အခန်း ၇၄
မာသအားပေးသောသြဝါဒနှင့် ဆုတောင်းခြင်းဆိုင်ရာသွန်သင်ချက်
ယုဒပြည်တွင်ဓမ္မအမှုဆောင်စဉ် ဗေသနိရွာသို့ယေရှုကြွဝင်၏။ မာသ၊ မာရိနှင့်သူတို့မောင်လာဇရုတို့၏ရွာဖြစ်သည်။ ဤသုံးဦးကို ဓမ္မအမှုဆောင်စဉ်စောစောပိုင်းကတည်းက ရင်းနှီးသည့်မိတ်ဆွေဖြစ်နေမည်။ မည်သို့ဆိုစေ ယေရှုယခုမာသအိမ်သို့ကြွဝင်ရာ သူမက ကိုယ်တော်အားကြိုဆိုလေ၏။
မာသသည် ယေရှုအား အကောင်းဆုံးဧည့်ခံလိုစိတ်ပြင်းပြသည်။ ကတိထားရာမေရှိယ မိမိအိမ်သို့လည်ပတ်ခြင်းသည် အထူးဂုဏ်ယူဖွယ်ဖြစ်သည်။ ထိုကြောင့် မာသသည် ဖွယ်ဖွယ်ရာရာကျွေးမွေးဧည့်ခံရန်၊ ယေရှုစိတ်ချမ်းသာစွာနေထိုင်နိုင်ရန် အသေးစိတ်စီမံပြင်ဆင်လျက်ရှိသည်။
တစ်ဖက်၌ မာသ၏ညီမမာရိမူကား ယေရှု၏ခြေတော်ရင်းတွင်ထိုင်၍ တရားတော်ကိုကြားနာနေ၏။ ခဏကြာသော် မာသသည် အထံတော်သို့ချဉ်းကပ်ပြီးလျှင် “သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကိုပစ်ထားသည့်အရာကို လျစ်လျူသောစိတ်ရှိတော်မူသလော။ သူသည်ကျွန်မကိုကူညီမည်အကြောင်း အမိန့်ရှိတော်မူပါ” ဟုလျှောက်လေ၏။
သို့သော် မာရိအားတစ်စုံတစ်ရာပြောမည့်အစား မာသအား ရုပ်ပစ္စည်းကိုအလွန်ကြောင့်ကြအရေးပေးခြင်းအတွက် ဩဝါဒပေးတော်မူ၏။ “မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌စိုးရိမ်၍ နှောင့်ယှက်ခြင်းကိုခံရ၏။ လိုသောအရာတစ်ခုတည်းရှိ၏” ဟူ၍ကြင်နာစွာဆုံးမတော်မူ၏။ ထမင်းတစ်နပ်စာအတွက် ဟင်းမျိုးစုံကိုအချိန်ကုန်ခံချက်ပြုတ်ရန်မလိုကြောင်း၊ အနည်းငယ်ဖြစ်စေ၊ တစ်မျိုးတည်းဖြစ်စေလုံလောက်ကြောင်း မိန့်တော်မူနေခြင်းဖြစ်သည်။
မာသ စေတနာကောင်းသည်။ ဧည့်ဝတ်ကျေသောအိမ်ရှင်ဖြစ်ချင်သည်။ သို့သော် ယခုကဲ့သို့ ရုပ်ပိုင်းအတွက်ကြောင့်ကြခြင်းကြောင့် ဘုရားသခင့်သားတော်ထံမှသြဝါဒကို ကိုယ်တိုင်ခံယူခွင့်လက်လွတ်သွားရသည်။ ထိုကြောင့် “မာရိမူကား ကောင်းသောအဖို့ကိုရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှမနှုတ်မယူရာ” ဟုနိဂုံးချုပ်မိန့်ဆို၏။
တစ်ချိန်တွင်တပည့်တစ်ဦးက “သခင်၊ ဆုတောင်းစေခြင်းငှာ ယောဟန်သည်မိမိတပည့်တို့အားနည်းပေးသကဲ့သို့ ကျွန်ုပ်တို့အားနည်းပေးတော်မူပါ” ဟုလျှောက်ဆို၏။ လွန်ခဲ့သောတစ်နှစ်ခွဲအချိန်က တောင်ပေါ်ဒေသနာ၌စံပြပတ္ထနာဟောကြားတော်မူစဉ် ဤတပည့်တော်ရှိခဲ့ဟန်မတူပေ။ ထိုကြောင့် ယေရှုသည် ထပ်၍သွန်သင်ဟောကြားတော်မူ၏။ ဆုတောင်းရာတွင် ဇွဲရှိဖို့လိုကြောင်းကို လေးနက်စေရန် ပုံဥပမာတစ်ခုဖြင့်ဆက်၍ဟောကြားတော်မူ၏။
ဤသို့အစချီ၍မိန့်တော်မူ၏။ “သင်တို့တွင်တစ်စုံတစ်ယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍ သန်းခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏အိမ်သို့သွားပြီးလျှင် ‘အဆွေ၊ အကျွန်ုပ်အဆွေခင်ပွန်းတစ်ယောက်သည်ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကိုကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေးနှင့်ပါ’ ဟုဆိုသော် အိမ်ရှင်ကလည်း ‘ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိကြ၏။ ငါထ၍သင့်အားမပေးနိုင်’ ဟု အိမ်ထဲက ပြန်ပြောသည့်အရာမှာ ငါဆိုသည်ကား အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍မထ၊ မပေးသော်လည်း အားမလျော့ဘဲတောင်း၍နေသောကြောင့် ထ၍လိုချင်သမျှကိုပေးလိမ့်မည်။”
ဤသို့နှိုင်းယှဉ်သဖြင့် ယေဟောဝါဘုရားသခင်သည် ပုံပြင်ထဲမှမိတ်ဆွေကဲ့သို့ အသနားခံတောင်းလျှောက်ခြင်းကိုကြည်ကြည်ဖြူဖြူတုံ့ပြန်ဖြေကြားရန်ဆန္ဒမရှိဟူ၍ ဆိုလိုခြင်းမဟုတ်ပေ။ မလျော့သောဇွဲနှင့်တောင်းလျှင် မသဒ္ဓါသောမိတ်ဆွေပင်တုံ့ပြန်လာတတ်ပါက ကျွန်ုပ်တို့၏မေတ္တာရှင်ကောင်းကင်ခမည်းတော်သည် ထိုထက်မကပြုတော်မူမည်ကိုသရုပ်ပေါ်လွင်စေရန်တင်ပြခြင်းဖြစ်သည်။ ထိုကြောင့်ယေရှု ဤသို့ဆက်၍မိန့်တော်မူ၏။ “တစ်ဖန်ငါဆိုသည်ကား တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။”
ထိုနောက်ယေရှုက မစုံလင်သောအပြစ်သားလူ့ဖခင်များအကြောင်းရည်ညွှန်း၍ ဤသို့မိန့်ဆို၏။ “သင်တို့တွင် အဘဖြစ်သောသူ၌သားသည်မုန့်ကိုတောင်းလျှင် အဘသည် ကျောက်ကိုပေးမည်လော။ ငါးကိုတောင်းလျှင် ငါးအစား၌မြွေကိုပေးမည်လော။ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကိုပေးမည်လော။ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အားကောင်းသောအရာကိုပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော။” ထိုကြောင့် ဆုတောင်းရာတွင်ဇွဲကောင်းရန် မွန်မြတ်လှသောတိုက်တွန်းသြဝါဒစကားကို ယေရှုမြွက်ဆို၏။ လုကာ ၁၀:၃၈–၁၁:၁၃။
▪ မာသသည် ယေရှုအဖို့ အဘယ်ကြောင့်ဤမျှပြင်ဆင်မှုပြုလုပ်သနည်း။
▪ မာရိမူကားဘာလုပ်သနည်း။ မာသကိုချီးမွမ်းမည့်အစား မာရိကို ယေရှုအဘယ်ကြောင့်ချီးမွမ်းသနည်း။
▪ ဆုတောင်းခြင်းဆိုင်ရာသွန်သင်ချက်ကို ယေရှုအဘယ်ကြောင့် ထပ်၍ဟောကြားသနည်း။
▪ ဆုတောင်းရာတွင် ဇွဲရှိရန်လိုကြောင်း ယေရှုအဘယ်သို့ဥပမာပေးသနည်း။