ပထမရာစုခရစ်ယာန်များ၏ နေထိုင်မှုဘ၀ပုံစံ
‘အိမ်မှုကိစ္စ ကြိုးစားလုပ်ဆောင်သူများ’
‘ခရီးသွားကြစဉ် ရွာတစ်ရွာသို့ ဝင်တော်မူရာ မာသအမည်ရှိသော အမျိုးသမီး တစ်ဦးသည် မိမိအိမ်၌ ကိုယ်တော်ကို ဧည့်ခံလေ၏။ ထိုအမျိုးသမီး၌ မာရိအမည်ရှိသော ညီမတစ်ဦးရှိ၏။ မာရိသည် သခင်၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။ မာသမူကား ဧည့်ဝတ်ပြုရန် အလုပ်များနေသဖြင့် အထံတော်သို့ ချဉ်းကပ်ပြီးလျှင် “သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ယောက်တည်းအား လုပ်ကျွေးမှုတာဝန် ဆောင်ရွက်စေသည်ကို လျစ်လျူရှုတော်မူသလော။ သူသည် ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါ” ဟုလျှောက်သော်၊ သခင်က “မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်ကြောင့်ကြလျက်ရှိ၏။ အနည်းငယ်သာလျှင်၊ တစ်မည်သာလျှင် လို၏။ မာရိမူကား သာ၍ကောင်းသော အရာကို ရွေးချယ်လေပြီ။ ထိုအရာကို မည်သူမျှ နုတ်ယူ၍ရမည်မဟုတ်” ဟု ပြန်၍ မိန့်တော်မူ၏။’—လုကာ ၁၀:၃၈-၄၂။
မာသသည် အလုပ်ကြိုးစားသော အမျိုးသမီးတစ်ဦးဖြစ်သည်မှာ ထင်ရှား၏။ အခြားသူတို့သည် သူ့ကို အလွန်အထင်ကြီးလေးစားမည်မှာ သေချာသည်။ ပထမရာစု ဂျူးဓလေ့ထုံးတမ်းအရ၊ အမျိုးသမီးတစ်ဦး၏တန်ဖိုးကို အိမ်မှုကိစ္စနိုင်နင်းခြင်းနှင့် မိသားစုလိုအပ်ရာကို ဖြည့်ဆည်းပေးနိုင်ခြင်းတို့ဖြင့် သတ်မှတ်သည်။
ပထမရာစုရှိ ခရစ်ယာန်အမျိုးသမီးများကိုလည်း ‘အိမ်မှုကိစ္စ ကြိုးစားလုပ်ဆောင်သူများ’ ဖြစ်ရန် အားပေးထားသည်။ (တိတု ၂:၅) သို့သော် သူတို့သည် အခြားသူများကို ခရစ်ယာန်ယုံကြည်ခြင်းအကြောင်း သွန်သင်ပေးရန် ထပ်ဆင့်အခွင့်ထူးနှင့်တာဝန် ရရှိထားကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၂:၁၈) ပထမရာစုရှိ ဂျူးအမျိုးသမီးတစ်ဦး လုပ်ဆောင်ခဲ့ရသည့် တာဝန်တချို့မှာ အဘယ်နည်း။ မာရိနှင့်ပတ်သက်၍ ယေရှုပြောခဲ့သော စကားများမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာ ရရှိနိုင်သနည်း။
‘အလုပ်များနေ’ ဂျူးလူမျိုး အိမ်ထောင်ရှင်မတစ်ဦး၏ တစ်နေ့တာသည် နံနက်စောစော၊ နေမထွက်မီအချိန်တွင် စတင်၏။ (သု. ၃၁:၁၅) သူသည် မိသားစုအတွက် နံနက်စာပြင်ဆင်ပေးပြီးနောက် သားများကို ဂျူးစာသင်ကျောင်းသို့ လိုက်ပို့ပေမည်။ သမီးများကမူ အိမ်တွင်နေကာ အိမ်ထောင်ရှင်မကောင်းများဖြစ်လာရန် လိုအပ်သောအတတ်ပညာများကို သင်ယူကြရသည်။
မိခင်နှင့်သမီးများသည် ဆီမီးအိမ်ကို ဆီဖြည့်ခြင်း (၁)၊ တံမြက်စည်းလှည်းခြင်း (၂)၊ နှင့် ဆိတ်နို့ညှစ်ခြင်း (၃) စသည့် အိမ်မှုကိစ္စများကို အောက်ခြေသိမ်းမှစ၍ လုပ်ဆောင်ခြင်းအားဖြင့် တစ်နေ့တာကို စတင်ကြသည်။ ယင်းနောက် တစ်နေ့စာအတွက် မုန့်ဖုတ်ကြသည်။ ဦးစွာ သမီးများက ဂျုံစေ့တွင် ရောနှောပါရှိနေသော အမှိုက်များဖယ်ရှားရန် ဆန်ခါချ (၄) ကြပြီး ဂျုံစေ့များကို ဂျုံမှုန့်ကြမ်းဖြစ်အောင် ကြိတ်ဆုံဖြင့် ကြိတ်ကြသည် (၅)။ မိခင်ဖြစ်သူက ဂျုံမှုန့်တွင် ရေနှင့်တဆေးထည့်၍ မုန့်ညက် (၆) ဖြစ်အောင် နယ်သည်။ နယ်ပြီးသောအခါ မုန့်ပွလာစေရန် ခဏထားပြီး အခြားအိမ်မှုကိစ္စများကို ဆက်လုပ်သည်။ ထိုအချိန်တွင် သမီးများသည် ဆိတ်နို့လတ်လတ်ဆတ်ဆတ်ကို ဒိန်ခဲဖြစ်အောင် လှုပ်ခါမွှေနှောက် (၇) နေကြပေမည်။
ထို့နောက် မိခင်နှင့်သမီးများသည် မနက်ပိုင်းတွင် ဈေးသွားပြီး တစ်နေ့တာအတွက် လိုအပ်ရာများကို ဝယ်ယူကြမည်၊ (၈) ထိုတွင် ဟင်းခတ်အမွှေးအကြိုင်များ၏ရနံ့များ၊ တိရစ္ဆာန်များ၏ ဆူဆူညံညံ အော်မြည်နေသံများနှင့် ဈေးဝယ်သူတို့၏ ဈေးဆစ်နေသံများဖြင့် သက်ဝင်လှုပ်ရှားနေသည်။ ဝယ်ယူရမည့်စာရင်းထဲတွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် ငါးခြောက်များ ပါဝင်ပေမည်။ သူသည် ခရစ်ယာန်တစ်ဦးဖြစ်ပါက ဈေးတွင် အခြားသူများအား သူ၏ယုံကြည်ချက်အကြောင်းကို အခွင့်အရေးရှာပြီး ပြောပြမည်။—တမန်တော် ၁၇:၁၇။
တာဝန်ကျေပွန်သော မိခင်တစ်ဦးသည် ကျမ်းစာမူများကို သမီးများ သိရှိလေးမြတ်တတ်စေရန် ဈေးအသွားအပြန် လမ်းပေါ်တွင် အခွင့်အရေးယူပြီး သင်ပေးမည်။ (တရားဟောရာ ၆:၆၊ ၇) ထို့ပြင် စျေးဝယ်စဉ် ချွေတာသုံးစွဲတတ်ရန် သိသင့်သိအပ်ရာများကို သမီးများအား သူသင်ပေးမည်။—သု. ၃၁:၁၄၊ ၁၈။
အမျိုးသမီးများ နေ့စဉ်လုပ်ဆောင်ရသည့် အိမ်မှုကိစ္စနောက်တစ်ခုမှာ ရေခပ်ဆင်းခြင်း (၉) ဖြစ်သည်။ သူတို့သည် မိသားစုသုံးဖို့ ရေခပ်ကြ၏၊ တစ်ခါတစ်ရံ ရေခပ်ဆင်းလာကြသော အခြားအမျိုးသမီးများနှင့် စကားစမြည်ပြောဆိုကြပေမည်။ အိမ်ပြန်ရောက်လျှင် မိခင်နှင့်သမီးများက မုန့်ဖုတ်ကြသည်။ ဦးဆုံး၊ မုန့်ညက်ကို အချပ်ဖြစ်အောင်လုပ်ပြီး အပူပေးထားသော မုန့်ဖုတ်ဖို (၁၀) ထဲတွင် ထည့်လိုက်ကြသည်။ ထိုမုန့်ဖုတ်ဖိုသည် အများအားဖြင့် အိမ်အပြင်ဘက်တွင် ရှိ၏။ မုန့်ပူပူနွေးနွေး၏ ရနံ့သင်းသင်းလေးကို ရှူရှိုက်ကာ စကားတပြောပြောနှင့် မုန့်ကျက်လာသည်အထိ စောင့်ကြည့်နေကြသည်။
ထို့နောက် အနီးအနားတွင်ရှိသော စမ်းချောင်းသို့သွားကာ လျှော်ဖွပ် (၁၁) ကြသည်။ ဦးစွာ အဝတ်အစားများကို ဆပ်ပြာဖြင့် သေသေချာချာ လျှော်ဖွပ်ကြသည်။ ယင်းဆပ်ပြာသည် အပင်တချို့၏ပြာဖြင့် ပြုလုပ်ထားသော ဆိုဒီယမ် သို့မဟုတ် ပိုတက်ဆီယမ်ကာဗွန်နိတ်တစ်မျိုး ဖြစ်သည်။ ထို့နောက် အဝတ်ကို ဆပ်ပြာစင်အောင် ရေဖြင့်ကျင်းကာ ရေညှစ်ပြီး အနီးအနားရှိ ချုံပုတ်များနှင့် ကျောက်တုံးကြီးများပေါ်တွင် ဖြန့်လှန်းထားကြသည်။
အဝတ်များကို အိမ်ပြန်ယူလာပြီး ဖာထေးစရာများကို အိမ်အမိုးပေါ်သို့ ယူသွားကာ ဖာထေးပြုပြင် (၁၂) ကြသည်။ ပြီးမှ အဝတ်ဗီရိုထဲတွင် သိမ်းဆည်းကြသည်။ ထို့နောက် သမီးများသည် ပန်းထိုးခြင်းနှင့် အဝတ်အထည်ရက်လုပ်ခြင်း (၁၃) တို့ကို သင်ယူကြရသည်။ မကြာမီ အမျိုးသမီးများ ညနေစာ (၁၄) ချက်ပြုတ်ရန်အချိန် ကျရောက်လာသည်။ ဧည့်ဝတ်ပြုခြင်းသည် ထုံးစံတစ်ခုဖြစ်သောကြောင့် မိသားစုသည် ဧည့်သည်များနှင့်အတူ သုံးဆောင်ရန် မုန့်၊ ဟင်းသီးဟင်းရွက်များ၊ ဒိန်ခဲများ၊ ငါးခြောက်နှင့် ရေအေးတို့ကို ပြင်ဆင်ထားပေမည်။
ညရောက်၍ ကလေးများ အိပ်ရာဝင်ရန် အသင့်ဖြစ်နေသည့်အခါ သူတို့၏ဒူးခေါင်းတွင် ပွန်းပဲ့ဒဏ်ရာများရှိလျှင် မိခင်က ဆီလိမ်းပေးပေမည်။ ထို့နောက် မှိတ်တုတ်မှိတ်တုတ် မီးခွက်အလင်းရောင်အောက်တွင် မိဘများသည် သားသမီးများကို ကျမ်းစာပုံပြင်ပြောပြကာ ဆုတောင်းပေးကြသည်။ အိမ်ထဲတွင် တိတ်ဆိတ်သွားသောအခါ ခင်ပွန်းသည်က ဇနီးအား “ကောင်းသောမယားကို အဘယ်သူတွေ့ရသနည်း။ ထိုသို့သောမယားသည် ပတ္တမြားထက် အဖိုးသာလွန်၍ ထိုက်ပေ၏” ဟူ၍ ပြောပြခွင့်ရပေမည်။—သု. ၃၁:၁၀၊ သမ္မာ။
“သာ၍ကောင်းသောအရာကို” ရွေးချယ်ခြင်း ပထမရာစုရှိ တာဝန်သိတတ်သော အမျိုးသမီးများသည် ‘အလုပ်များ’ ခဲ့ရမည်မှာ သေချာပါသည်။ (လုကာ ၁၀:၄၀) ယနေ့လည်း အမျိုးသမီးများ အထူးသဖြင့် မိခင်များသည် အလုပ်အားသည်ဟူ၍ မရှိချေ။ ခေတ်မီစက်ကိရိယာများကြောင့် အိမ်မှုကိစ္စတချို့ကို လွယ်ကူချောမွေ့စွာ လုပ်ဆောင်ပြီးစီးစေသည်။ သို့သော် မိခင်များစွာသည် မိသားစုကို ပြုစုစောင့်ရှောက်ရသည်သာမက အိမ်အပြင်ထွက်၍ အလုပ်လုပ်ရသည့် အခြေအနေမျိုးပါ ကြုံနေရသည်။
ယနေ့ ခရစ်ယာန်အမျိုးသမီးများသည် အခက်အခဲများရှိနေသည့်ကြားမှ ဤဆောင်းပါးအစတွင် ဖော်ပြထားသည့် မာရိ၏ပုံနမူနာကို အတုယူကြသည်။ ထိုသူတို့သည် ဝတ်ပြုရေးနှင့်ဆိုင်သောအရာများကို အလွန်တန်ဖိုးထားကြ၏။ (မဿဲ ၅:၃) မိသားစုကို ပြုစုစောင့်ရှောက်ရန် သမ္မာကျမ်းစာက တိုက်တွန်းသောကြောင့် မိသားစုတာဝန်ကို သူတို့ မလစ်ဟင်းကြချေ။ (သု. ၃၁:၁၁-၃၁) သို့သော် မာသကို ယေရှုမိန့်ဆိုခဲ့သော မူနှင့်အညီလည်း သူတို့နေထိုင်ကြသည်။ ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးကို တန်ဖိုးထားသော အမျိုးသမီးသည် သတိပေးချက်များကို လိုလိုလားလား လက်ခံတတ်သည်။ ခရစ်ယာန်အမျိုးသမီးများသည် ဘုရားသခင်အကြောင်း သင်ယူလေ့လာရန် (၁၅) သို့မဟုတ် မိမိတို့၏ယုံကြည်ချက်ကို အခြားသူများအား ပြောပြရန်ဟူသောအခွင့်အရေးများကို အိမ်မှုကိစ္စများကြောင့် လက်လွတ်မခံကြချေ။ (မဿဲ ၂၄:၁၄; ဟေဗြဲ ၁၀:၂၄၊ ၂၅) သူတို့သည် “သာ၍ကောင်းသောအရာ” ကို ရွေးချယ်ကြ၏။ (လုကာ ၁၀:၄၂) ထို့ကြောင့် သူတို့သည် ဘုရားသခင်၊ ခရစ်တော်နှင့် မိသားစု၏ အလွန်တန်ဖိုးထားခြင်းကို ခံကြရလေသည်။—သု. ၁၈:၂၂။