ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၁/၁ စာ. ၂၂-၂၅
  • အတိုင်းထက်အလွန်ရက်ရောကြသောအခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အတိုင်းထက်အလွန်ရက်ရောကြသောအခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဉာဏ်ပညာပေးရှင်ထံရောက်ရှိခြင်း
  • အကြီးမြတ်ဆုံးပေးကမ်းရှင်အားပေးခြင်း
  • လတ်တလော လိုအပ်ရာများကားအဘယ်နည်း
  • “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အလျှံပယ်ရက်ရောမှုက ပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • စေတနာစိတ်နှင့်ပေးလှူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ပေးကမ်းခြင်းစိတ်ဓာတ် မွေးမြူပါလေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၁/၁ စာ. ၂၂-၂၅

အတိုင်းထက်အလွန်ရက်ရောကြသောအခါ

သင်သည် ဘုရင်တစ်ပါးကို လက်ဆောင်ဆက်သခွင့်ရရှိခဲ့လျှင် မည်သည့်လက်ဆောင်ကို ဆက်သမည်နည်း။ ထိုဘုရင်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနှင့်ပညာအရှိဆုံး အုပ်စိုးရှင်ဖြစ်လျှင်ကော အသို့နည်း။ ဘုရင်ကျေနပ်လက်ခံမည့် လက်ဆောင်ကို သင်စဉ်းစားနိုင်သလော။ လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ခန့်က ရှေဘမိဖုရားသည် ထိုသို့သောအုပ်စိုးရှင်တစ်ပါး—ဣသရေလဘုရင်ရှောလမုန်—ထံလည်ပတ်ရန် ပြင်ဆင်နေစဉ် အဆိုပါမေးခွန်းများကို စေ့စေ့တွေးတောခဲ့၏။

သူ၏လက်ဆောင်တွင် ရွှေချိန် ၁၂၀၊ “နံ့သာမျိုးအများ၊ ကျောက်မြတ်တို့” ပါရှိသည်ဟု သမ္မာကျမ်းစာကဆိုသည်။ မျက်မှောက်ခေတ်တန်ဖိုးအရ ရွှေတစ်မျိုးတည်းကပင် ဒေါ်လာ ၄၀,၀၀၀,၀၀၀ ခန့်အဖိုးတန်ခဲ့၏။ ရနံ့မွှေးကြိုင်ကာဆေးဘက်ဝင်နံ့သာဆီသည် တန်ဖိုးရှိသောပစ္စည်းတစ်ခုအဖြစ် ရွှေနှင့်တစ်တန်းတည်းသတ်မှတ်ခဲ့သည်။ မိဖုရားသည် ရှောလမုန်အား နံ့သာဆီမည်မျှပေးခဲ့သည်ကို သမ္မာကျမ်းစာက မပြောထားသော်လည်း ထိုနံ့သာမျိုးနှင့်အမျှ များပြားသောနံ့သာမျိုးကို နောက်တစ်ဖန် မည်သူကမျှမပေးနိုင်ခဲ့ချေဟု ဖော်ပြသည်။—၃ ဓမ္မရာဇဝင် ၁၀:၁၀။

ရှေဘမိဖုရားသည် ချမ်းသာကြွယ်ဝပြီး ရက်ရောသောအမျိုးသမီးတစ်ဦးဖြစ်သည်မှာ သိသာထင်ရှားပါသည်။ သူ၏ရက်ရောမှုကြောင့်လည်း သူသည်ပြန်လည်အကျိုးရရှိခဲ့၏။ “ရှောလမုန်မင်းသည် ရှေဘဘုရင်မ,ဆက်သသည်နှင့်အမျှ ပြန်ပေးသောလက်ဆောင်မှတစ်ပါး ဘုရင်မ၏အလိုဆန္ဒပြည့်စုံစေခြင်းငှာ သူတောင်းသမျှကိုလည်းပေးတော်မူ၏” ဟုကျမ်းစာကဆိုသည်။ (၂ ရာဇဝင်ချုပ် ၉:၁၂၊ သမ္မာ) မှန်ပါသည်၊ လက်ဆောင်များဖလှယ်ခြင်းမှာ တော်ဝင်ထုံးစံဖြစ်ခဲ့ပေမည်; သို့တိုင် ရှောလမုန်၏ ‘ရက်ရောမှု’ ကိုကျမ်းစာက အတိအကျဖော်ပြသည်။ (၃ ဓမ္မရာဇဝင် ၁၀:၁၃၊ သမ္မာ) ရှောလမုန်ကိုယ်နှိုက်က ဤသို့ရေးခဲ့သည်– “စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။”—သု. ၁၁:၂၅။

ရှေဘမိဖုရားသည် ရှောလမုန်ထံရောက်ရှိလာရန် အချိန်များစွာအကုန်ခံကာ အတော်ကြိုးစားအားထုတ်ခဲ့ရသည်။ ရှေဘပြည်သည် ယခုခေတ်ယီမင်သမ္မတနိုင်ငံတွင် ရှိပုံရသည်; ထို့ကြောင့် ထိုမိဖုရားသည် ကုလားအုတ်များနှင့်တကွ ယေရုရှလင်မြို့သို့ မိုင်ပေါင်း ၁,၂၀၀ ခန့်ခရီးထွက်လာခဲ့ရပေမည်။ ယေရှုပြောခဲ့သည့်အတိုင်း သူသည် “မြေကြီးစွန်းမှလာ၏။” ရှေဘမိဖုရားသည် အဘယ်ကြောင့်ဤမျှဒုက္ခခံခဲ့သနည်း။ သူသည် အထူးသဖြင့် “ရှောလမုန်မင်းကြီး၏ပညာစကားကို နားထောင်ခြင်းငှာ” ရောက်လာခြင်းဖြစ်၏။—လုကာ ၁၁:၃၁။

ရှေဘမိဖုရားသည် “နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ [ရှောလမုန်] ကိုစုံစမ်းခြင်းငှာလာ၏။ . . . မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏” ဟူ၍ ၃ ဓမ္မရာဇဝင် ၁၀:၁၊ ၂ တွင်ဆိုထားသည်။ ရှောလမုန်က မည်သို့တုံ့ပြန်ခဲ့သနည်း။ “မေးမြန်းသောပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ။”—၃ ဓမ္မရာဇဝင် ၁၀:၃။

မိဖုရားသည် ကြားရ၊ မြင်ရသောအရာများကို အံ့အားသင့်ကာ နှိမ့်ချစွာဖြင့် ဤသို့ပြန်ပြောခဲ့သည်– “ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကိုကြားရသော . . . ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။” (၃ ဓမ္မရာဇဝင် ၁၀:၄-၈) ရှောလမုန်၏ကျွန်များသည် ချမ်းသာကြွယ်ဝကြသည်မှန်သော်လည်း ယင်းကြောင့် ပျော်ရွှင်နေရခြင်းဖြစ်သည်ဟု သူမပြောခဲ့ချေ။ ၎င်းအစား၊ ရှောလမုန်၏ကျွန်များသည် ရှောလမုန်၏ဘုရားသခင်ပေးဉာဏ်ပညာကို အစဉ်နားထောင်နိုင်သောကြောင့် ကောင်းချီးရရှိခဲ့ခြင်းဖြစ်သည်။ ဖန်ဆင်းရှင်နှင့် သားတော်ယေရှုခရစ်တို့ထံမှ ဉာဏ်ပညာကိုရရှိကြသော ယခုခေတ် ယေဟောဝါ၏လူတို့အတွက် ရှေဘမိဖုရားသည် ပုံသက်သေကောင်းလှသည်တကား!

ထို့ပြင် ရှောလမုန်အား မိဖုရားဆက်ပြောသည့်စကားကို သတိပြုထိုက်သည်– ‘သင်၏ဘုရားသခင်ယေဟောဝါသည် မင်္ဂလာရှိတော်မူစေသတည်း။’ (၃ ဓမ္မရာဇဝင် ၁၀:၉) ရှောလမုန်၏ဉာဏ်ပညာနှင့် ချမ်းသာကြွယ်ဝမှုသည် ယေဟောဝါကြောင့်ဖြစ်သည်ကို သူသိမြင်ခဲ့ကြောင်း ထင်ရှားပါသည်။ ယင်းသည် ဣသရေလလူမျိုးကို အစောပိုင်းက ယေဟောဝါပေးခဲ့သည့်ကတိတော်နှင့်ကိုက်ညီမှုရှိသည်။ “ထိုပညတ်တရားတို့ကို ကျင့်စောင့်ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရားရှိသမျှတို့ကို ကြားရသောလူမျိုးများရှေ့မှာ၊ သင်တို့၏ဉာဏ်ပညာသည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ‘ဤကြီးမြတ်သောလူမျိုးသည် အကယ်စင်စစ်ဉာဏ်ပညာနှင့် ပြည့်စုံသောအမျိုးဖြစ်၏’ ဟုဆိုကြလိမ့်မည်” ဟုကိုယ်တော်မိန့်ခဲ့သည်။—တရားဟောရာ ၄:၅-၇။

ဉာဏ်ပညာပေးရှင်ထံရောက်ရှိခြင်း

မျက်မှောက်ခေတ်ရှိ သန်းပေါင်းများစွာသောသူတို့က “ဘုရားသခင်၏ဣသရေလအမျိုး” သည် အလိုလိုမဟုတ်ဘဲ ဘုရားသခင်၏တိကျသော ပညတ်တော်များနှင့်မူများ၏ လမ်းညွှန်မှုကိုရရှိထားသောကြောင့် “ဉာဏ်ပညာနှင့်ပြည့်စုံသောအမျိုး” ဖြစ်ကြောင်းကို သတိပြုမိကြသည့်အတွက် ယေဟောဝါ၏အဖွဲ့အစည်းထဲသို့ ဝင်လာခဲ့ကြခြင်းဖြစ်၏။ (ဂလာတိ ၆:၁၆) မကြာမီနှစ်များတွင် နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းရာနှင့်ချီ၍ တပည့်သစ်များနှစ်ခြင်းယူခဲ့သည့်အရေအတွက်က ဝိညာဉ်ရေးဣသရေလအား “ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍၊ သင်တို့နှင့်အတူ လိုက်ပါမည်” ဟုပြောဆိုဘိသကဲ့သို့ဖြစ်သည်။ (ဇာခရိ ၈:၂၃) အဆိုပါလူသစ်များသည် ယေဟောဝါ၏ကျေးကျွန်များ၏ရှေ့တွင် ချထားသောဝိညာဉ်ရေး “ခဲဖွယ်စားဖွယ်” ကိုမြင်သောအခါ အံ့သြလိုက်သည်ဖြစ်ခြင်း! သူတို့၏ယခင်ဘာသာတရားများတွင် ယင်းကဲ့သို့တစ်ခါမျှမတွေ့ခဲ့ကြရချေ။—ဟေရှာယ ၂၅:၆။

အကြီးမြတ်ဆုံးပေးကမ်းရှင်အားပေးခြင်း

များစွာရရှိထားကြရာ လေးမြတ်တန်ဖိုးထားတတ်ကြသူများသည် အကြီးမြတ်ဆုံးဘုရင်နှင့်ပေးကမ်းရှင် ယေဟောဝါဘုရားသခင်အား အဘယ်အရာပြန်ပေးဆက်နိုင်မည်ကို စဉ်းစားကြခြင်းသည်သဘာဝပင်။ ယေဟောဝါအား ကျွန်ုပ်တို့ပေးနိုင်သည့် အကောင်းဆုံးလက်ဆောင်မှာ “ချီးမွမ်းခြင်းယဇ်” ဖြစ်သည်ဟု သမ္မာကျမ်းစာကဖော်ပြသည်။ (ဟေဗြဲ ၁၃:၁၅) အဘယ်ကြောင့်နည်း။ ၎င်းယဇ်သည် ဤနောက်ဆုံးအချိန်တွင် ယေဟောဝါ၏အဓိကအာရုံစိုက်သည့် အသက်ကယ်တင်ခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေသောကြောင့်ဖြစ်သည်။ (ယေဇကျေလ ၁၈:၂၃) ထို့ပြင် ဖျားနာသူများ၊ စိတ်ဓာတ်ကျသူများနှင့် အခြားသူများကို ကူညီပေးရန် ခွန်အားနှင့်အချိန်ကိုပေးကမ်းခြင်းသည် နှစ်သက်ဖွယ်ယဇ်တစ်ခုဖြစ်သည်။—၁ သက်သာလောနိတ် ၅:၁၄; ဟေဗြဲ ၁၃:၁၆; ယာကုပ် ၁:၂၇။

ငွေများလှူဒါန်းခြင်းသည် အဓိကအခန်းကဏ္ဍမှပါဝင်၏။ ယင်းတို့ဖြင့် သမ္မာကျမ်းစာများ၊ ကျမ်းစာအခြေပြုစာပေများထုတ်လုပ်နိုင်၍ ခရစ်ယာန်များစည်းဝေးရာနေရာများ ရရှိနိုင်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အလှူငွေများဖြင့် စစ်ဘေးနှင့်သဘာဝဘေးဒဏ်များ ခံနေရကြသူများကို ကူညီပေးရန် အသက်ကယ်ဆယ်ရေး ရန်ပုံငွေရရှိစေသည်။

ပေးကမ်းခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ကိုညွှန်ပြရန် ဘုရားသခင့်နှုတ်မြွက်စကားတော်က ကောင်းသောမူအချို့ကိုပြဋ္ဌာန်းထားသည်။ ဥပမာ၊ ယင်းသည် ခရစ်ယာန်များကို မည်ရွေ့မည်မျှသတ်မှတ်ချက်ဖြင့်မဟုတ်ဘဲ ရက်ရောသောစိတ်နှင့် တလိုတလားဖြင့် တတ်နိုင်သမျှပေးကမ်းရန် သွန်သင်ပေးသည်။ (၂ ကောရိန္သု ၉:၇) အချို့သည် အတော်များများပေးကမ်းနိုင်သည်; အခြားသူများသည် ယေရှုခေတ်က ဆင်းရဲသောမုဆိုးမကဲ့သို့ အနည်းငယ်သာပေးနိုင်မည်။ (လုကာ ၂၁:၂-၄) စကြဝဠာတစ်ခွင်ပိုင်သအုပ်စိုးရှင်ယေဟောဝါသည် ကိုယ်တော်၏နာမ၌ ရည်ရွယ်ချက်မှန်ဖြင့် ပေးဆက်သည့် လက်ဆောင်နှင့်ယဇ်အသီးသီးတို့ကို တန်ဖိုးထားသည်မှာ အံ့ဩစရာမဟုတ်ပေလော။—ဟေဗြဲ ၆:၁၀။

ယေဟောဝါ၏လူတို့သည် ရက်ရောစွာပေးကမ်းနိုင်ကြရန် အကူအညီလိုအပ်မှုအမျိုးမျိုးနှင့် ယင်းတို့ကို မည်သို့ထိရောက်စွာ ဖြည့်စွက်ပေးနိုင်သောနည်းများကို အသိပေးထားသည်။ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်သည်လည်း စေတနာစိတ်ဖြင့် လှူဒါန်းရန်လှုံ့ဆော်ပေးသည်။ ရှေးဣသရေလလူမျိုးသည် ဝတ်ပြုရာတဲတော်နှင့် နောက်ပိုင်းတွင် ဗိမာန်တော်တည်ဆောက်ရေးတွင် ဤလုပ်ထုံးလုပ်နည်းကို လိုက်လျှောက်ခဲ့ကြသည်။ (ထွက်မြောက်ရာ ၂၅:၂; ၃၅:၅၊ ၂၁၊ ၂၉; ၃၆:၅-၇; ၃၉:၃၂; ၁ ရာဇဝင်ချုပ် ၂၉:၁-၁၉) စီ.အီး. ပထမရာစု၌ ခရစ်ယာန်များသည် ထပ်တူလုပ်ထုံးလုပ်နည်းဖြင့် လူမျိုးများထံ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းရောက်ရှိရန်နှင့် ဣသရေလနိုင်ငံ၌ ငတ်မွတ်မှုဘေးဒဏ်အတွင်း ညီအစ်ကိုများကို ထောက်ပံ့ကူညီပေးရန် လိုအပ်သောရန်ပုံငွေရှိစေခဲ့သည်။—၁ ကောရိန္သု ၁၆:၂-၄; ၂ ကောရိန္သု ၈:၄၊ ၁၅; ကောလောသဲ ၁:၂၃။

ထိုနည်းတူစွာ မျက်မှောက်ခေတ်တွင်လည်း ယေဟောဝါသည် ကိုယ်တော်၏လူမျိုးတော်ကို ကောင်းချီးပေးခဲ့သည့်အပြင် ကမ္ဘာတစ်ဝန်းတွင်မြင်တွေ့ရသော အကြီးမားဆုံးဟောပြောခြင်းနှင့် သွန်သင်ခြင်းကင်ပိန်း ဖြစ်မြောက်ပြီးဆုံးရန် လိုအပ်ရာများကိုပေးခြင်းဖြင့် ဆက်လက်ကောင်းချီးပေးမည်ဖြစ်သည်။ (မဿဲ၂၄:၁၄; ၂၈:၁၉၊ ၂၀) ထို့ကြောင့် လတ်တလောမည်သည့်အရာများလိုအပ်သနည်း။

လတ်တလော လိုအပ်ရာများကားအဘယ်နည်း

ယေဟောဝါသက်သေများ၏လုပ်ငန်းကို ယခင်က ပိတ်ပင်ခဲ့သော နိုင်ငံများစွာတွင် မကြာသေးမီနှစ်များ၌ တရားဝင်မှတ်ပုံတင်နိုင်ခဲ့ပြီ။ ရလဒ်ကား၊ ၎င်းနိုင်ငံများစွာတွင် ကြေညာသူအရေအတွက် အကြီးအကျယ်တိုးများလာသည်ကို တွေ့မြင်ခဲ့ရသည်။ ယင်းကြောင့် သမ္မာကျမ်းစာများနှင့် ကျမ်းစာအခြေပြုစာပေများ အလွန်လိုအပ်လျက်ရှိနေသည်ကို နားလည်နိုင်သည်။

ဘုရားသခင့်နိုင်ငံတော်ခန်းမများလည်း ထို့အတူပင်။ ယခုပင် ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမသစ် ၉,၀၀၀ ခန့်လိုအပ်လျက်ရှိသည်။ တစ်နေ့လျှင် ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုဆောက်မည်ဆိုပါက လက်ရှိလိုအပ်ရာများကို ဖြည့်ဆည်းပေးရန် ၂၄ နှစ်ကျော်မက ကြာလိမ့်မည်ဖြစ်သည်! လတ်တလောအချိန်၌ ငွေကြေးခက်ခဲသော ကမ္ဘာ့ဒေသများစွာတွင် နေ့စဉ် အသင်းတော်အသစ်ခုနစ်ခုခန့် ဆောက်လုပ်လျက်ရှိသည်။ တစ်ဖက်တွင်မူ၊ နေရာများစွာ၌ တန်ဖိုးကြီးအဆောက်အဦများ မလိုအပ်ပါ။ အချို့နေရာများတွင် ရပ်ကွက်၌ကောင်းသောသက်သေခံမှုဖြစ်စေ၍ အတော်အသင့်ဖြစ်မည့် ဘုရားသခင့်နိုင်ငံခန်းမတစ်ခုအတွက် ဒေါ်လာ ၆,၀၀၀ သာလိုပေမည်။

ပထမရာစုတွင် ခရစ်ယာန်အချို့သည် အခြားသူများထက် ပို၍ငွေကြေးချမ်းသာခဲ့သောကြောင့် တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏စည်းစိမ်သည် သူတို့၏ဆင်းရဲကိုမစသဖြင့်လည်းကောင်း၊ နောင်၌ သူတို့၏စည်းစိမ်သည် သင်တို့၏ဆင်းရဲကို မစသဖြင့်လည်းကောင်း အညီအမျှဖြစ်ခြင်းငှာ ငါအကြံရှိ၏။” (၂ ကောရိန္သု ၈:၁၅) ယနေ့ အလားတူ “အညီအမျှဖြစ်ခြင်း” ကြောင့် ကမ္ဘာ့ဒေသများစွာသို့ သမ္မာကျမ်းစာများ၊ ကျမ်းစာစာပေများ၊ ဘုရားသခင့်နိုင်ငံတော်ခန်းမများ၊ သဘာဝဘေးဒဏ်ကယ်ဆယ်ရေးနှင့် အခြားအရာများကိုထောက်ပံ့ရန် လိုအပ်သောရန်ပုံငွေများရရှိသည်။ ဤသို့သောပေးကမ်းခြင်းသည်—ပေးကမ်းသူရော၊ ရရှိသူအတွက်ပါ—ကောင်းချီးတစ်ခုဖြစ်ပါသည်တကား!—တမန်တော် ၂၀:၃၅။

စေတနာစိတ်ဖြင့်လှူဒါန်းလိုသူများမှ အသင်းမကရရှိသောစာများတွင် ဖော်ပြသည့်အတိုင်း ဤမဂ္ဂဇင်းကိုဖတ်ရှုသူများစွာတို့သည် ကူညီလိုကြပြီး လှူဒါန်းနိုင်သောနည်းအမျိုးမျိုးကို မသိရှိကြချေ။ ပူးတွဲပါလေးထောင့်ကွက်က သူတို့မေးခွန်းများ၏အဖြေကိုရရှိရန် ထောက်ကူပေးလိမ့်မည်မှာ သေချာပါသည်။

ရှောလမုန်၏ဘုန်းတန်ခိုးထွန်းပြောင်သည့်အုပ်စိုးမှုအတွင်း သူ့အကြောင်းကြားခဲ့သော “အတိုင်းတိုင်းအပြည်ပြည်ရှင်ဘုရင်တို့သည်” သူ့ထံ လာရောက်လည်ပတ်ခဲ့ကြ၏။ သို့သော် ကျမ်းစာတွင် အုပ်စိုးရှင် ရှေဘမိဖုရားကိုသာ ဖော်ပြထားသည်။ (၂ ရာဇဝင်ချုပ် ၉:၂၃) သူသည် ကိုယ်ကျိုးစွန့်ခဲ့ပါသည်တကား! သို့သော် သူ၏လည်ပတ်မှုအဆုံးတွင် သူသည် “မိန်းမောတွေဝေ” ခဲ့ရသည့်တိုင် ကြွယ်ဝစွာအကျိုးကျေးဇူးများခံစားခဲ့ရသည်။—၂ ရာဇဝင်ချုပ် ၉:၄။

အနာဂတ်တွင် အကြီးမြတ်ဆုံးရှင်ဘုရင်နှင့်ပေးကမ်းရှင်ဖြစ်သော ယေဟောဝါသည် ကိုယ်တော့်အတွက် ကိုယ်ကျိုးစွန့်သူများကို ရှောလမုန်ပြုလုပ်ပေးနိုင်ခဲ့သမျှထက် ပို၍များပြားစွာပြုလုပ်ပေးပါလိမ့်မည်။ ထိုအခါ ဤသူတို့သည် ယေဟောဝါ၏ကြောက်မက်ဖွယ်ကောင်းသော တရားစီရင်ရာနေ့တစ်လျှောက်တွင် ကာကွယ်ပေးခံရမည်သာမက ’လက်တော်ဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းအစဉ်ရောင့်ရဲ’ လိမ့်မည်ဖြစ်သောကြောင့် “မိန်းမောတွေဝေ” ကြရအံ့!—ဆာလံ ၁၄၅:၁၆။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေများ၏ လုပ်ဆောင်မှုများကိုစေတနာအလျောက်လှူဒါန်းသော အလှူငွေများဖြင့် ဆောင်ရွက်လျက်ရှိ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ