖြောင့်မတ်သည်ဟုယူဆကြမည်။ အကြောင်းမှာဂျူးမဟုတ်သူများသည် ကိုယ်နှင့်စပ်ဆိုင်သူမဟုတ်ဟူ၍ သူတို့မြင်မှတ်သည်။
ကိုယ်တော့်စကားကိုနားထောင်နေသူများစိတ်မထိခိုက်စေဘဲ သူတို့အမြင်ကိုယေရှုမည်သို့ပြုပြင်ပေးမည်နည်း။ အဖြစ်မှန်ပေါ်မူတည်ကောင်းမူတည်သည့် ပုံပြင်တစ်ပုဒ်ကိုကိုယ်တော်ပြောဆိုသည်။ “လူတစ်ယောက်သည်ယေရုရှလင်မြို့မှယေရိခေါမြို့သို့သွားရာတွင် ဓားပြနှင့်တွေ့လေ၏။ ဓားပြသည်ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာရိုက်နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍သွားကြ၏။”
ဆက်၍ယေရှုက “ထိုလမ်းသို့ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍သွားလေ၏။ ထိုနည်းတူလေဝိလူတစ်ယောက်သည် ထိုအရပ်သို့ရောက်သောအခါ လာ၍ကြည့်မြင်လျှင် လွှဲရှောင်၍သွားလေ၏။ ရှမာရိလူတစ်ယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍မြင်သောအခါ ကရုဏာစိတ်ရှိသည်။”
ယဇ်ပုရောဟိတ်များနှင့်လေဝိသားများသည် ယေရိခေါမြို့၌နေထိုင်ကြရာ ပေ ၃၀၀၀ အမြင့်ရှိယေရုရှလင်မြို့ဗိမာန်တော်မှ အန္တရာယ်ထူပြောသော ၁၄ မိုင်ခရီးအကွာတွင်ရှိသည်။ ဒုက္ခရောက်နေသည့်ဂျူးအမျိုးသားချင်းကို ယဇ်ပုရောဟိတ်နှင့်လေဝိသား အကူအညီပေးဖို့ကောင်း၏။ သို့သော်မကူညီကြ။ ရှမာရိတစ်ဦးကကူညီပေးသည်။ ရှမာရိလူမျိုးတို့ကို ဂျူးများမုန်းတီးလွန်း၍ မကြာမီကပင် ယေရှုအား “ရှမာရိလူ” ဟုခေါ်၍အသရေဖျက်ခဲ့သည်။
ဂျူးကိုကူညီရန် ရှမာရိဘာလုပ်ခဲ့သနည်း။ “ချဉ်းကပ်၍သူ၏အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင် မိမိတိရစ္ဆာန်ပေါ်မှာတင်၍ ဇရပ်တစ်ခုသို့ဆောင်သွားပြုစုလေ၏။ နက်ဖြန်နေ့၌ထွက်သွားသောအခါ (နှစ်ရက်လုပ်ခခန့်ရှိ) ဒေနာရိနှစ်ပြားကိုထုတ်၍ ဇရပ်ရှင်အားပေးလျက် ဤသူကိုကြည့်ရှုပြုစုပါ။ ကုန်သမျှကိုပြန်လာသောအခါဆပ်ပေးမည်ဟုဆို” ကြောင်းယေရှုပြောပြသည်။
ဤပုံကိုပြောပြီးနောက် ကျမ်းတတ်အားယေရှုက “ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ဓားပြလက်သို့ရောက်သောသူနှင့်စပ်ဆိုင်သောသူဖြစ်သနည်း” ဟုမေးတော်မူ၏။
ရှမာရိသားတစ်ဦးကိုဂုဏ်တင်ချင်သောစိတ်မရှိသောကြောင့် ကျမ်းတတ်က “လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏” ဟုဖြေသည်။
“သင်သည်သွား၍ထိုနည်းတူပြုလော့” ဟုယေရှုနိဂုံးချုပ်ဆိုသည်။
တစ်ပါးအမျိုးသားပါ ကိုယ်နှင့်စပ်ဆိုင်သူများဖြစ်သည်ဟု ယေရှုကကျမ်းတတ်အားတိုက်ရိုက်ပြောလျှင် ထိုသူလက်မခံနိုင်သည်သာမက ယေရှုနှင့်ဆွေးနွေးချက်တွင် ပရိသတ်အများစုလည်းသူ့ဘက်လိုက်ကြမည်အမှန်။ သို့ရာတွင်ဤအဖြစ်မှန်ဝတ္တုတိုက ကိုယ်နှင့်စပ်ဆိုင်သူတို့တွင် မိမိလူမျိုးမဟုတ်သူများပါ ပါဝင်ကြောင်းအခိုင်အမာပြသည်။ ယေရှုသွန်သင်နည်းသည် တကယ်အံ့ဖွယ်ကောင်းလှသည်တကား။ လုကာ ၁၀:၂၅-၃၇။ တမန်တော် ၁၀:၂၈။ ယောဟန် ၄:၉၊ ၈:၄၈။
▪ ယေရှုအား ကျမ်းတတ် အဘယ်မေးခွန်းများမေးမြန်းသနည်း။ မေးရခြင်းအကြောင်းရင်းကား မည်သို့ဖြစ်ကြောင်း ထင်ရှားသနည်း။
▪ ကိုယ်နှင့်စပ်ဆိုင်သူများ မည်သူတို့ဖြစ်သည်ဟု ဂျူးများယုံသနည်း။ တပည့်တော်များပင် ဤအမြင်မျိုးရှိကြောင်း ယူဆစရာအဘယ်အကြောင်းရှိသနည်း။
▪ ကျမ်းတတ်ပြန်မဟနိုင်သည်အထိဖြစ်ရလေအောင် အဖြစ်မှန်ကို ယေရှုမည်သို့တင်ပြခဲ့သနည်း။