ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၉/၁ စာ. ၃၀-၃၁
  • “ကောင်းသောအဖို့ကို” မာရိရွေးယူခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကောင်းသောအဖို့ကို” မာရိရွေးယူခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု၏ခြေရင်း၌သင်ယူခြင်း
  • ကျွန်ုပ်တို့အတွက်သင်ခန်းစာ
  • “ကျွန်မ ယုံပါတယ်”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • “ကျွန်မ ယုံပါသည်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • မာသအားပေးသောသြဝါဒနှင့် ဆုတောင်းခြင်းဆိုင်ရာသွန်သင်ချက်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဧည့်ဝတ်ကျေပွန်ခြင်းနဲ့ ဆုတောင်းခြင်းအကြောင်း သွန်သင်ပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၉/၁ စာ. ၃၀-၃၁

သူတို့သည် ယေဟောဝါ၏အလိုတော်ကိုဆောင်ရွက်ခဲ့ကြ

“ကောင်းသောအဖို့ကို” မာရိရွေးယူခဲ့

ယေရှုခေတ်၌ ရဗ္ဗိထုံးတမ်းစဉ်လာများက ဂျူးအမျိုးသမီးများကို ချုပ်ချယ်ခဲ့သည်။ ထို့ကြောင့် သူတို့အား ပညတ်တော်ကိုလေ့လာဖို့ အားမပေးခဲ့ချေ။ “မည်သူမဆို မိမိ၏သမီးအား ပညတ်တော်အသိပညာကို သင်ပေးမည်ဆိုလျှင် သူ့ကို တဏှာရာဂလွန်ကျူးရန်သင်ပေးရာကျသည်” ဟုမစ်ရှ်နာ၌ ကိုးကားထားသော ယူဆချက်တစ်ခုကဆိုခဲ့၏။—စိုတာ ၃:၄။

ရလဒ်ကား၊ ပထမရာစုတွင် ယုဒပြည်နယ်ရှိ အမျိုးသမီးများစွာတို့သည် ပညာတတ်များမဟုတ်ကြခြင်းဖြစ်သည်။ “ယေရှု၏ခရစ်ယာန်ဓမ္မအမှုမတိုင်မီ ဂျူးအမျိုးသမီးများသည် ကြီးမြတ်သောဆရာတစ်ဦးနှင့်အတူ ခရီးသွားခွင့်မပြောနှင့် တပည့်ဖြစ်ခွင့်၊ သို့မဟုတ် ကလေးများအပြင် အခြားသူများကိုသင်ကြားပေးခွင့်ရှိကြောင်း သက်သေအထောက်အထားမရှိပါ” ဟုအဲန်ခါရ်သမ္မာကျမ်းစာအဘိဓာန်က မှတ်ချက်ချသည်။ အမျိုးသမီးများကို ပို၍သိမ်ငယ်စေရန် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးအား လူအများရှေ့တွင် စကားမပြောသင့်ဟု စည်းမျဉ်းတစ်ခုကိုပင် ဘာသာရေးခေါင်းဆောင်အချို့က ထုတ်ခဲ့ပါသည်တကား!

ယေရှုသည် ဤသို့သောဘုရားတရားမဲ့စိတ်ထားများကို ဂရုမစိုက်ခဲ့ချေ။ ကိုယ်တော်သည် အမျိုးသားများသာမက အမျိုးသမီးများကိုလည်း သွန်သင်ပေးခဲ့ရာ ကိုယ်တော်၏နောက်တော်လိုက်များထဲတွင် အမျိုးသားရောအမျိုးသမီးများကိုပါ တွေ့ ရှိနိုင်၏။ (လုကာ ၈:၁-၃) တစ်ခါ၌ ယေရှုကို မာသနှင့်မာရိ၏ဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့သည်။ (လုကာ ၁၀:၃၈) ဤအမျိုးသမီးနှစ်ဦးသည် လာဇရု၏အစ်မများဖြစ်ကြသည်၊ သုံးဦးစလုံးသည် ယေရှု၏တပည့်တော်များဖြစ်ခဲ့ကြသည့်အပြင် မိတ်ဆွေကောင်းများလည်းဖြစ်ခဲ့ကြ၏။ (ယောဟန် ၁၁:၅) လာဇရုသေသောအခါ မာသနှင့်မာရိအား နှစ်သိမ့်ပေးရန် ရောက်ရှိလာသူအရေအတွက်ကို ကြည့်ခြင်းအားဖြင့် ယင်းမိသားစုသည် လူကုံထံများဖြစ်ပေမည်။ မည်သို့ပင်ဆိုစေကာမူ၊ ယေရှုသည် ဧည့်သည်တစ်ဦးအဖြစ် သူတို့အိမ်တွင်ရောက်ရှိခဲ့စဉ်ကအဖြစ်အပျက်သည် သူတို့အတွက်သာမက ကျွန်ုပ်တို့အတွက်ပါ အဖိုးမဖြတ်နိုင်သောသင်ခန်းစာတစ်ခုပေးခဲ့သည်။

ယေရှု၏ခြေရင်း၌သင်ယူခြင်း

မာသနှင့်မာရိသည် ယေရှုကို မြိန်ရှက်သောစားသောက်ပွဲကြီးဖြင့် တည်ခင်းကျွေးမွေးလိုခဲ့ကြမည်ဖြစ်ပြီး ထိုသို့ပြုရန် သူတို့တတ်နိုင်ခဲ့ကြသည်မှာ သံသယမရှိချေ။ (ယောဟန် ၁၂:၁-၃ နှိုင်းယှဉ်။) သို့ရာတွင် သူတို့၏ဧည့်သည်ရောက်လာသောအခါ မာရိသည် “ယေရှု၏ခြေ . . . ရင်း၌ ထိုင်၍စကားတော်ကို နားထောင်လျက်နေ၏။” (လုကာ ၁၀:၃၉) လူအဆက်ဆက်ခံသော မည်သည့်နည်းဥပဒေသမျှ သိလိုစိတ်ပြင်းပြသည့် ဤစိတ်ရင်းမှန်သောအမျိုးသမီးတစ်ဦးကို သွန်သင်ပေးခြင်းမှ ယေရှုအားတားဆီး၍မရပေ! မိမိသခင်၏သွန်သင်ခြင်းကို အပြည့်အဝနာယူနေသော တပည့်တစ်ဦးအနေအထားဖြင့် ယေရှုရှေ့တွင် မာရိထိုင်နေခြင်းကို ကျွန်ုပ်တို့မြင်ယောင်ကြည့်နိုင်၏။—တရားဟောရာ ၃၃:၃ နှိုင်းယှဉ်; တမန်တော် ၂၂:၃။

မာသသည် မာရိနှင့်မတူဘဲ “လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိ” ခဲ့သည်။ သူသည် ဖွယ်ဖွယ်ရာရာအစားအသောက်များကို ပြင်ဆင်ဖို့ရန် အတော်အတန်အလုပ်များနေခဲ့ပေမည်။ သူ၏ညီမမှာမူ ယေရှု၏ခြေရင်း၌ထိုင်နေရာ အလုပ်ရှိသမျှကို မိမိလုပ်ကိုင်နေရသောကြောင့် မကြာမီတွင် မာသသည် စိတ်အနှောင့်အယှက်ဖြစ်လာခဲ့၏! ထို့ကြောင့် မာသသည် မာရိအား ယေရှုစကားပြောနေခြင်းကို ကြားဖြတ်ကာ “သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကိုပစ်ထားသည့်အရာကို လျစ်လျူသောစိတ်ရှိတော်မူသလော။ သူသည် ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါဟု” ရုတ်တရက်ပြောလိုက်ခြင်းဖြစ်ပေမည်။—လုကာ ၁၀:၄၀။

ဤတွင် မာသ၏တောင်းဆိုချက်ကိုယ်နှိုက်သည် အမှားမရှိပါ။ အမှန်မှာ၊ အုပ်စုတစ်စုအတွက် အစားအသောက်ပြင်ဆင်ခြင်းသည် ပင်ပန်းသောအလုပ်ဖြစ်ရာ ယင်းတာဝန်ကို တစ်ဦးတည်းမထမ်းဆောင်သင့်ချေ။ သို့ရာတွင် ယေရှုသည် သူ၏စကားတွင် တန်ဖိုးရှိသောသင်ခန်းစာတစ်ခုကို သွန်သင်ပေးရန် အခွင့်အရေးကောင်းကိုမြင်ခဲ့သည်။ “မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကိုခံရ၏။ လိုသောအရာတစ်ခုတည်းရှိ၏။ မာရိမူကား၊ ကောင်းသောအဖို့ကို ရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှမနုတ်မယူရာဟု” ယေရှုမိန့်တော်မူ၏။—လုကာ ၁၀:၄၁၊ ၄၂။

မာသသည် ဝိညာဉ်ရေးရာများကို စိတ်ဝင်စားခြင်းမရှိဟု ယေရှုပြောနေခြင်းမဟုတ်ပါ။ ယင်းအစား သူသည် ဘုရားရေးရာဆက်ကပ်အပ်နှံထားသော အမျိုးသမီးတစ်ဦးဖြစ်သည်ကို ကိုယ်တော်သိရှိခဲ့သည်။a ၎င်းကြောင့် ယေရှုအား မိမိအိမ်သို့ ဖိတ်ခေါ်ရခြင်းဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။ သို့သော် မာသသည် အစားအသောက်အပေါ် စိုးရိမ်ပူပန်ခြင်းဖြင့် ဘုရားသခင့်သားတော်ကိုယ်တိုင်၏သွန်သင်မှုခံယူရန် ကြုံတောင့်ကြုံခဲသော အခွင့်အရေးကို လက်လွတ်သွားခဲ့သည်ဟု ညင်သာစွာဆုံးမ၍ ယေရှုထောက်ပြခဲ့၏။

မှန်ပါသည်၊ အိမ်မှုကိစ္စများတွင် အမျိုးသမီးတစ်ဦး၏ကျွမ်းကျင်မှုက သူ၏တန်ဖိုးကို အကောင်းဆုံးသက်သေပြသည်ဟူသောအမြင်ကို ထိုခေတ်၏ယဉ်ကျေးမှုက ထောက်ခံပေမည်။ သို့တိုင် အမျိုးသားများနည်းတူ အမျိုးသမီးများသည်လည်း ဘုရားသခင့်သားတော်၏ခြေတော်ရင်း၌ထိုင်ပြီး အသက်နှင့်ဆိုင်သောစကားများကို နားထောင်နိုင်ပါသည်ဟု ယေရှု၏စကားများက ဖော်ပြခဲ့သည်! (ယောဟန် ၄:၇-၁၅; တမန်တော် ၅:၁၄) ဤအကြောင်းကြောင့် မာသသည် သခင်၏ခြေရင်း၌ထိုင်၍ သင်ယူဖို့အခွင့်အရေးယူရန် သူသည် ဟင်းလျာအနည်းငယ်သာ—ဟင်းတစ်မျိုးတည်းနှင့်ပင်—ကျွေးမွေးဧည့်ခံခဲ့လျှင် ပို၍ကောင်းပေလိမ့်မည်။—မဿဲ ၆:၂၅ နှိုင်းယှဉ်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ

ယနေ့ “အဖိုးကိုမပေးဘဲ အသက်ရေကိုယူ” ပါဟူသော ယေရှု၏ဖိတ်ခေါ်ချက်ကို လက်ခံသူများထဲတွင် အမျိုးသားများရော အမျိုးသမီးများကိုပါ တွေ့ ရှိရသည်။ (ဗျာဒိတ် ၂၂:၁၇) မေတ္တာ၏လှုံ့ဆော်မှုဖြင့် မာသကဲ့သို့သောသူအချို့သည် ယုံကြည်သူချင်းများ၏လိုအပ်ရာများကို အစွမ်းကုန်ကြိုးစားဖြည့်စွက်ပေးကြသည်။ သူတို့သည် လက်တွေ့ကျကျ ချက်ချင်းကူညီပေးတတ်ကြသည့်အတွက် ယေဟောဝါသည် သူတို့၏မေတ္တာပါလုပ်ရပ်များကိုဆုချရန် ကတိပြုသည်။ (ဟေဗြဲ ၆:၁၀; ၁၃:၁၆) အခြားသူများမူ မာရိနှင့်ပို၍တူပေမည်။ သူတို့သည် အေးဆေးသောအတွေးသမားများဖြစ်ကြသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဆင်ခြင်တွေးတောရန် သူတို့၏စိတ်ဆန္ဒက ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ရန် ထောက်ကူပေးသည်။—ဧဖက် ၃:၁၇-၁၉။

ခရစ်ယာန်အသင်းတော်တွင် ထိုအတန်းအစားနှစ်မျိုးစလုံးသည် အရေးပါသောလိုအပ်မှုတစ်ခုကို ဖြည့်ဆည်းပေးသည်။ သို့ရာတွင် အဆုံး၌ လူခပ်သိမ်းသည် ဝိညာဉ်ရေးရာများကို အဓိကအရေးထားခြင်းအားဖြင့် “ကောင်းသောအဖို့ကို ရွေးယူ” သင့်သည်။ ပို၍အရေးကြီးသောအရာများကို သေချာစေခြင်းဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏မျက်နှာသာတော်နှင့်ကောင်းချီး ရရှိပါလိမ့်မည်။—ဖိလိပ္ပိ ၁:၉-၁၁။

[အောက်ခြေမှတ်ချက်များ]

a မာသသည် ယုံကြည်ခြင်းအားကြီးသော ဝိညာဉ်ရေးစိတ်ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်းကို သူ၏မောင်လာဇရုသေဆုံးပြီးနောက် ယေရှုနှင့်ပြောဆိုခဲ့သောစကားက သိသာထင်ရှားစေပါသည်။ ဤအချိန်အခါ၌ သခင်နှင့်တွေ့လိုစိတ်ပိုပြင်းပြကြောင်းပြသခဲ့သူမှာ မာသဖြစ်ခဲ့၏။—ယောဟန် ၁၁:၁၉-၂၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ