ဤနောက်ဆုံးသောကာလအတွင်း၌ စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းခြင်း
“သင်တို့သည် တစ်စိတ်တည်း၌ တည်ကြည်လျက်၊ သတင်းတော်မြတ်ကို ယုံကြည်ခြင်းတရားအဖို့ တစ်သဘောတည်းနှင့် လုံ့လထုတ်လျက် . . . သတင်းတော်မြတ်နှင့်ထိုက်လျော်စွာ ပြုမူကြလော့။”—ဖိလိပ္ပိ ၁:၂၇၊ သမ။
၁။ ယေဟောဝါသက်သေများနှင့် လောကအကြား၌ အဘယ်ခြားနားမှုရှိသနည်း။
ဤနေ့ရက်ကာလသည် “နောက်ဆုံးနေ့ရက်ကာလ” ဖြစ်၏။ ဤအချိန်၌ “ခဲယဉ်းသောအဖြစ်အပျက်များ” ဖြစ်ပျက်နေသည်မှာ အံ့ဩစရာမဟုတ်ပေ။ (၂ တိမောသေ ၃:၁-၅၊ သမ) လူ့အဖွဲ့အစည်းအတွင်း၌ ငြိမ်သက်မှုကင်းမဲ့လျက်ရှိသော ဤ “အမှုကုန်ရသည်ကာလ” အတွင်းတွင် ယေဟောဝါသက်သေများသည် သူတို့၏ငြိမ်သက်မှုနှင့် စည်းလုံးမှုတို့ကြောင့် အလွန်ခြားနားစွာ ထင်ပေါ်လျက်ရှိကြ၏။ (ဒံယေလ ၁၂:၄) သို့သော်လည်း ယေဟောဝါကို ကိုးကွယ်ဝတ်ပြုကြသော ကမ္ဘာချီမိသားစုဝင် ယောက်စီယောက်တိုင်းတို့သည် ဤစည်းလုံးမှုကို ကြိုးစား၍ ဆက်လက်ထိန်းသိမ်းကြရန် တာဝန်ရှိလေသည်။
၂။ စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ ပေါလုဘာပြောခဲ့သနည်း၊ အဘယ်မေးခွန်းကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။
၂ တမန်တော်ပေါလုသည် စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းရန် ခရစ်ယာန်ချင်းတို့ကို ဩဝါဒပေးခဲ့သည်။ “သင်တို့ထံငါလာ၍ တွေ့ မြင်ရသည်ဖြစ်စေ၊ ကွဲကွာလျက်ကြားရသည်ဖြစ်စေ၊ သင်တို့သည် တစ်စိတ်တည်း၌ တည်ကြည်လျက် သတင်းတော်မြတ်ကို ယုံကြည်ခြင်းတရားအဖို့ တစ်သဘောတည်းနှင့် လုံ့လထုတ်လျက် ဆန့်ကျင်ဘက်ပြုသူတို့အား ကြောက်ရွံ့ ခြင်းအလျှင်းမရှိဘဲနေကြကြောင်း ငါသိရအံ့သောငှာ ပြည်တော်သားချင်းတို့အဖြစ် ခရစ်တော်၏သတင်းတော်မြတ်နှင့်ထိုက်လျော်စွာပြုမူကြလော့။ ထိုသို့သောသဘောသည် ရန်သူတို့၌ပျက်စီးခြင်း၊ သင်တို့၌ ကယ်တင်ခြင်းအကြောင်း ဘုရားသခင့်အထံတော်မှ သက်သေဖြစ်၏” ဟု သူရေးသားခဲ့သည်။ (ဖိလိပ္ပိ ၁:၂၇၊ ၂၈၊ သမ) ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အတူတကွလုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ပေါလု၏စကားရပ်များက ရှင်းလင်းစွာဖော်ပြနေလေသည်။ သို့ဖြစ်ပါက ဤခက်ခဲသောကာလအတွင်း၌ ခရစ်ယာန်စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းရန် အဘယ်အရာက ကျွန်ုပ်တို့ကို အကူအညီပေးမည်နည်း။
ဘုရားသခင်၏အလိုတော်ကို လိုက်နာခြင်း
၃။ အဘယ်အချိန်တွင်နှင့် အဘယ်နည်းဖြင့် အရေဖျားမလှီးသည့်ပထမဦးဆုံးတစ်ပါးအမျိုးသားများ ခရစ်တော်၏နောက်လိုက်များဖြစ်လာကြသနည်း။
၃ ကျွန်ုပ်တို့၏စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းနိုင်သည့် နည်းတစ်နည်းမှာ အခါခပ်သိမ်း၌ ဘုရားသခင်၏အလိုတော်ကို လိုက်နာခြင်းအားဖြင့်ဖြစ်သည်။ သို့ပြုရန် ကျွန်ုပ်တို့၏ထင်မြင်ယူဆချက်များတွင် ပြုပြင်ပြောင်းလဲမှုပြုဖို့ လိုအပ်ပေမည်။ အစောပိုင်းအချိန်က ယေရှု၏ ဂျူးလူမျိုးနောက်တော်လိုက်များကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ စီ.အီး. ၃၆ ခုနှစ်က အရေဖျားမလှီးသောတစ်ပါးအမျိုးသားများကို ပထမဦးဆုံး တမန်တော်ပေတရုဟောပြောခဲ့စဉ်က ဤတစ်ပါးအမျိုးသားများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကို ဘုရားသခင်သွန်းလောင်းပေးတော်မူခဲ့ကာ သူတို့နှစ်ခြင်းယူခဲ့ကြသည်။ (တမန်တော်အခန်းကြီး ၁၀) ထိုအချိန်အထိ ဂျူးများ၊ ယုဒဘာသာသို့ပြောင်းလဲဝင်ရောက်လာသူများနှင့် ရှမာရိလူမျိုးများသာ ယေရှုခရစ်၏ နောက်တော်လိုက်များ ဖြစ်လာကြခြင်းရှိသေးသည်။—တမန်တော် ၈:၄-၈၊ ၂၆-၃၈။
၄။ ကော်နေလိနှင့်စပ်လျဉ်း၍ ဖြစ်ပျက်ခဲ့သည့်အရာများကို ရှင်းလင်းပြပြီးနောက် ပေတရုဘာပြောခဲ့သနည်း။ ယင်းက ယေရှု၏ဂျူးလူမျိုးတပည့်တော်များအတွက် အဘယ်စမ်းသပ်မှုကို ဖြစ်စေသနည်း။
၄ ယေရုရှလင်မြို့တွင်ရှိသော တမန်တော်များနှင့် အခြားညီအစ်ကိုများသည် ကော်နေလိနှင့် အခြားတစ်ပါးအမျိုးသားများ ဘာသာပြောင်းလာကြကြောင်းကို သိရှိရသောအခါ ပေတရု၏အစီရင်ခံချက်ကို နားထောင်လိုခဲ့ကြသည်။ ကော်နေလိနှင့် အခြားယုံကြည်သူတစ်ပါးအမျိုးသားများနှင့်စပ်လျဉ်း၍ ဖြစ်ပျက်ခဲ့သည့်အရာများကို ရှင်းလင်းတင်ပြပြီးနောက် တမန်တော်က “သခင်ယေရှုခရစ်ကိုယုံကြည်သော ငါတို့ [ဂျူးများ] အား ဘုရားသခင်သည် [သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သော] ဆုကျေးဇူးကိုပေးတော်မူသည်နည်းတူ ထိုသူတို့ [ယုံကြည်သူတစ်ပါးအမျိုးသားများ] အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့် ငါသည် အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကိုဆီးတားနိုင်သနည်း” ဟူသည့်စကားရပ်များဖြင့် နိဂုံးချုပ်လိုက်သည်။ (တမန်တော် ၁၁:၁-၁၇) ၎င်းက ယေရှုခရစ်၏ ဂျူးလူမျိုးနောက်တော်လိုက်များအတွက် စမ်းသပ်မှုတစ်ခုဖြစ်လေသည်။ သူတို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်နာ၍ ယုံကြည်သူတစ်ပါးအမျိုးသားများကို သူတို့၏ဝတ်ပြုကိုးကွယ်သူချင်းများအဖြစ် လက်ခံကြမည်လော။ သို့မဟုတ် ယေဟောဝါ၏မြေကြီးဆိုင်ရာကျေးကျွန်များ၏ စည်းလုံးမှုသည် ဘေးအန္တရာယ် သင့်ရောက်လိမ့်မည်လော။
၅။ တစ်ပါးအမျိုးသားများကို နောင်တရခွင့် ဘုရားသခင်ပေးခဲ့သည့် အဖြစ်အပျက်နှင့်စပ်လျဉ်း၍ တမန်တော်များနှင့် အခြားညီအစ်ကိုများ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ အဆိုပါသဘောထားမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူရရှိနိုင်သနည်း။
၅ “ဤအကြောင်းအရာတို့ကို ထိုသူတို့ [တမန်တော်များနှင့် အခြားသောညီအစ်ကိုများ] သည် ကြားရလျှင် မငြင်းဘဲနေ၍ ‘အကယ်စင်စစ်ဘုရားသခင်သည် အသက်ရှင်စေခြင်းအလိုငှာ နောင်တတရားကို တစ်ပါးအမျိုးသားတို့အားလည်းပေးတော်မူပြီ’ ဟု ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြ၏” ဟု မှတ်တမ်းက ဖော်ပြသည်။ (တမန်တော် ၁၁:၁၈) ထိုသဘောထားက ယေရှုနောက်တော်လိုက်များ၏စည်းလုံးမှုကို ကာကွယ်ပေးပြီး တိုးပွားစေလေသည်။ အချိန်တိုလေးအတွင်း၌ပင် ဟောပြောခြင်းလုပ်ငန်းသည် တစ်ပါးအမျိုးသားများအကြားသို့မဟုတ် လူမျိုးများထဲမှ လူများထံသို့ ထိုးဖောက်ရောက်ရှိသွားပြီး ထိုသို့သောလုပ်ဆောင်မှုများအပေါ် ယေဟောဝါ၏ကောင်းချီး သက်ရောက်ခဲ့လေသည်။ အသင်းတော်သစ်တစ်ခု ဖွဲ့စည်းထူထောင်ခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏ပူးပေါင်းလုပ်ဆောင်မှု တောင်းခံခံရသောအခါ၌သော်လည်းကောင်း၊ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုအောက်၌ သီအိုကရက်တစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအချို့ကို ပြုလုပ်ရာ၌သော်လည်းကောင်း ကျွန်ုပ်တို့ကိုယ်နှိုက်လည်း သဘောတူညီမှုရှိသင့်သည်။ ကျွန်ုပ်တို့၏ လှိုက်လှဲစွာပူးပေါင်းဆောင်ရွက်မှုက ယေဟောဝါကို ရွှင်လန်းစေပြီး ဤနောက်ဆုံးသောကာလ၌ စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းရန် ကျွန်ုပ်တို့ကို အကူအညီဖြစ်စေပေလိမ့်မည်။
သမ္မာတရား၌ မှီဝဲဆည်းကပ်ကြလော့
၆။ သမ္မာတရားသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူများ၏စည်းလုံးမှုအပေါ် အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။
၆ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူမိသားစု၏ အစိတ်အပိုင်းဝင်များအဖြစ် ကျွန်ုပ်တို့သည် စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းကြသည်။ အကြောင်းမှာ ကျွန်ုပ်တို့အားလုံးသည် “ဘုရားသခင်ဆုံးမသွန်သင်တော်မူ” ခြင်းကို ခံရပြီး ကိုယ်တော်ဖော်ပြထားသော သမ္မာတရားကို စွဲကိုင်ထားကြသောကြောင့်ဖြစ်၏။ (ယောဟန် ၆:၄၅; ဆာလံ ၄၃:၃) ကျွန်ုပ်တို့၏သွန်သင်ချက်များသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်အပေါ် အခြေခံထားသောကြောင့် ကျွန်ုပ်တို့အားလုံးသည် စကားတညီတညွတ်တည်း ပြောဆိုကြ၏။ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် ယေဟောဝါပြင်ဆင်ပေးတော်မူသော ဝိညာဏအစားအစာများကို ဝမ်းမြောက်စွာဖြင့် ကျွန်ုပ်တို့လက်ခံကြသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) အဆိုပါတူညီသော သွန်သင်ချက်က ကမ္ဘာချီစည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းရန် ကျွန်ုပ်တို့ကို ကူညီပေးလေသည်။
၇။ ကျွန်ုပ်တို့တစ်ဦးတည်း အကြောင်းအချက်တစ်ခုကို နားလည်ရန် ခက်ခဲမှုရှိနေပါက ကျွန်ုပ်တို့ အဘယ်အရာကိုပြုလုပ်သင့်ပြီး အဘယ်အရာကို မပြုလုပ်သင့်သနည်း။
၇ ကျွန်ုပ်တို့တစ်ဦးချင်းအနေနှင့် အကြောင်းအချက်တစ်ခုကို နားလည်ရန် သို့မဟုတ် လက်ခံရန် ခက်ခဲနေမည်ဆိုလျှင်ကော အသို့နည်း။ ဉာဏ်ပညာအတွက် ကျွန်ုပ်တို့ဆုတောင်းသင့်ပြီး ကျမ်းစာနှင့် ခရစ်ယာန်စာပေစာတမ်းများတွင် လေ့လာရှာဖွေမှု ပြုလုပ်သင့်သည်။ (သု. ၂:၄၊ ၅; ယာကုပ် ၁:၅-၈) အကြီးအကဲတစ်ဦးနှင့် ဆွေးနွေးခြင်းက အကူအညီဖြစ်စေနိုင်သည်။ ထိုအကြောင်းအချက်ကို နားမလည်သေးဘဲဖြစ်နေပါက ၎င်းကို ဤအတိုင်းထားလိုက်ခြင်းသည် ကောင်းပေလိမ့်မည်။ ထိုအကြောင်းအရာနှင့်ဆိုင်သော ထပ်ဆင့်အကြောင်းများကို ထုတ်ဝေကောင်းထုတ်ဝေလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်တို့ ပို၍သိနားလည်လာလိမ့်မည်ဖြစ်သည်။ သို့သော် အသင်းတော်တွင်ရှိသော အခြားသူများအား ကျွန်ုပ်တို့၏ခြားနားသောယူဆချက်ကို လက်ခံအောင်သွေးဆောင်ရန် ကြိုးစားခြင်းသည် မှားပေလိမ့်မည်။ ယင်းက စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းရန် လုပ်ဆောင်ခြင်းမဟုတ်ဘဲ သဘောထားကွဲလွဲမှုကိုသာ ဖြစ်ပွားစေမည်။ “သမ္မာတရား၌ကျင်လည်” ခြင်းနှင့် အခြားသူကိုလည်း ထိုသို့ပြုလုပ်ရန် အားပေးခြင်းသည် မည်မျှသာ၍ကောင်းလိုက်မည်ဖြစ်သည်တကား!—၃ ယောဟန် ၄။
၈။ သမ္မာတရားနှင့်ပတ်သက်၍ အဘယ်သဘောထားသည် လျောက်ပတ်သနည်း။
၈ ပထမရာစုအချိန်၌ ပေါလုက “ယခုတွင် ငါတို့သည် မှန်အားဖြင့်ရိပ်မိလျက်သာနေကြ၏။ ထိုအခါမူကား မျက်မှောက်ထင်ထင်မြင်ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံမလင်ဖြစ်၏။ ထိုအခါမူကား သူတစ်ပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့်မည်” ဟူ၍ ပြောဆိုခဲ့သည်။ (၁ ကောရိန္သု ၁၃:၁၂) အစောပိုင်းခရစ်ယာန်များသည် အရာအားလုံးကို အသေးစိတ်သိရှိခဲ့ခြင်းမရှိသော်လည်း စည်းလုံးစွာဖြင့် ဆက်လက်နေထိုင်ခဲ့ကြသည်။ ယခု ကျွန်ုပ်တို့သည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်နှင့် ကိုယ်တော်၏နှုတ်ကပါဌ်တော်သမ္မာတရားကို ပို၍ရှင်းလင်းစွာနားလည်ထားကြ၏။ ထို့ကြောင့် ‘သစ္စာရှိသောကျွန်’ ထံမှတစ်ဆင့် ကျွန်ုပ်တို့ရရှိသော သမ္မာတရားအတွက် ကျေးဇူးတင်ကြစို့။ ထို့ပြင် ယေဟောဝါသည် ကိုယ်တော်၏အဖွဲ့အစည်းတော်အားဖြင့် ကျွန်ုပ်တို့ကိုဦးဆောင်နေသောကြောင့် ကျေးဇူးသိတတ်ကြစို့။ ကျွန်ုပ်တို့၌ တူညီသောအသိပညာ အမြဲတမ်းမရှိကြသော်လည်း ဝိညာဉ်ရေးအရ ကျွန်ုပ်တို့သည် ဆာလောင်ငတ်မွတ်နေခြင်းမရှိပါလေ။ သို့အစား ကျွန်ုပ်တို့၏သိုးထိန်းဖြစ်တော်မူသော ယေဟောဝါသည် ကျွန်ုပ်တို့ကိုစည်းလုံးစေပြီး ကောင်းစွာဂရုစိုက်တော်မူသည်။—ဆာလံ ၂၃:၁-၃။
လျှာကို မှန်ကန်စွာအသုံးပြုကြလော့!
၉။ စည်းလုံးမှုကို တိုးပွားအောင် လျှာကို မည်သို့အသုံးပြုနိုင်မည်နည်း။
၉ လျှာကို အခြားသူများအား အားပေးရန် အသုံးပြုခြင်းသည် စည်းလုံးမှုနှင့် ညီအစ်ကိုချင်းစိတ်ဓာတ်ကို တိုးပွားစေသော အရေးကြီးသည့်နည်းတစ်နည်းဖြစ်လေသည်။ ပထမရာစုရှိ အုပ်ချုပ်ရေးအဖွဲ့မှပေးပို့ခဲ့သော အရေဖျားလှီးခြင်းပြဿနာကို ဖြေရှင်းပေးခြင်းနှင့်ဆိုင်သည့် စာသည် အားပေးမှု၏အရင်းအမြစ်တစ်ခုဖြစ်ခဲ့သည်။ ၎င်းကို ဖတ်ရှုပြီးနောက် အန္တိအုတ်တွင်ရှိသော တစ်ပါးအမျိုးသားတပည့်တော်များသည် “ထိုသက်သာခြင်း၏အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။” ယေရုရှလင်မြို့မှနေ၍ စာနှင့်အတူ စေလွှတ်လိုက်သော ယုဒနှင့်သိလတို့သည် “များစွာသောစကားနှင့် ညီအစ်ကိုတို့ကိုဆုံးမ၍ မြဲမြံခိုင်ခံ့စေကြ၏။” ပေါလုနှင့် ဗာနဗတို့ ရောက်ရှိနေခြင်းသည်လည်း အန္တိအုတ်တွင်ရှိသော ယုံကြည်သူချင်းတို့အတွက် အားပေးမှုနှင့် ခိုင်ခံ့မြဲမြံမှုရှိစေခဲ့မည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ (တမန်တော် ၁၅:၁-၃၊ ၂၃-၃၂) ခရစ်ယာန်စည်းဝေးများအတွက် ကျွန်ုပ်တို့စုရုံးကြချိန်၊ ကျွန်ုပ်တို့ရောက်ရှိနေခြင်းနှင့် တည်ဆောက်မှုရှိစေသော မှတ်ချက်များပေးခြင်းဖြင့် ‘တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြသော’ အချိန်များ၌ ထိုနည်းထပ်တူ ကျွန်ုပ်တို့ပြုလုပ်နိုင်ကြသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၁၀။ ဆဲရေးတိုင်းထွာမှုဖြစ်ခဲ့ပါက စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းရန် ဘာပြုလုပ်ရမည်နည်း။
၁၀ သို့သော်လည်း လျှာကို အလွဲသုံးခြင်းသည် ကျွန်ုပ်တို့၏စည်းလုံးမှုကို အန္တရာယ်ဖြစ်စေနိုင်သည်။ “လျှာသည်ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက်များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကို ကြည့်ပါလော့” ဟု တပည့်တော်ယာကုပ် ရေးသားခဲ့သည်။ (ယာကုပ် ၃:၅) ငြင်းခုံမှုကိုဖြစ်ပွားစေသောသူများကို ယေဟောဝါ မုန်းတော်မူ၏။ (သု. ၆:၁၆-၁၉) ထိုကဲ့သို့ပြောဆိုမှုမျိုးသည် စည်းလုံးမှုကို ပြိုကွဲစေနိုင်သည်။ သို့ဖြစ်ပါက တစ်စုံတစ်ယောက်ကို ရင့်ရင့်သီးသီးပြောဆိုခြင်း၊ သူ သို့မဟုတ် သူမကို စော်ကားမော်ကား ပြောဆိုခြင်းဖြစ်သော ဆဲရေးတိုင်းထွာခြင်းကိုပြုလျှင်ကော အသို့နည်း။ အမှားပြုသူကို အကြီးအကဲများက ကူညီရန် ကြိုးစားလိမ့်မည်။ သို့သော်လည်း နောင်တမရသော ဆဲရေးတိုင်းထွာသူတစ်ဦးကို နှင်ထုတ်သင့်ပေသည်။ သို့အားဖြင့် အသင်းတော်၏ငြိမ်သက်မှု၊ စည်းစနစ်ကျနမှုနှင့် စည်းလုံးမှုတို့ကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ အမှန်တကယ်တွင် ပေါလုက “ညီအစ်ကိုဟုခေါ်ဝေါ်သော . . . ဆဲရေးကဲ့ရဲ့ခြင်း . . . ကိုပြုသောသူနှင့် မပေါင်းဖော်ရသည်သာမက ထိုသူနှင့်အတူစားသောက်ခြင်းကိစ္စကိုမျှမပြုရ” ဟု ရေးသားခဲ့လေသည်။—၁ ကောရိန္သု ၅:၁၁။
၁၁။ ကျွန်ုပ်တို့နှင့် ယုံကြည်သူချင်းတစ်ဦးအကြားတွင် တင်းမာမှုကိုဖြစ်စေသော စကားတစ်ခွန်းကို ကျွန်ုပ်တို့ပြောဆိုမိခဲ့ပါက နှိမ့်ချမှုသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၁ လျှာကိုထိန်းခြင်းသည် စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ကျွန်ုပ်တို့အား အကူအညီဖြစ်စေလေသည်။ (ယာကုပ် ၃:၁၀-၁၈) သို့သော် ကျွန်ုပ်တို့ပြောလိုက်သော စကားတစ်ခွန်းက ကျွန်ုပ်တို့နှင့် ခရစ်ယာန်ချင်းတစ်ဦးအကြား၌ တင်းမာမှုကိုဖြစ်စေသည်ဆိုပါစို့။ ကျွန်ုပ်တို့၏ညီအစ်ကိုနှင့် ငြိမ်းချမ်းမှုရရှိအောင် အဦးလုပ်ဆောင်ခြင်း၊ လိုအပ်ပါက တောင်းပန်ခြင်းသည် မသင့်လျော်ပေလော။ (မဿဲ ၅:၂၃၊ ၂၄) မှန်သည်၊ ဤသို့ပြုရာ၌ နှိမ့်ချခြင်းရှိရန်လိုအပ်သော်လည်း ပေတရုက “အချင်းချင်း တစ်ယောက်အောက်တစ်ယောက်နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏” ဟု ရေးသားခဲ့သည်။ (၁ ပေတရု ၅:၅) နှိမ့်ချမှုက ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် ‘ငြိမ်သက်ခြင်းကိုရှာ၍မီအောင်လိုက်’ ရန်၊ ကျွန်ုပ်တို့၏အမှားကိုပြုပြင်ပြီး သင့်လျော်သည့်တောင်းပန်မှုကိုပြုရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပါလိမ့်မည်။ ယင်းက ယေဟောဝါမိသားစု၏စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းရန် ကူညီပေမည်။—၁ ပေတရု ၃:၁၀၊ ၁၁။
၁၂။ ယေဟောဝါလူမျိုးတော်၏စည်းလုံးမှုကို တိုးပွားစေရန်နှင့် ဆက်လက်ထိန်းသိမ်းရန် လျှာကို မည်သို့အသုံးပြုနိုင်မည်နည်း။
၁၂ ကျွန်ုပ်တို့၏လျှာကို မှန်ကန်စွာအသုံးပြုမည်ဆိုလျှင် ယေဟောဝါအဖွဲ့အစည်းတော်ထဲတွင်ရှိသောသူများအကြား၌ မိသားစုစိတ်ဓာတ်ကို တိုးပွားစေနိုင်သည်။ ၎င်းမှာ ပေါလုလုပ်ဆောင်ခဲ့သောအရာဖြစ်သောကြောင့် သက်သာလောနိတ်မြို့သားများကို “ဘုရားသခင်နှင့်ထိုက်တန်အောင် ကျင့်ကြံပြုမူကြစေရန်၊ အဘနှင့်သားသမီးကဲ့သို့ သင်တို့အသီးအသီးအား ငါတို့မည်သို့နှိုးဆော်တိုက်တွန်း၍ သတိပေးကြောင်း ကိုယ်တိုင်သိကြ၏” ဟု သူသတိပေးနှိုးဆော်နိုင်ခြင်းဖြစ်သည်။ (၁ သက်သာလောနိတ် ၂:၁၁၊ ၁၂၊ သမ) ဤကိစ္စ၌ ကောင်းသောပုံသက်သေကို တင်ပြခဲ့သောကြောင့် ခရစ်ယာန်ချင်းတို့အား “စိတ်ငယ်သောသူတို့ကို အားပေးကြလော့” ဟု ပေါလုအားပေးတိုက်တွန်းနိုင်ခဲ့ခြင်းဖြစ်လေသည်။ (၁ သက်သာလောနိတ် ၅:၁၄) အခြားသူများကို နှစ်သိမ့်မှုပေးရန်၊ အားပေးရန်နှင့် တည်ဆောက်ပေးရန် လျှာကိုအသုံးပြုခြင်းအားဖြင့် အဘယ်မျှလောက်ကောင်းသည့်အရာကို ကျွန်ုပ်တို့ပြုနိုင်ကြောင်း စဉ်းစားကြည့်ပါ။ မှန်ပေသည်၊ “အချိန်တန်၍ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏!” (သု. ၁၅:၂၃) ထို့အပြင် ထိုကဲ့သို့သော စကားပြောဆိုခြင်းသည် ယေဟောဝါလူမျိုးတော်၏စည်းလုံးမှုကို တိုးပွားစေရန်နှင့် ဆက်လက်ထိန်းသိမ်းရန် အကူအညီဖြစ်စေလေသည်။
ခွင့်လွှတ်တတ်ပါလေ!
၁၃။ ကျွန်ုပ်တို့သည် အဘယ်ကြောင့်ခွင့်လွှတ်တတ်ရမည်နည်း။
၁၃ ခရစ်ယာန်စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းလိုပါက ဝန်ချတောင်းပန်သောအပြစ်ပြုသူတစ်ဦးကို ခွင့်လွှတ်ရန် လိုအပ်သည်။ အကြိမ်ရေမည်မျှလောက် ကျွန်ုပ်တို့ခွင့်လွှတ်သင့်သနည်း။ “ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆို။ အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင်လွှတ်ရမည်” ဟု ပေတရုကို ယေရှုမိန့် ကြားတော်မူခဲ့၏။ (မဿဲ ၁၈:၂၁၊ ၂၂) ကျွန်ုပ်တို့ ခွင့်လွှတ်တတ်ခြင်းမရှိပါက မိမိ၏အကျိုးကို ဆန့်ကျင်၍သာ ကျွန်ုပ်တို့ပြုလုပ်နေခြင်းဖြစ်ပေသည်။ မည်သို့အားဖြင့်နည်း။ ရန်ငြိုးဖွဲ့ ခြင်းနှင့် မနာလိုမှုကို မွေးမြူထားခြင်းဖြင့် စိတ်ငြိမ်သက်မှုကို ကျွန်ုပ်တို့ဆုံးရှုံးရလိမ့်မည်။ ကျွန်ုပ်တို့ကို အကြင်နာကင်းမဲ့ပြီး ခွင့်လွှတ်တတ်ခြင်းမရှိသောသူအဖြစ် လူသိများလာပါက ကိုယ့်ကိုယ်ကို အများက ဝိုင်းပယ်သည့်အဖြစ်သို့ရောက်စေရာကျပေမည်။ (သု. ၁၁:၁၇) ငြူစူခြင်းကို ဘုရားသခင်မနှစ်သက်သကဲ့သို့ ၎င်းသည် ကြီးလေးသောအပြစ်ကိုလည်း ပြုမိစေနိုင်သည်။ (ဝတ်ပြုရာ ၁၉:၁၈) နှစ်ခြင်းဆရာယောဟန်သည် သူ့ကို “ရန်ငြိုးဖွဲ့” သော ဆိုးညစ်သည့် ဟေရောဒိ၏စီမံမှုအောက်၌ ခေါင်းဖြတ်ခံခဲ့ရကြောင်း အမှတ်ရပါ။—မာကု ၆:၁၉-၂၈။
၁၄။ (က) ခွင့်လွှတ်ခြင်းနှင့်စပ်လျဉ်း၍ မဿဲ ၆:၁၄၊ ၁၅ က ကျွန်ုပ်တို့ကို ဘာသင်ကြားပေးသနည်း။ (ခ) တစ်ဦးတစ်ယောက်ကို ခွင့်မလွှတ်မီ တောင်းပန်ခြင်းကို ကျွန်ုပ်တို့အမြဲစောင့်မျှော်ရမည်လော။
၁၄ ယေရှု၏စံပြဆုတောင်းချက်တွင် “အကျွန်ုပ်တို့ကိုပြစ်မှားသောသူရှိသမျှတို့၏အပြစ်ကို အကျွန်ုပ်တို့သည် လွှတ်သောကြောင့် အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ” ဟူသည့်စကားရပ်များ ပါဝင်လေသည်။ (လုကာ ၁၁:၄) အကယ်၍ ကျွန်ုပ်တို့သည် ခွင့်လွှတ်တတ်ခြင်းမရှိပါက တစ်နေ့နေ့တွင် ကျွန်ုပ်တို့၏အပြစ်များကို ယေဟောဝါဘုရားသခင် ဘယ်တော့မျှ ခွင့်မလွှတ်တော့သည့်အဖြစ်သို့ရောက်မည့် အန္တရာယ်ရှိလေသည်။ အကြောင်းမှာ ယေရှုက “သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူမည်။ သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုမလွှတ်လျှင် သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မမူ” ဟူ၍ မိန့်တော်မူခဲ့သောကြောင့်ဖြစ်၏။ (မဿဲ ၆:၁၄၊ ၁၅) ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူများအတွင်း၌ စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းရာတွင် ကျွန်ုပ်တို့၏အပိုင်းကဏ္ဍကို အမှန်ပင်လုပ်ဆောင်လိုပါက မကောင်းသည့်သဘောမရှိ၊ အမှုမဲ့အမှတ်မဲ့ကြောင့်ဖြစ်ကောင်းဖြစ်မည့် ပြစ်မှားမှုတစ်ခုကို မေ့ပစ်လိုက်ရုံမျှဖြင့် ကျွန်ုပ်တို့ခွင့်လွှတ်ပေးလိမ့်မည်ဖြစ်သည်။ “တစ်ယောက်၌တစ်ယောက်အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့” ဟူ၍ ပေါလုပြောဆိုခဲ့သည်။ (ကောလောသဲ ၃:၁၃) ကျွန်ုပ်တို့သည် ခွင့်လွှတ်တတ်မည်ဆိုပါက ယေဟောဝါ၏အဖွဲ့အစည်းတော်တွင်းရှိ အဖိုးတန်စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းရန် အကူအညီဖြစ်စေပါမည်။
စည်းလုံးမှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များ
၁၅။ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စည်းလုံးမှုကိုဆက်လက်ထိန်းသိမ်းရန် ယေဟောဝါ၏လူမျိုးတော်ကို အဘယ်အရာက ကူညီပေးသနည်း။
၁၅ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အခွင့်အရေး၊ တာဝန်များနှင့်အတူ ကိုယ့်လမ်းကိုယ်ရွေးနိုင်သူများအဖြစ် ကျွန်ုပ်တို့ကို ဘုရားသခင်ဖန်တီးထား၏။ (တရားဟောရာ ၃၀:၁၉၊ ၂၀; ဂလာတိ ၆:၅) သို့သော်လည်း စည်းလုံးမှုကို ကျွန်ုပ်တို့ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမှာ ကျမ်းစာပညတ်တော်များနှင့် မူများကို ကျွန်ုပ်တို့လိုက်လျှောက်သောကြောင့်ဖြစ်၏။ ကိုယ်ပိုင်ဆုံးဖြတ်ချက်များချသောအခါ ၎င်းတို့ကို ကျွန်ုပ်တို့ထည့်သွင်းစဉ်းစားကြသည်။ (တမန်တော် ၅:၂၉; ၁ ယောဟန် ၅:၃) ကြားနေခြင်းနှင့်စပ်လျဉ်း၍ ပြဿနာပေါ်လာသည်ဆိုပါစို့။ ကျွန်ုပ်တို့သည် “ဤလောကနှင့်မဆက်ဆံ”၊ ‘ကျွန်ုပ်တို့၏ဓားလက်နက်များကို ထွန်သွားဖြစ်စေ’ ကြသည်ဟူသည့်အချက်များကို အမှတ်ရခြင်းအားဖြင့် အသိပညာများအပေါ်မူတည်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်မည်ဖြစ်သည်။ (ယောဟန် ၁၇:၁၆; ဟေရှာယ ၂:၂-၄) ထိုနည်းထပ်တူ နိုင်ငံတော်နှင့် ကျွန်ုပ်တို့ဆက်ဆံခြင်းနှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရမည်ဆိုသောအခါ လောကီရေးရာများ၌ “မင်းအာဏာစက်” ကို လက်အောက်ခံသော်လည်း ‘ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား’ ဆပ်ပေးခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာ မိန့်ဆိုထားရာများကို ကျွန်ုပ်တို့ထည့်စဉ်းစားကြမည်ဖြစ်သည်။ (လုကာ ၂၀:၂၅; ရောမ ၁၃:၁-၇; တိတု ၃:၁၊ ၂) မှန်သည်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်သောအခါများ၌ သမ္မာကျမ်းစာပညတ်တော်များနှင့် မူများကို ထည့်သွင်းစဉ်းစားခြင်းက ကျွန်ုပ်တို့၏ခရစ်ယာန်စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းရန် အကူအညီဖြစ်စေသည်။
၁၆။ သမ္မာကျမ်းစာအရ မှန်ခြင်း၊ မှားခြင်းမရှိသော ဆုံးဖြတ်ချက်ကို ချမှတ်သောအခါ၌ စည်းလုံးမှုကိုဆက်လက်ထိန်းသိမ်းရန် ကျွန်ုပ်တို့ မည်သို့ကူညီနိုင်မည်နည်း။ ဥပမာပေးပါ။
၁၆ သမ္မာကျမ်းစာအရ မှန်ခြင်း၊ မှားခြင်းမရှိသော ကိုယ်ရေးကိုယ်တာနှင့်သာ လုံးလုံးသက်ဆိုင်သည့် ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်သောအခါ၌ပင် ခရစ်ယာန်စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းပေးရန်ကျွန်ုပ်တို့အကူအညီပေးနိုင်လေသည်။ မည်သို့အားဖြင့်နည်း။ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကြောင့် ထိခိုက်မှုရှိနိုင်သည့် အခြားသူများကို မေတ္တာပါသောအရေးစိုက်မှုတင်ပြခြင်းအားဖြင့်ဖြစ်သည်။ ဥပမာပြရသော် ရှေးကောရိန္သုမြို့တွင်ရှိသော အသင်းတော်၌ အရုပ်အတွက်ပူဇော်ထားသောအသားနှင့်စပ်လျဉ်း၍ ပြဿနာတစ်ခုပေါ်ပေါက်ခဲ့သည်။ ခရစ်ယာန်တစ်ဦးသည် အရုပ်ကိုးကွယ်ခြင်းနှင့်ဆိုင်သောပွဲလမ်းသဘင်တွင် ပါဝင်လိမ့်မည်ကား မဟုတ်ချေ။ သို့သော် ဈေးတွင်ရောင်းသော ထိုပွဲမှကျန်ရှိသည့် ကောင်းစွာသွေးထုတ်ထားသော အသားကိုစားသုံးခြင်းသည် အပြစ်မရှိပါ။ (တမန်တော် ၁၅:၂၈၊ ၂၉; ၁ ကောရိန္သု ၁၀:၂၅) သို့ပါသော်လည်း ထိုအသားကိုစားသုံးခြင်းနှင့်ပတ်သက်၍ အချို့သောခရစ်ယာန်များ၏သြတ္တပ္ပစိတ်တွင် အနှောင့်အယှက်ဖြစ်နေပေမည်။ ထို့ကြောင့် ပေါလုက ထိုသူတို့ကို ထိမိလဲစေခြင်းမပြုကြရန် အခြားခရစ်ယာန်များကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ အမှန်သော် သူက “ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကိုမှားယွင်းစေလျှင် ငါ့ညီအစ်ကို၌ မှားယွင်းစရာအကြောင်းမရှိစေခြင်းငှာ အမဲသားကို မစဉ်မပြတ်ရှောင်မည်” ဟု ရေးသားခဲ့သည်။ (၁ ကောရိန္သု ၈:၁၃) ထို့ကြောင့် သမ္မာကျမ်းစာပညတ်တော်များနှင့် မူများ ပါဝင်ပတ်သက်ခြင်းမရှိသည့်တိုင် ဘုရားသခင့်မိသားစုစည်းလုံးမှုအပေါ် အကျိုးသက်ရောက်နိုင်သည့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်သောအခါ အခြားသူများကို ထည့်သွင်းစဉ်းစားခြင်းသည် မည်မျှမေတ္တာရှိရာကျပါသည်တကား!
၁၇။ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်ရသောအခါ၌ အဘယ်အရာကိုပြုလုပ်ရန် သင့်လျော်သနည်း။
၁၇ အဘယ်လမ်းစဉ်လိုက်လျှောက်ရမည်ကို မသေချာပါက ကျွန်ုပ်တို့သြတ္တပ္ပစိတ်ကိုစင်ကြယ်မှုရှိစေမည့် လမ်းစဉ်အတိုင်း ဆုံးဖြတ်ခြင်းသည် ပညာရှိရာကျပြီး ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို အခြားသူများက လေးစားမှုရှိသင့်ပေသည်။ (ရောမ ၁၄:၁၀-၁၂) ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ရမည့်အခါများ၌ ဆုတောင်းခြင်းဖြင့် ယေဟောဝါ၏လမ်းညွှန်မှုကို ကျွန်ုပ်တို့ရှာဖွေသင့်သည်။ “အကျွန်ုပ်ဘက်သို့ နားတော်ကိုလှည့် . . . တော်မူပါ။ အကယ်စင်စစ် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက်ကား ကိုယ်တော်ပေတည်း။ နာမတော်အဖို့အလိုငှာ အကျွန်ုပ်ကိုလမ်းပြ၍ သွန်သင်ပဲ့ပြင်တော်မူပါ” ဟူ၍ ဆာလံဆရာဆုတောင်းခဲ့သည့်နည်းတူ ယုံကြည်စိတ်ချစွာဖြင့် ကျွန်ုပ်တို့ဆုတောင်းနိုင်ကြလေသည်။—ဆာလံ ၃၁:၂၊ ၃။
ခရစ်ယာန်စည်းလုံးမှုကို အမြဲ ဆက်လက်၍ထိန်းသိမ်းပါလေ
၁၈။ ခရစ်ယာန်အသင်းတော်၏စည်းလုံးမှုကို ပေါလု မည်သို့ပုံတင်ပြခဲ့သနည်း။
၁၈ ၁ ကောရိန္သု အခန်းကြီး ၁၂ တွင် ခရစ်ယာန်အသင်းတော်၏စည်းလုံးမှုကို ပုံတင်ပြရန်အတွက် လူ့ကိုယ်ခန္ဓာကို ပေါလုအသုံးပြုခဲ့သည်။ သူက ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်း၏အရေးကြီးမှုနှင့် အပြန်အလှန်မှီခိုနေမှုကို အလေးပေးဖော်ပြခဲ့သည်။ ပေါလုက “အင်္ဂါအပေါင်းတို့သည် အင်္ဂါတစ်ခုတည်းဖြစ်လျှင် ကိုယ်သည် အဘယ်မှာရှိလိမ့်မည်နည်း” ဟု မေးခွန်းထုတ်ခဲ့လေသည်။ “ယခုတွင် အင်္ဂါအများရှိလျက်နှင့် ကိုယ်တစ်ခုတည်းရှိ၏။ မျက်စိက ‘သင့်ကိုငါအလိုမရှိ’ ဟု လက်ကိုမဆိုရ။ ထိုနည်းတူ ဦးခေါင်းက ‘သင်တို့ကို ငါအလိုမရှိ’ ဟု ခြေတို့ကိုမဆိုရ။” (၁ ကောရိန္သု ၁၂:၁၉-၂၁) ထိုနည်းတူပင် ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူမိသားစုအတွင်း၌ရှိသော ကျွန်ုပ်တို့အားလုံးတို့သည် အလုပ်တာဝန်တစ်ခုတည်းကိုသာ လုပ်ဆောင်နေကြခြင်းမဟုတ်ချေ။ သို့သော်လည်း ကျွန်ုပ်တို့သည် စုစည်းခံရပြီး တစ်ဦးကိုတစ်ဦးလိုအပ်ကြသည်။
၁၉။ ဘုရားသခင်၏ဝိညာဏပြင်ဆင်ပေးမှုမှ ကျွန်ုပ်တို့ မည်သို့အကျိုးရရှိနိုင်သနည်း။ ယင်းနှင့်စပ်လျဉ်း၍ အသက်ကြီးရင့်ပြီးဖြစ်သော ညီအစ်ကိုတစ်ဦး ဘာပြောခဲ့သနည်း။
၁၉ ကိုယ်ခန္ဓာသည် အစားအစာ၊ ဂရုစိုက်မှုနှင့် ညွှန်ကြားမှုတို့ကို လိုအပ်သကဲ့သို့ ဘုရားသခင်က မိမိ၏နှုတ်ကပါဌ်တော်၊ ဝိညာဉ်တော်နှင့် အဖွဲ့အစည်းတော်မှတစ်ဆင့် ပေးသနားထားသော ဝိညာဏပြင်ဆင်မှုကို ကျွန်ုပ်တို့လိုအပ်သည်။ ဤပြင်ဆင်မှုများမှ အကျိုးခံစားရရန် ကျွန်ုပ်တို့သည် ယေဟောဝါ၏မြေကြီးဆိုင်ရာမိသားစုဝင် ဖြစ်ကြရပေမည်။ ဘုရားသခင်၏လုပ်ငန်းတော်၌ နှစ်ပေါင်းများစွာအမှုထမ်းခဲ့ပြီးနောက် ညီအစ်ကိုတစ်ဦးက “အရာရာ ရှင်းလင်းမှုမရှိသေးတဲ့ ၁၉၁၄ ခုနှစ်မတိုင်မီ ကလေးအချိန်ကနေ သမ္မာတရားဟာ နေမွန်းတည့်ချိန်လို ထွန်းလင်းနေတဲ့ . . . ခုအချိန်အထိ ယေဟောဝါရဲ့ရည်ရွယ်ချက်နဲ့ဆိုင်တဲ့ အသိပညာနဲ့အညီ ကျွန်တော်အသက်ရှင်နေထိုင်နိုင်ခဲ့တာကြောင့် ကျွန်တော်အရမ်းကျေးဇူးတင်မိပါတယ်။ ကျွန်တော့်အတွက် အရေးအကြီးဆုံးသောအရာတစ်ခုရှိမယ်ဆိုရင် အဲ့ဒါဟာ ယေဟောဝါရဲ့မျက်မြင်ရအဖွဲ့အစည်းနဲ့ နီးနီးကပ်ကပ်နေခြင်းဆိုတဲ့အရာပါပဲ။ လူ့တွေးတောမှုကို အားကိုးခြင်းဟာ ဘယ်လောက်တောင်မှားယွင်းသလဲဆိုတာကို ကျွန်တော့်ရဲ့အစောပိုင်းတွေ့ ကြုံမှုက သင်ပေးခဲ့တယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲမှာပိုင်းခြားသိရှိလာတာနဲ့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းမှာပဲ နေထိုင်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ ယေဟောဝါရဲ့မျက်နှာသာနဲ့ ကောင်းချီးတွေကို ရနိုင်တဲ့တခြားနည်းလမ်းများ ရှိနိုင်သေးလို့လားဗျာ” ဟု ရေးသားခဲ့သည်။
၂၀။ ယေဟောဝါ၏လူမျိုးတော်အနေနှင့် ကျွန်ုပ်တို့၏စည်းလုံးမှုအတွက် အဘယ်အရာပြုလုပ်ရန် ဆုံးဖြတ်ချက်ချသင့်သနည်း။
၂၀ ယေဟောဝါသည် မှောင်မိုက်၍ စည်းလုံးမှုမရှိသော လောကအထဲမှ မိမိ၏လူမျိုးတော်ကို ခေါ်ထုတ်လာလေသည်။ (၁ ပေတရု ၂:၉) ကိုယ်တော်သည် မိမိနှင့်သော်လည်းကောင်း၊ ယုံကြည်သူချင်းများနှင့်သော်လည်းကောင်း ပျော်ရွှင်ဖွယ်စည်းလုံးခြင်းအတွင်းသို့ ကျွန်ုပ်တို့ကို ခေါ်ဆောင်လာလေသည်။ အဆိုပါစည်းလုံးမှုသည် ယခုအလွန်နီးကပ်လျက်ရှိနေပြီဖြစ်သော စနစ်သစ်တွင် တည်ရှိလိမ့်မည်။ ထို့ကြောင့် ဤခဲယဉ်းသောနောက်ဆုံးကာလတွင် ဆက်လက်၍ ‘ချစ်ခြင်းမေတ္တာကို ယူတင်ဝတ်ဆောင်’ လျက် အဖိုးတန်စည်းလုံးမှုကို တိုးပွားစေရန်နှင့် ဆက်လက်ထိန်းသိမ်းရန် ကျွန်ုပ်တို့လုပ်နိုင်သမျှကို လုပ်ဆောင်ကြပါစို့။—ကောလောသဲ ၃:၁၄။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ဘုရားသခင်၏အလိုတော်ကိုလုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို မှီဝဲဆည်းကပ်ခြင်းက စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းရန် ကျွန်ုပ်တို့ကို အဘယ့်ကြောင့်ကူညီပေးနိုင်သနည်း။
◻ စည်းလုံးမှုသည် လျှာကို ကောင်းစွာအသုံးပြုခြင်းနှင့် မည်သို့ဆက်စပ်မှုရှိသနည်း။
◻ ခွင့်လွှတ်တတ်ခြင်း၌ အဘယ်အရာပါဝင်သနည်း။
◻ ကျွန်ုပ်တို့သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်သောအခါ၌ စည်းလုံးမှုကို မည်သို့ဆက်လက်ထိန်းသိမ်းနိုင်မည်နည်း။
◻ ခရစ်ယာန်စည်းလုံးမှုကို အဘယ်ကြောင့်ဆက်လက်ထိန်းသိမ်းရမည်နည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဤသိုးထိန်းသည် သူ၏သိုးများကို တစုတစည်းတည်းထားသကဲ့သို့ ယေဟောဝါသည်လည်း မိမိ၏လူမျိုးတော်ကို စည်းလုံးမှုရှိစေတော်မူသည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့ပြစ်မှားမိသောအခါ နှိမ့်ချစွာတောင်းပန်ခြင်းအားဖြင့် စည်းလုံးမှုကို တိုးပွားစေရန် ကျွန်ုပ်တို့ကူညီပေး၏